ရုပ်ဆိုးhttps://www.facebook.com/youksoe မှ
ပြီးခဲ့ တဲ့ နှစ် က တစ်နှစ်လုံး ဘယ်မှ မသွားဖြစ်ခဲ့ ဘူး။ ဆောင်းဝင် စ လောက် ကတော့ တခြား မြို့ က သူငယ်ချင်းဆီ သွားလည် ဖြစ်တယ် ။ သူငယ်ချင်းဆီမှာ ကုတင် က ၁ လုံးတည်း လူ က ၃ ယောက် ဆိုတော့ ...ဘုရားခန်းထဲသွားပြီး ကြမ်းပြင်ပေါ်မှာ ပဲ ၃ ယောက်လုံး အိပ်ကြတာပေါ့ ။
အဲဒီမှာ ၂ ည လောက် လုံးဝ အိပ်မပျော်ဘူး ။ အောက်က ကြမ်းပြင် ဆိုတော့ အေးလည်းအေး ၊ ကြမ်းပြင်က မာနေတော့ ကျောနာပြီး အိပ်မရတာ ။
ခေါင်း အုံး ကလည်း တစ်လုံးရှိတော့ အကုန်လုံး က စောင်လေးတွေ ခေါက်အုံးတာကိုး။
၃ ည မြောက် နေ့ ကျတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်မိတယ် ။ အော် ... ငါ တိုက်ကြီး ၊ ကားကြီး ၊ စည်းစိမ် ချမ်းသာ ကြီး မပြော နဲ့ ဒီဘာမဟုတ်တဲ့ မက်ထရစ်လေး တစ်ခု ၊ ခေါင်းအုံးလေးတစ်ခုတောင် မသိလိုက်မသိဘာသာ ငါ့ ခန္ဓာကိုယ်ကြီး က သာယာနေပါလား ဆိုတာ သဘောပေါက်လာတယ် ။
ကိုယ် လာခဲ့ တာ က ဟိုးတောသူတောင်သား ၊ လယ်သမားဘဝ က လာခဲ့တာ ။
ကျောင်းသားဘဝတည်း က မြောင်းတူး ၊ ထင်းခုတ် ၊ စပါးရိတ် ၊ ထန်းတက် အားလုံးလုပ်ခဲ့ရတာ ။ နေ ဘယ်လောက် ပူပူ ..စပါးရိတ်ပြီး ခဏနားလိုက်တဲ့ ချိန်ဆိုရင် ကန်သင်းေ ပါ် ကျောလေး ဆန့် မျက်နှာ ပေါ် ခမောက်လေး အုပ်ပြီး အိပ်ရုံနဲ့ အိပ်ပျော်တယ် ။ အိမ်မှာ နေပြန်တော့လည်း တန်းလျား ဘောင် ခေါင်းလေး အုံး အိပ် .. တကျိုးတည်းပဲ ။
ဖြစ်လာပြန်တော့လည်း စစ်သား ။ သင်တန်းသား ဘဝ တစ်နေကုန် စစ်ရေးပြကျင့် ကွန်ကရစ်ကွင်း ပြောင်ပြောင်မှာ ငုတ်တုတ်ထိုင်လျှက် သေနတ်လေးဖက် အိပ် အိပ်ပျော်တယ် ။ တောတွင်း သင်ခန်း စာ ချိန် မိုးရွာ ရင် နည်းပြတွေ က တန်းဖြုတ်မပေးဘူး ။ ဖင်ချထိုင်နေရင်း ရေတွေ က တက်လား တင်ပလင် ခွေ မြုပ် တယ် ။ သင်ခန်းစာချိန် ခဏနား ဆိုရင် အဲဒီတိုင်းလေး ပဲ မေးလေး ဂျောဆွဲ ငိုက်လိုက် .. တခါတလေ ဆို သွားရည်တောင်ကျတယ် ။ မိုးစိုတာလည်းမသိ ၊ နေပူတာလည်းမသိဘူး။ အဖျားဆိုတာ ဂျို နဲ့လားလို့တောင် မေးယူရတယ် ။ ၃ နှစ် ၃ မိုး နေခဲ့တယ် ... အခုချိန်ထိလည်း စစ်တက္ကသိုလ် ဆေးပေးခန်း ဘယ်နားရှိမှန်းတောင် မသိခဲ့ဘူး ။
သင်တန်းပြီးလို့ တပ် ရောက်ပြန်တော့လည်း ... ရိပ်သာရယ်လို့ မရှိ ။ တစ်ပါတ်စဉ်တည်း ၃ ယောက် ရောက်တာ ကုတင် က တစ်လုံးပဲရှိတယ် ။ ၂ ယောက်တောင် ခပ်ကျပ်ကျပ် အိပ်ရတာ ။ အဲဒီတော့ သံသတ္တော ၂ လုံး ဆက် ၊ ပုဆိုးလေး ခင်းပြီး ၁ လှည့်စီ အိပ်ကြတယ် ။ ရှေ့တန်း ထွက်တော့လည်း ကတုတ်ကျင်းထဲ ထိုင်ငိုက်လိုက်ရ ။ တောထဲမှာ မြေခင်းလေး ဖြန့် သေနတ်လေး ဖက်ပြီး မြေခင်း အနားလေး ဆွဲ လှိမ့်လိုက်တယ် ။ မြေခင်းအ လိပ်လေးထဲမှာ ကြယ် ၅ ပွင့် ဟိုတယ်အလားပဲ ။ မိုးရွာတာလည်းမသိ ။ သာယာတာလည်းမသိဘူး ။ စခန်း မှာ နေတော့ မိုးထားတာ က အင်ဖတ် ။ မိုးတိမ်လေးတွေ တွေ့ နေပြီဆိုရင် ညနေ တည်း က ကျွန်းရွက်လေးတွေ ခူးထားရပီ ။ ပီးရင် ညဖက် မိုးရွာတဲ့ခါ ငုတ်တုတ်လေး ထိုင်ပြီး မိုးယို တဲ့ နေရာ ကျွန်းရွက်ကလေးတွေ နဲ့ လိုက်ဖာရင်းမိုးလင်းတယ် ။
အဲလို တွေ နဲ့ ဘဝကို ဖြတ်သန်းခဲ့ပြီး ဘာမဟုတ်တဲ့ မွေ့ယာလေးတစ်ခု ၊ ခေါင်းအုံးလေးတစ်လုံး ကျမှ သာယာနေတာ ကို ကိုယ့်ကိုယ်ကိုလည်းမကျေမနပ်ဖြစ်မိတယ် ။ ဒါ နဲ့ ကျောင်းပြန်ရောက်တော့ ... မွေ့ယာအောက် ခံထားတဲ့ သစ်သား ပြား ကြီး ကို မွေ့ယာပေါ် တင် ၊ အဲဒီပေါ် အဝတ်ခင်းပြီး ။ ပုဆိုးလေး ၂ ထည် ခေါက်ပြီး ခေါင်းအုံး အိပ်တယ် ။ စစချင်းတော့ အိပ်မပျော်ဘူးဗျ ။ ခန္ဓာကိုယ်က စိတ်ကို တော်လှန်တယ် ။ မရမက ပေတေ အိပ်တော့မှ အိပ်ပျော်တယ် ။ ၃ ပတ်လောက် အဲလို အိပ်ပြီးလို့ အသားကျမှ မွေ့ယာ ကို သစ်သားပြားပေါ် ပြန်တင်အိပ်တယ် ။
ကိုယ့် အဖြစ်ကိုယ် ပြန်ကြည့်ပြီး ... အကောင်းမကြိုက်တဲ့သူ ၊ စည်းစိမ်ချမ်းသာမကြိုက်တဲ့သူ ၊ သက်သာတာ မနှစ်သက်တဲ့ သူ မရှိဘူးဆိုတာလည်းသဘော ပေါက်လာတယ် ။ ဒါပေမဲ့ ကိုယ်က ဝန်ထမ်း ။ ဘယ်တော့ မှ စည်းစိမ်းချမ်သာ တွေ နဲ့ နေရမှာ မဟုတ်ဘူး ဆိုတာ စိတ်ထဲ မှတ်ထားတယ် ။ တကယ်လို့ ရခဲ့ရင်လည်း အဲဒီ စည်းစိမ်းချမ်းသာတွေ က လိပ်ပြာသန့် နိုင်မယ်မထင်ဘူး ။ အဲဒီတော့ ကိုယ့်ကိုယ်ကိုပဲ စည်းစိမ်ချမ်းသာတွေ မှာ မသာယာအောင် ၊ မကပ်ငြိအောင် ၊ ပင်ကိုယ်ဘဝ နဲ့ ပဲ အသားကျနေအောင် ကြိုးစားကျင့် ကြံ နေ နေ ရတာပဲ ။
တချို့ ကျတော့ လည်း ဖင်ခေါင်းကျယ်တယ် ၊ အိုဗာတင်းတယ် လို့ ထင်ချင်ထင်မှာ ။
ဒါပေမဲ့ လူ တိုင်း က ကိုယ့်ဝမ်းနာ ကိုယ်သာ အသိဆုံးပါ ။