ရင်ခုံစရာ အိပ်မက်ဘဝ (၃)
…………………………………………………..
ဒီကနေ့ ကျနော်တို့တတွေ ဈေးဝယ်ထွက်ခဲ့ကြတယ်။ တပတ်မှာ ၁ ရက် တခါတရံလည်း ၂ ရက် လောက် ဈေးဝယ်ဖြစ်ပါတယ်။ ရောက်တာမကြာသေးလို့ ကိုယ့်မှာ ကားပိုင်မရှိသေးတော့ အဆင်ပြေရာကားနဲ့ အကြုံစီးလိုက်ရတာ ပေါ့လေ။ ကိုယ့်ရိုးရာ အစားသောက်တွေ ရနိုင်တဲ့ နေရာတွေကိုပဲ ဦးစားပေးသွားကြတာပါ။ ဆောင်းတွင်းမရောက်မီအချိန်ဆို တပတ်တခါဖွင့်တဲ့ စနေဈေးဆိုတာ ရှိတယ်။ ဒီဒေသမှာ စိုက်တဲ့ အသီးအနှံ လတ်လတ်ဆတ်ဆတ်တွေ ရောင်းပေးတာ … ရောက်ခါစ ၂ ပတ်လောက် မီလိုက်သေးတယ်။
စနေ ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်ဆိုရင် သူငယ်ချင်းမိသားစု ရောက်ရောက်လာတတ်လို့ သူတို့နဲ့အတူ ဟိုနား ဒီနား သွားလာလည်ပတ်ရင်း ဈေးဝယ်ကြတယ်။ ဒီနေ့မှာတော့ အိမ်နီးချင်း အနောတို့ကားလေးနဲ့ပဲ သွားကြ တာပါ။ ကားပေါ်ရောက်လို့ စထွက်ပြီဆိုတာနဲ့ အနောက သူကြိုက်တဲ့ သီချင်းတွေ တပုဒ်ပြီးတပုဒ် အဆက် မပြတ် မနားတမ်းကို ဖွင့်တော့တာ။ သူတို့အိမ်ကို ရောက်တိုင်း ကျနော်တို့ ငယ်ကြိုက်တေးတွေ ဖြစ်တဲ့ စိုင်းထီးဆိုင်၊ မေဆွိ၊ စိုးလွင်လွင် စတဲ့ အဆိုတော်တွေရဲ့ တေးသီချင်းသံတွေကြားမှာ ရနိုင်သမျှ မြန်မာရနံ့ သင်းပျံ့ပျံ့လေးတွေကို အမိအရ ခံစားကြရတယ်။ အခုလည်း ကိုထီးရဲ့ “မေမြို့မိုး” တေးသံစဉ် အပြီးမှာ မဆွေ ရဲ့ “ကမ်းစပ်နဲ့ရေလှိုင်း” သီချင်းက ကပ်လျက်ထွက်ပေါ်လာတယ်။
ကျနော်တို့သွားနေတဲ့ ခရီးလမ်းကြောင်းနဲ့ သီချင်းစာသား လိုက်ဖက်ညီနေသလား တွေးမိလိုက်တယ်။ ဘာလို့ဆို ကျနော်တို့က Kansas ပြည်နယ်ဘက်ခြမ်းမှာရှိတဲ့ ဗမာဆိုင် (မြန်မာဆိုင်) ဆီကို ဦးတည်သွားနေတာ ကိုး။ (ဒီကလူတွေရဲ့ ပါးစပ်ဖျားမှာ Kansas ကို ‘ကမ်းစပ်’ လို့ တွင်တွင်ကျယ်ကျယ် သုံးကြတယ်။ ရောက်ခါစ ရက်မှာ အိမ်နီးချင်းတချို့က “ကမ်းစပ်ကို ဈေးသွားဝယ်မယ် .. လိုက်မလား” မေးတော့ ကျနော့်စိတ်ထဲ ပင်လယ် ကမ်းစပ်ကိုသွားမှာလား … ဒီကနေ ဘယ်လောက်ဝေးလဲ စဉ်းစားမိတာပေါ့။
ဒီမျြိ့မှာ ဗမာဆိုင် ၂ ဆိုင်ရှိပါတယ်။ တဆိုင်က ကျနော်တို့ နေတဲ့နေရာနဲ့ သိပ်မဝေးလှဘူး။ မွတ်ဆလင် မိသားစု ဖွင့်ထားတာ။ အမျိုးသမီးက မြန်မာပြည်သားပဲ မယ်လကမ့်ကနေ ရောက်လာတာ … သူ့ယောက်ျား ကတော့ ဆိုမာလီလို့ ပြောကြတာပဲ။ မြန်မာစကားမတတ်ဘူး။ သူတို့ဆိုင်က နည်းနည်း သေးတယ်။ နောက်တဆိုင်ကတော့ အခုန ပြောတဲ့ ကမ်းစပ်ပြည်နယ်ဘက်ခြမ်းမှာ။ ဆိုင်ရှင်က ထားဝယ်မိသားစု … အဲမှာတော့ ဆိုင်ပိုကြီးပြီး ပစ္စည်းအမယ်လည်း ပိုစုံတယ်ခင်ဗျ။ မြန်မာပြည်သားအကြိုက် မြန်မာပြည်ထွက် စားသောက်ကုန်တွေ ချည်းပဲ။ ငပိရည်ကျို ၊ ကွမ်းသီး၊ ကွမ်း … အစုံရှိတယ်။ ပထမဆုံးတခေါက် ကျနော် ရောက်တုန်းက ထန်းရည်ပုလင်းတွေပါ ရောင်းတာတွေ့ရတယ်။ ကရင်မိသားစုရောင်းတဲ့ ဆိုင်ငယ်ငယ်တခု လည်း ရှိသေးတယ် ပြောကြတယ်။
ဒါကြောင့် ထိုင်းမှာနေတုန်းက သူငယ်ချင်းတွေ ဖုန်းဆက်လာရင် ဘာဝယ်ထည့်ပေးရမလဲ မေးလိုက်တိုင်း … “ဝယ်မပေးနဲ့ ဒီမှာအကုန်ရှိတယ် … ပိုက်ဆံပါရင် အကုန်ဝယ်လို့ရတယ်” ပြောကြတာကိုး။ ဟုတ်လည်း ဟုတ်ပါရဲ့…. ဒါပေမဲ့ ပေးလိုက်ရတဲ့ ငွေကို ထိုင်းဘတ်နဲ့ပြန်တွက်ကြည့်တိုင်း စုတ်တသပ်သပ် နှမြောတသ ဖြစ်ရပြန်တယ်။ ထိုင်းကိုရောက်ခါစ တုန်းကလည်း မြန်မာကျပ်ငွေနဲ့ တွက်ပြီး တချို့ဟာတွေ မစားရက် မသောက်ရက် …. ။ သူ့နေရာနဲ့ သူ့ငွေကျပြန်တော့လည်း များတယ် မဆိုသာဘူးပေါ့လေ။ စိတ်ထဲ ကသိကအောက် အဖြစ်ရဆုံးကတော့ ဒီကိုထွက်လာတဲ့ အချိန်အထိ ကိုယ်တိုင်စိုက်ပျိုးစားတဲ့ ချဉ်ပေါင်ရွက် ရယ် … ဟိုခြုံဒီခြုံ တိုးလိုက်ရုံနဲ့ စားမကုန်အောင် ရနိုင်တဲ့ မျှစ် ရယ် ကို ဝက်သား၊ ကြက်သားထက် ပိုပြီး ဈေးကြီး နာကြီး ပေးဝယ်စားနေရတဲ့ အဖြစ်ပါ။ တတ်နိုင်ဘူး မစားဘဲ မနေနိုင်တော့လည်း ဝယ်တီးရတာပဲ။
အစားအသောက် ဝယ်တဲ့အခါ သူတို့ထုတ်ပေးထားတဲ့ အစားအစာဝယ်ကဒ် (Food Stamp) လေးနဲ့ဆို သုံးရတာ သိပ်မသိသာသလိုပဲ။ ကိုယ်မမြင်ရတဲ့ငွေကို ကဒ်ထဲက ဖြတ်ဖြတ်သွားတာကိုး။ အဲဒါလေး မရခင် စပ်ကြား ခြူးပြားနဲ့ ဝယ်ရတဲ့အချိန် … ဘာကြောင့်ရယ် မပြောတတ်။ လင်မယား ၂ ယောက်သား သူ့မျက်နှာကိုယ်ကြည့် .. ကိုယ့်မျက်နှာ သူကြည့် နဲ့ မေးရိုးပေါ် လက်ညှိုးလေးထောက်ပြီး ချင့်ချင့်ချိန်ချိန် လုပ်နေကြရော။ ဒါတောင် သူများ ထောက်ပံ့ ပေးထားတဲ့ ငွေ… ကိုယ်တိုင် အလုပ်လုပ်လို့ လုပ်ခရတဲ့အခါ ဘယ်လိုနေမယ် မသိ။ (ညည်းပြတာ ဟုတ်ဘူးနော်)
ဒိအပြင် အာရှအစားအစာ ပေါပေါများများ ရှိတတ်တဲ့ ချိုင်းနားတောင်း နဲ့ ဗီယက်နမ် ဆိုင်တွေကိုလည်း ရောက်တတ်တယ်။ ဟိုတနေ့က ဗီယက်နမ်ဆိုင်ထဲမှာ လိုက်ကြည့်ရင်း “သူဇာမြိုင် သရက်သီးသနပ်” နဲ့ ‘Myanmar Royal Teamix’ တွေ တင်ရောင်းတာတွေ့ရတဲ့အခါ … တို့ဆီက မိတ်အင်မြန်မာတွေလည်း မဆိုးပါလားဟ … အတွေးနဲ့ ဂုဏ်ယူမိသေးတော့။ မြန်မာပြည်သား အတန်အသင့်များတဲ့ မြို့တိုင်းလိုလိုမှာ ဗမာဆိုင်တွေ ရှိနေတတ်လို့ စားရေးသောက်ရေး အဆင်ပြေတယ် ပြောရမှာပါ။ Texas က မွန်သူငယ်ချင်း မိသားစုလည်း ဗမာဆိုင်ဖွင့်ထားလေရဲ့။
ပြီးခဲ့တဲ့ လထဲမှာ အိမ်ကအမျိုးသမီး ဗမာဆိုင်ကိုရောက်တုန်း ဝယ်လာတဲ့ ကတက်ချဉ် နဲ့ တမာချဉ် ၂ ဘူး တော်တော်စားကောင်းတာ။ ရန်ကုန်မှာတုန်းက ကတက်ချဉ်ထဲ လော်ပါ (ရော်ဘာ) ရွက်ရောနှောပါတတ် တယ်လို့ ပြောစကားတွေကြောင့် စားဖို့မချင့်မရဲ ဖြစ်ခဲ့ရဖူးတယ်။ ဒီမှာတော့ စစ်သဗျ။ ရွာမှာကိုယ်တိုင် ခူးထည့် ထားသလိုပဲ။ နောက်ပြီး တမာချဉ်လေးကလည်း ဖူးတံလေးတွေ အစီအရီ …. အရွက်သေးသေး …. ရနံ့မွှေးပျံ့ သမို့ အညာတမာစစ်စစ်ဖြစ်ရမယ် … စိတ်ထဲမှာ အခါခါ ဆုံးဖြတ်ချက်ချမိ …. ဘာဖြစ်လို့ဆို ကျနော်တို့ အောက်ပြည် အောက်ရွာ တမာက အညာတမာထက် အရွက်နည်းနည်းပိုဖားတယ် ထင်မိတာကြောင့်ပါ။
အင်း …. မြန်မာ အစားအစာတွေ လှိုင်လှိုင်စားရတာတော့ ဟုတ်ပါရဲ့ … ငါးပိချက်ရည် ကျိုရတဲ့ ဒုက္ခက မသေးလှဘူး ။ ရာသီက အေးအေး လေလုံတဲ့ အခန်းမှာ တခုခုချက်ပြုတ်လို့ထွက်လာတဲ့ ညှော်နံ့က အခန်းထဲ ချာချာလည် ရစ်ပတ်နေပြီး တော်တော်နဲ့ မပျောက်နိုင်တော့ဘူးလေ။ အဲဒီအချိန်များဆို မိးဖိုအထက်နား နံရံမှာ ကပ်ထားတဲ့ ထောက်လှမ်းရေး Smoke Detector ကလည်း ပြဿနာရှာဖို့ မျက်တောင်တဖျတ်ဖျတ်နဲ့ စောင့်ကြည့်နေတော့ တာ …. ဟိုတညက ငါးကြော်နေရင်း တခါအော်ပြီးပြီ။ မီးဖိုနေရာက ပန်ကာတပ်ဖို့ အဆင်မပြေတာမို့ ညှော်နံ့ထွက်ချိန်ဆို မီးဖိုဘေးက အိမ်နောက်တံခါးကိုဖွင့် … ချက်ပြုတ်သူဘေးမှာ တယောက်က အဆင်သင့်ရပ်ပြီး အပြင်ကို ယပ်ခတ်ထုတ်ပေးရတယ်။ ဒါတောင် ကိုယ့်ဝန်းကျင်မှာ ကိုယ့်နိုင်ငံသားတွေပဲ အနေများလို့ တော်သေးတာ။
အဝတ်အစားနဲ့ အသုံးအဆောင် ပစ္စည်းလိုချင်ရင်တော့ Thrift Store က ကျနော်တို့အတွက် အသင့်တော်ဆုံး နေရာပါပဲ။ အဲဒီမှာ ဆောင်းတွင်းဝတ်ဖို့ အနွေးထည် ၊ ဘိနပ် ၊ ခြေအိတ်၊ လက်အိတ်၊ စောင် နဲ့ အိမ်အတွက် အသုံးအဆောင်တွေကို ဈေးချိုချိုနဲ့ ဝယ်လို့ရတယ်။ ထိုင်းမှာကတည်းက ဘတ် ၂၀ တန် ဘေထုပ်ကိုတန်းမှာ မမောတမ်း ဖွလေ့ရှိတဲ့ ကျနော့်သမီးငယ် Thrift Store ဆိုင်ထဲ မမောနိုင်မပမ်းနိုင် လှည့်ပတ်နေတာကြည့်ရင်း စိတ်ထဲ ဝမ်းသာသလိုလို ဝမ်းနည်းသလိုလို။ အိမ်ပြန်ရောက်တဲ့အခါ ဝမ်းဒေါ်လာ ၊ တူးဒေါ်လာနဲ့ ဝယ်လာတဲ့ အထည်လေးတွေ …. တထည်ပြီး တထည်ကောက်ဝတ်ကြည့် …. သူ့ခမျာ ပီတိဖြစ်နေရှာတာ မြင်ရတော့ …. မိဘတွေလည်း အသက်ရှူချောင်သလို ဖြစ်ရတာပေါ့နော်။
ဒီကိုကျနော်တို့ ရောက်လာချိန်မှာ အခန်းထဲထည့်ထားပေးတဲ့ အသုံးအဆောင် ပစ္စည်းတွေက အားလုံး စကေးကိုက် .. လုပ်ထားပေးတာ …. လူတကိုယ် အိပ်ရာတခု၊ ပန်းကန်တချပ်၊ ဇလုံတလုံး၊ ဇွန်းတချောင်း … ပုဝါတထည် … ကွက်တိတွေပဲ။ ဟိုးအရင်က ကြားကြားနေခဲ့ဖူးသလို … ဒီကိုရောက်တာနဲ့ ပစ္စည်းအပြည့် ထည့်ထားတဲ့ ဂိုထောင်ကြီး တလုံးထဲခေါ်သွား … ကြိုက်ရာ 21” , 29” TV ကြီးတွေ မနိုင်မနင်း မ,ထွက်လာ … လမ်းမှာ ကျကွဲပျက်စီးတာနဲ့ နောက်တလုံးပြန်သယ် … ကန့်ကွယ်မဲ့သူမရှိ … ဆိုတာတွေလည်း ခုချိန်မှာတော့ အိမ်မက်ထဲက အိမ်မက်တခုဖြစ်သွားပါပြီ။
လူကြီးသူမပြောစကား ရှိပါတယ် …. “ကောက်နှောင်းဆင်စာ … သားနှောင်းကျွန်ရာ …” တဲ့….။ ခုနေခါ အလာနှောင်းပြန်တော့ …... အလာနှောင်းပြန်တော့ …… ………. ဘာပဲဖြစ်ဖြစ် အပြစ်တွေသာ မမြင်ဝံ့ပါပြီ။
ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ….
နေမင်းသူ
၁၀-၁-၂၀၁၄