Quantcast
Viewing all articles
Browse latest Browse all 1811

မြင့်မြင့်လည်းပျံ ၊ မြန်မြန်လည်းပြေး ၊ ကျယ်ကျယ်တွေး

by ရုပ် ဆိုး (Notes) on Wednesday, April 10, 2013 at 6:56pm                                

Image may be NSFW.
Clik here to view.

ဘုရားဂုဏ်တော်နှင့်ကျွန်တော်

  ကျွန်တော် တရားမှတ်ရင်း စိတ်တွေ ပျံ့လွင့် နေတဲ့ခါဘုရားရဲ့ဂုဏ်တော်ကို အာရုံပြုပြီး ဂုဏ်တော်ပွားများလေ့ရှိပါတယ်။ ဂုဏ်တော် ၉ ပါးကို အာရုံပြုပွားများတဲ့ခါ ကိလေသာကင်းစင်တော် မူသောမြတ်စွာဘုရား၊ဆိတ်ကွယ်ရာအရပ်မှာပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား၊သတ္တဝါအားလုံးရဲ့ပူဇော်အထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားဆိုတဲ့အရဟံဂုဏ်တော်ဟာ မြတ်စွာဘုရားရဲ့ ဂုဏ်တော် တွေထဲမှာ ကြည်ညိုဖွယ်ရာအကောင်းဆုံးဂုဏ်တော်ဖြစ်မယ်ထင်ပါတယ်။

ဒါပေမဲ့ ကျွန်တော် ဂုဏ်တော်ပွားများတဲ့ခါမှာတော့ ကျွန်တော့်ရဲ့အာရုံဟာ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကိုသာ ပိုပြီးအာရုံကျနေတတ်ပါတယ်။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် မှာ မြတ်စွာဘုရားဟာ သစ္စာလေးပါးတရားတော်တွေ၊ အဘိဓမ္မာတရားတော်တွေ ၊ ပဌာန်းတရားတော်တွေ အစ နက်နဲတဲ့သဘောတရားတွေ အသိပညာတွေကို သင်ကြားပြသပေးမဲ့ဆရာမရှိပဲကိုယ်တော်တိုင်သိမြင်ခဲ့တာပါ ။ သိတယ်ဆိုရာမှာလည်း သာမာန်အသိမျိုးမဟုတ်ပဲ ကျယ်ကျယ်ပြန့်ပြန့်သိတာ၊ နက်နက်ရှိုင်းရှိုင်းသိတာ ၊ အလုံးစုံကိုခြုံငုံပြီး အကုန်အစင် သိနိုင်ပါတယ်။ အဲလိုအသိတွေသိတဲ့အပြင်ကို တရားဟောကြားရမဲ့ ပုဂ္ဂိုလ်ရဲ့ ပါရမီ ၊ လာခဲ့ရာဘဝ ၊ လာရောက်ရမဲ့ ဘဝတွေကိုလည်းသိမြင်နိုင်ပါတယ် ။ နောက် တရားဟောရမဲ့ အခြေနေ ၊ အချိန်အခါ နေရာဒေသ အကျဉ်းပဲဟောရမလား၊ အကျယ်ဟောရမလားဆိုတဲ့ အခြေနေမျိုးကိုလည်းသိမြင်ပါတယ် ။ ဖတ်ဖူး၊ မှတ်ဖူး ၊ နာကြားဖူးတဲ့မြတ်စွာဘုရားရှင်ရဲ့ ဖြစ်စဉ်တော်တွေ ၊ ဇာတ်နိပါတ်တော်တွေ နဲ့ သင်ကြားခဲ့ဖူးတဲ့ သိပ္ပံပညာတွေ၊ လူ့လောကသဘောသဘာဝတွေ ၊ ကိုယ့်ဆီမှာရှိနေတဲ့ အသိဥာဏ်အခြေနေတွေ ကို မြတ်စွာဘုရားရဲ့ဥာဏ်ပညာကြီးမှုတွေကိုဆက်စပ်ပြီး ဆင်ခြင်တွေးတောမိတဲ့အခါ စိတ်ထဲမှာကြက်သီးတွေထလာအောင်ကြည်နူးစိတ် ၊ ကြည်ညိုစိတ်တွေဖြစ်လာရပါတယ် ။ ကားသံတွေ တဝီဝီညံနေတဲ့ လမ်းမကြီးဘေးမှာတောင်အာရုံတွေက တိတ်ဆိတ်နေပြီး ၊ စိတ်ကလည်းတည်ငြိမ်နေတတ်တယ် ။ ထိုင်နေတဲ့အချိန်တွေက ကြာမှန်းမသိလောက်အောင်ပဲကုန်လွန်သွားတတ်တယ် ။

Image may be NSFW.
Clik here to view.


အာရုံမှသည် ပညတ်ဆီသို့

          ကျွန်တော်စိတ်ထဲမှာသိတယ်လို့လည်းထင်နေတယ်၊ လက်တွေ့လည်းပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရတစ်ခုကို တကယ်ထဲထဲဝင်ဝင်သိရဲ့လားလို့ စစ်မေးခံရတဲ့ခါမှာဝေဝါးသွားတာ ၊ ဒါကဘာလဲ ဆိုတာကိုသေချာမသိတာ မျိုးကို မကြာခဏကြုံရပါတယ်။ ဖီလိုဆိုဖီ ရဲ့သမိုင်းတွေလေ့လာကြည့် တဲ့ခါမှာတော့ ကျွန်တော် ဘာကြောင့်ခုလို ဖြစ်ရသလဲဆိုတာကို သဘောပေါက်လာတယ်။ ဘီစီ ၄၀၀ လောက် က လူသားတွေဟာ ခု ကျွန်တော်တို့လို ဝေါဟာရတွေကို အဆင်သင့်သုံးစွဲခွင့်မရကြပါဘူး ။ အကြောင်းအရာတွေ ၊ အတွေးအခေါ်တွေ ၊ အရာဝထ္ထုတွေ အသစ်အဆန်းတွေ့လာတဲ့ခါ ဒါကဘာလဲဆိုတာနာမည်ပေးဖို့ ၊ အဓိပ္ပါယ်ဖွင့်ဆိုဖို့ (တနည်း) ပညတ် ဖို့အတွက် အသည်းအသန်ငြင်းခုန်ရပါတယ်။ ဥပမာ မရှိခြင်းဆိုတာဘာလဲ ၊ ယုံကြည်မှုဆိုတာဘာလဲ ၊ ရေဆိုတာဘာလဲ ၊ ကမ္ဘာဆိုတာဘာလဲ စသဖြင့်ပေါ့။ လူတွေဟာ အရာဝထ္ထု အသစ် ၊ အကြောင်းအရာအသစ် တစ်ခုကိုစတင်တွေ့ပြီဆိုရင် စစချင်းဖြစ်ပေါ်တာက လူ့ရဲ့အာရုံပါ ။ ဥပမာ အသီးလေးတစ်လုံးဆိုပါတော့ လူတွေရဲ့ အာရုံမှာဘာစပေါ်မလဲဆိုရင်လက်တစ်ဆုပ်လောက် ဟာလေး ၊ အလုံးလေး ၊ အနီရောင်လေး ။ အဲဒီကနေတဆင့် ကိုင်ကြည့်မယ် နူးညံ့တဲ့အထိတွေ့ရှိတယ် ၊ စားကြည့်မယ် .. ချိုစိမ့်တဲ့အရာသာရှိတယ် ။ နောက်တဆင့် ဒါဟာဘာဖြစ်မလဲဆိုပြီး လူတွေက တွေးတောကြမယ် ။ လူအာရုံ ကနေတဆင့် အရာဝထ္ထု ၊ အကြောင်းရာတစ်ခုပေါ်မှာ လူတွေကရလိုက်တဲ့ နားလည်မှု ဆိုတာဖြစ်ပေါ်တယ်။ နားလည်မှုကနေ တဆင့် တက်လို့ နာမည်ပေးတာတွေ ၊သင်္ကေတပြုတာတွေ ၊ တခြားသူတွေ နားလည်ဖို့ အတွက် အဓိပ္ပါယ်ဖွင့်ဆိုတာတွေလုပ်ကြရတယ်။ စောစောကအသီးလေးတစ်လုံးကို ပန်းသီးလို့ နာမည်ပေးလိုက်သလိုမျိုးပေါ့ ။ နာမည်ပေး အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကမှတဆင့် ကျယ်ပြန့်လာတဲ့ခါ ၊ သီအိုရီတွေ ၊ ဥပဒေသတွေ ၊ သဘောသဘာဝတွေ ဖြစ်ပေါ်လာကြတယ်။ဘာသာရေး ရှုထောင့်ကပဲကြည့်ကြည့် ၊ သိပ္ပံရှုထောင့်ကပဲကြည့်ကြည့် ပညတ်ဆိုတာ သူရဲ့မူလဘူတအရှိတရားနဲ့ ကွဲလွဲနိုင်တယ် ၊ မှားယွင်းနိုင်တယ် ။ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့အာရုံမှာလာထင်တဲ့နားလည်မှုကနေ တည်ဆောက်ထားခဲ့ကြလို့ပဲ ။ ဒီသဘောတရား ကို သိပ္ပံတွေမပေါ်ခင် ၊ အတွေးခေါ်ဖွင့်ဖြိုးမှုတွေရဲ့အစလို့ ပြောရမဲ့ ဆော့ခရေတီးထက် နှစ်ပေါင်း ၁၄၅ နှစ် လောက်စောပြီး ဗုဒ္ဓ က သိခဲ့တယ်ဆိုတာတွေးကြည့်ရင် ဘယ်လောက်တောင် အံ့သြဖို့ကောင်းလိုက်သလဲ ။

Image may be NSFW.
Clik here to view.


မောင်ကျောင်းသားနဲ့သီအိုရီ

          ကျွန်တော်အပါဝင်မြန်မာကျောင်းသား အတော်များများပြောလေ့ရှိကြတဲ့စကားတစ်ခွန်းက “practical လုပ်ဖို့ပစ္စည်းတွေမှမရှိတာ ၊ သက်ဆိုင်ရာဘာသာရပ်တွေဘယ်နားလည်မလဲ ၊ ဘယ်တတ်မလဲ” ဆိုတဲ့စကားပါ။ တကယ်တမ်း ကျွန်တော်တို့ အဲဒီစကားကိုပြောခဲ့ကြတာဟာ “သီအိုရီဆိုတာဘာလဲ ၊သီအိုရီတွေဘယ်လိုဖြစ်ပေါ်လာသလဲ” ဆိုတာကိုမသိခဲ့ကြလို့ ပါပဲ ။သက်ဆိုင်ရာဘာသာရပ်တွေရဲ့ သီအိုရီကို concept မပါပဲ သင်ကြားခဲ့ကြရလို့ပါပဲ ။ whyဆိုတဲ့ မေးခွန်းတွေ နာနာမမေးခဲ့ကြလို့ပါပဲ ။ သိပ္ပံဘာသာရပ်တွေရဲ့ ဥပဒေသတွေကိုလေ့လာကြည့်တဲ့ခါ Empirical law နှင့် fundamental law ဆိုပြီး ၂ မျိုးရှိတာတွေ့ကြရမှာပါ ။ Empirical lawဆိုတာ အတွေ့အကြုံ ၊ စမ်းသပ်ချက် တစ်ခုခုပေါ်ကနေရရှိလာတဲ့ ဥပဒေသ မျိုးပါ ၊ ဒါဟာဒီလိုအလုပ်လုပ်တယ် လို့ရှင်းပြနိုင်ပေမဲ့၊ဒါဟာဘာကြောင့်ဖြစ်တယ်ဆိုတာကို ပြောမပြနိုင်ဘူး။ ထင်သာမြင်သာတဲ့ ဥပမာအနေနဲ့ပြောရရင် ဂယ်လီလီယို ထုတ်ဖော်ခဲ့တဲ့ အရာဝထ္ထုတွေ မြေကြီးပေါ်ကျတဲ့ခါအချိန်နဲ့အကွာဝေးရဲ့ ဆက်နွှယ်ချက်ပေါ့ ။ ဂယ်လီလီ ယို က ပစ္စည်းတွေကိုအမြင်ကနေချကြည့်တယ် ။ ပြီးတော့အချိန်ကိုမှတ်သားတယ် ။ ဘယ်လောက်အမြင့်ကနေကျတဲ့ခါ ၊ဘယ်လောက်ကြာတယ်ဆိုပြီးမှတ်သားတယ် ။ ပြီးတော့ ဥပဒေသတစ်ခုထုတ်လိုက်တယ် ။ d=10t^2 တဲ့ ။ မြေကြီးပေါ်ကျတဲ့ ကြာချိန် ၂ ဆကို ၁၀ နဲ့ မြှောက်ရင်ဘယ်လောက်မြင့်တယ်ဆိုတာ သိမယ်တဲ့ ။ ဒါပေမဲ့ ဘာကြောင့် ဆိုတာရှင်းမပြနိုင်ခဲ့ဘူး ။ Newtonကတော့ ပန်းသီးလေး တစ်လုံး  မြေကြီးပေါ်ပြုတ်ကျတာကိုကြည့်ပြီး ၊ ဘာကြောင့် မြေကြီးပေါ် ကျရသလဲဆိုတာကို သူစဉ်းစားတယ် ၊တွေးခေါ်တယ် ။ စမ်းသပ်လေ့လာတယ် ။ အဲဒီနောက်မှာတော့ ပစ္စည်းတွေ မြေကြီးပေါ်ကျတာဟာ gravitationalforce ကြောင့်ဆိုတာ ပြောပြနိုင်ခဲ့တယ် ။ ပိုပြီးကျယ်ပြန့်တဲ့  Three laws of motion ဆိုတာတွေကိုထုတ်ဖော်နိုင်ခဲ့တယ်။ အဲဒီ လောတွေကနေတဆင့် ကျွန်တော်တို့လူသားတွေဟာ ဂြိုလ်တွေရဲ့တည်ရှိပုံတွေ ၊ဘာကြောင့်တည်နေသလဲဆိုတာတွေ နားလည်နိုင်ခွင့်ရခဲ့ကြသလို ၊ အာကာသလွန်းပျံယာဉ်တွေ ၊ရော့ကတ်တွေ ၊ ဂြိုလ်တုတွေ စတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်ခဲ့ရတယ်။ အကြောင်းအရာ ချဉ်းကပ်မှုချင်းကတော့ အတူတူဆိုပေမဲ့ ဂယ်လီလီယိုရဲ့ဖော်ထုတ်မှုကိုemprirical law လို့ခေါ်ပြီးတော့ ၊ နယူတန် ဖော်ထုတ်ခဲ့တာကိုတော့ fundamental lawလို့ခေါ်ပါတယ် ။ Practical ဟာ သစ်ပင်ကိုကြည့်ခြင်းဖြစ်ပြီး ၊ သီအိုရီဆိုတာကတော့သစ်တောကိုကြည့်ခြင်းဖြစ်ပါတယ်။

Image may be NSFW.
Clik here to view.

လူသားများနှင့်ဆင်ခြင်သိ

        နယူတန် ဟာ သူ့ရဲ့မွေးဖွားဇာတိရွာလေးကို ၂ နှစ်ကျော်ပြန်နေရင်းမြေဆွဲအားနိယာမတွေ ၊ Three laws of motion ဆိုတာတွေကို ဖော်ထုတ်ရင်း နဲ့အတူ MathematicalPrinciples of Natural Philosophyဆိုတာကိုလည်း ထုတ်ဖော်ရေးသားခဲ့ပါတယ် ။ ကျွန်တော်တို့ တွေသချာင်္မှာသင်ခဲ့ ကြရတဲ့ကဲကုလပ်စ်  ဆိုတဲ့ အရာဟာ အဲဒီထဲမှာပါတာပါ ။ကဲကုလပ်စ်မှာ အဓိက က differentiate နဲ့ integrate ပေါ့ ။ differentiate ဆိုတာ ကချုံ့ခြင်းသဘော ၊ Integrate ဆိုတာကတော့ ချဲ့ခြင်း သဘော လို့ ယေဘုယျ ပြောလို့ရမယ်ထင်ပါတယ်။ ဒီသချာင်္ နည်းစနစ် နဲ့ အတွေးခေါ် concept တစ်ခုဘယ်လို ဆက်နွှယ်သလဲနေသလဲ ။ ဥပမာတစ်ခုပေါ့ ဆန်တတင်း ထဲက ဆန်တွေကိုကျွန်တော်တို့ရေတွက်မယ်ဆိုပါတော့ ။ ဖြစ်နိုင်ပါ့မလား ။ဆန်တစ်တင်းမှာ ၁၆ ပြည်ရှိတယ် ။ ၁ ပြည်မှာ နို့ဆီဗူး ၈ လုံးရှိမယ် ။နို့ဆီဗူးတစ်လုံးမှာ လက်ဖက်ရည် ပန်းကန် ၄လုံးရှိမယ်(ခန့်မှန်းချေ)။ တင်းတောင်းထဲကဆန်တွေကိုရေတွက်ဖို့ ထက် လက်ဖက်ရည်ပန်းကန်တစ်လုံးထဲက ဆန်စေ့တွေကိုရေတွက်ဖို့ ဟာပိုမိုလွယ်ကူစေမှာပါ ။ လက်ဖက်ရည်ပန်းကန်လုံးတစ်ခုထဲက ဆန်စေ့ဟာ အစေ့တစ်သောင်းရှိတယ်ဆိုပါတော့ ၊ နို့ဆီဗူးတစ်ဗူးအတွင်းမှာ ဆန်စေ့လေးသောင်းရှိမှာဖြစ်ပါတယ် ။ ဆန်တစ်ပြည်အတွင်းမှာတော့ ဆန်စေ့ သုံးသိန်း၂ သောင်းရှိမှာဖြစ်ပါတယ်။ တင်းတောင်းထဲမှာဆိုရင်တော့ ဆန့်စေ့ ပေါင်း ငါးဆယ့်တစ်သိန်း ၂သောင်းရှိမှာဖြစ်ပါတယ်။ ဒါဟာ ဒီဖရန်ရှိတ်နဲ့ အင်တီဂရိတ်တို့ရဲ့ ယေဘုယျ conceptလေးပါ ။

          အဲလိုနည်းတွေနဲ့ပဲ infinity line ဆိုတဲ့အဆုံးစမဲ့မျဥ်းတွေ ကို လူသားတွေက တစ်လက်မလောက်စာရွက်လေးပေါ်မှာ မျဉ်းတိုလေးကိုမျှား ၂ ဖက်တပ်ပြီး ချုံ့နိုင်ခဲ့ကြတယ်။ မီးလုံးလေး ကနေ အလင်းရောင်လက်ကနည်းအထ ၊ အကွာဝေးတစ်ခုကနေစမြင်ရချိန်ကိုမှတ်လို့ အလင်းအလျင်ကို လူတွေရှာတတ်ခဲ့တယ် ။ အဲဒီအလင်းအလျင် ကိုဆင်ခြင်သိနဲ့ပေါင်းစပ်ပြီး နေနဲ့ ကမ္ဘာကြားဘယ်လောက်ကွာဝေးတယ်ဆိုတာကိုခန့်မှန်းနိုင်ခဲ့ကြတယ် ။ ဆင်ခြင်သိကို အသုံးပြုပြီးတော့ပဲ ကမ္ဘာရဲ့ပတ်လမ်းဟာဘယ်လောက်ရှည်လျားတယ် ၊ ကမ္ဘာကြီးဟာ ဘယ်လောက် အမြန်နှုန်းနဲ့လည်ပတ်နေတယ် ။ရာသီဥတု ၄ ခုဖြစ်ပေါ်နေလို့ ကမ္ဘာကြီးရဲ့ ဝန်ရိုးဟာ ၂၃.၅ ဒီဂရီတိမ်းစောင်းလည်ပတ်နေတယ်ဆိုတာကို သိခဲ့ကြတယ် ။ ဒီအရာတွေဟာ အတိုင်းတာတစ်ခု ၊အရာဝထ္ထုတစ်ခုနဲ့ လက်တွေ့တိုင်းတာပြီးသိရှိခဲ့ကြတာမဟုတ်ပါဘူး ။ ဆင်ခြင်သိ ကြောင့်သိခဲ့ရတဲ့အရာတွေဖြစ်ပါတယ် ။

          အပေါ်မှာပြောခဲ့သလိုပါပဲပါရမီရှင်တွေ ရဲ့ အာရုံသိကနေ ၊ သူတို့နားလည်မှုဖြစ်လာတယ်။ သူတို့ရဲ့ တွေ့ရှိမှုတွေ၊ နားလည်မှုတွေ ၊ တွေးခေါ်မှုတွေ ကို ချုံ့ပြီး တော့ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ ၊အီကွေးရှင်းတွေ၊ဖော်မြူလာတွေ၊သီအိုရီတွေကိုနောက်လူတွေဆီလက်ဆင့်ကမ်းပေးကြတာဖြစ်ပါတယ်။နောက်မျိုးဆက်တွေက အဲဒီသီအိုရီတွေကိုလေ့လာတဲ့ခါမှာ ဒါကဘာလဲ ၊ ဘယ်လိုအလုပ်လုပ်တာလဲ၊ ဘယ်နေရာမှာသုံးတာလဲ ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ ၊ အဲဒီပညာရှင်ကဘယ်လိုတွေးခေါ်ခဲ့တာလဲ ၊ ဘာကြောင့် အဲလိုတွေးခေါ်ခဲ့တာလဲဆိုတာတွေကို လေ့လာမှုတွေ၊ဆင်ခြင်သိတွေနဲ့ပေါင်းစပ်ပြီး ပြန်ချဲ့ ယူကြရပါတယ် ။ အဲဒီဆင်ခြင်သိ ၊ဆက်စပ်တွေးခေါ်နိုင်မှုဟာ လူသားတွေမှာသာလျှင်ပိုင်ဆိုင်သောအရာဖြစ်ပါတယ် ။


Image may be NSFW.
Clik here to view.

နည်းနည်းစောင့်ပါ၊ များများမေးပါ

          ကျွန်တော်တို့ရှင်သန်နေတဲ့ခေတ်ကြီးဟာIT ခေတ်ဖြစ်တဲ့အတွက် အရမ်းမြန်ဆန်ပါတယ်။ အပြိုင်ဆိုင်တွေများသလို၊ပတ်ဝန်းကျင်ရဲ့တောင်းဆိုမှုတွေ၊စိန်ခေါ်မှုတွေကလည်းအရမ်းများပါတယ်။ အရင်က ကျွန်တော်တို့ စာအုပ်တစ်အုပ်ကိုဖတ်မယ် ဆိုရင် အချိန် ၂ နာရီလောက်ပေးရမယ် ။အဲဒီ ၂ နာရီလောက်အတွင်းမှာကျွန်တော်တို့အတွက် ပေးနိုင်တဲ့ ဗဟုသုတအကြောင်းရာတစ်ခုတလေပါချင်လည်းပါမယ် ၊ ပါချင်မှလည်းပါမယ် ။ ခုခေတ်မှာတော့အဲလိုမဟုတ်တော့ဘူး အင်တာနက်မှာ လိုချင်တာလေးရွေးရှာ ရွေးဖတ် နာရီဝက်လောက်အတွင်းမှာကိုသိချင်တာလေးတွေသိသွားပြီ ။အရင်က ကိုယ်နဲ့လက်လှမ်းမမှီတဲ့ဖီးလ်တစ်ခုတည်းကအကြောင်းရာတွေ ၊ စာအုပ်တွေဖတ်မယ်ဆိုရင် ဟိုဟာလေးဖတ်ရနိုးနိုး ၊ဒီဟာလေးက ဟုတ်နိုးနိုးဖြစ်နေတတ်တယ်။ ခုခေတ်မှာတော့ social networkတွေကိုအသုံးချပြီး ဖိုရမ်တွေ ၊ ဂရုတွေထဲမှာ ကိုယ်လေ့လာချင်တဲ့ field ထဲမှာရောက်နှင့်နေပြီးသားလူတွေရဲ့ ဆွေးနွေးချက်တွေဖတ် မယ် ။ သူတို့ဆီက အကြံဥာဏ်တွေတောင်းခံပြီးမြန်မြန်ဆန်ဆန် သွားနိုင်မှာဖြစ်ပါတယ်။

          ဒါပေမဲ့ခေတ်ရဲ့လျင်မြန်မှုနောက်ကို အသည်းသန်လိုက်ရင်းကျွန်တော်တို့ဟာ ပွန်းတွေ ဖြစ်မှန်းမသိဖြစ်သွားတတ်ကြတယ် ။ နိုင်ငံရေး ၊ ဘာသာရေး ၊ လူမှုရေး ကိစ္စတွေမှာ ထစ်ခနည်းဆိုတာနဲ့ဝင်ပါပြီးသားဖြစ်သွားတာတွေ ၊ ဗေထိ ဆိုတာနဲ့ကွဲပြီးသားဖြစ်သွားတာမျိုးတွေ ကိုယ်တွေ့ကြုံဖူးမှာပါ ။ အရာရာတိုင်းကို ကိုယ်ထိတွေ့ နေရတာလေးနဲ့ ဆုံးဖြတ်လို့မရပါဘူး ။ကိုယ်ကိုယ်တိုင်ကခေတ်တစ်ခုရဲ့ပါဝင်ကပြသူဖြစ်နေတဲ့ချိန်မှာနောက်နည်းနည်းဆုတ်ကြည်ဖို့လိုအပ်ပါတယ်။ ဘယ်လိုမျိုးလဲ ၊ ဘာကြောင့်လဲ ၊ ဘာတွေဖြစ်လာနိုင်သေးလဲ ဆိုတဲ့မေးခွန်းမျိုးတွေကိုအများကြီးမေးဖို့လိုပါတယ် ။ အရာရာတိုင်းကို ကိုယ့်အတွေ့ ကြုံ ၊ စိတ်ခံစားမှုတွေနဲ့ သေချာလို့ မရပါဘူး ။ သေချာမှု အန္တရာယ်ဆိုတာ ကိုယ့်ကိုယ်ကိုလည်း ဒုက္ခပေးတတ်သလို၊ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ဒုက္ခလှလှကြီးပေးတတ်ပါတယ်။နောက်ဆုတ်ကြည့်သင့်ရင်ကြည့်ရမယ် ၊ ဘေးထွက်ကြည့်သင့်ရင်လည်းကြည့်ရမယ် ။ဖြစ်နိုင်ရင်တော့ အမြင့်ကနေ ကြည့်နိုင်ရင်အကောင်းဆုံးပါပဲ ။

          အမြင့်ဆုံးကိုလည်းတက်လှမ်းကြပါ၊ ခေတ်ရဲ့တောင်းဆိုမှု အတိုင်း များများလည်းပြေးကြပါ။ သို့ပေမဲ့ ခေတ်ရဲ့သားကောင်တွေ၊ ပွန်းတွေ ၊ အသုံးချခံတွေဖြစ်မသွားရအောင် လူသားတွေ မှာ သာပိုင်ဆိုင်တဲ့ ဆက်စပ်တွေးခေါ်မှုကို များများလုပ်ကြဖို့လိုပါလိမ့်မယ် ။

မှတ်ချက်။ ။ (စိတ်ထဲရှိရာတွေ ရေးလိုက်တဲ့အတွက် အမြီးအမောက် လည်းတည့်ချင်မှတည့်ပါလိမ့်မယ် ၊ကျွန်တော် အသိမှား ၊ အမှတ်မှား တာများရှိခဲ့ရင်လည်း ထောက်ပြကြဖို့ မေတ္တာရပ်ခံပါတယ်။)

(ရုပ်ဆိုး)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>