(၁)
၂၀၁၅ နီးလာလေ တတိယအင်အားစု ဟူသော အသံ ကြားလာရလေ ဖြစ်သည်။အစိုးရ နှင့် အတိုက်အခံ အပြင် အဘယ်ကြောင့် အင်အားတစ်ရပ် ထပ်မံပေါ်ပေါက်လာသည်၊ မည်သည့် အဖွဲ့အစည်းမှ တတိယ အင်အားစု အဖြစ် ရပ်တည်မည် ဆိုသည်က စိတ်ဝင်စားဖွယ်ရာဖြစ်သည်။၁၉၈၈ မှ စတင်ခဲ့သော အစိုးရနှင့် အတိုက်အခံ အားပြိုင်မှုသည် ၂၀၁၀ အလွန်တွင် ငြီးငွေ့ဖွယ် ဇာတ်လမ်းတွဲ အသွင် ဆောင်လာသည်။
ကန့်သတ်ခေတ်လွန် မြန်မာနိုင်ငံတော်အား အရှိန်အဟုန်ဖြင့် တိုးတက်စေလိုသော အင်အားစုများက အစိုးရနှင့် အတိုက်အခံကြားပါဝါဂိမ်းများ၊ အပေးအယူ အတိုးအဆုတ်များကို ခလုတ်ကန်သင်းအဖြစ် မြင်လာပြီ။သူ့ကြောင့် ငါ့ကြောင့် အပြစ်မြင် လက်ညျိုးထိုးနေမှုများကို စိတ်မရှည်တော့။Blame game များ၊ကိုယ်ရည်သွေးမှုများ ထက် လက်တွေ့ အလုပ်ဖြစ်မှုကို တောင့်တလာ
ကြသည်။ တစ်ကယ်လုပ်လျှင် တစ်ကယ်ဖြစ်နိုင်မှန်းလည်း သိလာပြီ။
မြန်မာဆိုသည်က ယုံကြည်မှုသာ ဦးဆောင်လျှင် ၀ါးရင်းဒုတ်သာ လိုအပ်လောက်အောင် စိတ်ဓါတ် ပြင်းထန်သော လူမျိုး။ရခိုင် အရေးအခင်းမှ အစပြုသော အမျိုးသားရေး စိတ်အဟုန်က ဆီးဂိမ်းစ် အပြီးတွင် အမြင့်ဆုံးသို့ ရောက်ရှိတည်ငြိမ်ပြီ။ခြေဥပြင်ရေး မပြင်ရေး၊ ရာထူးလုရေး လုံးပန်းမှုများက သူတို့အတွက် နေ့စဉ် ဘ၀ မဟုတ်။မျှော်လင့်သော အနာဂတ်မဟုတ်။ ဖြစ်ချင်သော အခြေအနေနှင့် လက်ငင်းကြုံတွေ့နေရသော အကြပ်အတည်းများက စကြ၀တေးမင်း ကို မျှော်ယုံမျှဖြင့် မပြေလည်မှန်း သိလာပြီ။ကိုယ့်အား ကိုယ်ကိုး ရုန်းကန်လိုပြီ။စစ်အစိုးရထံ အကြွေးတောင်းသလို တောင်းနေယုံဖြင့် နိုင်ငံတော် ဆင်းရဲတွင်းမှ မတက်။ညီညာကုန်း၍ ရုန်းရမည့်အစား ထန်းလျက်နှင့် အချိုကုန်နေကြသူများကို သံသယ ၀င်လာပြီ။
နိုင်ငံရေးအမြင် ရေစီးက အမြဲ ပြောင်းလဲသည်။အဆိုးအမြင်ထက် အကောင်းကိုသာ မြင်ချင်ပြီ။ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း မ၀င်လိုပြီ။အလင်းရောင် ပျပျ ကို မြင်ရုံမျှဖြင့် အားသွန်လျှောက်လိုပြီ။တို့မြန်မာ သာကီမျိုးမို့ မညှိုးဂုဏ်တေဇာ ဟု ကြွေးကြော်ချင်လှပြိ။
(၂)
၁၉၈၈ အရေးတော်ပုံသည် သမိုင်းဖြစ်သည်။စစ်အစိုးရသည်လည်း သမိုင်းမှာ ကျန်ခဲ့လေပြီ။နိမ့်ကျသည် ဆိုဆို အကျင့်ရ၍ ခံနိုင်ရည် ပိုရှိလာသည်။ဆက်လက်၍တော့ မပျော်လို မပျော်သင့်။ငိုသောကလေး နို့ပိုစို့ရသည် ဆိုသည်ကလည်း ငယ်စဉ် မိခင် ရင်ခွင်ထဲမှာသာ မှန်သည်။ငွေလမင်း အား လိုချင်စိတ်ဖြင့် ငိုကြွေးနေယုံဖြင့် မရ။
တောင့်တသော အပြောင်းအလဲ ဟူသည် အစိုးရ အမည်အသစ် တစ်ခုထက် ပိုသည်။ရွှေထီးဆောင်းခဲ့ခြင်း၊အိမ်နိမ့်စံခဲ့ခြင်း ဆိုသည်ထက် မြန်မာဟူ၍ သိမ်ငယ်စွာ မနေလိုတော့။ရာဇ၀င်ကို ချွေးဖြင့်ရေးလျှင် ငံငြိငြိ နေမည် ဟု ဆရာမောင်ထင်က သရော်သည်။သွေးဖြင့်ရေးရလျှင်လည်း ညှီစို့စို့ နံပေလိမ့်မည်။ မည်သူ့ကိုမှ အားကိုးမရမှန်းလည်း ဖွတ်ဖွတ်ကျေမှ သိခဲ့ရပြီ။ ကဲ...တွင်းဆုံးမကျခင် ရုန်းကြစို့ရဲ့...။
ထို အတွေးအမြင်က လှုပ်နှိုးလေပြီ။လှုပ်လီလှုပ်လဲ့ အစိုးရ နှင့် အသံသာ မည်သော အတိုက်အခံ နှစ်ဖက်လုံးကို အားမရ။အမျိုးသားရေး အမြင်ဖြင့် ကြည့်သော် ဘောင်ထဲ မ၀င်။အာဏာ ထမ်းပိုးနှစ်ဖက်ကို ဘေးသို့သာ ခြေကန်ရုန်းပုံရ၏။ရှေ့သော် မှန်းသလောက် မရွေ့။ မျက်စေ့ဖွင့်ကြည့်၍ မြင်သည်။ အမြင်ကြောင့် တွေးသည်။ ရဟန်းလည်း မနေသာ။လူငယ် လူရွယ် များကလည်း မရွံ့။ စစ်သားဟောင်းကလည်း တစ်တပ်တစ်အား။၈၈ ကျောင်းသားဟောင်းများထဲမှ လည်း နောက်မကျန်။ပညာရှင်လည်း ပါသည်။လေ့လာအားကောင်းသူများ လည်း ပါသည်။နိုင်ငံရေးမျိုးဆက်များကလည်း အားဖြည့်သည်။ပြည်ခိုင်ဖြိုး NLD ပါတီ ထောက်ခံသူအချို့ကလည်း မြင်ပြီ။တူညီသော စိတ်က တိုင်းပြည်ကို တိုးတက်စေချင်ပြီ။ ရာထူး မဟုတ်။အာဏာမဟုတ်။သန့်ရှင်း-တည်မြဲ ဟူ၍ မခွဲ ။နိုင်ငံတော်ကို သန့်ရှင်းစွာ တည်မြဲစေလိုသူများသာ။
အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ပါတီစွဲ ဟူသည်က နိုင်ငံချစ်စိတ်ကို လွှမ်းမိုးနိုင်လောက်အောင် မစွမ်းသာ။လွှမ်းမိုးသည်လည်း မဖြစ်သင့်သော အရာ။တတိယ အင်အားစုကား ဤသို့ အခြေတည်လေသည်။အမျိုးသားရေးစိတ် အခြေခံကြောင့် အင်အားကို လျော့တွက်၍ မရ။ဆန္ဒမဲ ချိန်ခွင်လျှာကို အတိမ်းအစောင်း ဖြစ်စေလာနိုင်သည်။အာဏာလိုသူ ပါတီကိုစိတ်ထင်ရာ မလုပ်နိုင်အောင် ထိန်းညှိပေးလို့ရသည်ဟု ယူဆစရာရှိလာသည်။ သို့သော်.... စိန်ခေါ်မှုများက အပြည့်။တိုင်းပြည်၏ ကံကြမ္မာ က သမိုင်းတစ်လျှောက်အကောင်းဘက် မပါ။
(၃)
တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်း၏ အင်အားက မျှော်မှန်းမရ။ဖွဲ့စည်းပုံကျစ်လျစ်မှု နှင့် ယုံကြည်ချက် ခိုင်မာမှုက မှတ်ကျောက် တင် မခံရသေး။ဆန္ဒ များ ရှေ့ဆောင်နေကြ၍သာ။တိကျရေရာသော လမ်းစဉ်ရည်ရွယ်ချက်ဖြင့် ဦးဆောင်မည့်သူ ပေါ်မလာသေး။နိုင်ငံရေး ပရိယာယ် မကြွယ်။လှည့်ကွက်များအား ခံနိုင်ရည် ရှိ မရှိ တွက်ဆလို့ မရ။
လတ်တလောမှာတော့ အစိုးရ အတိုက်အခံ နှစ်ဖက်လုံးက အမြင်ကြည်ဖွယ် မမြင်။နိုင်ငံရေးအာဏာ ဆိုသည်က သားအဖ ချင်းပင် စိတ်ဝမ်းကွဲစေတတ်သော အမျိုး။ပခုံးချင်း ယှဉ်လာမည် ထင်မြင်လျှင် အသက်ကို ဖက်ဖြင့် ထုပ်ထားရတတ်သည်။ဆူးကြားမှာ ရှင်သန်ရမည့် ဘ၀။ အားသာချက်က တိုင်းပြည် တိုးတက်စေချင်သော စိတ် စေတနာ အရင်းခံသည်။စဉ်းစားဉာဏ်ဖြင့် ထိန်းညှိသည်။အသက်အရွယ်စုံ လူတန်းစားစုံ ကြောင့် အတွေ့အကြုံ စုံသည်။
ကောင်းသော အပြောင်းအလဲ ကို မြင်လိုသည်။ ကောင်းအောင်လည်း ကြိုးစားလိုကြသည်။အကြောက်တရား အမုန်းတရား ပုဂ္ဂိုလ်စွဲ စသည်တို့ကို ရှေ့တန်း မတင်။ ဤသို့သော သဘောထားသည် အစိုးရနှင့် အတိုက်အခံတို့၏ ရှေ့မတိုး နောက်မဆုတ်သော အချိန်တွင် ပိုမို ပေါ်လွင်လာသည်။အထူးသဖြင့် သမ္မတ အရည်အချင်းနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနှင့် ပတ်သက်သည်။ မိမိအင်အားကိုလည်းသိ ရန်သူ့အင်အားကိုလည်း သိမှ စစ်ပွဲတစ်ခု အောင်နိုင်ရန် သေချာသည်။၅၉(စ) သည် အစိုးရနှင့် အတိုက်အခံကြားက ကိစ္စတစ်ခုမဟုတ်။ပြည်သူလူထုကြား မတွက်ဆဘဲ ထည့်ပေးလိုက်သည့် ပြဿနာ သို့တည်းမှ မဟုတ်လျှင် ပြည်သူကို တိုက်ရိုက် အားစမ်းခြင်း။ပြည်သူ၏ ဆင်ခြင်နိုင်စွမ်းကို တိုင်းတာခြင်းပင် ဖြစ်သည်။
တတိယအင်အားစု ဟု တင်စားသော အဖွဲ့အစည်းသည် မည်သည့်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်မည် ဆိုသည်က ၂၀၁၅ အတွက် ကြိုတင် အဆုံးအဖြတ်ပင် ဖြစ်သည်။
(ဆက်လက် ရေးပါဦးမည်။)
By
Thett Maung