Quantcast
Viewing all articles
Browse latest Browse all 1811

အင်စတီကျူးရှင်း မသန်စွမ်းမှုနှင့် ပြုပြင်ရမယ့် အခြေခံဥပဒေ

Image may be NSFW.
Clik here to view.

January 7, 2014 at 9:35am
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  ၂၀၁၃ ဩဂုတ်လမှာ အစိုးရတာဝန်ယူရတဲ့ ၅ နှစ်တာကာလရဲ့ ပထမပိုင်း လပေါင်း ၃၀ ဟာ ဒီမိုကရေစီအုတ်မြစ်ချတဲ့ ကာလဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ခေါ်ယူ ရှင်းပြခဲ့ပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး လူမှုရေး ပြုပြင်ပြောင်းလဲမှု၊ အစိုးရအုပ်ချုပ်ရေးယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဆိုတဲ့ လုပ်ငန်းစဉ်လေးရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီမှာ သမ္မတက ကောင်းမွန်သောအုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရ ဖြစ်ရေး ဆောင်ရွက်ခဲ့ပေမဲ့လည်း အစိုးရဌာနတွေနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ စွမ်ဆောင်ရည် အားနည်းမှု၊ ပွင့်လင်းမြင်သာမရှိမှု၊ ပြည်သူ့အသံ ပြည်သူ့ဆန္ဒ လိုအပ်ချက်တွေအပေါ် တာဝန်သိမှု တာဝန်ယူမှုနဲ့ ဆောင်ရွက်ပေးခြင်း မရှိမှု၊ အဂတိလိုက်စားမှု စတာတွေ ရှိနေတာကို ၀န်ခံခဲ့ပါတယ်။


သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ၂၀၁၃ အောက်တိုဘာလ Unity ဂျာနယ်နဲ့ အင်တာဗျူးမှာ “ဒီမိုကရေစီကိုသွားချင်တဲ့ လုပ်ငန်းမှာ အခက်ခဲဆုံးက ပြည်သူတွေရဲ့ လိုအပ်ချက်က သိပ်မြင့်မားနေပြီး အစိုးရနဲ့ ဆက်စပ်တဲံ့ စွမ်းဆောင်ရည်က နိမ့်နေတယ်။ ခြားနားချက်က သိပ်ကြောက်စရာကောင်းတယ်၊ ဒါ အခက်ခဲဆုံးပဲ။ ဒီမိုကရက်တစ်ယဉ်ကျေးမှုနဲ့ ဒီမိုကရက်တစ်အမြင်သဘောထားတွေ ရှိတယ်ဆိုရင် သိပ်ကောင်းမှာပဲ။ အခုတော့ ကိုယ်ကျိုးစီးပွား ရှိတဲ့လူတွေက တစ်မျိုး၊ ဒီမိုကရေစီ နားမလည်တဲ့လူတွေက တစ်ဖုံ တော်တော်လည်း ဖြေရှင်းရခက်တယ်၊ ခက်ပါလိမ့်ဦးမယ်..” လို့ ငြီးတွားထားတယ်။

 နောက်ပြီး ၀န်ကြီဦးစိုးသိန်းက အစိုးရပိုင်း ပြုပြင်ပြောင်းလဲရေး လိုလားသူတွေက အားသွန်ခွန်စိုက် လုပ်နေပေမဲ့ အင်စတီကျူးရှင်းတွေက မလိုက်နိုင်ဘူး၊ capacity က မရှိဘူး၊ မြန်မာနိုင်ငံ ဌာန၀န်ထမ်း ၁ သန်းလောက်မှာ အပြောင်းအလဲလုပ်ချင်တဲ့သူ ၁ ထောင်လောက်ပဲ ရှိတယ်” လို့လည်း ပြောပါတယ်။ သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်နဲ့ စာရေးဆရာဦးကျော်ဝင်း တို့ကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုအရှိန်ကို အမီလိုက်နိုင်မယ့် အင်စတီကျူးရှင်းတွေ မရှိသေးကြောင်း မကြာခဏ ရေးကြပြောကြပါတယ်။

ဒီတော့ အစိုးရဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ပြန်ကြည့်ရင် အစိုးရသစ် စတက်ချိန်ကနေ ၂၀၁၂ အထိ လူထုအဖို့ အားတက်ဖွယ် မျှော်လင့်ချက်တွေ ရှိသလောက် ရှိခဲ့ပြီး ၂၀၁၃ ထဲမှာတော့ ဌာနဆိုင်ရာတွေ ပြုပြင်ပြောင်းလဲဖို့ ခက်ခဲနေတာ၊ မူဝါဒတွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ခက်ခဲနေတာတွေ ကြုံနေရတာ တာဝန်ရှိသူတွေက ၀န်ခံတာတွေ ရှိလာပါတယ်။
 အခု ၂၀၁၄ ခုနှစ်အပါအ၀င် အစိုးရသက်တမ်း ကျန် လ ၃၀ အတွက် သမ္မတက ပြည်သူလူထုအတွက် အရေးပေါ် လိုအပ်ချက် ၆ ခုကို ချမှတ်ဆောင်ရွက်ဖို့ သတ်မှတ်ခဲ့တယ်။ (၁) လျှပ်စစ်မီးရရှိရေး၊ (၂) သောက်သုံးရေနဲ့ စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး၊ (၃) အလုပ်အကိုင်များ တိုးတက်ရစေနိုင်မယ့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများနဲ့ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ (၄) စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ (၅) ခရီးသွားလုပ်ငန်း၊ (၆) ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်ရေးတို့ ဖြစ်ပါတယ်။

သို့သော် အဲဒီ မူဝါဒ ၆ ခုဟာ အင်စတီကျူးရှင်းတွေ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် အောင်မြင်မှုရနိုင်ပါ့မလားဆိုတာ လက်ရှိအစိုးရအဖွဲ့အတွက် မေးခွန်းဖြစ်လာပါတယ်။ အစိုးရတာဝန်ရှိသူတွေ ၀န်ခံခဲ့တဲ့အတိုင်း ပထမ လ ၃၀ မှာ အင်စတီကျူးရှင်းတွေ အားနည်းနေသေးလို့ ပြုပြင်ပြောင်းလဲမှု အခက်အခဲတွေ ကြုံနေရတယ်ဆိုရင်၊ အခု ဇန်န၀ါရီလကနေ ကျန် ၂၆ လအတွက် ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကကော ဘယ်လို ရှိလိမ့်မလဲ၊ အင်စတီကျူးရှင်းတွေ ကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ အင်စတီကျူးရှင်းတွေ မပြင်ချင်ရင်၊ ပြုပြင်ပြောင်းလဲမှုတွေ အစစ်အမှန် မဟုတ်ဘူး ဆိုတာကို စဉ်းစားဖို့ လိုလာပါတယ်။


အင်စတီကျူးရှင်း နယ်ပယ်နဲ့ သန်စွမ်းမှု

နိုင်ငံရဲ့ အင်စတီကျူးရှင်းအကြောင်းနဲ့ ပတ်သက်ရင် နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာ နယ်ပယ် (the scope of state functions) ကို ပြန်စဉ်းစားကြပါတယ်။ အင်စတီကျူးရှင်းတွေအပေါ်မှာ အစိုးရလက်တံ ဘယ်လောက် ရှည်သလဲ၊ ၀င်စွက်ဖက်ထားမှု ဘယ်အတိုင်းအတာထိရှိသလဲဆိုတဲ့ နိုင်ငံတော်အခန်းကဏ္ဍကို ဆွေးနွေးကြပါတယ်။ အထူးသဖြင့် အမေရိကကို စံထားပြီး “အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတော်အခန်းကဏ္ဍဟာ အားကြီးတဲ့ (strong) အစိုးရပုံစံလား၊ အားနည်းတဲ့ (weak) အစိုးရပုံစံလား” ဆိုတာကိုကို မေးခွန်းထုတ်ကြည့်ကြတယ်။

နိုင်ငံရေးနဲ့ လူမှုသိပံပညာရှင် မာတင် လစ်ပ်ဆက် (Martin Lipset) က “အမေရိကန် အင်စတီကျူးရှင်းတွေမှာ နိုင်ငံတော် အခွင့်အာဏာကို တတ်နိုင်သမျှ အနည်းဆုံးကန့်သတ်ထားဖို့ ရည်ရွယ်ချက်ရှိရှိ ဒီဇိုင်းဆင်ထားတယ် (American institutions are deliberately designed to weaken or limit the exercise of state power.)” လို့ ဆိုထားပါတယ်။ အမေရိက က ဗြိတိသျှတော်လှန်ရေးအောက်က တော်လှန်ရုန်းကန်ထွက်ခဲ့ရတဲ့အတွက် နိုင်ငံတော်ရဲ့ အာဏာလက်တံကို ကန့်သတ်ထိန်းချုပ်ရေးဟာ ယဉ်ကျေးမှုအမွေတစ်ခုလို ဖြစ်နေတာမို့ ‘အားနည်းသော အစိုးရ’ လို့သာ ခေါ်နိုင်ကြောင်း လစ်ပ်ဆက် က ဆိုပါတယ်။

နောက် အယူအဆတစ်ခုကတော့ လူမှုသိပံပညာရှင် မက်စ် ဝေဘာ (Max Weber) ရဲ့ နာမည်ကျော် နိုင်ငံတော် အဓိပါယ် ဖွင့်ဆိုချက်ပါ။ ဗေဘာက “ “လူ့အဖွဲ့အစည်းဆိုတာ နယ်နမိတ်တစ်ခုအတွင်း ရုပ်ပိုင်းအင်အားကို တရားဝင် အသုံးပြုနို်င်စေရန် အပ်နှင်းခံရတဲ့ အဖွဲ့အစည်း (a human community is the monopoly of the legitimate use of physical force within a given territory.)”  လို့ ဆိုပါတယ်။ ဝေဘာ ဆိုလိုတာက ‘အမိန့်အာဏာတည်စေမှု’ (enforcement) ဖြစ်တယ်။ သူ့စကားအတိုင်းဆိုရင် အမေရိကန်ဟာ ‘enforcement’ ကောင်းတဲ့အတွက် ‘အားကြီးသော အစိုးရ’ ဖြစ်နေပြန်ပါတယ်။

အမေရိကန်အစိုးရအပေါ် လစ်ပ်ဆက်ရဲ့ ‘အားနည်းမှု’ အယူအဆနဲ့ ဝေဘာရဲ့ ‘အားကြီးမှု’ အယူအဆ နှစ်ခုလုံး သူ့ရှုထောင့်နဲ့သူ မှန်ပါတယ်။ လစ်ပ်ဆက်က ‘နိုင်ငံတော် လုပ်ဆောင်မှုများရဲ့ နယ်ပယ်’ (Scope of state functions) ကို ပြောတာသာဖြစ်ပြီး၊ ဝေဘာက ‘နိုင်ငံတော်အဖွဲ့အစည်းများရဲ့ သန်စွမ်းမှု (Strength of state institutions) ကို ပြောတာဖြစ်ပါတယ်။ ဒီနှစ်ခုကို အခြေတည်ပြီး ဖရန်စစ် ဖူကူယားမားက သူ့ရဲ့ ‘နိုင်ငံတည်ဆောက်ရေး’ စာအုပ်မှာ ဂရပ်ပုံ ဆွဲထုတ်ကြည့်ပါတယ်။



သူက X ၀င်ရိုးမှာ လစ်ပ်ဆက်ရဲ့ ‘နိုင်ငံတော် လုပ်ဆောင်မှုများ နယ်ပယ်’ (scope) ကို ထားတယ်။ Y ၀င်ရိုးမှာ ဝေဘာရဲ့ ‘နိုင်ငံတော်လုပ်ဆောင်မှုများ သန်စွမ်းမှု’ (strength of enforcement) ကို ထားပါတယ်။ နောက် ၁၉၉၇ ခုနှစ် ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးမှု အစီရင်ခံစာအတိုင်း နိုင်ငံတော်ရဲ့ အင်စတီကျူးတွေကို သုံးပိုင်းခွဲလိုက်တယ်။ ‘အနိမ့်ဆုံး လုပ်ဆောင်မှုများ၊ အလယ်အလတ် လုပ်ဆောင်မှုများနဲ့ အမြင့်ဆုံး လုပ်ဆောင်မှုများ’ ဖြစ်ပါတယ်။


အားမသန်တဲ့ မြန်မာအင်စတီကျူးရှင်းများ

ဖူကူယားမားရဲ့ဂရပ်ပုံအတိုင်း နိုင်ငံတစ်ခုအနေနဲ့ မဖြစ်မနေ ပထမဆုံးနဲ့ အနိမ့်ဆုံးလုပ်ဆောင်ရမယ့် အင်စတီကျူးရှင်းတွေ မြန်မာမှာ အားကောင်းပါသလား။ ပြည်သူ့ကုန်စည် လို့ခေါ်တဲ့ public goods တွေကို ကောင်းမွန်စွာ ဖြည့်ဆည်းသလား၊ ကာကွယ်ရေး စရိတ်နဲ့ စစ်အင်အားတွေ တိုးမြှင့်ခဲ့ပေမဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် အမှန်တယ် လုံခြုံမှုဖြစ်စေသလား၊ ဈေးကွက်စီးပွားရေးအတွက် အရေးကြီးဆုံး ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property rights) မူဝါဒတွေ ထားရှိနိုင်ပြီလား၊ ညံ့ဖျင်းတဲ့ မက္ကရိုစီးပွားရေးမူဝါဒကို ဘယ်လောက်ပြုပြင်နိုင်ပြီလဲ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်တွေက လက်တွေ့ကျသလား စတဲ့ လုပ်ငန်းဆောင်တာတွေ ကြည့်မြင်ဖို့ လိုပါတယ်။

အလားတူပဲ အလယ်အလတ်ဆင့် လုပ်ဆောင်ရမယ့် လုပ်ငန်းများနဲ့ အမြင့်ဆုံးထား လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ကဏ္ဍအလိုက် ခွဲခြားကြည့်မြင် ဆောင်ရွက်ဖို့လိုပါတယ်၊ ဒီနောက်မှာ အဲဒီလုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အင်စတီကျူးရှင်းတွဟာ အမိန့်အာဏာတည်စေမှု သို့မဟုတ် ဥပဒေ အသက်ဝင်မှု (enforcement) ဘယ်လောက် ရှိသလဲ ဆိုတဲ့ ဝေဘာပြောတဲ့ Y ၀င်ရိုးကနေ ဆန်းစစ်ကြည့်ရပါမယ်။

မဖြစ်မနေပြင်ရမယ့် အခြေခံဥပဒေ

အထက်က ဖူကူယားမားရဲ့ ဂရပ်ကိုပဲ အခြေခံကြည့်ရင် မြန်မာ့အင်စတီကျူးရှင်းတွေဟာ အားရစရာ မကောင်လှပါဘူး။ ဥပဒေတွေအောက်မှာ အသက်ဝင်မှု အားနည်းလှပါတယ်။ ဒါကြောင့်လည်း အစိုးရက တာဝန်ရှိသူတွေက မူဝါဒတွေ ဖော်ဆောင်ပေမဲ့ အောက်ခြေက မပါနိုင်သေးဘူးလို့ ၂ နှစ်ခွဲကျော် ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံအရ ၀န်ခံပြောဆိုတာ ဖြစ်ပါတယ်။ ဒါဖြင့် မြန်မာနိုင်ငံက အင်စတီကျူးရှင်းတွေဟာ ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့်ခက်နေသလဲ ဆိုတာ ကြည့်ဖို့ လိုပါမယ်။

အဖြေကတော့ လက်ရှိ အခြေခံဥပဒေရဲ့ အားနည်းချက်ကြီးပါ။ အင်စတီကျူးပြဿနာနဲ့ ၂၀၀၈ အခြေခံဥပဒေဟာ တိုက်ရိုက် ပတ်သက်နေပါတယ်။ နိုင်ငံမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီး သုံးခုရှိပေမဲ့၊ သုံးခုစလုံးအပေါ် စစ်တပ်က အခြေခံဥပဒေအရ ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိနေသေးလို့ပါ။ ဥပမာ၊ အုပ်ချုပ်ရေးမဏ္ဍိုင်မှာ သမ္မတဟာ သူ့ကက်ဘိနက်အဖွဲ့ အားလုံးကို သူမပိုင်ပါဘူး။ အခြေခံဥပဒေ ပုဒ်မ ၂၃၂ အပိုဒ်တွေအရ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ဝန်ကြီးဌာနတို့ဟာ ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ရှိနေပြီး သမ္မတ လုံးဝ ပိုင်ဆိုင်ခွင့်မရတဲ့ ဌာနတွေဖြစ်ပါတယ်။

ပြည်ထဲရေးဌာန ပြည်ထောင်စုဝန်ကြီးကို စစ်တပ်က ရွေးချယ်တဲ့ အတွက်၊ ပြည်ထဲရေး အောက်မှာရှိတဲ့ ထွေအုပ်၊ စည်ပင်၊ ရဲဌာန စတာတွေကို သမ္မတက တိုက်ရိုက်လမ်းညွန်ထိန်းကြောင်းဖို့ ခက်သွားပါတယ်။ အပေါ်ပိုင်းမှာ မူဝါဒတွေချမှတ် ပြောင်းလဲပေမယ့် အောက်ခြေဒေသတွေမှာ ပြုပြင်ပြောင်းလဲမှုတွေမရှိဘူးဆိုတာ ပြည်ထဲရေးဝန်ကြီးဌာနကို သမ္မတက မပိုင်ဘဲ စစ်တပ်က ပိုင်ထား ကိုင်ထားလို့ပါ။ အဆိုးဆုံးကတော့ အဆိုပါ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် ၀န်ကြီးသုံးပါးဟာ တပ်မတော်မှ အငြိမ်းစားယူစရာမလိုတာ။ အစိုးရအဖွဲ့ထဲမှာ စစ်တပ်ကနေ ဗိုလ်ချုပ်ရာထူးနဲ့ ဆက်လက်နေနိုင်ခွင့် ရှိထားတဲ့ ဆူပါပါဝါ ပုဂ္ဂိုလ်တွေ။ သမ္မတတောင် စစ်တပ်မှ အငြိမ်းစားယူထားရချိန်မှာ၊ အဆိုပါဝန်ကြီးသုံးပါးက ဗိုလ်ချုပ်ကြီးရာထူးတွေနဲ့ တိုက်ပုံဝတ်ပြီး အစိုးရအဖွဲ့ထဲ အာဏာ ထူးကဲစွာရရှိထားသူတွေပါ။ သမ္မတဟာ သူ့အုပ်ချုပ်ရေးမဏ္ဍိုင် ကို သူ့ အပြည့်မပိုင်တာ စိတ်မကောင်းစရာ။

အလားတူပဲ လက်ရှိ အခြေခံဥပဒေမှာ အင်စတီကျူးရှင်းဆိုင်ရာပြဿနာတွေ အများကြီးပါ။ ဒီမိုကရေစီ စံနှုန်းအရ ကိုယ်စားလှယ်တစ်ဦးအတွက် လူတစ်ယောက် တစ်မဲသာ ရွေးချယ်ပေးခွင့်ရှိတဲ့နေရာမှာ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးကို ရွေးချယ်ခွင့်ရှိနေတာတွေ၊ ကာလုံရဲ့ အခန်းကဏ္ဍတွေ စသဖြင့်ပါ။ ၅၉ (စ) ကို ပယ်ဖျက်ပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရင်တောင်မှ အခြေခံဥပဒေရဲ့ အခြားအပိုဒ်တွေကို မပြောင်းလဲနိုင်သေးရင်၊ ဦးသိန်းစိန်အစိုးရလိုပဲ အောက်ခြေကမလိုက်ပါနိုင်တဲ့ အင်စတီကျူးရှင်းဆိုင်ရာ အခက်အခဲတွေကို ရင်ဆိုင်နေရဦးမှာပါပဲ။ စစ်ဗိုလ်ချုပ်ကြီး ၀င်ထိုင်နေတဲ့ ပြည်ထဲရေးကြောင့် ချမှတ်မယ့် မူဝါဒတွေ မအောင်မမြင် ဖြစ်ရဦးမှာပါပဲ။

ဒါကြောင့် အင်စတီကျူးရှင်းပြဿနာအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးကြီးလှပါတယ်။  ပြုပြင်ပြောင်းလဲရေး အမှန်တကယ် အသက်ဝင်နေဖို့၊ အောက်ခြေထိရောက်ဖို့၊ အင်စတီကျူးရှင်းဆိုင်ရာ အရှုတ်အထွေးကို အဓိက ဖြေရှင်းရပါလိမ့်မယ်။

၂၀၁၃ ဒီဇင်ဘာလကုန်ပိုင်း ပြည်ထောင်စုကြံခိုင်ရေးပါတီ အစည်းအဝေးရဲ့ အခြေခံဥပဒေမှာ ပယ်ဖျက်ရမယ်ဆိုတဲ့ အဆိုပြုချက် ၂၂ ခုဟာ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျော့ကျအောင် လုပ်နိုင်မယ့်အချက်တွေ ပါသလားဆိုတာလည်း စိတ်ဝင်စားစရာပါ။ အခြေခံဥပဒေ ပြောင်းလဲရေးဟာ ၂၀၁၄ နိုင်ငံရေးအတွက် အရေးကြီးသလို၊ ဦးသိန်းစိန် အစိုးရ ခရီးဆက်ရဦးမယ့် ကျန် ၂၆ လတာ လုပ်ငန်းဆောင်တာများအတွက် အဓိက အရေးပါနေပါတယ်။

ရဲမြင့်ကျော်
(အဓိပတိဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၊ ဇန်န၀ါရီ ၇၊ ၂၀၁၄)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...