Image may be NSFW.
Clik here to view.
ဗြိတိသျှကိုလိုနီလက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာ အခု ၂၀၁၄ ခုနှစ်ဆိုရင် ၆၆ နှစ် တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ မမီလိုက်တဲ့ လွတ်လပ်ရေးအကြောင်းနဲ့ ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တွေအကြောင်း ဖတ်ဖူးသမျှအနည်းငယ်ကို ပြန်ပြောင်းစဉ်းစားကြည့်မိတဲ့အခါ၊ ၁၃၀၀ ပြည့်အရေးတော်ပုံကြီးရဲ့ ‘လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ရေရှည်မဟာဗျူဟာလမ်းကြောင်း ချနိုင်ခဲ့မှုရဲ့ အရေးပါပုံကို မြင်တွေ့ရပါတယ်။
၁၃၀၀ ပြည့်အရေးတော်ပုံ ပြီးကာစ ၁၉၃၉ ခုနှစ်အတွင်းမှာ သခင်ကိုယ်တော်မှိုင်းဂိုဏ်းမှ လက်ဝဲယိမ်း အယူအဆ ရှိသူ အများစုက ဦးဆောင်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ ဆိုတဲ့ နိုင်ငံရေးပါတီနှစ်ခု ရှေ့ဆင့်နောက်ဆင့် ထူထောင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၃၉ ခုနှစ် ဧပြီမှာကျင်းပတဲ့ ဒို့ဗမာအစည်းအရုံး စတုတ္ထညီလာခံမှာ အင်္ဂလိပ်နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားတပ်ပေါင်းစုကြီး ဖွဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီနောက်ပိုင်း အယူကွဲမျိုးစုံ အဖွဲ့မျိုးစုံပေါ်ခဲ့ပြီး လွတ်လပ်ရေးကြီး ယူဆောင်ပေးခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်အထိ ‘လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး’ ဆိုတာပဲ တစိုက်မတ်မတ် ဆွဲကိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိခဲ့ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှာတော့ လွတ်လပ်ရေးကြိုးပမ်းခဲ့သူ ခေါင်းဆောင်အများစုဟာ သူတို့တိုင်ခဲ့တဲ့ ကြွေးကြော်သံကို ခပ်မေ့မေ့ ဖြစ်သွားကြပုံရပါတယ်။ အကြောင်းက လွတ်လပ်ရေးအပြီးမှာ ဒီမိုကရေစီရေးကို သွားရမှာထက် ဆိုရှယ်လစ်ရေးကို ပိုဇောင်းပေးလာလို့ဖြစ်ပါတယ်။ ပါလီမန်ဒီမိုကရေစီ ချန်ပီယံ ဦးနုကိုယ်တိုင်လည်း ဆိုရှယ်လစ်သမားမို့ မြေယာနိုင်ငံပိုင်ပြုရေးတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ပုဂ္ဂလိက မြေယာပိုင်ဆိုင်ခွင့်ဟာ ပါလီမန်ခေတ်မှာတင် စတင်ဆုံးရှုံးလာခဲ့ပါတယ်။ ယနေ့ အဆိုးဆုံးအခြေအနေဆိုက်လာတဲ့ မြေယာကိစ္စဟာ ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (private property) ကို ရိုက်ချိုးမှုကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာရဲ့ အကျိုးဆက်တွေပါပဲ။
နောက် ဖဆပလကနေ အခြေခံပေါ်ထွက်ခဲ့တဲ့ နိုင်ငံရေးပါတီများ အားလုံးဟာလည်း လက်ဝဲယိမ်း (ဆိုရှယ်လစ် ကွန်မြူနစ်) ပါတီတွေချည်းပါပဲ။ သူတို့အားလုံးက လွတ်လပ်ရေးပြီးနောက် ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်လိုကြသူတွေချည်းပါ။ အဆုံးမှာတော့ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်း ထူထောင်တဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်အောက်မှာ တစ်တိုင်းပြည်လုံး ငါးပါးမှောက်ပြီး၊ ၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှုတွေ လူထုက ပြန်လုပ်ခဲ့ရပါတယ်။
ပြန်သုံးသပ်ရင် ၁၃၀၀ ပြည့် ကြွေးကြော်သံအတိုင်း လွတ်လပ်ရေးပြီးနောက်မှာ ဒီမိုကရေစီအရေးကို တန်းမသွားဘဲ၊ လွတ်လပ်ရေးပြီးတော့ ဆိုရှယ်လစ်ရေးကို အရူးအမူးသွားခဲ့ကြတဲ့ သမိုင်းလမ်းကြောင်း အမှားဒဏ်ကို ယနေ့ထိ ခံစား ဖြတ်ကျော်နေကြရတာပါပဲ။ လွတ်လပ်ရေးရပြီး ဒီမိုကရက်တစ်နိုင်ငံ ထူထောင်လိုစိတ်မရှိဘဲ၊ ဆိုရှယ်လစ်နိုင်ငံတော် ဖြစ်ချင်ကြတဲ့ အယူအဆအမှား၊ စေတနာအမှား၊ ဆန္ဒအမှား၊ အတွေ့အကြုံအားနည်းမှု အမှားပေါင်းစုံကို မျိုးဆက်လိုက် လှိမ့်ခံခဲ့ကြရတာပါပဲ။
၁၉၈၈ ခုနှစ်ကျမှ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ဖို့ စတင် အားယူတဲ့ အခါမှာတော့ မရပ်နိုင်ဘဲ ဘိုင်းဘိုင်းလဲကျ နေပါတော့တယ်။ လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီရေးကို မဖက်တွယ်ခဲ့ တန်းတန်းမတ်မတ် မလျှောက်ခဲ့ကြတဲ့ အမှားလုံးကြီးပါ။ တကယ်တော့ ဆိုရှယ်လစ်ရေးဟာ အရေးကြီးပါတယ်။ ဆိုရှယ်လစ်ရေးဆိုတဲ့ လူမှုဘ၀ သာယာဝပြောမှု မဟာပန်းတိုင်ကို သွားချင်သပဆိုရင် ၁၃၀၀ ပြည့် ကြွေးကြော်သံရဲ့ ဒုတိယမြောက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို အရင်ဖြတ်သန်းခဲ့သင့်ပါတယ်။
ဆိုရှယ်လစ်အရေး ဆိုတာနဲ့ ဆက်စပ်လို့ တလောက စာရေးဆရာကြီး မောင်စူးစမ်း နာကျန်းမာတာ သွားမေးဖြစ်တာ ကို သတိရမိပါတယ်။ ဆရာရဲ့ အယူအဆတွေ မည်သို့ပင်ရှိစေ၊ မက်စ်ဘောဂဗေဒ၊ ကိန်းဘောဂဗေဒ၊ ဘောဂဗေဒ ကကြီးခခွေး၊ ဓနမဂ္ဂဇင်း ဆောင်းပါးတွေကြောင့် သက်ကြီး မြန်မာစာရေးဆရာ ဘောဂဗေဒဆရာတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ လေးစားရင်းစွဲရှိလျက်ပါပဲ။ ဆရာက အိပ်ယာပေါ် ပက်လက်နေရင်း စကားမပီမသ ဗလုံးဗထွေးနဲ့ သူ ပြောချင်တာတွေ မနည်းအားယူပြောပါတယ်။
အရွယ်လွန်သူတစ်ယောက်က မပီမသနဲ့ အထပ်ထပ် ပြောတာတွေထဲမှာ တစ်ခုက “၁၉၇၅ ခုနှစ်လောက်က သတင်းစာတစ်စောင်မှာ ကျွန်တော် ဆောင်းပါးတစ်စောင် ရေးတယ်၊ အဲဒီမှာ မြန်မာပြည်အတွက် ဆိုရှယ်လစ်စနစ် ဟာ ‘သမိုင်းလိုအပ်ချက်’ (historical necessity) မဟုတ်ဘူး ဆိုတာ ရေးလိုက်တယ်၊ ဒါကို ဆရာကြီးသခင်စိုး က ကိုချမ်းအေး(စူးစမ်း) ပြောတာမှန်တယ်၊ ဆိုရှယ်လစ်စနစ်ဟာ မြန်မာပြည်အတွက်သာမက တစ်ကမ္ဘာလုံးအတွက်လည်း သမိုင်းလိုအပ်ချက် မဟုတ်ဘူးလို့ မောင်ကိုယု ကတစ်ဆင့် ပြောခိုင်းတယ်” လို့ ဆိုပါတယ်။ ဒါကိုပဲ မောင်စူးစမ်းက ထပ်ခါထပ်ခါ ပြောနေတာ တွေ့ခဲ့ရပါတယ်။
ဒီနေ့အခါမှာတော့ ဆိုရှယ်လစ်စနစ်ဟာ ကိုလိုနီအောက်က လွတ်မြာက်ခဲ့တဲ့ နိုင်ငံတွေအတွက် သမိုင်းလိုအပ်ချက် ဟုတ်မဟုတ် တစ်ကမ္ဘာလုံးမှာ အဖြေပေါ်သွားခဲ့ပါပြီ။ လွတ်လပ်ရေးရပြီး ကျင့်သုံးရမယ့် ဒီမိုကရေစီရေးနေရာမှာ ဆိုရှယ်လစ်ရေးကို သမိုင်းလိုအပ်ချက်အထင်နဲ့ အစားထိုးခဲ့ကြတဲ့ အစားထိုးချင်ကြတဲ့ ပါတီပေါင်းစုံ ဂိုဏ်းပေါင်းစုံရဲ့ အမှားကို ကနေ့လူထုတွေ ခံစားရဆဲပါပဲ။ စစ်ဘောင်ကျယ်လွန်းတဲ့ ပြဿနာ၊ ဖက်ဒရယ်စနစ် ဆိတ်သုဉ်းမှုတို့ဟာ ဆိုရှယ်လစ်အတုကနေ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့မှာတော့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးရဲ့ ကြွေးကြော်သံ အတိုင်း လွတ်လပ်ရေးပြီးနောက် ဒီမိုကရေစီရေးကို ပြတ်ပြတ်သားသား ပြန်ဟစ်ကြွေးဖို့ သန္နိဌာန် ချကြရပါလိမ့်မယ်။ ဒီမိုကရေစီအရေးဟာ လွတ်လပ်မှုအရေး (freedom) လည်း ဖြစ်ပါတယ်။
ဒီကနေ့ဟာ အချို့ပြောသလို ဒုတိယမြောက် လွတ်လပ်ရေး (independence) ဆင်နွှဲစရာမလိုပါ၊ ဒီမိုကရေစီရေးရဲ့ အသက်ဖြစ်တဲ့ အာဏာပို်င်တို့လက်အောက်မှ တစ်ဦးချင်း လွတ်လပ်ခွင့်အရေး (freedom) ကို ကြိုးပမ်းရယူဖို့ အာရုံမြဲမြဲထားကြဖို့ လိုပါတယ်။ ဒါဟာ ဒီကနေ့ မြန်မာနိုင်ငံသားတွေနဲ့ မျိုးဆက်သစ်များအတွက် သမိုင်းလိုအပ်ချက် ဖြစ်ပါတယ်။
ရဲမြင့်ကျော်
https://www.facebook.com/notes/ye-myint-kyaw/%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%9C%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%81%BF%E1%80%95%E1%80%AE%E1%80%B8%E1%80%B1%E1%80%94%E1%80%AC%E1%80%80%E1%80%B9-%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%80%A1%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%9F%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%B2%E1%82%94-%E1%80%86%E1%80%AF%E1%80%AD%E1%80%9B%E1%80%BD%E1%80%9A%E1%80%B9%E1%80%9C%E1%80%85%E1%80%B9%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8/195879067273382 မှ ကူးယူဖော်ပြပါသည်။