- ● မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ဈာပန
~~~~~~~*~~~~~~~
ဒီလိုနဲ့ ဒီဇင်ဘာလကုန်ကာနီးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည် (ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ကြီး) ကွယ်လွန်ပြီဆိုတဲ့ သတင်းကို နိုင်ငံတကာ သတင်းဌာနတွေကနေကြေညာပါတယ်။ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးမို့တပ်မတော်ရဲ့မိခင် ကြီးလို့လဲ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ပထမဆုံး အမျိုးသမီး သံအမတ်ကြီး လဲ jဖစ်ပြီး သီရိသုဓမ္မဘွဲ့ လည်းရထားတာမို့ တပ်မတော်က လည်း ဒေါ်ခင်ကြည်ဈာပနမှာ ၀ိုင်းဝန်းကူညီမယ်လို့ကမ်းလှမ်း လာပါတယ်။ ထိုက်သင့်တဲ့ကမ်းလှမ်းချက်ပါ။ ဒေါ်စုကလည်း မိခင်ကြီးရဲ့ဈာပန ကို ပြည်သူ ကျောင်းသား အားလုံးက အေးချမ်းစွာ လိုက်ပါပို့ဆောင်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒါကလည်း အကြောင်းရှိပါတယ်။ လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ဟာ အမေရိ ကန်မှာ ကွယ်လွန်ပြီး မြန်မာပြည်ကို ပြန်လည်သယ်ယူ သင်္ဂြိုလ်တဲ့အခါ အဲဒီတုံးက အစိုးရ အကြီးအကဲ ဦးနေ၀င်းရဲ့ပုဂ္ဂိုလ်ရေးအာဃာတ ကြောင့် ဦးသန့်လိုထူးခြား ပြောင်မြောက်တဲ့ နိုင်ငံသား တစ်ယောက်ကို သာမန်အရပ်သားလို ဆက်ဆံ သင်္ဂြိုလ် ခွင့်ပဲပြုခဲ့လို့ ဦးသန့် အရေး အခင်းရယ်လို့ နိုင်ငံရေး လှုပ်ရှားမှုကြီး တစ်ခု ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒီတခါမှာလည်း ထူးခြား အရေးပါလှတဲ့ မြန်မာ အမျိုးသမီးကြီး တယောက်ကို ထိုက်သင့်စွာ သင်္ဂြိုလ်နိုင်ဖို့ နဲ့ တစုံတရာ မလိုလား ဖွယ်ရာများ မဖြစ်စေဖို့  အလွန် အရေးကြီး ပါတယ်။
ဒီအချိန်ရဲ့ တပ်မတော် အကြီးအကဲ တာဝန်ယူနေတဲ့ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင် မြန်မာ့ မိခင်ကြီးကို ဂါရ၀ လာပြုတဲ့ အပြင် လိုအပ်တဲ့ အကူအညီ များကို ကူညီဖို့ တပ်မတော်က အရာရှိများကို ပို့ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ ဒါ့ကြောင့် နှစ်ဖက် ညှိနှိုင်းပြီး ဒေါ်ခင်ကြည်ရဲ့အိမ်ဝင်း အတွင်းမှာပဲ ဈာပန အခမ်းအနား ကျင်းပဖို့ (၂၇.၁၂.၈၈) မှာကွယ်လွန်ခဲ့တဲ့ ဒေါ်ခင်ကြည် ရဲ့ ရုပ်ကလပ်ကို ဒေါ်ခင်ကြည်ရဲ့ခြံဝင်းအတွင်းမှာပဲ အများပြည်သူက စည်းကမ်းတကျ လွတ်လပ်စွာ ဂါရ၀ပြု ခွင့်ရရှိဖို့ ၊ (၃.၁.၈၈) နေ့လည် (၁) နာရီမှာ ရွှေတိဂုံ ဘုရား တောင်ဖက်ရှိ နောက်ဆုံး မြန်မာ ဘုရင် သီပေါမင်းရဲ့မိဖုရားကြီး စုဖုရားလတ် ရဲ့ဂူဗိမာန်နံဘေးမှာ ဂူဗိမာန်တခု ဆောက်ပြီး ဂူသွင်း သင်္ဂြိုလ်ဖို့ ဆိုတာတွေကို ညှိနှိုင်းရရှိခဲ့ပါတယ်။
ကျနော်လည်း ဒီဇင်ဘာ (၃၁) ရက်နေ့မှာ ရန်ကုန်ကို ဆင်းခဲ့ပါတယ်။ ရန်ကုန် ရောက်တာ နဲ့ တက္ကသိုလ် ရိပ်သာလမ်း က ဈာပန အခမ်းအနား ရှိရာကို သွားရောက် ဂါရ၀ပြု ပြီး ရောက်ရှိကြောင်း မှတ်တမ်းတင် လက်မှတ် ရေးထိုး ပါတယ်။
ဇန်န၀ါရီ (၂)ရက် နေ့မှာ တက္ကသိုလ်ရိပ်သာလမ်းကို ရောက်ခဲ့ပြန်ပါတယ်။ နယ်ကလာတဲ့ လူတွေချင်း တွေ့ ပြီး နယ်အခြေအနေတွေ ဆွေးနွေး ဖြစ်ကြ ပါတယ်။ ဦးအောင်ကြီးနဲ့ ကွဲလိုက်တော့ ဦးအောင်ကြီး ရဲ့ ဇာတိမြို့ဖြစ်တဲ့ ကျနော်တို့ မြို့ အခြေအနေကိုလည်း သိချင်ကြတယ်။ ကျနော်တို့ မြို့ အခြေအနေ ကောင်းတော့ ၀မ်းသာကြတယ်။ ပြည်မြို့ အခြေအနေ သိပ်မကောင်းဘူး ဆိုတာ သိကြရတယ်။နေ့ခင်းပိုင်း အ အေးဆိုင်လေး တစ်ခု ဘေးမှာ စကားပြောနေကြတုန်း ရန်ကုန်ရောက် ပေါင်းတည် အသင်းရဲ့အမှုဆောင် ဗိုလ်မှူးမောင်အေး (စာရေး ဆရာကြီး သော်တာဆွေ ရဲ့ညီ) က ကျနော့်ကို မြင်လို့ လမ်းတဖက်ကနေ ကူးလာပါတယ်။ ကျနော်နဲ့ သီးသန့် စကားပြော ချင်တယ် ..ဆိုလို့ စကားပြောလက်စ အဖွဲ့ကို နှုတ်ဆက်ပြီး သူ့နောက် လိုက်ခဲ့ပါတယ်။ အရေးအခင်း ကာလအတွင်း ပေါင်းတည် သတင်းတွေအရ ကျနော် ဆောင်ရွက်ခဲ့တာတွေ သူသိတယ် လို့ပြောပြီး၊ အခု..ပေါင်းတည်မှာ ဦးအောင်ကြီး အခြေအနေ ဘယ်လိုရှိသလဲလို့ မေးပါတယ်။ ကျနော်က ပေါင်းတည်မှာ ဦးအောင်ကြီး ဘက်ကို သူ့ ဆွေမျိုး တွေတောင် ပါမဲ့ပုံမပေါ်ဘူးကြောင်း ပြောပြပါတယ်။ ဒီတော့မှ သူက ညည်းညည်း ငြူငြူ နဲ့ ပြောပါတယ်။
“ခက်တာဘဲဗျာ..။ ကျနော် ဘာလုပ်ရမှန်း မသိတော့ဘူး..။ ကျနော် နယ်စပ်က မနေ့ကမှ ပြန်ရောက်လာတာ..။ ကျနော့်  သားနှစ်ယောက် စလုံးက နယ်စပ်ရောက်သွားလို့ လိုက်ခေါ်ဖို့ ဦးအောင်ကြီးဆီက ထောက်ခံစာ ယူပြီး လိုက်သွားတာ။ အခု ဒီရောက်တော့ ဦးအောင်ကြီးနဲ့ အဖွဲ့ချုပ် ကွဲနေတော့ ကျနော် ဘယ်ဖက် ပါရမှန်း မသိတော့ဘူး” တဲ့။ ကျနော့်ကို စုံစမ်း နေပါတယ်။ ကျနော်ကလည်း သူနဲ့က မေးထူး ခေါ်ပြောသာသိတာမို့ အကြံ မပေး ရဲပါ။ ပေါင်းတည်က ဦးစံဝင်းတို့နဲ့ တွေ့ကြည့်လို့ပဲ ပြောလိုက်မိပါတယ်။ နောက်တော့ သူရော ဦးစံဝင်း (၀န်ကြီးဟောင်း) ပါ ဦးအောင်ကြီးဘက်မပါပဲ အဖွဲ့ချုပ်မှာပဲဝင်ပြီး သူက ပဲခူးတိုင်း စည်းရုံးရေး ကော်မတီ ဖြစ်လာ ပါတယ်။
(၃) ရက်နေ့ ဈာပနပို့ ဆောင်မယ့် လမ်းကြောင်းက တက္ကသိုလ် ရိပ်သာလမ်း အတိုင်း ကမာရွတ်မီးပွိုင့်အထိလာတယ်။ ဒီကမှ ဘယ်ဖက်ချိုးပြီး ပြည်လမ်း အတိုင်း ဟံသာဝတီအ၀ိုင်းကိုရောက်မယ်။ ဟံသာဝတီ အ၀ိုင်းကနေ ဘယ်ဖက် တခါ ချိုးပြီး ဦးဝိစာရလမ်းအတိုင်း ချီတက်ကြမယ်။
ဦးဝိစာရ ကျောက်တိုင်ရောက်တော့ ဦးထောင်ဘိုလမ်းကို ကွေ့ ပြီး ရွှေတိဂုံ ဘုရား တောင်ဖက်မုခ်ရဲ့တောင်ဖက် ရွှေတိဂုံဘုရားလမ်း အတိုင်း ဂူဗိမ္မာန် ရှိရာကို ချီတက်မယ်။ ဒီလိုချီတက်မယ့် အစီအစဉ်မှာ ရန်ကုန်တိုင်းက မြို့ နယ် အလိုက် စီစဉ်ထားတဲ့ ဘတ်စ်ကားတွေ၊ ရိုးရိုးလူတစု ချင်း ငှားရမ်းလိုက်ပါတဲ့ အငှား ကားလေးတွေ၊ ကိုယ်ပိုင် ကားတွေ ပါဝင်မှာ ဖြစ်ပေမယ့် အများစုက ခြေလျှင် ချီတက်မယ့် ကျောင်းသား လူ ငယ်တွေဖြစ်ပါတယ်။ အဖွဲ့ ချုပ်ရဲ့ လုံခြုံရေး အထူး တာဝန်ယူမယ့် သူတွေကို အင်းလျား လမ်းထောင့်နဲ့ တက္ကသိုလ် နယ်မြေ တ၀ိုက်ကို အထူး ချထားကြပါတယ်။ ကျောင်းသား လူငယ် အဖွဲ့အသီးသီးက ယောက်ျားလေးတွေ မိန်းကလေးတွေဟာ လေးယောက် တတွဲ စီတန်းပြီး ဘေး တန်းက ကြိုးတွေနဲ့ ကာရံလိုက်ပါပါတယ်။ အရေးအခင်း ကာလက ရန်ကုန်ကို မရောက်ခဲ့ဖူးတဲ့ ကျနော့်အဖို့ ဒီဈာပန စီတန်း လှည့်လည်ပွဲ ကို ရင်တထိတ်ထိတ်နဲ့ လိုက်ပါခဲ့ပါတယ်။
ဒေါ်ခင်ကြည် အိမ်က စထွက်ကတည်းက ခြေလျင်လိုက်ဖို့ ဆုံးဖြတ်ပါတယ်။ ကိုယ့်လိုပဲ ခြေလျင်လိုက်မယ့် ကျောင်းသားတုန်းက လုပ်ဖော် ကိုင်ဖက်ဟောင်း ရခိုင် ကိုတင်ထွန်း (မစ္စတာဝါယော) နဲ့တွဲမိသွားတယ်။ ဟိုတုန်းက ကျောင်းသား မဂ္ဂဇင်းတွေမှာ မစ္စတာဝါယောဆိုတဲ့အ မည်နဲ့ မေတ္တာစာဆောင်းပါးတွေရေးလို့ နံမယ်ကြီးခဲ့သူပါ။ အခုလည်း သတင်းစာ လောကမှာပဲ ရှိနေပါတယ်။ သူကတော့ အရေးအခင်း ကာလ ဖြတ်ခဲ့ရသူမို့ ကျနော့်ကို မစိုးရိမ်ဖို့ အားပေး ပါတယ်။
ကျနော်တို့ စထွက်တဲ့နေရာမှာ ပထမရပ်ကြည့်ပါတယ်။ ထွက်တဲ့သူ ကုန် သလောက် နီးနီးဖြစ်မှ ကျနော်တို့နှစ်ယောက် နောက်ကလိုက်ပြီး အင်းလျား လမ်းကျတော့ ရှေ့က ကြိုရောက်နှင့် အောင် ဖြတ်ချပြီး ဦးဝိစာရလမ်းက တခါ စောင့်ကြည့် ကြပါတယ်။ ဒါကြောင့်မိုလို့ ကမာရွတ်မီး ပွိုင့်နားမှာ ရုပ်ရုပ်သည်းသည်း ဖြစ်သွားတယ်ဆိုတာ မသိလိုက်ပါ။ နောက်မှသိရတာက တက္ကသိုလ်သမဂ္ဂ ကွက်လပ် နေရာမှာ စုပြီး အဓိပ တိ လမ်းကစောင့်နေတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူ လူတန်းကြီး က“ကမ္ဘာမကြေဘူး” သီချင်းကို စတင်သီဆိုပြီး ဒေါ်ခင်ကြည်ရဲ့ ရုပ်ကလပ်တင်ထားတဲ့ ကားနောက်ကို ဖြတ်ဝင်လာတာမှာ မူလ အစီအစဉ် အတိုင်း သွားနေရာကနေ နဲနဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာလို့ ပြောကြပါတယ်။ ဒါ့ကြောင့် ကမာရွတ် မီးပွိုင့် အကွေ့ မှာ နဲနဲ ဟိုကွေ့မလို ဒီကွေ့ မလို ဖြစ်သွားတာလို့ ဆိုပါတယ်။ ကျနော်တို့က လူအုပ်နဲ့ လမ်းဘေးကပရိသတ်ကို ကြည့်ချင်လို့ ခါးလည်က ဖြတ်ပြီး ဖြတ်လမ်းလိုက်မိတော့ မြင်ကွင်းအစုံ မကြည့်လိုက် မသိလိုက် ရတာ ပေါ့။ တက္က သိုလ်ကျောင်းသားကျောင်းသူ အတန်းလိုက်ကြီး ပါလာတော့ အရပ်ဝတ်နဲ့ လိုက်လာတဲ့ ထောက်လှမ်းရေးတွေ နည်းနည်း လှုပ်သွားတာပေါ့။
ကျနော်တို့နှစ်ယောက် ဦးဝိစာရလမ်းရောက်နေပေမယ့် ဈာပနလူတန်းကြီးက မရောက်သေးလို့ ဟံသာဝတီအ၀ိုင်းဖက်ကို နောက်ကြောင်း ပြန်ကြည့် ကြ ပါတယ်။ စာပေဗိမ္မာန်ရှေ့ အုတ်တံတိုင်းပေါ်မှာလည်း လူအပြည့်ပါပဲ။ ဟံသာဝတီ အ၀ိုင်းကနေ စောင့်ပြီး ဈာပနလူတန်းကြီး လာတော့မှ လူတန်းနဲ့ အတူ လိုက်ပါတယ်။ ကျောင်းသားတွေရဲ့ ကမ္ဘာမကြေဘူးသီချင်းကို အစအဆုံး လူအုပ်လိုက်ကြီးဆိုတာကို ဒီတခါမှ ကြားဖူးတာပါဘဲ။
(ကမ္ဘာမကြေဘူး ×× ငါတို့တွေရဲ့ သွေးနဲ့ရေးတဲ့ မော်ကွန်းတေး ×××တော်လှန်ရေး ×× ဒီမိုကရေစီတိုက်ပွဲတွင်းမှာကျဆုံးသော ××× × အို..သူရဲကောင်းတို့ရေ×××အာဇာနည်တွေနေတဲ့တိုင်းပြည်××) ၂ ရဲရဲ တောက် တို့ဗမာပြည် ×××
သူတို့သီချင်းဟာ ကျနော်တို့ အသက်အရွယ် လူတွေရဲ့နားထဲကို ချောချော မွေ့မွေ့ဝင်တဲ့ အလိုက်မျိုး မဟုတ်ပါ။ ကျနော်တို့အကြိုက် သီ ချင်း အလိုက်မျိုး က ..ကမ္ဘာမကြေ..ဗမာပြေ..ဒါတို့ပြေ ဒါတို့မြေ..တို့ပိုင်နက်မြေ..ဆိုတဲ့ ခပ်သွက်သွက် အလိုက်မျိုးပါ။ အခုကမ္ဘာမကြေဘူး..သီချင်းရဲ့ အလိုက်က ကျနော်တို့ စိတ်ထဲမှာ နဲနဲလေးတယ် ထင်ပါတယ်။ ဒါပေမယ့် ရင်ထဲမှာတော့ သိမ့်ခနဲ ခံစားလိုက်ရပါတယ်။ နားထဲမှာ ဗမာစည်းဝါးနဲ့ မကိုက်ဘူး ထင်ပေ မယ့် သူ့ရဲ့ဘိ (Beat) ကလည်း သူ့ဟာနဲ့သူတော့ ရှိနေတာပါပဲ။
“ကမ္ဘာမကြေဘူး” လို့ အသံလေးလေးမြင့်မြင့်နဲ့ စလိုက်ပါတယ်။ ဘိကလည်း လက်သီးဆုပ် တစ်ခါမြှောက်ပဲ။ ”ငါတို့တွေရဲ့သွေးနဲ့ ရေးတဲ့ မော်ကွန်းတေး” ..ဆိုတဲ့နေရာမှာ ဘိက နဲနဲသွက်သွားတယ်။ လက်သီးဆုပ်မြှောက်ချက် မြန်တယ်။ သုံးခါ မြှောက်တယ်”
တော်လှန်ရေး ××× ဒီမိုကရေစီတိုက်ပွဲတွင်းမှာကျဆုံးသော” အထက်ကအပိုဒ်နဲ့ အလိုက်တူတူပါပဲ။
“အို ..သူရဲကောင်းတို့တွေ ×××” တမ်းတ လွတ်းဆွတ်နာကြည်းတဲ့အသံ..။ လက်သီးဆုတ် နှစ်ခါမြှောက်တယ်။” အာဇာနည်တွေ နေတဲ့ တိုင်းပြည်×××” သံစဉ်ကို နဲနဲပြန်တင်တယ်။” ရဲရဲတောက် တို့ရဲ့ဗမာပြည်” အသံကို ပြန်ချလိုက်ပါတယ်။ ဒါက ပထမအပိုဒ်ပါ။ ဒုတိယ အပိုဒ်ကလည်း ဒီအလိုက်ကို စာသားပြောင်းထားတာပါ။
“ကိုယ်တော်မှိုင်း ××× ရာဇ၀င်တွေလဲ ရိုင်းခဲ့ရပြီ အဖိုးရေ့ ×××”
စာသားအလိုက် ခံစားချက်ကပြောင်းလာပါတယ်။ ”သခင်အောင်ဆန်း××× နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ့ ××× အော်…လုပ် ရက်ကြပေ ××× ပေတရာပေါ်မှာ ပြည်သူ့အလောင်းတွေ××× အတုံးအရုံး လဲပြိုကာနေ×××”
တကယ့်အဖြစ်အပျက်ကို စကားပြေနဲ့ တိုင်တယ်တင်ပြနေသလို စကားလုံးများကလည်း ပီပြင်လှပါတယ်။ ပေါင်းတည် အရေးအခင်းကာလမှာ ကျနော်ကြုံတွေ့ခဲ့တဲ့အဖြစ်အပျက်နဲ့ အခု ..ကျောင်းသားတွေရဲ့မျက်နှာထားနဲ့  သူတို့ရဲ့ ကမ္ဘာမကြေဘူး..သီချင်းသံဟာ ကျနော့် ခံစားချက် ကို တမျိုးပြောင်းသွားစေတယ်လို့ ထင်ရပါတယ်။ ဘယ်လိုပြောင်းသွားတာလားတော့မသိ. .။ ကြောက်သွားသလား..။ နာကျည်းသွားသ လား။ ပိုပြီးတက်ကြွလာသလား။ ဘယ်လိုဖော်ပြရမလဲ မသိပါ။ ကျနော်နဲ့အတူသွားနေတဲ့..ကိုတင်ထွန်းကတော့ “ဒီသီချင်းသံကြားရင် တ ခုခုဖြစ်တော့မယ်လို့ချည်း ကျနော်ခံစားရတယ်” လို့ဆိုပါတယ်။ သူက ဒီသီချင်းနဲ့ ရန်ကုန်ကျောင်းသားလှုပ်ရှားမှုနဲ့ သတ်ဖြတ်ခံ ရ..သေကြေရတဲ့သူတွေကို မျက်မြင်ကြုံခဲ့ရသူမို့ဒီလိုပဲ ခံစားမိမှာပေါ့။ နောင်အခါမှာ အခြားလုပ်ဖော်ကိုင်ဖက်တဦးနဲ့ ဒီသီချင်းအကြောင်းကို ဆွေးနွေးမိတော့ သူက ပြောပါတယ်။ ကျနော် ထောင်ကလွတ်ပြီး အပြင်လောက ပြန်ရောက်ရတဲ့ခံစားချက်မျိုး ခံစားရပါတယ်တဲ့။ ကျနော် က ထောင်မကျဖူးတော့ ဒါကို မခံစားတတ်ပါ။
ကျောင်းသားကျောင်းသူ အတန်းကြီးဟာဒီသီချင်းပြီးရင် ခဏနားပြီး နောက်ထပ်သီချင်းတပုဒ် ဆိုကြပြန်ပါတယ်။ ဒီသီချင်းကတော့ စာ သားအားလုံး မရှင်းလင်းပေမယ့် သီချင်းအလိုက်ကတော့ ကျနော်တို့ခေတ်က အလိုက်မျိုးလိုပါဘဲ..။ ဒါပေမယ့် စာသားကများနေတော့ဆိုရကြပ်ပုံရပါတယ်။ သိပ်ပြီး ညီညီဆိုလို့ မရဘူး။
● မြန်မာနိုင်ငံ ပဉ္စမမြောက်ကို မွေးဖွားခြင်း×××အာဏာရှင်ရဲ့ ပစ်မိန့်ပေးတဲ့..မောင်းပြန် သေနတ်သံတွေကြား×××ပြည်သူတွေရဲ့ဟစ်ကျွေးသံ ××× မိုးယံမှာလွင့်နေ ×××× နိုင်ငံ တော်ကို အသစ်မွေးဖွားရန် သမိုင်းမှာလိုလားနေပြီလေ×××မြန် မာနိုင်ငံ ပဉ္စမြောက်ကိုတို့ထူထောင်စို့လေ× ××
ဒီသီချင်းက စည်းသုတ်လို့ပြောရမလား။ အဆိုရကြပ်ပုံရပါတယ်။ တော်တော်များများက မီအောင်လိုက်မဆိုနိုင်ပါ။ စာသားကလည်း ကြပ် နေပုံရပါတယ်။ ကျွမ်းကျင်သူများဦးဆောင်ပြီး ခဏခဏ စောင့်ဆိုရပါတယ်။
×××ပလူပျံနေတဲ့ စက်သေနတ် အမြှောက်တွေ..ကျည်ဆန်တွေကြားမှာ×××ပြည်သူတွေဟာ အလောင်းချင်းထပ်လို့ ×××ဆူညံအော် ဟစ်နေ×××မြန်မာပြည်မှာ မ.ဆ.လကို မလိုချင်တော့ဘူးလေ×××
×××မြန်မာပြည် နာဇီလက်သစ်ဂိုဏ်းကို ×××ဥပဒေတွေနဲ့ အရေခြုံပြီး×××အာဏာပိုင်အဖွဲ့ အစည်းများအသွင်×××လုပ်မနေပါနဲ့လေ×××
သံစဉ်ကတော့ ရောပြီးလိုက်ဆိုလို့ရပုံရတယ်။ စာသားကတော့ မမီဘူး..။ တပုဒ်ကစာသားနဲ့တပုဒ်က စာသားမှားဆိုမိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသီချင်းဟာလည်း ၈၈ အရေးတော်ပုံကာလမှာ ရန်ကုန်မြို့မှာဖြစ်ပွါးခဲ့တဲ့ ကျောင်းသားပြည်သူတွေသွေးမြေကျခဲ့တဲ့သရုပ်ကို ကွင်းကွင်း ကွက်ကွက်ပေါ်လွင်နေစေပါတယ်။ မြင်ယောင်လာစေပါတယ်။
××× ပြည်သူတွေနဲ့ ကျောင်းသားအလောင်းတွေ ×××× အရိုးတွန်ချိန် ရောက်လာပြီလေ××× ××××နိုင်ငံတော်လူသတ်မှုတွေ ××× ရုံးတင်စစ်ဆေးပေး××××××နိုင်ငံတော်သစ်မွေးဖွါးခြင်းရဲ့××× နေအရုဏ်မတက်ခင်×××ဒီမိုကရေစီမထွ န်းကားသေးတဲ့××× ဗမာပြ ည် အမှောင်ကျနေ×××လူကို လူလို အုပ်ချုပ်တဲ့သူ×××ဗမာပြည်မှာ မရှိပေ×××××× အာဏာရှင်ရဲ့ ပစ်မိန့်ပေးတဲ့ ××မောင်းပြန် သေ နတ်သံတွေကြား ×× ပြည်သူတွေရဲ့ ဟစ်ကြွေးသံ××××× မိုးယံမှာလွင့်နေ ××
ဘေးက လိုက်ကြည့်နေတဲ့လူအုပ်ကြီးကလည်းကျောင်းသားကျောင်းသူအတန်းကြီးရဲ့ လှုပ်ရှားမှုကိုဘဲ ဂရုစိုက်ကြည့်နေပါတယ်။ ဦးဝိစာရ လမ်းတလျှောက်ကတော့ နံဘေးပလက်ဖောင်းတွေကလည်းကျယ်တော့  ပရိသတ်က များမှများပါဘဲ။ ဒီလိုနဲ့ လူတန်းကြီး ရွှေတိဂုံဘုရား တောင်ဖက်မုခ်ရောက်လို့ ဘုရားလမ်းဘက်ကိုကွေ့လိုက်တဲ့အခါ ကျတော့ လူတွေကြပ်သွားပါတယ်။ ဘေးပလက်ဖောင်းက ကျဉ်းတယ်။ ပလက်ဖောင်းနောက်မှာ အဆောက်အဦတွေက ကပ်လျှက်။ ဒီ့နောက်မှာတော့ ချိုင့်တွေကျဉ်းတွေပဲရှိတယ်။ လူကြပ်သွားပြီး ပိတ်ဆို့ သွားတယ်။ သွားရတာနှေးလာတယ်။ တဦးနဲ့တဦး တိုးမိတိုက်မိပြီး ရုတ်ရုတ်..ရုတ်ရုတ်ဖြစ်လာတယ်။ ကျနော်နဲ့ ကိုတင်ထွန်းလည်း လူ အုပ်ကြီးထဲကနေ ဘေးထွက်ပေးလိုက်ရတယ်။ ဇရပ်တွေနောက်ဖက် ချိုင့်ထဲကိုဆင်းပြီး ရှေ့ ဖက်ကပမ်းတက်ဖို့ ကြိုးစားပါတယ်။ အဆင် သင့်ပဲ ဇရပ်တခုရဲ့ အနောက်ဖက်မှာ ရေဘုံဘိုင်တခု တွေ့လို့ ခြေထောက်တွေ ရေလောင်း ရသေးတယ်။ ခြေလျင် လျှောက်လာ တာကြာတော့ ဒူးဆစ်တွေကို ရေလောင်းပြီး ရေနဲ့ပုတ်လိုက်မှ လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါတယ်။
ဂူသွင်းမယ့် နေရာနား ရောက်တော့ ရှေ့မတိုးနိုင်တော့ဘူး။ စုဘုရားလတ် အုတ်ဂူဖက်ကပဲ လှမ်းကြည့်ရတယ်။ အနားမှာရှိတဲ့ စုဘုရားလတ် အုတ်ဂူက ဗုဒ္ဓဘာသာဆန်ဆန် အုတ်ဂူပေါ်မှာစေတီဆင့်ထားတယ်။ ဦးသန့်ဂူနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအုတ်ဂူတွေကတော့ ခေတ်မီ အဆောက်အဦ ပုံစံ ထုထည် တွေ ရှိတယ်။ အထဲကို ၀င်နိုင်ထွက်နိုင်တဲ့ တံခါးတပ် ဂူဗိမာန်တွေပါ။ မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ဂူဗိမ္မာန်ကတော့ နေရာက နဲနဲကျဉ်းတယ်။ ဒါကြောင့် နဲနဲသေးတယ်။ ဒါပေမယ့် ခေတ်မှီ ဗိသုကာပုံစံမို့ တမျိုးကြည့်ကောင်းပါတယ်။ ဗိသုကာဦးဘိုကြီးရဲ့ လက်ရာလို့ ပြောပါတယ်။ လွတ်လပ်တဲ့ ဒီဇိုင်းပုံ ပေါ် ပါတယ်။ မိခင်ကြီး ဒေါ်ခင်ကြည်ထိုင်နေကျ သူအိမ်ဆင်ဝင် အခန်း ပုံစံငယ် ဒီဇိုင်းလို့ ပြောကြပါတယ်။
ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မိခင်ကြီးရဲ့ရုပ်ကလပ်ကို ဂူမသွင်းမီ နောက်ဆုံး ကန်တော့နိုင်ဖို့ အတွက် လမ်းဖွင့်ပေးကြပါဆို တဲ့ မေတ္တာ ရပ်ခံချက် အသံချဲ့စက်က ထွက်ပေါ်လာပြီးမှာ တာဝန်ရှိသူများက လမ်းရှင်း ဟန် တူပါတယ်။ လူအုပ်က ဘေးကိုပိုပြန့်ထွက်လာ တယ်။ နေရာ ကျဉ်း တော့ လည်း ပိုကြပ်လာပါတယ်။ ကျနော်တို့ နေရာတွေလည်း နောက်ထပ် ရောက် လာ သူ တွေ နဲ့ ကြပ်ပိတ်နေပါတော့တယ်။
ကဲ..ကိုတင်ထွန်းရေ..ဒီလောက်ဆိုတော်လောက်ပြီ..။ ဖောက်ထွက်ကြစို့လို့ တိုင်ပင်ပြီး အောက်ဖက် ချိုင့် ထဲကိုဆင်းလိုက်ကြတယ်။ အဲဒီ ချိုင့်ထဲကပဲ တောင်ဖက်ကို သွားတော့ ဇပါးရှားလမ်း (ဇီဝကလမ်း) ကျမှ လမ်းပေါ် တက် ရပါတယ်။ ဒီတော့မှ အဲဒီအနားက အိမ်တွေထဲမှာ စစ် ကားတွေနဲ့ စစ်သား တွေ အပြည့် အဆင်သင့်ရှိနေတာ တွေ့လိုက်ရပါတယ်။ အနောက်ဖက် ကို ဆက်ပြီး ဟိုကွေ့ ဒီကွေ့နဲ့ ပြည်လမ်း ရောက်မှပဲ ကိုတင်ထွန်းက မြို့ထဲ ဖက်သွား၊ ကျနော်က မြေနီကုန်းဖက်ကို ပြန်ခဲ့ပါတယ်။ တထိတ်ထိတ်နဲ့ပေမယ့် အေးအေး ချမ်းချမ်းပဲ ပြီးသွား ပါတယ်။ ၈၈ အရေးအခင်း ကာလတုန်းက ရန်ကုန် လူထု လှုပ်ရှားမှုကို မကြုံဖူးတော့ အခု လူထု ချီတက်ပွဲ ကြီးဟာ ကျနော့်အတွက် အံ့ဘနန်း ဖြစ်နေရပါတယ်။ ရန်ကုန်သား တွေကတော့ သိပ်ထူးဟန် မတူတော့ပါ။
အုန်းနိုင်၊ ၁၀.၁.၂၀၁၃
***********************************************
* မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်အုတ်ဂူ နှင့် ဗိသုကာပညာရှင် – ဇော်ဇော် (Mutdfan.com) အင်ဂါနေ့ ၊ မတ်လ ၂၀ ရက် ၂၀၁၂၊ မှာ ပါတဲ့ အချက်များကို ကူးယူ ဖေါ်ပြပါသည်။
ဦးဇင်းကို ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဦးဘိုကြီး ဆိုပြီး လူသိ များခ့တယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပြီးတဲ့နောက် ဒီဇင်ဘာလ ၂၇ ရက် နေ့ မှာ ဒေါ်ခင်ကြည် (အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) ကွယ်လွန်သွားတော့ မစန္ဒီငြိမ်း က အိမ်လိုက်လာပြီး ပြောတယ်။ “ဦးဘိုကြီး… ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဒီဇိုင်းလေးများ လုပ်ပေးနိုင်မလား။ သေသေချာချာတော့ စဉ်းစားပါ။ ဝန်ထမ်း ဆိုတော့ ရာထူးတော့ ထိခိုက် နိုင်တယ်နော်” လို့ ပြောတယ်။ အိမ်က မိန်းမနဲ့ မျက်နှာချင်းဆိုင် ကြည့်မိတယ် ဆိုရင်ပဲ မိန်းမလုပ်သူက ဂုဏ်ယူစွာနဲ့ “အမြန်ဆုံး လုပ်ပေးလိုက် ပါလား။ ဒေါ်ခင်ကြည်ဆိုတာ အမျိုးသား ခေါင်းဆောင် ကြီးရဲ့ဇနီး မုဆိုးမကြီးလေ။ ရှင်အလုပ်ပြုတ်သွားရင် ကျူပ် စက်ချူပ်ပြီးကျွေးမယ် လုပ်ဖြစ်အောင် လုပ်ပေးလိုက်ပါ” လို့ တိုက်တွန်းတော့ ဦးဇင်းလည်း စိတ်က ပါပြီးသားမို့ အလုပ်ကိစ္စအတွက် ဒေါ်စုနဲ့ တေ့ရွ ဖို့ ချက်ခြင်း ကောက်လိုက်သွားတာပေါ့။” အတိတ်ကို သတိရနေတ့ပဲုံနဲ့ ဦးဇင်းက ဆက်မိန့်တာက… “ဦးဇင်းလည်း ဟိုရောက်တော့ ဒေါ်စုကို အုတ်ဂူအတွက် ဘယ်လိုပုံစံများ လိုချင်သလဲ ဆိုပြီး မေးခဲ့တယ်။ ဒေါ်စုက သူလိုချင်တာကို ဒီလိုပြောတယ်။‘အမေက မကွယ်လွန်ခင်မှာ ဒီအိမ် (ယခု အမေစု နေအိမ်) ရဲ့ ဆင်ဝင်အောက်မှာ ထိုင်ပြီး အမြဲပုတီးစိတ်၊ တရားမှတ်လေ့ရှိတယ်။ အဲ့ဒီမှာ အမေထိုင်ရတာ သဘောကျပုံရတယ်။ အဲ့ဒီ ဒီဇိုင်းလေးများ ရနိုင်မလား’လို့ မေးတော့ ဖြစ်ရမယ်ဆိုပြီး ချက်ခြင်း ဆွဲပေးခဲ့တယ်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည် အုတ်ဂူ အရှေ့ဘက် မြင်ကွင်း အခုဆောက်ထားတဲ့အုပ်ဂူဒီဇိုင်းပုံစံဟာ ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့ ဆင်ဝင်ဒီဇိုင်းပါပဲ။ ကျနော် ဆွဲပေးတဲ့ပုံကို အမေစုက သိပ်သဘောကျသွားတယ်။ ဒါပေမယ့် ဆောက်မယ့်နေရာက ရွှေတိဂုံဘုရား တောင်ဖက်မုခ်။ သခင်ကိုယ်တော်မှိုင်းနဲ့ စုဘုရားလတ်တို့ရဲ့ အလယ်မှာ ဖြစ်နေတယ်။ ကျနော်ဆွဲပေးတဲ့ ဒီဇိုင်းက ၄၅ ပေ မြင့်ပြီး ဒါဟာ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်ဂူထက် ပိုမြင့်နေမှာမို့ အဲ့ဒါကိုတော့ နည်းနည်း ဖြတ်ပေးပါ။ သခင်ကိုယ်တော်မှိုင်းနဲ့တော့ မြင့်လည်း မမြင့်ပါစေနဲ့ Aမြင့်လည်း မတူပါစေနဲ့လို့ ပြောလို့ ပြင်ပေးလိုက်ရတယ်။ ဒါလေးပဲ ပြင်လိုက်ရတယ်။ အဲ့ဒီအချိန်က ညမထွက်ရ အမိန့် ထုတ်ထားတဲ့အ ချိန် ဖြစ်သလို ဝန်ထမ်း အားလုံး ကိုလည်း “ဈာပန အခမ်းအနားနဲ့ မည်သို့မျှ မပတ်သက်ရ။ ပတ်သက် သူ အရေးယူခြင်း ခံရမယ်။ မိမိ အောက်လက် ငယ်သား ပတ်သက် ခဲ့သည် ကို သိရှိပါကလည်း ချက်ခြင်း သတင်းပို့ တင်ပြရမယ်။ မတင်ပြနိုင်ရင် အဲ့ဒီ အရာရှိ ကိုပါ အရေးယူမယ်”လို့ တရားဝင် စာထုတ်ထားတဲ့ အချိန်လည်းဖြစ်တော့ အပြန်မှာ တိုင်းအင်ဂျင်နီယာဆီကို တန်းသွားလိုက်ပြီး ‘ကျနော်ကတော့ ဒီ အလုပ် လုပ်ပေးနေ ပါပြီ’လို့ ပြောလိုက်တယ်။ တိုင်းအင်ဂျင်နီယာက မျက်နှာ အရမ်း ပျက်သွားပြီးတော့ ‘ခင်ဗျားကို လုပ်ပါလို့လည်း မတိုက်တွန်းဘူး။ မလုပ်ပါနဲ့ လို့လည်း မတားဘူး။ ခင်ဗျားသဘောနဲ့ ခင်ဗျားပဲ’ လို့ ပြန်ပြောတယ်။ ‘ခင်ဗျားကတော့ ကျားအမြီး ဆွဲတဲ့သူပဲ’လို့ ပြောပြီး သူထိုင်ရာက ချက်ခြင်းထပြီး ရုံးချူပ်နဲ့ ဝန်ကြီးဆီကို ဆက်သွယ် သတင်းပို့လိုက်တယ်။ မကြာခင်ပဲ ဦးဇင်း အလုပ် စားပွဲပေါ်ကို ထုချေလွှာ တင်ဖို့ စာရောက်လာတယ်။ ဦးဇင်းလည်း ဒေါ်စုဆီ ချက်ခြင်းသွားပြီး ကျနော့်ကိုတော့ အရေးယူဖို့ လုပ်နေပြီဆိုတာ သတင်း ပို့လိုက်တယ်။ ဒေါ်စုက ချက်ခြင်း ထသွားပြီးတော့ တိုင်းမှူး ဗိုလ်ချူပ်မျိုးညွန့် ဆီကို ဖုန်းဆက်တယ်။ မကြာခင်ပဲ ဦးဘိုကြီးကို ဒီကိစ္စ အစအဆုံး လုပ်ဆောင်ပေးနိုင်ရေး တာဝန် ပေးတယ်ဆိုပြီး စာထွက်လာတယ်။ ဦးဇင်းရဲ့ အုတ်ဂူဒီဇိုင်းကို ဆောက်ပေးတာက တပ်မတော် အင်ဂျင်နီယာတပ်က ဆောက်ပေးတာ။ ဦးဇင်းက ကြီးကြပ် ရတယ်။ နေ့ဖက် မဆောက်ရဘဲ ညဖက်မှ ဆောက်ရတာ။ ညဖက် စစ်ကားနဲ့ လာလာခေါ်တော့ ရပ်ကွက်ထဲက လူတွေကတောင် ဦးဇင်းကို ဖမ်းသွားပြီ ထင်ကြတာ” လို့ ဆက်ပြီး ရှည်ရှည် ဝေးဝေး ရှင်းပြခဲ့ပါတယ်။ ဦးဇင်းက ကွမ်းလေးမြုံ့ရင်း ဆက်ပြောတာက… “အသုဘ ချတဲ့နေ့က ဦးဇင်းက အခေါင်းပိတ်ဖို့ သံလက် ကိုင်ပြီး စောင့်နေတုန်း အခေါင်း သယ်လာတဲ့ စစ်သားတွေ လက်ထဲကနေ ကျောင်းသားတွေက ဝင်လု ကြ တယ်။ သံရုံးတွေက အရာရှိတွေရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ကြသေးတယ်။ နောက်ဆုံး အခေါင်းကို ဘိလပ်မြေ မဆလာနဲ့ ဦးဇင်း ပိတ်ပေး ခဲ့ရတာပေါ့။ အဲ့ဒီတုန်းက ဗီဒီယိုတွေထဲမှာ ဦးဇင်းပုံတွေ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။
မောင်ပျာလောင်၊ ၁၂.၁.၂၀၁၃
~~~~~~~***~~~~~~~
Status copy from >>> MoeMaKa.com <<< Thanks
~~~~~~~***~~~~~~~https://www.facebook.com/photo.php?fbid=254358944729926&set=a.167349020097586.1073741826.154981834667638&type=1 မှကူးယူဖော်ပြပါသည်။
↧