ကျွန်တော်တာဝန်ယူထားရတဲ့ မော်လမြိုင်မြို့နယ်ရဲ့ Satellite clinic ဆေးခန်းအခွဲအဖြစ် မုဒုံမှာ ဖွင့်ထားတာရှိပါတယ်။ အဲဒီဆေးခန်းကို အပတ်စဉ် သောကြာနေ့တိုင်း သွားရတယ်။ များသောအားဖြင့် မုဒုံမှာက မွန်စစ်စစ်တွေ လာလေ့ရှိတော့ ဆက်ဆံရပိုအဆင်ပြေအောင် မွန်လုံချည်လေး ၀တ်ပြီး လှလှပပ သွားလေ့ရှိတယ်။ မွန်မလေးတွေကလည်း တယ်ချော မဟုတ်လား။ မွန် ဗမာ ချစ်ကြည်ရေးလေး ရလိုရငြားပေါ့။ ဒီနေ့လည်း ထုံးစံအတိုင်းပဲ ရှပ်အကျီင်္အဖြူရောင်လေးရယ်၊ မွန်ပုဆိုးအနီကွက်လေးရယ် ၀တ်ပြီး သွားတာပေါ့ဗျာ။ လှချင်တိုင်းလှ ခန့်ချင်တိုင်းခန့် လို့ပေါ့၊ ကိုယ့်အထင် ကိုယ့်အထင်။
ဆေးခန်းရောက်ပြီး လူနာကြည့်နေတုန်း စမ်းသပ်ခန်းအပြင်မှာစောင့်နေတဲ့
ဆရာလေးက အသက်ဘယ်လောက်ရှိပြီလဲ
ကျွန်တော့်အဖွဲ့သား ကောင်မလေးတစ်ယောက်က ပြန်ဖြေတယ်..
၂၄နှစ်ပဲ ရှိသေးတယ်
(အမှန်တော့ ၂၄နှစ်က ပြည့်ပြီးတာ အတော်ကြာပြီ၊ ၂၅ဆိုတဲ့အသံကို မကြားနိုင်လို့ ဘယ်သူမေးမေး ၂၄လို့ပဲဖြေ လို့ မှာထားတာ)
အော် ငယ်ငယ်လေး ရှိသေးတာပဲ၊ ကျွန်မက ဆရာဝန်ဆို အသက်ကြီးကြီးတွေပဲ မှတ်နေတာ၊ တော်လိုက်တာနော် တဲ့။
အထဲမှာ ဆေးထိုးဖို့ ပြင်နေတဲ့ကျွန်တော် ဘာပြောကောင်းမလဲဗျာ၊ ဘ၀င်တွေလေဟပ်လို့ ပြုံးဖြီးဖြီးကြီး ဖြစ်နေတာပေါ့။ ကိုယ့်ကို ချီးမွမ်းနေတာကိုး။
အဲဒီမှာတင် မွန်စစ်စစ်အမျိုးသမီးကြီးတစ်ယော
ဟုတ်ပါ့..
(ဟယ် နောက်တစ်ယောက်ကလည်း ထောက်ခံနေပြန်ပြီ။ သူရော ဘာတွေချီးမွမ်းဦးမလဲ မသိဘူး)
စိတ်ဝင်တစား နားထောင်နေလိုက်တယ်။ ဆေးစုပ်နေတဲ့ကျွန်တော် ဆေးမှာ အာရုံတစ်စက် မရှိတော့ဘူး။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိတ်တွေလှုပ်ရှားနေပြီ။ အကယ်ဒမီဆု ကြေညာခါနီး အနုပညာရှင်တွေ ခံစားရသလိုပေါ့။
ဟုတ်ပါ့ ကျွန်မက မြို့က ဆရာဝန်ဆိုတော့ ဖြူဖြူချောချောလေးထင်တာ၊ ခုတော့ အသားမဲမဲ ရုပ်ဆိုးဆိုးနဲ့ တဲ့။
ကျွန်တော့်ရင်ထဲ ဘယ်လိုများဖြစ်သွားမလဲဆိုတာ ၀င်သာ ကြည့်ကြပါတော့ဗျာ။ ဒီအကြောင်းကို ပြန်တွေးမိလိုက်တိုင်း ရင်ထဲတဆစ်ဆစ် နာနေတုန်း။ လက်ထဲက ဆေးပုလင်းတောင် လွှတ်ကျတော့မတတ် ဖြစ်သွားတယ်။ ချက်ချင်းပဲ ဆေးပုလင်းလေး ခဏပြန်ချ၊ မှန်တစ်ချပ် အမြန်သွားယူခိုင်းပြီး ကိုယ့်ရုပ်ကိုယ် ပြန်ကြည့်ရသေးတယ်၊ သူပြောသလောက်များ ဆိုးနေသလား လို့။ အသားအရောင်က အညိုရဲ့ ဟိုဘက်ကို မဆိုစလောက် နည်းနည်းလေး ကျွံနေတယ်ဆိုပေမဲ့လို့ ရုပ်ကတော့ အဲ့လောက်ကြီးပြောရလောက်အောင် မဆိုးပါဘူးဗျာ။ ရယ်လိုက်ရင် သွားထပ်လေးနဲ့ အမှတ်တမဲ့ကြည့် ပြေတီဦးလိုလို ဘာလိုလိုနဲ့။ ဟုတ်တယ်မှလား၊ မဟုတ်လည်း အားနာပါနာနဲ့ ဟုတ် ပေးပါဗျာ။
ကျွန်တော် မော်လမြိုင်ကို စပြောင်းရတော့မယ်ဆိုတော့ ရုံးကလူကြီးတွေက မှာတယ်၊ မော်လမြိုင်ကလူတွေက စကားပြောရင် ဘွင်းဘွင်းကြီးပြောတတ်တယ်၊ ပြောလိုက်ရင်လည်း အော်ကြီးဟစ်ကျယ်နဲ့၊ မသိရင် ကိုယ့်ကို ရန်တွေ့နေသလိုပဲ တဲ့။ ဒါပေမဲ့လည်း ဒီလောက်ကြီးတော့ မထင်ခဲ့မိဘူး၊ စဉ်းစားကြည့်လေဗျာ၊ ဘယ်လူနာကများ ဆရာဝန်ကို ဒီလိုပြောမှာတဲ့တုန်း။ ဒီမရောက်ခင် ဧရာဝတီတိုင်းမှာတုန်းကဆို တွေ့သမျှလူနာတွေက ချစ်စရာလေးနော် ချစ်စရာလေးနော် နဲ့ ပြောတတ်ကြလွန်းလို့ ကိုယ့်မှာ ကျော်ထွဋ်ဆွေသီချင်းလို ဗျာ ဗျာ နဲ့ ခဏ ခဏ ပြောခဲ့ရတာ။ အဲ့လိုအနေအထားကနေ ဒီရောက်မှ ခုလိုကြီး အပြောခံလိုက်ရတော့ ကျွန်တော် ဘယ်လိုခံစားရမလဲ စဉ်းစားသာကြည့်ပါတော့။ "တသက်လုံး ကိုယ်ပြောသမျှ လုပ်သမျှ ငြိမ်ခံ ငုံ့ခံ ပေခံ နာခံနေခဲ့ကြတဲ့သူတွေက ခုမှ ကိုယ့်ကို ဆိုင်းဘုတ်တွေကိုင် ဆန္ဒပြနေကြတာကို ဘာမှပြန်မလုပ်ရဘဲ သည်းခံပြီး ကြည့်နေရတဲ့ ၀န်ကြီးတွေ"ကိုတောင် မဆီမဆိုင် ကိုယ်ချင်းစာမိလိုက်သေးတယ်။
တိုင်းရင်းသားတွေနဲ့ တွဲပြီးအလုပ်လုပ်ရမဲ့သူတွေဟာ သူတို့ရဲ့ ထုံးစံတွေ ဓလေ့တွေကို နားလည်ပေးဖို့တော့ လိုမယ်ဗျ။ ကျွန်တော့်အတွက် ဒါက စိတ်ဆိုးစရာဆိုပေမဲ့ သူ့အတွက်ကျတော့ ဒီလိုပြောတာက သာမန်လိုဖြစ်ချင်ဖြစ်နေမယ်လေ။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးမှာ ဒီလိုအပြန်အလှန်နားလည်မှု ရှိဖို့က သိပ်အရေးကြီးပါတယ်။
နောက်ပြီး သူ့မှာလည်း သူမျှော်လင့်ထားတာနဲ့ မြင်လိုက်ရတာနဲ့က တခြားစီဖြစ်နေတော့ ခံစားချက်တွေ ရင်ထဲမျိုသိပ်မထားနိုင်တော့ဘူး
ဒီလိုပဲ နားလည်ပေးရသလို အကောင်းဘက်ကလည်း လှည့်တွေးတတ်ရတယ်ဗျ။ ဒါမှစိတ်ချမ်းသာမှာ။ မဟုတ်ရင် စိတ်ညစ်စရာကြီး။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ရှာကြ ဝေဖန်ကြ တိုက်ခိုက်ကြနဲ့။ လူ့ဘ၀ဆိုတာ တိုတိုလေး၊ အဲဒီတိုတိုလေးမှာ အဓိပါယ်ရှိရှိနဲ့ အချိန်တွေကို အသုံးချသွားနိုင်ဖို့ လိုတယ်။ အကောင်းမြင်တဲ့စိတ်ဆိုတာ ကိုယ့်စိတ် ချမ်းသာဖို့အတွက် အရေးကြီးသလို ကိုယ့်ဘ၀အောင်မြင်ဖို့အတွက်လည်း
ကျွန်တော်ဒီလိုတွေရေးနေလို့ ငယ်ငယ်ကတည်းက ဒါမျိုးပဲလို့ ထင်ရင်တော့ မှားသွားပါမယ်။ မဟုတ်ပါဘူး၊ အခုလို ဟာသလုပ်ဖို့ မပြောနဲ့၊ အသံတောင် မကြားနိုင်ဘူး။ အကျီင်္ဆိုလည်း အဖြူဘယ်တော့မှ မ၀တ်ဘူး၊ ကိုယ့်အသားမဲတာ ပိုပေါ်လွင်လို့။ မဲတယ်ဆို မုန့်ကုလားမဲ စားကောင်းတယ်ပြောရင်တောင် ကိုယ့်စောင်းပြောနေတယ် ထင်တတ်ခဲ့တာ။ အဲ့လိုနောက်ရင် သိပ်စိတ်ဆိုးတယ်၊ နောက်ပြီး အဲ့လိုပြောတဲ့သူရဲ့ အားနည်းချက်တစ်ခုကို မရရအောင် လိုက်ရှာပြီး ပြန်ခံပြောတတ်တယ်။ ပြောရရင် ကိုယ့်ကိုကိုယ် မကျေနပ်ခဲ့ဘူးပေါ့။
အဲ့လိုနဲ့ ၈တန်းကိုရောက်တော့ ဆရာတော်ဦးဇောတိကရဲ့ ဘ၀ဆိုတဲ့ကျောင်း စာအုပ်ကို ဖတ်ဖြစ်ခဲ့တယ်။ အဲဒီစာအုပ်က ကျွန်တော့်ဘ၀ရဲ့ အလွှမ်းမိုးဆုံးစာအုပ်တွေထဲက တစ်အုပ်ပါ။ အဲဒီမှာ ဘာသိလိုက်ရလဲဆိုတော့ ကျွန်တော်တို့အခုလက်ရှိ ပိုင်ဆိုင်နေရတာတွေအားလုံးဟာ မတော်တဆ အဖြစ်အပျက်တွေမဟုတ်ဘဲ "ကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်တွေရဲ့ အကျိုးဆက်"ဆိုတာကိုပါပဲ။ ကျွန်တော်က မိုးနတ်မင်းကြီးနဲ့ အဆင်ပြေအောင် မပေါင်းတတ်လို့ ဖြိုးသီဟ ဆိုတဲ့ ဒီဘ၀ရအောင် အပြစ်ပေးခံလိုက်ရတာ မဟုတ်သလို၊ မိုးနတ်မင်းကြီးက သဘောကျလို့ ဆိုပြီး ဒီစာကိုဖတ်နေတဲ့ စာဖတ်သူဖြစ်လာအောင် ဖန်ဆင်းပေးလိုက်တာလည်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ဖန်ဆင်းခံတွေ မဟုတ်ပါဘူး။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနေကြတဲ့ ဖန်ဆင်းရှင်တွေပဲ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က အပြစ်ပေးလို့ ဖန်ဆင်းလို့ ဒဏ်ခတ်လို့ မဟုတ်ဘဲ ကိုယ့်ပြုခဲ့တဲ့ကံကသာ ကိုယ့်ဆီကို ပြန်လာတာပဲ ဆိုတဲ့အယူအဆဟာ ကျွန်တော်တို့ဗုဒ္ဒဘာသာရဲ့ အနှစ်သာရတစ်ခုပါပဲ။ ပြောရရင်တော့ အရင်က စာမေးပွဲကျတာ ဆရာတွေ အသင်အပြမကောင်းလို့ စာမေးပွဲမေးခွန်းခက်လို့နဲ့ ထင်နေခဲ့ရာကနေ ငါ စာမေးပွဲကျတာ စာသေချာမကျက်ခဲ့လို့ပဲ ဆိုတာကို သဘောပေါက်လက်ခံလာခဲ့ပါတယ်။
နေရာတစ်ခုကို ရောက်ချင်တဲ့သူဟာ အရင်ဆုံး ကိုယ်အခု ဘယ်နေရာရောက်နေလဲဆိုတာကို အမှန်အတိုင်း သိဖို့ လက်ခံတတ်ဖို့ လိုပါတယ်။ ကိုယ်ရောက်နေတဲ့နေရာက သူများနဲ့ယှဉ်ရင် အခြေအနေဆိုးကောင်းဆိုးနေမယ်၊ ပြသနာမရှိဘူး။ အဲ့ဒါကို မသိမှ လက်မခံမှသာ ပြသနာရှိတာ။ အမှန်ကို အမှန်အတိုင်း ကြည့်ရဲရမယ်၊ လက်ခံရဲရမယ်။ ဒါဟာ အောင်မြင်ဖို့အတွက် ပထမဆုံးနဲ့ အရေးကြီးဆုံးအဆင့်ပဲ။
ပြီးတော့ အဲဒီလိုလက်ခံလိုက်ရုံနဲ့လည်း မပြီးသေးဘူး။ ဒီအခြေအနေကို မကြိုက်ဘူးဆိုရင် အဲဒီကနေ ရုန်းထွက်နိုင်အောင် ကြိုးစားဖို့လည်း လိုတယ်။ ငါ့အသားက မဲတယ်လို့ လက်မခံနိုင်တဲ့သူဟာလည်း ဘယ်တော့မှ ဖြူလာမှာမဟုတ်သလို၊ အသားမဲတာကိုတော့ လက်ခံပါရဲ့၊ ဒီအတိုင်းပဲ ထိုင်နေပြန်ရင်လည်း ထူးလာမှာမဟုတ်ပါဘူး။ အသားဖြူချင်လို့ ဘုရားပေါင်းစုံ ရှိခိုးပြီး ဆုတွေတောင်းနေလည်း ဖြူမလာပါဘူး။ မြတ်စွာဘုရားကလည်း ဒီလိုဟောမထားခဲ့ဘူး။ အသားဖြူချင်ရင် ဖြူအောင်တကယ်လုပ်ဖို့ပဲ လိုပါတယ်။ အတိတ်ကိုတော့ ကျွန်တော်တို့တွေ ရွေးချယ်လို့ မရပါဘူး။ အနာဂတ်အတွက် ရွေးချယ်ခွင့်ကတော့ ကျွန်တော်တို့လက်ထဲမှာ အပြည့်အ၀ ရှိနေပါတယ်။ မျက်စိစုံမှိတ် အကြောက်အကန် ငြင်းနေမလား။ ဒီအတိုင်းထိုင် စိတ်ပျက်နေမလား၊ မိုက်ကယ်ဂျက်ဆင်လို မဲနေတဲ့အသားကို ဖြူအောင် ပြင်လိုက်မလား၊ ဒါမှမဟုတ် ဟယ်လီဘယ်ရီလို မဲနေတာကိုပဲ ဆွဲဆောင်မှုရှိအောင် နေမလား၊ ဒါမှမဟုတ် အိုဘားမား တို့ အော်ပရာဝင်းဖရေး တို့လို ပညာနဲ့ အများထက်သာအောင် လုပ်မလား။ အဓိက ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။
အသားမဲတာကိုတော့ လက်ခံလိုက်ပြီး ဖြူအောင်မကြိုးစားတဲ့အခါ ဘာဖြစ်လာတတ်လဲဆိုတော့ အငုံ့စိတ်တွေ ၀င်လာတတ်ပါတယ်။ တခုခုဆို ငါ့မို့လို့ ပြောတာ၊ ငါ့ကို ဖယ်ထားကြတယ်၊ စသဖြင့် ထင်လာတတ်တယ်၊ ပြသနာတွေဖြစ်တယ်၊ လူတောမတိုး လူရာမ၀င်တော့ဘူး။ ကိုယ်ကလွဲပြီး အားလုံးကို လှတယ်ထင်တယ်။ နောက်ဆုံး အားလုံးနဲ့ဝေးရာမှာ အရှုံးသမားအဖြစ်နဲ့ တစ်သက်လုံး နေသွားရတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်၊ ဒီအငုံ့စိတ်ရဲ့ သက်ရောက်မှုကြောင့်ပေါ့။
ခုချိန်မှာ ကျွန်တော်တို့တိုင်းပြည်ကြီးလည်
ရေဘူးပေါက်တာ ရေမရှိတာက အချိန်တွေတော်တော်ကြာလာခဲ့တော့ ကျွန်တော်တို့မှာ အငုံ့စိတ်တွေ ဖြစ်လာရပါတယ်။ မပြောရဲ မဆိုရဲ မလုပ်ရဲ မကိုင်ရဲ မတွေးရဲ မကြံရဲနဲ့ နေ၇ာတကာ ငုံ့နေကြရပါတယ်။ လူတကာကလည်း အထင်သေးတယ်၊ ကိုယ့်ကိုကိုယ်လည်း အထင်သေးတယ်။ ကိုယ့်အချင်းချင်းလည်း အထင်သေးတယ်။ နိုင်ငံခြားကျတော့ နိုင်ငံသာခြားရင် ပြီးရော၊ အကုန် အထင်ကြီးတယ်။ နိုင်ငံခြားသွား အိမ်အကူလုပ်ရတာပဲ ဂုဏ်ယူစရာလိုလို၊ နိုင်ငံခြားသားနဲ့ ဓါတ်ပုံတွဲရိုက်ရရင်ကိုပဲ ဂုဏ်တက်သွားသလိုလို၊ စကားပြောရင် ဘိုလိုလေး ညှပ်ညှပ်ပြောလိုက်ရမှ လူအထင်ကြီးမှာလိုလို ဖြစ်ကုန်ကြတယ်။ ဗိုလ်ချုပ်တို့ခေတ်က အင်္ဂလိပ်တွေ နှိမ်တာကို မခံချင်လို့ သခင်ဘွဲ့ခံ သခင်နာမည် တပ်ခဲ့ကြတယ်။ ခုလည်း ကျွန်တော်တို့တွေ သခင်စိတ် မွေးကြဖို့ လိုနေပါပြီ။ ငါတို့လည်း ကြိုးစားရင် ရနိုင်တယ်၊ ငါတို့နဲ့သူတို့ ဘာမှ ကွာမနေဘူး။ ငါတို့အမျိုး ငါတို့နိုင်ငံ ငါတို့ဘာသာ ငါတို့ယဉ်ကျေးမှုကို ငါတို့လေးစားရမယ်၊ ကာကွယ်ရမယ်၊ တန်ဖိုးထားရမယ် ဆိုတဲ့စိတ်မျိုးတွေ လိုအပ်နေပါပြီ။
ဒီနေ့ခေတ်မှာ စစ်ကို လက်နက်နဲ့မြင်သာထင်သာ တိုက်တာ အတော်ရှားသွားပါပြီ၊ စစ်ကို ပညာနဲ့ စီးပွါးရေးနဲ့ပဲ တိုက်ကြပါတော့တယ်။ ဒို့တိုင်းပြည် လွတ်လပ်ရေးရတာ ၆၆နှစ်ရှိပြီ ကြိုက်သလောက် လာပြော၊ ကျွန်တော် လက်မခံနိုင်ပါဘူး။ ကိုယ့်ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုပြီး တစ်ဖက်နိုင်ငံကို ကြောက်နေရပါတယ်ဆိုကတည်းက ဒါဟာ လွတ်လပ်တဲ့နိုင်ငံတစ်ခုတဲ့လား။ ဒါဖြင့် မကြောက်လို့ရော ရမလား၊ မရပါဘူး ကြောက်ရမှာပါ၊ ကိုယ့်ထက် သူက အစစအရာရာ အားသာနေတာကိုး။ ကိုယ်တင်လားဆိုတော့လည်း မဟုတ်ဘူး၊ တော်တော်များများကလည်း ကြောက်နေကြရတာ။ လောကမှာ ပါဝါရှိတဲ့သူကို ပါဝါမရှိတဲ့သူက ကြောက်ကိုကြောက်ရတာ သဘာဝပဲ။ ကဲ ဒါဖြင့်ရင် စနစ်တွေပြောင်းလိုက်ပေါ့ဗျာ၊ ဟော နောက်နှစ်၃၀လောက်ကြာတော့ ပြောင်းသွားပြီ၊ တိုးတက်သွားတာလား ဆိုတော့ မဟုတ်ဘူး၊ တရုတ်ကိုလည်း ကြောက်ရပါတယ် ဘုရား ကနေ အမေရိကန်ကိုလည်း ကြောက်ရပါတယ် ဘုရား ကိုပြောင်းသွားတာ။ ဒါပဲ ကွာပါမယ်၊ ကိုယ့်ဆီမှာ ပညာရေးအရ စီးပွါးရေးအရ အင်အားမကောင်းသေးသရွေ့ပေါ့။ အစ္စရေး ဘာလို့တိုးတက်လဲ၊ တောင်ကိုရီးယား ဘာလို့တိုးတက်လဲ စင်ကာပူ ဘာလို့တိုးတက်လဲ။ သူတို့တွေမှာလည်း မလုပ်လို့မဖြစ်တော့ဘူး ဆိုတဲ့ အကြောက်တရားတွေ ရှိခဲ့ဖူးပါတယ်။ အဲဒီ အကြောက်တရားတွေကို တိုင်းပြည်ချစ်စိတ်အပြည့်နဲ့ အသွင်ပြောင်းလိုက်တဲ့အခါ တိုးတက်မှုတွေ ဖြစ်လာကြပါတယ်။ တကယ်တော့ ကိုယ့်တိုင်းပြည်တိုးတက်ဖို့ ဆိုတာ ကိုယ်တိုင်လုပ်ယူမှရပါတယ်၊ ကိုယ်ကိုယ်တိုင် ကြိုးစားမှ အားထုတ်မှ ရပါတယ်။ ဘယ်သူ့အကူအညီမှ အားကိုးနေလို့ မရပါဘူး။ ရောဂါဝင်လာရင် ရောဂါပိုးကို အပြစ်တင်လို့ မရသလို၊ မ၀င်ပါနဲ့လို့လည်း တားမရပါဘူး။ အဓိက က အဲ့ဒီရောဂါပိုး မ၀င်နိုင်အောင် ကိုယ့်ဆီမှာ ကိုယ်ခံအား ကောင်းနေဖို့ပါပဲ။
အဲဒီကိုယ်ခံအား မကောင်းသရွေ့တော့
ကြိုက်တဲ့ အစိုးရကို လဲ.. တိုင်းပြည် မွဲ မှာပါပဲ
ကြိုက်တဲ့ ဥပဒေနဲ့ စောင့်.. အမျိုး ပျောက် မှာပါပဲ။
By