
ထန်းပင် ဆိုတာ က အညာဒေသ အတွက်တော့ လိုတရ အပင်ကြီး လိုပဲ ။ သူဆီက ရသမျှ အသုံးမပြု ပဲ လွှင့် ပစ်လိုက်ရတယ်ဆိုတာ ရှားတယ် ။ ထန်းရွက်ကို အိမ်မိုးတယ် ။ ထန်းလက်ကို အိမ်ကာတယ် ။ ဝန်းထရံ အဖြစ်ကာတယ် ။ ကလေးကစား စရာအစ ၊ စားပွဲ ၊ ကုလားထိုင် အဆုံး ထန်းလက် နဲ့ လုပ်ကြတယ် ။ ထန်းလျှော် ကို ကျတော့ တောင်းယက်တယ် ။ ဖျာ ယက်တယ် ။ ကြိုးကျစ်တယ်။
နောက် ထန်းရေ ရတယ် ၊ ထန်းလျှက် (ထန်းညက်) ရတယ် ။ ထန်းညက် ထုတ်ယူရင်း ခုတ်ထစ် ဖယ်ရှားပစ်တဲ့ ထန်းခိုင်တွေ ၊ ထန်းရိုးတွေ ကျတော့ ။ ဆေးလိပ် (ဆေးပေါ့လိပ်) လုပ်တဲ့ ဆေးရိုးအဖြစ် သုံးတယ် ။ ထန်းသီး ကို လူစားတယ် ။ အခွံ လေးတွေ ကျတော့ ပါးပါးစဉ်း ပြီး နွားကျွေးတယ် ။ နောက် ရာသီစာ ထန်းပင်မြစ် ပေါ့ ။

ထန်းသီး
ကျွန်တော်တို့ နယ်ဘက်မှာတော့ ထန်းပင်ပေါက်ခါ စ ဖြစ်တဲ့ အတွက် ... ထန်းပင်ပေါက် လို့ ပဲ ခေါ်တယ် ။ ထန်းပင်မြစ် လို့ မခေါ်ဘူး ။ ဝါဆို ၊ ဝါခေါင် ဆိုရင် ထန်းသီးတွေ က ရင့် နေပြီ ။ တချို့ ကျတော့လည်း မှည့်ပြီး ထန်းပင်ပေါ် ကကြွေ ကြတယ် ။ လူ သွား လူလာနဲ့ နီးတဲ့ ထန်းပင်တွေ ကျတော့ မှည့်ပြီး ကြွေ မကျခင်တည်း က တက် ချိုင် (ခုတ်ချ) လိုက်တယ် ။ ပြီးတော့ ထန်းသီးရွန်းဗျင်း (မှည့်ခါနီး) လေးတွေကို ဓားလေး နဲ့ ပါးပါးလေးတွေ စဉ်း ပြီး နွားတွေ ကျွေးတယ် ။ မှည့်ပြီး ပျော့သွားတဲ့ ထန်းသီးတွေကိုတော့ ရေ စိမ်ပြီး အရည်ညှစ်တယ် ။ ထန်းသီးမုန့် လုပ်စားတဲ့ ခါ လည်းစားပေါ့ ။ ဒါပေမဲ့ များသော အားဖြင့်တော့ အဲဒီ အရည်တွေကို နွားတွေ တိုက်တယ် ။ ချို ချို မွှေးမွှေး လေး ဆိုတော့ နွားတွေကလည်း ထန်းသီးမှည့်ရည် ကို သိပ်ကြိုက်ကြတယ် ။ ထန်း သီးတွေ ပေါ် ချိန်ဆိုရင် အိမ်က ခိုင်းတဲ့ နွားတွေ က ဝ ပြီး ပြောင်နေတာပဲ ။ ထန်းသီး စားရတာ နွား က ၊ မြက် စို စားတဲ့ နွားထက် ပိုဝတယ် ။အဲလို နွားတွေ စဉ်းကျွေးပြီးသား ၊ အရည်ညှစ်ပြီး သား ထန်းသီးစေ့ တွေကို တော့ အိမ်ဝန်း ရဲ့ တနေရာရာ မှာ ပုံထားတတ်ကြတယ်။ 
နွားကျွေးဖို့စဉ်းထားတဲ့ထန်းသီးဖတ်

ထန်းသီးမှည့်
အညာဘက်မှာ ဝါခေါင် (သို့) တော်သလင်း လမှာ ကျီမိုး ဆိုတာ ရွာလေ့ရှိတယ် ။ ကျီမိုး ဆိုတာ ကတော့ ရွာ အခေါ်ပေါ့ ။ မိုး က စွေပြီး ရွာလွန်း လို့ ကျီထဲ က စပါး ထုတ်ထုတ်စားရလို့ ကျီမိုးလို့ ခေါ် တယ်လို့ လူကြီးတွေက ပြောတယ် ။ တစ်ပါတ် ၊ ၈ ရက်ထိ စွေပြီး ရွာတာပေါ့ ။ တချို့ နှစ်တွေ ကျတော့လည်း အဲလောက်မရွာဘူး တခါတလေတော့ လည်း ၁၀ ရက်ကျော်ထိရွာလေ့ရှိတယ် ။ အဲဒီ ချိန်ဆို အညာဒေသ ခြောက်သယောင်း ပြီး ၊ ဖုန်ထနေတဲ့ မြေတွေက နူးအိသွားကြတယ် ။ အဲဒီမိုး ရွာ တဲ့ ချိန်ကိုတော့ ကျီတည့်တယ် လို့ ပြောကြတယ် ။ ကျီတည့်ပြီး ပြီ ဆိုရင် တခြား ဆောင်းသီး နှံ စိုက်ပျိုးဖို့ လုပ်ကြ တာ တွေ အပြင် ထန်းသီးစေ့ မြှပ် တာ ပါ လုပ်ကြတယ် ။ ကိုယ့်  အိမ်ဝန်းထဲမှာ ပဲဖြစ်ဖြစ် ၊ ရွာနဲ့ နီးတဲ့ နေရာပဲ ဖြစ်ဖြစ် ၊ သဲဆန် တဲ့ မြေ တွေ မှာ ထန်းသီး ကို မြှပ်ကြတယ် ။ ပထမ တော့ မြေကို တူးရွန်းလေးတွေ တူးပြီး နည်းနည်း ဆွ ပေါ့ ။ နောက်တော့ ခြေကျင်းဝတ် သာသာလောက်ထိ မြေသားလေးတွေ ပုံ ၊ အဲဒီ ပေါ်မှာ ထန်းသီးစေ့ လေးတွေ လောင်းထည့်လိုက် ၊ မြေလေး ဖို့ လိုက် လုပ်ပေးရတယ်။ အဲလို နဲ့ ထည့်လိုက် ဖို့ လိုက် လုပ်ပြီး အပေါ် ဆုံးမှာ တောင်ဆုပ် (တစ်တောင် လက်သီးဆုပ်) လောက်ထိ မြေသားလေးတင်ပေးရတယ် ။ အဲဒါတွေ အားလုံး ပြီးတဲ့ ခါ ...မြက် ဖုတ် (မြက်ပင်အုပ်လိုက်) ကလေးတွေ အပေါ် ပစ်တင် ပြီး ဆူးခက်လေးတွေ အုပ်ပေးထား ခဲ့တယ် ။ မြက်တင်တာ ကတော့ အဲဒီမြက်လေးတွေက အပင် ပေါက်ပြီး ...ရေထိန်း အောင်လို့ ။ ဆူးခက်အုပ်တာကတော့ နွား ၊ ဆိတ် ၊ သိုးတို့ ထန်းသီးကျင်း ပေါ် တက်မှာစိုးလို့ ။ အပြင်ကနေ ကြည့်ရင်တော့ ပေါင်လည် လောက်ရှိတဲ့ မြေသား ပုံကြီးတွေလိုပဲ ။ ဒါပေမဲ့ အဲဒါတွေ က ထန်းသီးကျင်းတွေပါ ပဲ ။ ဒါက သဲထန်းပင်မြစ် စိုက်တဲ့ နည်းကိုပြောတာ ။

သဲထန်းပင်မြစ်
နောက် ရုက္ခစိုး ထန်းပင်မြစ် ဆိုတာ တစ်မျိုးရှိသေးတယ် ။ ရုက္ခစိုး ထန်းပင်မြစ် စိုက်တာ က သဲထန်းပင်မြစ် နဲ့ မတူဘူး ။ ကျွန်တော်တို့ နယ်ဘက်မှာ က တချို့ နေရာတွေက စနယ်မြေတွေ ။ တချို့ နေရာတွေ က သဲမြေတွေ ။ စနယ် မြေ ဆိုတာ က ရွှံ့စေး မြေတွေ ။ မိုးရွာ ပြီးချိန် စနယ်မြေပေါ် ဆိုင်ကယ်တို့ စက်ဘီးတို့ သွားစီးရင် ... ဘီးတွေ ကမလည်တော့ဘူး ။ အကုန်ကပ် ကုန်လို့ ။ အဲလို စနယ်မြေ ရှိတဲ့ နေရာတွေမှာ ရုက္ခစိုးထန်းပင်မြစ် (ထန်းပင်ပေါက်) စိုက်ကြတယ် ။ သူက နည်းနည်း လက်ဝင်တယ် ။ ထန်းသီးစေ့ စိုက်မဲ့ နေရာ ကို ကိုယ်လိုတဲ့ အတိုင်းတာ နဲ့ ငုတ်တိုင်လေးတွေ ရိုက်ရတယ် ။ ပြီးတော့ ဝါးကတ် ၊ ယိုင် (နှီးနဲ့ယက်ထားတာ ..လှည့်နဲ့ စပါးတိုက်ရာသုံးတယ် ) အစုတ် ကို အဲဒီ ငုတ်လေးတွေ နဲ့ ပတ်တယ် ။ ပြီးတော့ စနယ်မြေ လေး လောင်းထည့် ဒူးဆစ်လောက်ရှိပြီဆိုရင် ထန်းသီးစေ့တွေ လောင်းထည့် လိုက် မြေလေးတွေလောင်းထည့်လိုက် လုပ်ရတယ် ။ ထန်းသီးလောင်းထည့်လို့ ပြီးတဲ့ခါ အပေါ် ကနေ မြေဖုံးပေါ့ ။ သဲထန်းပင်မြစ် က ရေလောင်းပေးစရာမလိုပေမဲ့ ရုက္ခစိုး ကတော့ မိုးသိပ်မရွာရင် ရေလောင်းလောင်းပေးရတယ် ။
ရုက္ခစိုးထန်းပင်ပေါက်
ရုက္ခစိုး ထန်းပင်မြစ်ခုလို ပြာသို ၊ တပို့ တွဲ ဆိုရင် ထန်းပင်ပေါက် တွေ ဖော်တယ် ။ သဲထန်းပင်မြစ်နဲ့ ရုက္ခစိုး နဲ့ ကွာတာ က .. သဲ ထန်းပင်မြစ် က အချောင်းလေးတွေ ချောတယ် ။ အမြစ်ရှည်တယ် ။ ရောင်းပန်းလှတယ် ။ စိုက်ရတာလည်း အလုပ်ရှုပ်သက်သာတယ် ။ ဖော်ရတာလည်းလွယ်တယ် ။ ဒါပေမဲ့ စားတဲ့ ချိန်ကျတော့ သိပ် စေးစေးပိုင်ပိုင် မရှိဘူး ။ ရုက္ခစိုး ထန်းပင်မြစ် ကတော့ စိုက်ရတာရော ၊ ဖေါ် ရတာရေ လက်နည်းနည်းဝင်တယ် ။ ပုံစံ ကလည်း ပုတိုတို နဲ့ တခါတလေ အဖုအထစ်တွေ နဲ့ ။ မြင်ပန်းမလှဘူး ။ အဲဒါကြောင့်လည်း ရုက္ခစိုး ထန်းပင်ပေါက် လို့ ခေါ်တာ ။ ဒါပေမဲ့ စားရတဲ့ခါမှာတော့ စေးပိုင်နေတယ် ။ အရသာပိုရှတယ် ။
ထန်းပင်ပေါက်ဖုတ်

ထန်းပင်ပေါက်ပြုတ်
အိမ်မှာတော့ ထန်းပင်ပေါက် ကို ဝယ်ရယ်လို့ မစားရဘူး ။ အိမ်တိုင်းလိုလို က ကိုယ့်ထန်းသီးကျင်း ကိုယ်ရှိသလို ။ အများကြီးစိုက် တဲ့ လူတွေ က ... ထန်းပင်ပေါက်တူး ၊ ထန်းပင်ပေါက်ဖြတ် ၊ ထန်းပင်ပေါက်စည်း ငှား ရင်လည်း ... ထန်းပင်ပေါက် ရောင်းတန်းမဝင်တဲ့ ဟာ မှန်သမျှက လိုချင်သလောက်ယူ အလကားရတယ် ။ ထန်းပင်မြစ် က နည်းနည်း ရင့်သွားတယ်ဆိုရင် အခွံ က နေ ချော်ကျိကျိ အရည်လေးတွေ ထွက်လာတယ် ။ အဲဒါကို ဝမ်းကျ တယ်လို့ ခေါ်တယ် ။ ထန်းပင်မြစ်ဝမ်းကျ ဆိုရင် စားလို့ ရပေမဲ့ ရောင်းပန်းမလှတော့ ထွက်သမျှ ဟာ ထန်းပင်ပေါက်တူးတဲ့ သူပဲရတယ် ။ ထန်းပင်ပေါက် ဖြတ်တာ ကကျတော့ ထန်းပင်မြစ် ကို ကျင်းကနေ တူး တဲ့ ချိန် ထန်းသီးစေ့လေးတွေ က တန်းလန်းလေးတွေ ။ အဲဒါ လေးတွေကို ဓားနဲ့ ဖြတ် ။ ထန်းဖူး လေးတွေ နဲ့ ၂၅ ချောင်း တစ်စည်း စည်း ။ ပြီးတော့ အဲဒါလေးတွေ စီပြီ ကားပေါ် တင် ။ မန်းလေး ကို သွားရောင်းကြတယ် ။ ရွာဖက်မှာ တစ်စည်းလုံးမှာ အစိတ် ၊ ၅၀ လောက်ရပေ မဲ့ မန္တလေးတို့ဘာတို့ သွားရောင်းရင်တော့ ဈေး ပိုရတာပေါ့ ။ တချို့ ရွာဖက်က လည်လည်ဝယ်ဝယ်ရှိ ပြီး အရင်းနှီးရှိ တဲ့သူတွေကျတော့လည်း ...ထန်းသီးကျင်းတွေ ကို မဖော်ခင် ကျင်းပြတ်ဝယ်ပြီး မန္တလေးတို့ လားရှိုး တို့ နဲ့ ထန်းပင်ပေါက် ကူးကြတယ် ။ ဈေးကောင်းရင်ကောင်းသလောက် အမြတ်ကျန်တာပေါ့ ။ 
ထန်းသီးနုနု
ထန်းသီးနုနု လေးတွေ ကို စားရကောင်းမှန်းတော့ အတော်များများ သိကြတယ် ။ ဒါပေမဲ့ ထန်းသီးစေ့ က နေ ထန်းပင်ပေါက်ဖြစ်ပြီး .. ထန်းသီးစေ့ ထဲမှာ ရှိနေတဲ့ ဆံကျီထွေး (ထန်းသီးဆံ) ကိုတော့ စားလို့ရမှန်းသိပ်မသိကြဘူး ။ ငယ်ငယ် ကတော့ ခုလို ထန်းသီးကျင်းတွေ ဖော် ချိန်ဆို ပျော်နေတာပဲ ။ ဓားလေး တစ်ချောင်း ခါးထိုးပြီး ကြိုက်တဲ့ ကျင်း မှာ သွားခွဲစား ဘယ်သူမှ မတွန့်တိုကြဘူး ။ အဲဒီ ထဲမှာ မှ တီကိုက်စေ့ ပေါတဲ့ ထန်းသီးကျင်းဆိုရင် ကျင်းရှင်တွေ အတွက်သိပ်မကိုက်ပေမဲ့ ... ကလေးတွေ အတွက်တော့ ကြိုက်မှကြိုက်ပဲ ။ ထန်းသီးစေ့ ကနေ အညှောင့် ကလေးတွေ ထွက်လာ ... ပြိးတော့ ထန်းပင်မြစ် ဖြစ်တာပေါ့ ။ ထန်းပင်မြစ် မဖော်ပဲ ဒီတိုင်းထားရင်တော့ ထန်းပင်ကြီးတွေ ဖြစ်တာပေါ့ ။ ဒါပေမဲ့ တချို့ ထန်းသီးစေ့ ကျတော့ မြေကြီးထဲမှာ တင် တီကောင် ကိုက် ခံ ရပီး ထန်းပင်ပေါက်မဖြစ်တော့ဘူး ။ လက်ညှိုးလောက် အညှောင့် ငုံးတိုလေးတွေ နဲ့ ပဲ အဆုံးသတ်သွားတယ်။ အဲလို တီကိုက်စေ့ ကို ဓားနဲ့ ခွဲ လိုက်ရင် ဆံကျီထွေး ရတယ် ။ ထန်းသီးဆံပေါ့ ။ ချို ဆိမ့် ပြီး အေးနေတာပဲ ။ တောသား ကိတ်မုန့် ပေါ့ ။ ငယ်ငယ်တုန်းကတော့ ကိတ်မုန့် စားမလား ၊ ထန်းသီးဆံ စားမလားဆို ထန်းသီးဆံ ပဲ စားတာပဲ ။ 
ထန်းသီးဆံ (ဆံကျီထွေး)
ခုလို ဆောင်းတွင်းဆို မနက်စောစော အိမ်က အဖေက နွားလေးတွေ နွားစားကျင်း ရွှေ့ ၊ နွားကျွေး ။ ပြီးတာ နဲ့ ထန်းရွက်ခြောက်ကို မီးစရှို့တယ် ။ ပြီးတော့ အဲဒီပေါ်မှာ ထန်းပင်ပေါက် အစည်းလိုက် ပစ်တင်လိုက်တယ် ။ မောင်နှ မတတွေ ထန်းပင်ပေါက် အနံ့ လေး မွှေးလာပြီဆိုရင် အပြေးအလွှား ထ ... အတုတ်ဆုံး ဟာပြေးဦးကြတယ် ။ ပြီးတော့ မဲနေတဲ့ အခွံတွေ နွှာ မီးကျီရဲရဲလေးတွေ တင်ပြီး ဗျောက်ထိုးလိုက်တယ် ။ မီးကျည်း ခဲ ရဲရဲလေးပေါ် ထန်းပင် မြစ်တင်လိုက်ရင် ဖျစ် ဖျစ် ဖျစ် နဲ့ အသံလေးတွေ မြည်ပြီးပေါက်သွားတာ ကို ဗျောက်ထိုးတယ်လို့ ခေါ်တယ် ။ ပြီးတော့ အဝတ်လေးနဲ့ သုတ် ။ အတိုလေးတွေ ချိုး ပြီး အမေ ထည့်ပေးတဲ့ ဆီ နဲ့ ခွက်လေးထဲမှာ တို့ စားကြတယ် ။ အဖိုး အဖွား အတွက်တော့ ငရုတ်ဆုံလေးထဲထည့်ထောင်းပေးတယ် ။ ပြီးတော့ အဲဒီ ထန်းပင်မြစ်ထဲ က အူတံ လေးတွေကို နှုတ် အစိတ်လေးတွေ စိတ်ပြီး ... ယုန်ရုပ်ကလေးတွေ ၊ ဖားရုပ်ကလေးတွေ ၊ သမင်ရုပ်ကလေးတွေ ၊ နွားရုပ်ကလေးတွေ ထိုးတာကို အဖိုး ကသင်ပေးတယ် ။ နည်းနည်း နေလေးပွင့်လာချိန်ဆိုရင် မုန့်ပေါင်းသည်တို့ ၊ အကြော်သည်တို့ က အိမ်လည်ရောင်း ပြီဆိုရင် အမေက ဝယ် ။ အဖေ တို့ အကိုတို့ က တောမသွားခင် စားကြ တာပေါ့ ။ ကျွန်တော် ကတော့ ခွေးဝင်စား ။ ဟိုထဲလည်းပါ ။ ဒီထဲလည်းပါ ပေါ့ ။ 

နောက် လမ်းပေါ်တံမြက်စည်းတွေဘာတွေ လှည်း ၊ နွားချေးတွေဘာတွေ ကျုံး ၊ နွားစားကျင်းတွေဘာတွေ ရေဆေးပြီးလို့ ကျောင်းသွားတော့မယ်ဆိုရင် အမေ က ထန်းပင်ပေါက် ဖုတ်ပြီးသားလေး ၃ ချောင်းလောက်ထည့်ပေးလိုက်တယ် ။ မုန့် ဖိုးရယ်လို့ မပေးဘူး ။ ထန်းပင်ပေါက်လေး ခါးကြားထိုး ပြီးကျောင်းသွားပေါ့ ။ ကျောင်းရောက်ရင် ခါးကြား ကထန်းပင်ပေါက်လေး ထုတ် ...ဓားလုပ်ပြီး အချင်းချင်း သိုင်းချ ပေါ့ ။ ဗိုက်ဆာ တဲ့ ခါကျတော့ ချိုးပြီးစားလိုက်တယ် ။ ကျောင်း မှာ ပေါက်ကရတွေ အော် ၊ မျောက် ရှုံးအောင် ဆော့ပြီး အိမ်ပြန်ထမင်း စား ။ နေ့လည်ခင်းကျောင်းသွားတော့ အမေ က ထန်းသီးဆံ လေးတွေ က အဆင်သင့် ခွဲထားပြီးသား ။ တခါတလေးကျတော့ ထန်းဖူးလေးတွေ နဲ့ ကုံးလို့ ၊ တခါတလေးကျတော့ တုတ်ချောင်းလေးတွေ နဲ့ ထိုးလို့ ... အမေ ကလိုချင်စရာလေးဖြစ်အောင်လုပ်ပေးတယ် ။ အမေ လုပ်ပေးတဲ့ ထန်းသီးဆံ ကုံးလေး လက်မှာ ဝတ် ....ဟေးဝါ ..ဟေးဝါး အော်ဟစ်ပြီး ကျောင်းသွား ရတာ ပျော်မှပျော် ။ ခုလို ဓာတုဆိုးဆေးတွေ ၊ ကျန်းမာရေးနဲ့ မညီညွတ် တာမရှိသလို ၊ မုန့် တိုက်ပွဲ တွေလည်းလုပ်ဖို့ မလိုဘူး ။ ဘာရယ်မဟုတ်ပါဘူး ။ စိတ်ထဲစားချင်နေတဲ့ ထန်းပင်ပေါက်တွေရော ၊ မုန့်ပေါင်းတွေရော ၊ အကြော်တွေ ရော စဉ်းစားရင် ..သူများတွေ ပါ ဒုက္ခ ပေးကြည့်တာ ... :D

ထန်းသီးမှည့်အနှစ်

ထန်းသီးမုန့်
~~ရုပ်ဆိုး~~
ဓာတ်ပုံတွေ က ကျွန်တော် နက် ကနေ တွေ့ တာဒေါင်းယူထားမိတာပါ ။ ဆိုဒ်တွေ မမှတ်မိလို့ မူရင်း ဓာတ်ပုံဆရာတွေကို ခရက်ဒစ်ပေးပါတယ် ။