………………………..
(၁)
"မောင့်သဘောနဲ့..ပြောပြရရင်..ချစ်ဆုံးချစ်သူလေးနဲ့…အမြဲထာဝစဉ် တူနေချင်ပေါ့နော်…
ဒါပေမယ့်..ရှေ့တန်းရောက်နေ..ရဲဘော်မှာလေ..အမိမြေကို..ကာကွယ်ရင်းနဲ့…ချစ်သူကိုလွမ်းစိတ်
တွေကပို.."
"ဟကောင်..အလိုက်လဲမသိ..စာသားလဲမရပဲ ဆိုမနေစမ်းပါနဲ့..မောရတဲ့အထဲ "
"မောလို့ ..အမောပြောဆိုတာပေါ့ကွာ.."
"ပြောမရလဲ..ဆိုကွာ.."
ကျွန်တော်လည်း ပြောပြောဆိုဆို ခြေပစ်လက်ပစ် နားလိုက်သည်။ ကိုယ့်ခန္ဓာကို အဲဒီလောက်အထိ လေးမှန်းမသိ။ ကိုယ်မှာပါရှိနေသည့် ကျောပိုးအိတ်သာမက သိုင်းကြိုးတွေ၊ ခါးပတ်တွေကိုပါ ဆက်သယ်ချင် စိတ်ပင်မရှိတော့။ နံနက် ၄ နာရီကတည်းကထပြီး လျှောက်လာလိုက်တာ နေ့မွန်းတည့်လို့ ဗိုက်ကလည်း ကလောင် ကလောင်မည်နေပြီ။ တော်သေးသည် နားလိုက်ရပေသမို့။
ခရီးရှည်ချီတက်လေ့ကျင့်ခြင်းအတွက် ကျွန်တော်တို့ ထွက်ခဲ့ကြခြင်းဖြစ်သည်။ သင်တန်းကာလတစ် ၀က်လောက်တွင် ကိုယ့်ထမင်းကိုယ် ချက်စားကြရသည်။ ဟင်းကိုတော့ သင်တန်းကျောင်းက ဝေပေးသည်။ နံနက် ၄ နာရီကတည်းက ဟန်ကောကိုယ်စီဖြင့် ချက်ထားကြပြီး ခရီးလမ်းအတွက် သယ်ဆောင်လာ ကြရသည်။ လျှောက်လှမ်းလာခဲ့သည်မှာ ခြေထောက်တွေလည်း ပေါက်နေပြီထင်သည်။ ခြေတစ်လှမ်းက ရှေ့ သွားသလား နောက်သွားသလား ပြန်ပြန်ကြည့်ရသည်။
အစကတော့ ပေါ့ပေါ့လေးပါဆိုပြီး ကျောပိုးသယ်ပိုးခဲ့ သည့်အိတ်က မြင့်မိုရ်တောင်ကြီးထမ်းထားရသလား အောက်မေ့မိသည်။
ထို့အပြင် ခါးတွင်လည်း ထမင်းအပြည့်ဖြင့် ဟန်ကော၊ ရေဗူးတို့က ချိတ်ဆွဲထားရသည်။ သယ်ဆောင် လာခဲ့ရသည့် သေနတ်၊ ရေဗူးနှင့် ဟန်ကောတို့က ပိုပို၍ လေးလာမိသည်။ သြော် သင်တန်းကာလတွင် သယ်ဆောင်ရသည့် ပစ္စည်းမှာ တကယ်တော့ ဘာမျှရှိလှသည်မဟုတ်ပါ။ ရှေ့တန်းစစ်မြေပြင်တွင် ကျွန်တော်တို့ ညီအစ်ကိုရဲဘော်များ သယ်ဆောင်ရသည့် ရိက္ခာ၊ လက်နက်၊ ပစ္စည်းတို့က သာ၍လေးလံပါလိမ့် မည်။ ထို့အပြင် လျှောက်လှမ်းရသည့်လမ်းက ကျွန်တော်တို့သင်တန်းတွင် လျှောက်လှမ်းရသည့် မြေညီလမ်း မဟုတ်ပေ။ ရှေ့တန်းထွက်နေရသည့် ကျွန်တော်တို့ရဲဘော်ရဲဘက်တွေ အပေါ်ကိုယ်ချင်းစာနာစိတ်က ကိုယ်တိုင်ကြုံမှ ပို၍ခံစားလာမိသည်။
သီချင်းလေးဆိုရင်းနားနေသည့် သူငယ်ချင်းဖြစ်သူကို ကြည့်တော့ စာဖတ်နေသည်ကိုတွေ့ရသည်။ ဖတ်ရင်းတစ်ခါတစ်ခါလည်း ပြုံးနေသေးသည်။ အင်း သူ့ကိုယ်ရေးကိုယ်တာ စာဖြစ်မှာပေါ့လေ။ သူပြောသလို အမောပြေစာ ဖြစ်ပေမပေါ့။ ကျွန်တော်လည်း မိဘနှင့် သူငယ်ချင်း စီကစာတွေကို သတိရမိသည်။ ခရီးက ဘယ်လိုဆက်ရမည်မသိ၍ အဆောင်က သေတ္တာထဲတွင် ကျန်နေရစ်ခဲ့ပြီ။ အမောပြောစရာ သူငယ်ချင်းလို ဖတ်စရာစာမရှိတော့လည်း နီးနီးလာသည့် တောင်တန်းကြီးကို ငေးကြည့်မိလိုက်သည်။ စိတ်ထဲတွင် လှလိုက်တာ လို့တွေးရင်း သဘာဝအလှတရားကြီး ခံစားနေလိုက်တော့သည်။။ ထိုတောင်တန်း၏ တောင်ခြေသည် ကျွန်တော်တို့၏ ခရီးပန်းတိုင်ပင်ဖြစ်ပေသည်။

(၂)
"အားပါးပါး..နာလိုက်တာ ငါတော့မရတော့ဘူး..ချွတ်တော့မယ် "
"အေး ငါရောပဲ ချွတ်တော့မယ် "
စီးထားသည့် စစ်ဖိနပ်တွေကို ကိုယ်စီချွတ်လိုက်ကြသည်။ ဆရာတွေက ဘာမှမပြောပဲ ကြည့်နေ သည်။ ကျွန်တော်တို့ ခြေထောက်တွေကတော့ ပေါက်ကုန်ကြပြီ။ ညှပ်ဖိနပ်ကို ထုတ်စီးသည်။ ဆက်လျှောက် ရမည့် ခရီးကတော့မဝေးလှတော့။ တစ်မိုင်ခန့်သာ ဝေးတော့သည်ဟုဆိုသည်။ ခြေထောက်တွေကတော့ စပ်ဖျင်းဖျင်းဖြစ်နေသည်။ သို့သော်လည်း လျှောက်မိသည့်လမ်း ခရီးဆုံးအောင်တော့ လျှောက်ရပေမည်ဖြစ်ပေ သည်။
"စစ်သားခြေထောက်က မိန်းကလေးတွေရဲ့ ပါးထက် ပိုနုတယ် "ဟု ဆိုလေ့ရှိပါသည်။ တကယ် ခံစားရပါမှ၊ လက်တွေ့ကြုံရပါမှ ပြောသည့်စကား မလွန်ဟုထောက်ခံမိတော့သည်။ အချိန်ပြည့်နီးပါး စစ်ဖိနပ် များဝတ်ဆင်ထားရသည့် ကျွန်တော်တို့ခြေထောက်တွေက ဖွေးလို့ဥနေသည်။ တစ်ခုတော့ရှိသည်ပေါ့လေ။ မိန်းမပျိုလေးတွေက ပါးပြင်ကတော့ သနပ်ခါးရနံ့၊ ကိုယ်သင်းရနံ့တို့ဖြင့် မွှေးချင်စရာ ကောင်းပါလိမ့်မည်။ ကျွန် တော်တို့ခြေထောက်တွေကတော့ ခြေဆီတို့ဖြင့် နံလို့နေပါသည်။
အနံ့တကာ့ အနံ့တွင် လူသေ၏ အနံ့သည် အဆိုးဆုံးဟု ထင်ပါသည်။ လူသည် အစုံစားသည်။ အကုန်ကြံသည်။ အကုန်လုပ်သည်။ သို့အတွက် ခန္ဓာ၏ အနံ့သည် ပို၍ နံသည်ထင်သည်။ ခြေဆီ၏ အနံ့သည်ပင်လျှင် ခြေအိတ်တွင် စွဲနေတတ်ခြင်းကြောင့် ခြေအိတ်များကို နေ့စဉ်လျှော်ရသည်၊ လဲလှယ်ရသည်။ ခြေဆီတို့ပေနေသော ခြေအိတ်တစ်စုံမျှ အခန်းတွင်းရှိနေလျှင်ပင် အနံ့တို့က ကြီးစိုးနေတတ်ပါသည်။ သြော် အပုပ်ကောင်ဆိုသည်ကား ဟုတ်လှပါတကား။ တစ်ခုကောင်းသည်ကတော့ ခြေဆီထွက်ခြင်း၏ အကျိုးကျေးဇူး ကိုခံစားရခြင်းဖြစ်သည်။ ခြေဆီထွက်ခြင်း၏ ကောင်းကျိုးကတော့ ဆောင်းတွင်းတွင် ခြေထောက်များစိုစွတ်ပြီး ခြေထောက်ကွဲအက်ခြင်း၊ ဖနောက်ကွဲအက်ခြင်းမဖြစ်တော့ပါ။
စခန်းချကြမည့် စိုက်ပျိုးရေးခြံတွင် တပ်စုအလိုက်နေရာကိုယ်စီယူရင်း သယ်ဆောင်လာသည့် ပစ္စည်း တို့ကို ပစ်ချလိုက်ကြသည်။ ခြေပစ်လက်ပစ် နားလိုက်ကြသည်။

(၃)
တစ်ယောက်ကို ၀ါးနှစ်လုံး ပါရမည် ဟူသော အမှာစကားကြောင့် ၀ါးခုတ်ထွက်ကြသည်။ ပုံစံပြထား သည့်ဝါးအရှည်နှင့် လုံးပတ်နီးပါးရအောင် ခုတ်ကြရမည်ဖြစ်သည်။ သယ်ရသည့် ၀ါးက နှစ်လုံးပင်ဖြစ်သော် လည်းခုတ်ရသည့်ခရီးက မလွယ်။ တောင်ကုန်းတွေပေါ်တက်ရသည်။ နွယ်ကြိုးသုံးရသည်။ တောထဲတွင် လမ်းမပျောက်အောင်လည်း ဂရုစိုက်ရသည်။ တစ်ယောက်နှင့်တစ်ယောက် အသံပေးနေကြရသည်။
တောအတွင်း ချောင်းရေကစီးနေသေးသည်။ အမောဖြေရင်း သဘာဝတရားတို့၏ အလှကို ခံစားနေ မိသည်။ အေးမြသော လေအေးကို ထိတွေ့သည်။ စိမ်းစိုသော တောနှင့် တောင်အမြင့်ကို ငေးမောသည်။ သြော်ကမ္ဘာပေါ်ရှိ တော၊ တောင်၊ ရေ၊ မြေတို့သည် တကယ်တော့ လူတို့မဖျက်ဆီးသ၍ လှပနေကြသည်ပင်။ သို့သော် လူတို့၏ လောဘ၊ ဒေါသ၊ မောဟစိတ်တို့ဖြင့် ထိုအလှတရားတို့ကို မခံစားနိုင်ပဲရှိနေကြသည်။ မမြင် နိုင်အောင် အာရုံတို့ဖုံးလွှမ်းခံနေကြရသည်။
ထို့အပြင် "စစ် "ဟူသော စကားလုံးတစ်လုံး၏ နောက်ကွယ်၌ ထိုစိမ်းစိုအေးမြလှပသည့် တော၊ တောင်အတွင်းတွင် ပြေးလွှားပစ်ခတ်ပုန်းခိုနေကြရပါသည်။ အသက်တို့သည်လည်း လွှင့်ပါးခဲ့ကြရပါသည်။ သဘာအလှတရားတို့သည် လူတို့ဖန်းတီးလိုက်သည့် "စစ် "၏ သွေးညှီအနံ့တို့ဖြင့် တစ်ခါတစ်ခါ မသတီစရာ ဖြစ်နေရတော့သည်။
လွှင့်ပျံ့နေသောအတွေးတို့ကို စုစည်းရင်း လိုအပ်သည့်ဝါးကို ခုတ်သည်။ ၀ါးခုတ်ရသည်ကလည်း လွယ်မယောင်ရှိသော်လည်း မလွယ်လှ။ မိဘအိမ်တွင် လက်ကြောတင်းအောင်ပင်မလုပ်ခဲ့ရသော ကျွန်တော့် အဖို့ပိုလိုပင်ဆိုးနေပါသေးသည်။ သူငယ်ချင်းအကူအညီယူရသည်။ ရသည့်ဝါးကို နွယ်ကြိုးတို့ဖြင့်စီးပြီး ပြန်ခဲ့ ကြသည်။ ဤသည်ပင်လျှင် တောတောင်အတွင်း သွားလာမှု၊ အချင်းချင်းအပြန်အလှန်ကူညီမှု၊ လုပ်ကိုင်တတ် မှုတို့အတွက် သင်ကြားရသော သင်ခန်းစာဖြစ်ပါလိမ့်မည်။

(၄)
သဲချောင်းအတွင်း တိုက်ပွဲပမာလေ့ကျင့်ခန်းလုပ်ခြင်း၊ စစ်အခြေခံပညာများသင်ကြားပြီးသည့်အခါ တပ် သို့ပြန်ဖို့စီစဉ်ကြသည်။ သင်တန်း၏ တပ်မှူးဖြစ်သူက ညဘက်တိုက်ပွဲလေ့ကျင့်ခန်းပါ တစ်ခါတည်း သင်ကြား ရင်းပြန်ကြရမည်ဟူသော စကားကြောင့် သင်တန်းဆရာများက ညနေ ၆ နာရီ စထွက်မည်ဟု မှာကြားသည်။
ည မီးကျည်ဖောက်ရင်း ဆရာဖြစ်သူက ရန်သူ၊ ရန်သူ ဟူသော အမိန့်ကြောင့် ၀ပ်ကြ၊ ပြေးကြ။ တဖြည်းဖြည်းမှောင်လာသည့်အခါ ခပ်ရေးရေးသာနေသည့် လမင်းကြီးကိုပင် ကျေးဇူးတင်ရပေသည်။ လျှောက်ရင်း လျှောက်ရင်း မောပန်းရင်း နားလိုက်ကြသည့်အချိန်တွင် တစ်ရေးလောက်ရအောင် မှေးလိုက်သေး သည်။ ကျောပိုးအိတ်ကို ခေါင်းအုံး၊ မြေကြီးပေါ် ခြေဆန့်ပြီးအိပ်ရသည်မှာ ထိုအချိန်က ညက်ညောပေ့ဆိုသည့် မွေ့ယာပေါ်အိပ်ရသည်ထက် ပို၍ ကောင်းပေသည်ဟုပင် တွေးထင်မိသည်။
ဘာလိုလိုဖြင့် ဤ ခရီးရှည်ချီတက်ခြင်း သင်ခန်းစားပြီး မကြာခင်ကာလတွင် စစ်ပညာသင်တန်းပြီး ဆုံး၍ စစ်သားကြီးလုံးလုံးဖြစ်လာတော့မည်တကား။ ဘ၀ကိုတွေးကြည့်ရင်း ပြုံးမိသည်။
"ဘ၀ "
လိုတိုင်း တ မရ
တတိုင်း ရ မလို။
လိုတိုင်းတ၍ မရသည်က အမှန်ဖြစ်သလို တတိုင်းလည်း မရခဲ့ပါ။ ဖြစ်ချင်သည်က ကျောင်းဆရာ၊ ဖြစ် လာသည်ကို စစ်သား။ မြေဖြူကိုက်မည့် လက်က၊ သေနတ်ကိုင်ရပြီ။ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်ရတော့ သည်။
မည်သို့ပင်ဆိုစေ ကျရာဘ၀ဇာတ်ရုပ်တွင် ဗေဒါပျံအံကိုခဲရင်း ပန်းပန်လျက်ဖြစ်အောင် ကြိုးစားရမည် သာ ဖြစ်တော့သည်။
**************
မောင်ပိုင်
၁၅-၁-၂၀၁၄။