Image may be NSFW.
Clik here to view.
(အပိုင်း ၂) ငါ့အဖေ။
အဲဒါနဲ့ပြန်ဆက်ကြရရင် ၁၉၅၄ ခုနှစ်မှာ ကျောင်းထွက်လက်မှတ်ရစာမေးပွဲ(School Leaving Certificate) အောင်ရဲ့သားနဲ့ တက္ကသိုလ်ဝင်တန်း မအောင်လို့ဆိုပီး ရည်၇ွယ်ချက်ကြီးမားစွာနဲ့ အဖေတပ်ထဲရောက်လာတယ်လေ။ ပညာတတ်ဆိုတော့ စစ်သားစုဆောင်းရေးမှာ အဲ့တုန်းကဖွင့်လှစ်နေဆဲ သံချပ်ကာတပ်က စုဆောင်းသွားတယ်တဲ့၊ တသသ သင်တန်းတက်အပြီး တွံတေးတောကြီးတန်းဘက်မှာ ဘရင်းကယ်ရီယာတွေနဲ့ အလံဖြူကွန်မြူနစ်တွေကို တိုက်ရမယ်ဆိုပီး ရှေ့တန်းထွက်သွား လိုက်တာ နောက်ဆုံးတော့ ရိုင်ဖယ်နဲ့ဘဲ နပမ်းလုံးရင်း မှော်ဘီ တင့်ကားတပ်ပြန်ရောက်လာဆိုဘဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘူးပေါ့ဗျာ။

အဲ တခုကျန်သွားတာ က တပ်ထဲဝင်တော့ သူ့နာမည် စောရောဘတ် ကို ဗမာနာမည် ကိုကို ဆိုပြီး ပြောင်းလိုက်တယ်တဲ့ တပ်ဝင်မှတ်ပုံတင်မှာ တပ်သား ကိုကို ဖြစ်သွားတော့တာပေါ့ ဒါနဲ့ နောင်ကျုပ်တို့လူဖြစ်လာတော့ “ကို” မျိုးတွေဖြစ်ကုန်သာပေါ့ဗျာ၊ ကျုပ်အဖေက ကရင်အစစ်ကြီးဖြစ်ပေမဲ့ ရုပ်က ကုလားရုပ်တဲ့ဗျာ လူဝင်စားလို့ပြောတာဘဲ ဟုတ်မဟုတ်ကတော့ အဖွားဘဲ အသိဆုံးနေမှာ …
အဲဒါနဲ့ဘဲ ထန်းတပင်၊ဘောလယ်၊ တော်လတီတော်လတဲ့၊ အဖျောက်၊ထိန်တော၊ မိုးညို ဘက်တွေ လှည့်ပတ် စစ်ဆင်ရေး ၀င်ခဲံရင်းနဲ့ တပ်ရဲ့ လိုအပ်ချက်အရ အခြေခံပညာလေးလဲ ရှိတော့ တပ်ကြပ် အဆင့် ရလာတယ်ဆိုဘဲဗျ။ ၁၉၅၉ ခုနှစ်မှာ အမေရိကန် အစိုးရ ရဲ့ ပြည်တော်သာ စီမံကိန်းအ၀င်ဖြစ်တဲ့ စစ်ရေးဆိုင်ရာကူညီဆောင်ရွက်မှုတွေကြောင့် အမေရိကန်မှာ သံချပ်ကာ တပ်အတွက် Gray Hound လို့ခေါ်တဲ့ သံချပ်ကာ ကားကြီးတွေယူဖို့ အဖေနဲ့ အခြားအဆင့် ၅ ဦး၊ အရာရှိ ၃ ဦး သင်တန်း ၁၈ လ သွားတက်ရသတဲ့ဗျာ၊ အဲ့မှာ တပ်ကြပ်ကြီးအဆင့်နဲ့ သွားရတာဆိုတော့ စစ်သက် ၅ နှစ် အသက် ၂၂ မှာ သူ တပ်ကြပ်ကြီးဖြစ်တာပေါ့။ စ/ရ မဟုတ်ဘူးနော် ဒါပေမဲ့ သူတို့ပြန်လာပြီး တော့ နိုင်ငံရေး အပြောင်းအလွဲ တွေဖြစ်ကုန် တော့သံချပ်ကားကြီးတွေလဲ မရောက် အမေရိကန် ပညာတော်သင် သွားခဲ့ကြတဲ့ အဖေတို့ အဖွဲ့တွေလဲ အရာရှိတွေကော အခြားအဆင့် တွေပါ မြောင်းထဲ ရောက်ကုန်တယ် ပြောတာဘဲလေ။
ဒါနဲ့ဘဲ ကျုပ်အမေနဲ့ရ ၁၉၆၃ ခုမှာ ဗထူးတပ်မြို့က တိုက်ခိုက်ရေးကျောင်းမှာ သံချပ်ကာ သရုပ်ပြဆရာ လုပ်နေရင်း ကျုပ်ကိုမွေးခဲ့တာပေါ့။ သင်တန်းဆရာ လုပ်နေရာကနေ ပျင်းလို့ဆိုပီး မိတ္ထီလာ အမှတ်(၁)သံချပ်ကာတပ်ရင်း ကျုပ်တို့ငယ်တုန်းကတော့ အခြား တပ် ကသူတွေက သခေါကြီးတို့ သူခိုးကြီးတို့ခေါ်ခံရတဲ့တပ်ပေါ့၊ အဲကိုတောင်း ပြောင်းခဲ့တယ်တဲ့။ မိတ္ထီလာအခြေစိုက် သံချပ်ကားတပ်ဟာ အထက်မြန်မာပြည်ကိုတာဝန်ယူရတာတဲ့လေ၊ အဲတုန်းက တင့်ကားတပ်တွေများလိုက်ပုံများ မနဲမှတ်ရ တယ်ဗျ၊ မြန်မာပြည်အောက်ပိုင်းမှာ မှော်ဘီက အမှတ်(၂) တင့်ကားတပ်ရင်းနဲ့ အပေါ်ပိုင်းမှာ မိတ္ထီလာ က အမှတ်(၁)သံချပ်ကား တပ်ရင်း နှစ်ရင်းထဲဗျာ အဲဒါ ကျုပ်စစ်ဗိုလ်ဖြစ်တဲ့ ၁၉၈၇ ထိဘဲ။
ဇတ်လမ်းစဘီ…. ဒချိဒချိ …မိတ္ထီလာတပ်က မြန်မာပြည်အပေါ်ပိုင်းတာဝန်ယူရတဲ့ သံချပ်ကားတပ်ဆိုတော့ ၁၉၆၅ လောက်ကစပြီး တရုပ်ကြီးအကူအညီနဲ့ အရှေ့မြောက် စစ်ဒေသ ဆိုပီး ဖန်တီးခဲ့တဲ့ ဗကပ တွေ ဟာ ကြူကုတ်ပန်ဆိုင်း ကိုသိမ်းပြီး မုံးပေါ်လွင်ပြင် မုံးကိုးဒေသတွေကို သူတို့ရဲ့ အခြေစိုက်ဒေသတွေလုပ်ပစ်လိုက်တယ်လေ။ ဗကပ ရဲ့ ပီကင်းအသံကနေ နေ၀င်းစစ်ခွေးတွေရဲ့ မီးချစ်ဖာလောက်ရှိတဲ့ တင့်ကားလေးတွေဆိုတဲ့ အခေါ်အဝေါ်စတင် ပေါ်ပေါက် လာတဲ့အချိန်မှာဘဲ ကျုပ်အဖေကြီး ချစ်ဇနီး နဲ့ သားချောလေး ကျုပ်ကို ယောက္ခမတွေလက်ထဲအပ်ပီး ရှေ့တန်းကို ထွက်ခွာသွားပါတော့တယ်ခင်ဗျား ။
အဲ့ဒီမှာ ရှာရှည်စရာကပေါ်လာပြန်ရော ဟီး … ကျုပ်အမေက မန်းသူချောလေးပေါ့ သူတို့နှစ်ယောက် အဖေ အမေရိကန် မသွားခင် မန္တလေးရာပြည့်ပွဲမှာ တွေ့ကြိုက်ကြပီး ပြန်လာတော့ ယူလိုက်ကြတာတဲ့ ဟဲဟဲ ကျော်ဇင်လင်းတို့လို နေမှာပေါ့။ သူတို့ကလဲပြန်လာရင်ယူမယ်ဆိုဘဲ။ ငိငိ … ကျုပ်ငယ်ဘ၀ ကျောင်းမနေခင်ထိ မန္တလေး ပုလဲငွေရောင်ဝင်း လို့ခေါ်တဲ့နေရာမှာ ကြီးပြင်းခဲ့တာလေ။…..
၁၉၆၈ ခုနှစ် ဖေဖေါ်ဝါရီလ …. “ ဟရောင် ဘီလူး … ဂီယာဖြုတ်..ကလပ်နင်း … ဘရိတ်လွှတ်” တပ်ကြပ်ကြီး ကိုကို ၏ အမိန့်သံအဆုံးတွင် Humber တိုက်ယာဉ် တဘ/ …….. ကြီးသည် ကုန်းမူထက်မှ တောင်စောင်းအတိုင်း လိမ့်ဆင်း သွားသည် နှင့်တပြိုင်တည်း မူလက တိုက်ယာဉ်ကြီးရပ်နေခဲ့သောနေရာတွင် “ဂျိမ်း” ဟူသောမည်ဟိန်းသံကြီးနှင့်အတူ မြေစာများမိုးယံထက်သို့လွင့်ပျံတက်သွားသည်ကို တိုက်ယာဉ် အဖွဲ့သားများအားလုံးတွေလိုက်ကြရသည်။ “ဆရာ နန္ဒ ဘယ်ဘက် ကိုက်၅၀၀ ပြောင်းခင်းအလွန်တောင်ကုန်းတွေ့လား အဲ့မှာမီးပွင့်သွားတယ် မအေပေးတရုပ်တွေ ၅၇တော့ မဟုတ်ဘူးဗျ ၇၅ ဘဲဖြစ်မယ် ခင်မျာ့ကောင်ကြီးနဲ့ HE ၃လုံးကျွေးလိုက်စမ်းဗျာ …

၂၅ံ လောက်တော့ရှိမယ်ထင်တယ်” တိုက်ယာဉ်မှုး ဆရာကြီးကိုကို ၏အမိန့်အဆုံး ဂန်နာ တပ်ကြပ် နန္ဒထွန်းထက် ၏ ၃၇မီလီမီတာ အမြှောက်ကြီးမှ မီးပွင့်သုံးပွင့်လွင့်တက်သွားကာ ရန်သူ့တောင်ကုန်းပေါ်တွင် ပေါက်ကွဲမှု နှစ်ခု တွေရပြီး စက္ကင်းဒရီ အိပ်စ်ပလိုးရှင်း များ ထပ်တွေ့ရပါသည်။ သို့သော် ဆရာကြီးကိုကို မကျေနပ်ပါ အဘယ့်ကြောင့်ဆိုသော် သူ့တပည့် ၏ တတိယမြောက်ကျည် ပျောက်နေပါသည်။ ပစ်မှတ်ပေါ်သို့သော်လည်းကောင်း အခြားနေရာသို့လည်းကောင်း ကျရောက်ပေါက်ကွဲရမည် ဖြစ်သော်လည်း ဘယ်မှာမှမတွေ့ “ဆရာနန္ဒ မင်းနောက်ဆုံးအလုံး ဘယ်ရောက်နေလဲ ..ဟ” “နောက်ဆုံးအလုံးမဟုတ်ဘူး ဆရာကြီး … ပထမဆုံးအလုံးဗျ” ထိုစဉ် ဘယ်ညာ ၀ီဇီ သံများနှင့် အတူ ဘယ်ဘက် ပြောင်းခင်းထဲမှ ပြောင်းပင်တွေ မြေပေါ် တဖြုတ်ဖြုတ်ပြုတ်ကျကုန်ပီး “ဖောက်တောက်တောက် ….ဖောက်တောက် … ဖျောဖျော” အသံများနှင့် ဒေါင် ..ဒေါင် …ချလွင် ခွပ် အသံများထွက်ပေါ်လာသည်။ “ဟိုက် … ဆော်ကုန်ဘီဟ .. ခြေလျင်တွေကွ ..ဒီကောင်တွေ ပြောင်းခင်းထဲထိုင်စောင့်နေတာဘဲ ကိုက် ၁၅၀ လောက်ဘဲ ဝေးလိမ့်မယ်ဟ .. Over run ဖြစ်လို့မရဘူးဟေ့ ငါ့ကောင်ကြီး ဒီကောင်တွေတက်သိမ်းလိမ့်မယ် .. ဟရောင်ဘီလူး ဟိုနောက်ကကျောက်ဆောင်ကွေ့တွေ့လား ဇီးခြုံလေးနား ဆုတ်ကွာ.. ကျောက်ဆောင်နဲ့ကွယ်ထားကွာ” ပြောသည့်နေရာသို့ ယာဉ်မောင်း ဘီလူး ရောက်အောင်ဆုတ်သွားပီး နည်းဗျူဟာမြောက် နေရာယူလိုက်သည်။ ဘီလူးကား မိတ္ထီလာ သခက(၁) တွင် အတော်ဆုံးယာဉ်မောင်းဖြစ်သည်၊
“ဆရာကြီး ခုနက ဂီယာဖြုတ်..ကလပ်နင်း…ဘရိတ်လွှတ် ဆိုလို့ ကျွန်တော်လဲ လိုက်လုပ်လိုက်တာ ကံကောင်းသွားတယ်နော် ဆရာကြီး ..” “အေးပေါ့ကွ မင်းကို နောက်ဆုတ်ဆိုရင် မင်းဘက်ဂီယာထိုးနေတာနဲ့တင် တို့ ၃ ယောက် ခုလောက်ရှိ နတ်သမီးလေးတွေနဲ့ တွေ့နေဘီ” ( ကဲ ကြုံတုန်းလေး အမိန့်နာခံခြင်းရဲ့ အကျိုးတွေ့ကြဘီလား … ဒီနေရာမှာ ယာဉ်မောင်းရဲဘော်က အမိန့်ကို ပြန်လှန်မေးခွန်းထုတ်နေခဲ့ရင် သူတို့ ဘာတွေဖြစ်သွားမလဲ သဘောပေါက်ပါတယ်နော် - စကားချပ်)
ဆက်ရန်မျှော်
Ttk.ots73
— with Maung Paing and 20 others.