Image may be NSFW.
Clik here to view.
ဒီရက်ပိုင်းအတွင်း အအေးဓာတ်ပိုကဲလာပြီး ကျောင်းအားရက်လည်းဖြစ်နေတာမို့ တနေကုန် အိမ်ထဲမှာ အခန်းအောင်းနေဖြစ်သော ကျနော့်အဖို့ ဘဘ ကေတီလွင် အမှတ်တရ ပို့ပေးလိုက်တဲ့ ရန်ကုန်မြို့တော်ကို ကယ်တင်လိုက်တဲ့ တံမြက်စည်း (The Gun That Saved Rangoon ) စာအုပ်လေးဟာ အကောင်းဆုံး အဖော်မွန် ဖြစ်နေပါတော့တယ်။
အဲဒီစာအုပ်လေးကိုဖတ်ရင်း ကိုယ်တိုင် မီကြုံတွေ့ခြင်းမရှိလိုက်တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်လောက်က မြန်မာ့ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အထင်ကရသမိုင်းတွင် ကျန်ရစ်တဲ့ တိုက်ပွဲကြီးတွေမှာ မြန်မာ့တပ်မတော်(ရေ)က ဘိုဖာ အမြောက်တပ်ဖွဲ့ဝင်တွေ တပ်မတော်(ကြည်း) တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ရင်ဘောင်တန်း တိုက်ပွဲဝင် ပုံရိပ်တွေကို အတွေးထဲမြင်ယောင်မိရင်း ကိုယ်မသိသေးတဲ့ သမိုင်းအချက်အလက်မြောက်များစွာရယ် … တပ်မတော်(ရေ) နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာမှတ်သားနေမိပါတယ်။
ကျနော်တို့အနေတဲ့ တပ်မတော်(ရေ) ရဲ့ ဂုဏ်ရောင်ထွန်းပြောင်ဆုံးအချိန် Royal Navy ခေတ်နဲ့ အဲဒီခေတ်ရဲ့ ရေတပ်သားကြီးတွေကို အလှမ်းကွာလွန်းတာကြောင့် တပ်မတော်သမိုင်းပြတိုက်လိုမျိုး၊ တပ်မတော်(ရေ) သမိုင်းမှတ်တမ်းလိုမျိုး၊ ရေတပ်သမိုင်း နောက်ခံပုံရိပ်နဲ့ ရေးသားထားတဲ့ စာအုပ်တွေထဲမှာလောက်သာ သူတို့နဲ့ ထိတွေ့ခွင့်ရလိုက်တာပါ။ ကျနော်တပ်ထဲရောက်ခါစ တပ်မတော်မှတ်တမ်းရုံး (ရေတပ်မှတ်တမ်းဌာန) မှာ ခေတ္တ တာဝန်ကျစဉ်တုန်းက တပ်ထွက်ဖိုင်အဟောင်းပုံတွေကို ရှင်းလင်းရင်း Royal Navy စစ်သားကြီးတွေရဲ့ ကိုယ်ရေး ရာဇဝင်တချို့ကို လေ့လာကြည့်ရှုခွင့် ရခဲ့ပါတယ်။
ကျနော် သဘောအကျဆုံးက စစ်သည်ကိုယ်ရေးရာဇဝင် မှတ်တမ်းတွေမှာ တွေ့ရလေ့ရှိတဲ့ တပ်မှူး/ စစ်ရေယာဉ်မှူး ထောက်ခံချက် မှတ်တမ်း (CO Recommendation) အင်္ဂလိပ် စာလုံးလှလှ လက်ရေး လက်သား သေသေသပ်သပ် လေးတွေပါ။ ကျနော်တို့ တပ်ရင်း/တပ်ဖွဲ့ တွေကို ရောက်လို့ ကိုယ်ပိုင်နံပတ် ဂဏာန်း ၄ လုံး ဆရာကြီးတချို့ (၁၉၅၅ ဝန်းကျင်က ရေတပ်ထဲဝင်သူတွေ) နဲ့ အတူတကွ တာဝန်ထမ်းဆောင်ရတဲ့အခါ သူတို့ Record Sheet တွေမှာ အဲဒီလို မှတ်တမ်းမျိုး တွေ့ရတတ် ပါတယ်။ ဒီနောက်ပိုင်း CO Recommendation အများစုကတော့ မြန်မာ ဘာသာနဲ့ပဲ ရေးလေ့ရှိပါတယ်။
Image may be NSFW.
Clik here to view.
တံမြက်စည်း စာအုပ်ထဲမှာ ပထမဆုံး အနေနဲ့ ရေတပ်ဆိုင်ရာ ဝေါဟာရတခုကို မှန်မှန်ကန်ကန် သိခွင့် ရလိုက်ပါတယ်။ အဲဒါက အခု ကျနော်တို့ အလွယ်သိထားကြတဲ့ ရိက္ခာစိုငွေ ( Mess Money လို့လည်း ခေါ်ကြပါတယ်) ကို ရေတပ်အသုံးအနှုန်း အရှS.M.A( Shore Messing Allowance) ဆိုတဲ့ အသုံးအနှုန်း ပါ။ ရိုးသားစွာ ဝန်ခံရရင် ကျနော် ရေတပ်မှာ ၁၃ နှစ်တာ အမှုထမ်းခဲ့ပေမဲ့ အဲဒီ S.M.A ရဲ့ စာလုံးပေါင်း အတိအကျ ကို မသိခဲ့ပါဘူး။ နီးစပ်တဲ့ လုပ်ဖော်ကိုင်ဘက် ဆရာသမား တချို့ကို မေးမြန်းပေမဲ့လည်း မတိကျမရေရာ နားလည်မှုလောက်ပဲ သိခဲ့ရတာပါ။ ကျနော့်စိတ်ထင် Supply Money Allowance လို့ပဲ မှတ်သားမိခဲ့တာ။ အဲဒီငွေက ကျနော်တပ်ထဲဝင်ခါစမှာ တနေ့ ၅ ကျပ်နှုန်းနဲ့ တလကို ၁၅၀ ကျပ် ဝန်းကျင် ရပါတယ်။ နောက်တော့ ၂၅ ကျပ်နှုန်း တိုးမြှင့်လာပြီး ခုချိန်မှာ ၅၀၀ ကျပ်နှုန်းလို့ သိရပါတယ်။
သို့ပေမဲ့ အဲဒီ S.M.A နဲ့ပတ်သက်ပြီး သူငယ်ချင်းတယောက်က သူ့မိန်းမ အရပ်သူတဦးကို တပတ်လှိမ့်ခဲ့တဲ့ ပုံပြင်လေးကိုတော့ ယနေ့တိုင် အမှတ်ရလျက်ပါ။ ဒီနေရာမှာ အရပ်သူလို့ သုံးနှုန်းလိုက်ရတဲ့ အကြောင်းခံ ရှိပါတယ်။ အဲဒါက တပ်မတော်သား လူပျိုတွေ အိမ်ထောင်ကျတဲ့အခါ တပ်မိသားစုဝင် ရဲဘော်သားသမီး (ကျနော်တို့အခေါ် “လိုင်းပေါက်”) မိန်းခလေးတွေနဲ့ အိမ်ထောင်ကျတယ်ဆိုရင် ရပိုင်ခွင့် အခွင့်အရေးတွေကို အကုန်သိနေလို့ ခံစားခွင့်ရှိသမျှ အားလုံးလိုလို အပ်နှံရပါတယ်။(မအပ်ရင် စာရင်းနဲ့တကွ ချပြတောင်းဆို တတ်တာကြောင့်ပါ) ။ အဲ … တပ်အကြောင်းမသိတဲ့ အရပ်ထဲက မိန်းခလေးတွေနဲ့ညားပြီး တပ်ထဲပါလာတာ ဆိုရင်တော့ ရပိုင်ခွင့်အကုန်မသိတာမို့ တချို့ခံစားခွင့်တွေကို ကိုယ်ပိုင် “ဘတ်ငွေ” လုပ်ထားကြတာပါ။
ကျနော့်သူငယ်ချင်းက တပ်နဲ့မနီးမဝေးရွာက တောသူမနောဖြူတယောက်နဲ့လက်ထပ်ပြီး တပ်ထဲက လိုင်းခန်းကို ပြောင်းရွှေ့နေထိုင်တဲ့အခါ ကောင်မလေးက သူ့ယောက်ျား ပေးသမျှ ရိက္ခာ နဲ့ငွေကို အမေးအမြန်းမရှိ လက်ခံရယူနေတဲ့ ကာလ … တနေ့မှာ အခန်းနီးချင်း ရဲမေတချို့ သူ့ကိုမေးပါတယ်။ “ဟဲ့ .. နင့်ယောက်ျားက နင့်ကို လစဉ် S.M.A ရော အပ်ရဲ့လား” တဲ့။ ကောင်မလေးခမျာ ငူတူတူအတတနဲ့ အဖြေရခက်သွားပါတယ်။ ဒါနဲ့ သူ့ယောက်ျား အိမ်ပြန်လာချိန်မှာ မဝံ့မရဲနဲ့ S.M.A အကြောင်း မေးကြည့်တဲ့အခါ … “ဟ …. ဒီမိန်းမ … သူများကြပ်ပေးတိုင်း အဟုတ်ထင်ရတယ်လို့ … သေချာမှတ်ထား … သူတို့ပြောတဲ့ S.M.A ဆိုတာ ငါ့နာမည် Soe Moe Aung ကို အတိုကောက်ခေါ်တာ သိရဲ့လား…” လို့ ဘသားချောက ခပ်တည်တည်နဲ့ ရွှီးထည့် လိုက်တာ ကောင်မလေး ခမျာ ဘာပြန်ပြောရမှန်း မသိ ပါးစပ်အဟောင်းသား ဖြစ်သွားဖူးတယ်။ ကြာရှည်တော့ လိမ်လို့ရဘူးပေါ့ဗျာ။
နောက်တခုက ကျနော်တို့ သိခဲ့တဲ့ ရေတပ်စစ်တီးဝိုင်းတပ် ၊ တပ်မှူး ဗိုလ်မှူးခင်မောင်လှ ဟာ အဆိုတော် တဦး(ရဲဘော်ခင်မောင်လှ) ၊ အခြားအဆင့် စစ်တီးဝိုင်းခေါင်းဆောင် တဦးဘဝကနေ အရာရှိဖြစ်လာသူ ဆိုတာလောက်ပဲ သိထားခဲ့တာ။ ဒီစာအုပ်ကိုဖတ်ရမှ ချာလီ(ခ) ရဲဘော်ခင်မောင်လှဟာ သမိုင်းဝင် ဝက်ကော်တိုက်ပွဲကြီးမှာ သူတတ်နိုင်ရာ အခန်းကဏ္ဍကနေ ကြည့်ကင်းတာဝန်ကို ဗော်လံတီယာ အနေနဲ့ သက်စွန့်ဆံဖျား ပါဝင် ထမ်းရွက်ပေးခဲ့ဖူးကြောင်း သိလိုက်ရပါတယ်။
သူ့လိုပဲ စစ်တီဝိုင်းခေါင်းဆောင် တဦးဖြစ်တဲ့ တပ်ကြပ်ကြီး သက်တင်အောင် ဟာလည်း တပ်မတော် လိုအပ်ချက် အရ ဗိုလ်သင်တန်း ဖြေဆိုအောင်မြင်ပြီးနောက် နိုင်ငံတော်စစ်တီးဝိုင်း ခေါင်းဆောင် ဗိုလ်ကြီး သက်တင်အောင်အဖြစ် တပ်မတော်မှာ လူသိများလှသလို ဂစ်တာတီးအလွန်ကောင်းသူတဦးဖြစ်ပြီး သူရေးစပ် သီကုံးခဲ့တဲ့ စစ်သီချင်း အများအပြား ရှိပါတယ်။ အရာရှိဖြစ်ပြီးတဲ့တိုင် သံလျှက်စွန်း စစ်သည်အိမ်ထောင်သည် လိုင်းမှာ ကာလအတန်ကြာ ဆက်လက်နေထိုင်ခဲ့သူ တဦးပါ။ သူလည်း ခေသူတယောက်မဟုတ်။ ကျနော့် အစ်ကိုကြီးနဲ့ သူဟာ “ပလောင်ထင်း” တိုက်ပွဲမှာ သွေးသောက်ရဲဘော်တွေ ဖြစ်ကြောင်း အစ်ကိုကြီး ပြောပြလို့ သိရပါတယ်။
ဒါ့အပြင် အင်းစိန်တိုက်ပွဲ၊ ဝက်ကော်တိုက်ပွဲတွေမှာ ကရင်စစ်သားတွေရဲ့ စစ်ရေးစစ်ရာကျွမ်းကျင်မှု၊ တိုက်ရည်ခိုက်ရည် ပြည့်ဝမှု ရှိတဲ့အကြောင်း ဖတ်ရတော့ …. တခါက ကျနော်ဖတ်ခဲ့ဖူးတဲ့ စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ “ချောကလက်ဗိုလ်ကြီး” အမည်ရှိ အင်းစိန်တိုက်ပွဲနောက်ခံ ဝတ္တုကို အမှတ်ရစေ ပါတယ်။ အဲဒီစာအုပ်ထဲမှာ . ကိုလိုနီနယ်ချဲ့တွေ အင်္ဂလိပ်တွေဟာ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သူတို့ရဲ့ တောင်တန်း ပြည်မ သွေးခွဲအုပ်ချုပ်ရေး ပေါ်လစီအရ တိုင်းရင်းသား လူနည်းစုတွေကို မလျော်မကန် မက်လုံးပေး စည်းရုံး အသုံးချခဲ့တာတွေရှိကြောင်း ဖတ်ရပါတယ်။
ဗမာပဒေသရာဇ် မင်းတွေလက်ထက်က တိုင်းရင်းသားလူမျိုးစုတွေအပေါ် အနိုင်ကျင့်ခဲ့တာ တချို့ရှိခဲ့တဲ့အပေါ် တိုင်းရင်းသားလူမျိုးစုတွေရဲ့ နာကျည်းခံစားချက်ကို အခွင့်ကောင်းယူကာ “မင်းတို့တတွေ ငါတို့နဲ့အတူ ကမ္ဘာစစ်ကြီးမှာ ကူတိုက်ပေး .. မြန်မာပြည်ကို လွတ်လပ်ရေး ပေးတဲ့အခါကျရင် မင်းတို့ကို ဗမာခေါင်းဆောင် တွေရဲ့ အုပ်စိုးမှုအောက်မှာ မထားခဲ့ဘူး .. သီးခြားလွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ အသိအမှတ်ပြုပေးမယ် ..” ဆိုတဲ့ ကတိကဝတ် စကားအရ ပထမ ကမ္ဘာစစ်ကတည်း ဥရောပစစ်မျက်နှာမှာ ကရင်တိုင်းရင်းသား အတော်များများ ဗြိတိသျှစစ်မှုထမ်းအဖြစ်နဲ့ ဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံး မြန်မာပြည် လွတ်လပ်ရေးစာချုပ် ချုပ်ဆိုရာမှာ အင်္ဂလိပ်တို့အနေနဲ့ ပြည်မနေ အမျိုးသားရေး ဝါဒီခေါင်းဆောင် တချို့နဲ့သာ အပေးအယူလုပ်ချုပ်ဆိုခဲ့ပြီး ကရင်တိုင်းရင်းသား တွေအပေါ် ပေးထားခဲ့တဲ့ ကတိကဝတ်တွေကို လစ်လျူရှု ဥပေက္ခာပြုသွားတယ်လို့ ကရင်ခေါင်းဆောင်တွေ စိတ်ထဲမှာ ခံစားချက် ရှိခဲ့ကြောင်းနဲ့ အင်္ဂလိပ်ကိုလည်း အားကိုးမရ ဗမာခေါင်းဆောင်တွေနဲ့လည်း ညှိနှိုင်းမရ ဖြစ်တဲ့အခါ ကရင့်ကံကြမ္မာ ကရင်လူထုကိုယ်တိုင် ဖန်တီးမှ ရတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကရင့်တော်လှန်ရေး စတင်ပေါ်ပေါက် ခဲ့ရတယ်လို့ ရေးသားထားတာ ဖတ်ရဖူးပါတယ်။
ဒီနေရာမှာ လွတ်လပ်ရေးမရမီကတည်းက မြန်မာ့တပ်မတော် ပြန်လည်ဖွဲ့စည်းခဲ့ရာမှာ BIA, BDA ကလာတဲ့ တပ်ဖွဲ့တွေနဲ့ အင်္ဂလိပ်စစ်တပ်က ကူးပြောင်းလာတဲ့ တပ်ဖွဲ့တွေကို တသားတည်းကျအောင် ရောနှောဖွဲ့စည်းခြင်း မပြုနိုင်ခဲ့တာဟာလည်း အားနည်းချက်တခု ဖြစ်လေမလား စဉ်းစားမိစရာပါ။ အကယ်လို့သာ တပ်မတော်တွင်း ညီညွှတ်မှုအားကောင်းခဲ့မယ်ဆိုရင် နိုင်ငံရေးအင်အားစုချင်း မညီညွှတ်ခဲ့ရင်တောင် ပြည်တွင်းစစ်ဖြစ်ရတဲ့အထိ အခြေအနေဆိုးခဲ့မယ် မထင်ပါ။ ဒီအချက်ကို SBS ရေဒီယိုနဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းမှာ ဘဘ ကေတီလွင် သုံးသပ်သွားတာ နားထောင်လိုက်ရပါတယ်။
ကျနော် စဉ်းစား သုံးသပ်မိ သလောက် လွတ်လပ်ရေးရပြီးတဲ့ အချိန်အထိ ဗိုလ်ချုပ်အောင်ဆန်း ဆက်ရှိ နေအုံးမယ်ဆိုရင် ဖြစ်ပေါ် လာမယ့် ပြည်တွင်းစစ် ကို အချိန်မီတားဆီးနိုင်ခဲ့မယ်လို့ ခန့်မှန်း တွေးကြည့်ဖြစ် ပါတယ်။ ဗိုလ်ချုပ်က စစ်တပ်မှာရော နိုင်ငံရေးလောကမှာပါ သူမတူ အောင် ထူးချွန်ပြောင်မြောက်ပြီး သြဇာ ကြီးမားသူမို့ပါ။
Image may be NSFW.
Clik here to view.![]()
နောက်ဆုံးအနေနဲ့ ကျနော်ဟာ ရေတပ်သားတဦး ဖြစ်ခဲ့တာနဲ့အညီ ရေတပ်အမြောက်ဘိုဖာနဲ့ အတန်အသင့် ရင်းနှီးမှုရှိခဲ့ ကြောင်း ကိုယ်ရည်သွေးချင်ပါသေးတယ်။ ကျနော်တို့ တပ်သားသစ်အခြေခံသင်တန်းမှာ ရေတပ်လက်နက်ကြီး ဘာသာရပ် သင်ကြားစဉ် 20 MM OERLIKON အမြောက် ဖြုတ်နည်း တပ်နည်း ပစ်ခတ်နည်းကို စာသင်ခန်း အတွင်းမှာ သင်ကြားပြသပေးပါတယ်။ 40 MM OR ယိုးဒယား ငါးခိုးလှေတွေကို ပစ်ခတ်ဖမ်းဆီးရာမှာ သူများပစ်တာကို ရေယာဉ်ကြည့်ကင်းတာဝန်ထမ်းဆောင်ရာ ကနေ လက်သီး လက်မောင်းတန်းပြီး အားပေးခဲ့ဖူးပါတယ်။ နံနက် အရုဏ်တက် ဝေလီဝေလင်းအချိန် ဘိုဖာ အမြောက် ပြောင်းဝက ပစ်လွှတ်လိုက်တဲ့ ကျည်ဆံထိပ်ဖူးဟာ အရောင်တောက်ပဝင်းဖြာလျက် လေထုထဲကို တရွှတ်ရွတ်တိုးဝင် ဖြတ်သန်းသွားတာကို ကြည့်ရတာ ရင်ထဲတလှပ်လှပ်နဲ့ ရဲစိတ်ရဲမာန် တက်ကြွမှုကို ခံစားရ တာပါ။ အမြောက်သံဟာ ရေယာဉ်ပေါ်ရှိ တပ်ဖွဲ့ဝင် (Crew) အားလုံးကို တိုက်ပွဲဝင် အသင့်ဖြစ်သွားစေ ပါတယ်။
ဒါတွေဟာ “ရန်ကုန်မြို့တော်ကို ကယ်တင်လိုက်တဲ့ တံမြက်စည်း” စာအုပ်ကို ဖတ်အပြီးမှာ ကျနော်နဲ့ လက်လှမ်းမီ အပ်စပ်တဲ့ အနားသား အပိုင်းအစလေး တချို့ကို ကောက်နှုတ်ကိုးကား ဖော်ပြလိုက်ခြင်း မျှသာဖြစ်ပြီး ဇာတ်လမ်းရဲ့ ပင်မကျောရိုး အနှစ်သာရပိုင်းကြီးကိုတော့ “ဆင်ခေါင်းဟိုကောင်လေး မချီနိုင်” ဖြစ်နေရတာမို့ သူ့နဂိုအတိုင်း ခြေရာလက်ရာမယွင်း မူရင်းစာအုပ်ထဲမှာ ထားရစ်ခဲ့ပါကြောင်း …။
ရွှင်လန်းချမ်းမြေ့ကြပါစေ …..
နေမင်းသူ
၃၀-၁၂-၂၀၁၃