$ 0 0 Image may be NSFW. Clik here to view. မြန်မာပြည်တွင် နိုင်ငံရေးဝေါဟာရထွေပြားခြင်း ပြဿနာများကို ရံဖန်ရံခါ တွေ့ရတတ်သည်။ဥပမာ အမျိုးသားရေးဝါဒ။အမျိုးသားရေးဝါဒဟူသည်မှာ အင်္ဂလိပ်လို Nationalism ဟုခေါ်သည့် ဝါဒတစ်မျိုးဖြစ်သည်။ အမျိုးသားရေးဝါဒနှင့် ပြည်ချစ်စိတ် Patriotism အခါခပ်သိမ်း မတူညီကြပါ။ထိုနှစ်ခုကြားမှ ပါးလွှာသော မျဉ်းမှာ Patriotism ခေါ် ပြည်ချစ်၊မျိုးချစ်ဝါဒက ကိုယ့်ပြည်ကို ချစ်ခင်မြတ်နိုးခြင်းသာလျှင်အဓိက ဆောင်ပြီး တစ်ဖက်သားကို ဖိနှိပ်ရန်မူလိုသည့် အသွင် မပါဟု ဆိုသည်။ ချစ်ခင်မြတ်နိုးခြင်းကို အဓိက အသားပေးပြီး အာဏာနှင့် နီးစပ်မှု သိပ်မရှိလှ ဟု ဆိုရလျှင် ပိုများ ထိမိမည်လားမသိ။ Nationalism ဝါဒကတော့ Patriotism ဝါဒအပေါ် နိုင်ငံရေးရနံ့လွှမ်းခြုံပေးလိုက်ခြင်းပင်ဖြစ်သည်။ ကိုယ့်တိုင်း ကိုယ့်ပြည်ကို ချစ်သော သီးသန့် စိတ်သက်သက်ကို ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံ ဟူသည့် ရနံ့ဆွတ်ဖြန်းပေးလိုက်ခြင်းဖြစ်သည်။ထိုအခါ ရလာဒ်အားဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ကာကွယ်လိုသော စိတ်မှသည် အခြားဆန့်ကျင်ဘက်များကို ဖိနှိပ်လိုသော သဘောတရားများ ထွက်ပေါ်လာတတ်ပါသည်။ထိုသို့ လူမျိုး၊ ဘာသာ၊ သွေး စသည်တို့ကို အခြေတည်ကာ လည်ပတ်သော နေရှင်နယ်လစ်ဇင်ဝါဒကို Primodial Nationalism ဟု ညွှန်းဆိုသမုတ်ကြပါသည်။ထိုမှ တစ်ဆင့် တန်းတူညီမျှခြင်း Egalitarianism အသားပေးသော ဝါဒများ အင်အားကောင်းလာသော အခါ ထို Nationalism ဝါဒကို အသစ်ဝိဂြိုဟ်ပြုမှုများဖြစ်ထွန်းလာပြန်သည်။လူမျိုး၊ ဘာသာ၊ သွေးသန့်စင်မှု စသည့်အချက်များထက် မိမိတိုင်းပြည်အလံတော်ကို ညီညွတ်ခစားသူသည် နိုင်ငံတော်၏ အကာအကွယ်နှင့် ထိုက်တန်သည်ဟူသည့်သဘောဖြစ်သည်။ ခေတ်သစ် အမျိုးသားရေးဝါဒ ဟု ဆိုပါစို့။ထို ခေတ်သစ်နေရှင်နယ်လစ်ဇင်ဝါဒကို We Are Americans ဟူသော အမေရိကန်အမျိုးသားရေးဝါဒအနေဖြင့် တွေ့ရပြန်ပါသည်။ အမေရိကန်အလံတော်ကို ထိခိုက်လျှင် အိမ်တွင်းမှ သေနတ်ဆွဲကာ ခုခံမည်ဟူသည့် သဘောမျိုးကိုမွေးမြူပေးခြင်းဖြစ်သည်။ ထိုသို့ သေနတ်ဆွဲကာကွယ်သူသည် လူဖြူ ဖြစ်လျှင်ဖြစ်မည်။ လူမည်း လူဝါ ဖြစ်လျှင်ဖြစ်ပါမည်။ သို့သော် သူသည် အမေရိကန် ဖြစ်လိမ့်မည် ဟူသည့် အတွေးအခေါ်ကို ရိုက်သွင်းပေးခြင်းဖြစ်သည်။ ဤအချက်ကို အခြားသော နာမည်တစ်ခုပေးလျှင် National Identity ဟုခေါ်သည့် နိုင်ငံသားသရုပ်သကန်လက္ခဏာ ဖြစ်ပါသည်။အမေရိကန်မှန်လျှင် မည်သို့မည်ပုံရှိသည်ဟူသည့် ထင်ရှားအားကောင်းမှု။ကမ္ဘာ့သမိုင်းတွင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ချစ်ခြင်းအားကြီးရာမှ အခြားလူမျိုးများကို အထင်သေးစိတ်ဖြစ်လာသောအခါ Racism ခေါ် လူမျိုးရေးခွဲခြားမှုဝါဒ၊ Chauvinism ခေါ် လူမျိုးကြီးဝါဒ၊ Nazism ခေါ် နာဇီဝါဒ၊ Fascism ခေါ် ဖက်ဆစ်ဝါဒတို့ ဖြစ်ထွန်းလာခဲ့ကြသည်။ ထိုဝါဒအားလုံးတွင် တူညီနေတတ်သည်မှာ ထိုဝါဒများသည် အာဏာ၇ှင်များ ဖြစ်ထွန်းမွေးဖွားပေးတတ်ခြင်းပင်ဖြစ်သည်။ Check and Balance ဟုခေါ်သော အပြန်အလှန်ထိမ်းသိမ်းပေးမှု အားနည်းခြင်းကိုတွေ့ရတတ်ပါသည်။ထိုဝါဒ Nationalism နှင့် ကွဲပြားလျက်တွေ့ရသည်မှာ အမျိုးသားအကျိုးစီးပွား နှင့် အမျိုးသား နိုင်ငံရေး ဟူသည်များ ဖြစ်သည်။ ဆင်သလိုနှင့် ကွဲပြားသော်လဲ ရောချ လုံးထွေး နားလည်နေကြသည်များကိုလဲ သတိပြုမိနေပါသည်။အမျိုးသားအကျိုးစီးပွားဟူသည်မှာ အဘယ်နည်း။ မိမိတိုင်းပြည်အတွင်းရှိ လူများသည် လုံခြုံစွာ၊ အေးချမ်းစွာ၊ ဝလင်စွာ နေထိုင်စားသောက်ခွင့်၊ ပညာသင်ခွင့်၊ စီးပွားရှာခွင့်၊ ကိုးကွယ်ခွင့် စသည်တို့ ဖြစ်ထွန်းအောင် ကြိုးပမ်းမှုအားလုံးသည် အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ ထိုသို့ သော အကျိုးယုတ်အောင် လုပ်သော လုပ်ရပ်များကို အမျိုးသားအကျိုးစီးပွား ယုတ်အောင် လုပ်သည်ဟု ဆိုရမည်။အမျိုးသားအကျိုးစီးပွား နှင့် Nationalism ဝါဒ (မြန်မာအခေါ် အမျိုးသားရေးဝါဒ) အခါခပ်သိမ်း ဆက်စပ်ပါ၏လော။ အမြဲ တစ်စေ မဆက်စပ်ပါ။ ကိုလိုနီခေတ်သူ့ကျွန်ဘဝ လက်အောက်ကျရောက်စဉ်က အမျိုးသားရေးဝါဒခေါ် Nationalism ဝါဒကြီးသည် လက်ဝဲကွန်မြူနစ်အတွေးအခေါ်များနှင့်အတူ မြန်မာ့ကျောင်းသားလူငယ်များ၊ ပြည်သူလူထုကြီးကို လှည်းနေလှေအောင်းမြင်းဇောင်းမကျန် လမ်းမပေါ်ရောက်လာစေခဲ့၊ ဖိနှိပ်သူ မျက်နှာဖြူအစိုးရနှင့် ဂျပန်တို့အား တွန်းလှန်ရန် လောင်စာမီးဖြစ်ခဲ့သည်။ ထိုအချိန်တွင် အမျိုးသားအကျိုးစီးပွားဖြစ်သော လွတ်လပ်ရေး အတွက် အမျိုးသားရေးဝါဒသည် လောင်စာကောင်းဖြစ်ခဲ့သည်။တစ်ချိန်တည်းမှာပင် အမျိုးသားရေးဝါဒကို ပိုမိုပြင်းထန်ထားသော ဖက်ဆစ်ဝါဒနှင့် နာဇီဝါဒတို့ ကမ္ဘာပေါ်တွင် ဖြစ်ထွန်းလာခဲ့ပြီး ထို နှစ်နိုင်ငံလုံးရှုံးနိမ့်သွားခဲ့ကာ ဂျူးခြောက်သန်း အသက်ပျောက်ခဲ့ရသည်။ ကျူးကျော်ဖိနှိပ်လိုသူ နိုင်ငံအချင်းချင်းကြားထဲမှာပင် သည်ဝါဒ ၂ ခုက ပိုမိုသရုပ်ပျက်ခဲ့သည်။မည်သည့် နိုင်ငံရေးဝါဒမဆို အကောင်းအဆိုးရှိသည်။ ယနေ့ခေတ်စားသော လစ်ဘရယ်ဒီမိုကေ၇စီဟူသည်လဲ အကောင်းအဆိုးရှိသည်မှာအမှန်ပင်ဖြစ်သည်။ လစ်ဘရယ်ဒီမိုကရေစီသည်သာ နိုင်ငံရေးဝိမုတ္တိလမ်းစဉ်ဟု ထင်သူများအတွက် လက်ဝဲရနံ့သင်းသော စာအုပ်များနှင့် 2008 ကမ္ဘာ့စီးပွားပျက်ကပ်၊ အာဖရိကနှင့်လက်တင်အမေရိက နိုင်ငံရေး ရုန်းကန်မှုများက လှုပ်နှိုးပေးပါလိမ့်မည်။မည်သည့်ဝါဒမဆို အကောင်းအဆိုးရှိရာ နေရှင်နယ်လစ်ဇင်ဝါဒသည်လဲ အကောင်းအဆိုးရှိသည်မှာ အမှန်ပင်ဖြစ်သည်။ နေရှင်နယ်လစ်ဇင်ဝါဒသည် မိမိ အမျိုးကို အလွန်ချစ်စေတတ်ရာမှ အခြား မတူညီသော လူများ၊ ဘာသာများကို ဖိနှိပ်လိုသည့် ဆန္ဒများကို ဖြစ်ထွန်းလာစေတတ်ရာ မြန်မာလို ယခုမှ နွေဦးလွန်စ တိုင်းပြည်အတွက် များစွာ သတိထားထိန်းကွပ်ပေးနိုင်မှ တန်ကာကျမည်။ မြန်မာနိုင်ငံလို ခြစားမှုများပြားသော တိုင်းပြည်၊ တရားဥပဒေစိုးမိုးရန်လိုအပ်နေသော တိုင်းပြည် တွင် စီးပွားရေး ကုထုံးများ ထိရောက်ရန်အတွက် တိုင်းပြည်အေးချမ်းမှ ဖြစ်မည်။တိုင်းပြည်တွင်း ပဋိပက္ခများ များပြားနေပါက မဖြစ်နိုင်။ ထို့ကြောင့် ပြည်တွင်းစစ်ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတို့သည် တိုင်းပြည်တည်ငြိမ်ရေးအတွက် နဂုံးချုပ်ဇာတ်သိမ်းပေး၇န်လိုသော ပြဿနာများဖြစ်သည်။ ပဋိပက္ခများ များပြားလာခြင်းသည် အဆိုးသံသရာခေါ် Vicious cycle ကိုသ ပိုမိုလည်စေမည်ဖြစ်သည်။မြန်မာနိုင်ငံလို စစ်လက်နက်နိုင်ငံတော်များ ဖြစ်ထွန်းခဲ့သော တိုင်းပြည်တွင် နေရှင်နယ်လစ်ဇင် ဝါဒသည် အလွန်ဖြစ်ထွန်းလွယ်သည်။ အကျိုးဆက်အားဖြင့် စစ်ဗိုလ်ချုပ်၊ စစ်သူရဲကောင်းများ ဖြစ်ထွန်းလွယ်သည်။ သူရဲကောင်းကိုးကွယ်မှု များပြားသည်။ ပညာရှိကိုးကွယ်မှု နည်းပါးပါသည်။ ထိုသို့ဖြစ်ရာ စစ်သားများဖြစ်ထွန်းရန်လွယ်ပြီး အာဏာရှင်များ ပေါက်ပွားလွယ်သည့် ရေခံမြေခံရှိနေသည်။ထိုသို့သော ရေခံမြေခံကို ပြုပြင်ပေးနိုင်မှသာလျှင် ဒီမိုကရေစီမျိုးစေ့ရှင်သန်ဖြစ်ထွန်းမည်။ ငြိမ်းချမ်းရေးမျိုးစေ့ရှင်သန်ဖြစ်ထွန်းမည်။ ဗဟုဝါဒ ဖက်ဒရယ်ဝါဒ ဖြစ်ထွန်းမည်။ချုပ်ပြောရင်လျှင် အမျိုးသားရေးဝါဒ ဟူသည် နိုင်ငံရေးအတွေးအခေါ် Nationalism ဖြစ်သည်။အမျိုးသားရေး ဟူသည် အထက်တွင်ဖော်ပြခဲ့သော အမျိုးသားအကျိုးစီးပွားဖြစ်သည်။အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေးဝါဒ အပြန်အလှန် သဟဇာတ ဖြစ်သည့်အခါလဲ ရှိသည်။ မဖြစ်သည့်အခါလဲရှိသည်။ယနေ့မြန်မာပြည်ရှိ အမျိုးသားရေးဝါဒ နေရှင်နယ်လစ်ဇင်မှာ ဦးတည်မှု မှန်အောင်ထိန်းကွပ်ပေးဖို့လိုအပ်နေသည်ဟု မြင်မိသည်။ဆင်းရဲမှုမှ ရုန်းထွက်ရန် ငါတို့လူမျိုး တန်ခိုးထက်အောင် သည်းခံကြိုးစားကြမည်ဟူသည့် စစ်ပြီးကာစ ဂျပန်လူမျိုးတို့၏ အမျိုးသားရေးဝါဒ။အမေရိကန် ထောက်ပံ့မှုများရပ်ဆိုင်းလိုက်သောကာလ အသက်ရှုကြပ်နေစဉ် အစိုးရနှင့်ပြည်သူ လက်တွဲကြိုးစားခဲ့သော တောင်ကိုးရီးယား အမျိုးသားရေးဝါဒ ။ငါတို့လူမျိုးသည် စည်းကမ်းကြီးသောလူမျိုးဖြစ်သည်၊ အလုပ်ကြိုးစားသောလူမျိုးဖြစ်သည်၊ ငါတို့လူမျိုါ် နောက် အနှစ် ရာထောင်ချီအောင် တန်ခိုးထွား၇န် ငါတို့သည် ဒီလို ကြီးမြတ်သော လုံ့လ၊ ဝီရိယ ဖြင့် ကြိုးစားရမည်ဟူသည့် အတွေးအခေါ်များဖြစ်ထွန်းလာပြီး ဒီလို အမျိုးသားရေးမာန်နှင့်ပေါင်းစပ်နိုင်လျှင် အာရှပုလဲရတနာ ဘဝကို အချိန်တိုနင့်ပြန်လည် ရောက်ရှိနိုင်ပါလိမ့်မည်။ By Myo Set