……………………
(၁)
"မိန်းမရေ လမ်းလျှောက်ထွက်လိုက်ဦးမယ်ဟေ့ "
"ဘယ်လို..ဘယ်လို "
"လမ်းလျှောက်ပြီး ဈေးကို သွားနှင့်မယ်လို့။ ပြီးမှ ကလေးခေါ်ပြီး ဆိုင်ကယ်နဲ့ လိုက်ခဲ့တော့။ အညောင်းပြေ လမ်းလျှောက်သွားလိုက်မယ် "
"ကောင်းပါပြီ။ ကောင်းပါပြီတော် "
ကျွန်တော်လည်း လမ်းလျှောက်ပြီးထွက်လာခဲ့လိုက်သည်။ လမ်းမလျှောက်ဖြစ်သည်မှာ ကြာပြီဖြစ် သည်။ ဆိုင်ကယ်လေးဖြင့် ရုံးသွားသည်။ ရုံးရောက်လျှင် ကွန်ပျူတာရှေ့ထိုင်ပြီး အလုပ်လုပ်သည်။ ခဏ တဖြုတ် ဟိုနားဒီနား သွားခြင်းမှလွှဲ၍ လမ်းကောင်းမလျှောက်ဖြစ်။ သို့အတွက်လည်း လူကောင်သေးသော ကျွန်တော့်ခန္ဓာကိုယ်ကြီးကပင် အဆီဖြင့် ပြည့်နှက်ပြီး သယ်ရသည်မှလေးလာသလား အောက်မေ့မိသည်။
တခြား အလုပ်လေး နည်းနည်းလုပ်လျှင်ဖြင့် မောချင်လာပြီ။ ချွဲသလိပ်ထွက်ချင်လာပြီ။ သို့ကြောင့် လည်း စိတ်ကူးရတုန်းလေးမို့ လမ်းလျှောက်ထွက်ဖြစ်ခဲ့ပါသည်။ ရှေ့ဆက်ပြီးလည်း အားလပ်သည့်အချိန်များ တွင် အားကစားတစ်ခုခု လုပ်ချင်လုပ်၊ မလုပ်နိုင်လျှင် လမ်းလေးတော့လျှောက်ဖို့ လိုမည်ဟု ကိုယ့်ကိုကိုယ် သုံးသပ်လိုက်သည်။
သို့မှသာ သက်တမ်းရှည်ရှည်မဟုတ်တောင် သက်တမ်းပြည့်လေးတော့ နေသွားနိုင်မည်ဖြစ်သည်။ ကျန်းမာရေးမလုပ်၊ မသန်မာ၊ ချူချာ၊ ရောဂါဖြစ် စောစောသေလျှင် ပြင်ဆင်ချိန်မရတော့။ ဘာမျှ ပြန်လုပ်၍ မရ တော့။ စောစောသေလို့လည်း ဖြစ်သေးသည်မဟုတ်။ စောစောသေလျှင်ဖြင့် ပြိတ္တာနှင့် ငရဲပြည်ဆီ သွားရဖို့ များနေသည်။ ဒီတော့လည်း တရားဘာဝနာလုပ်ဖို့ အချိန်လေးရစေဖို့ သက်တမ်းပြည့်လေး နေရမှဖြစ်မည်။
ဤသို့ဖြင့် လမ်းမပေါ်သို့ လှမ်းလျှောက်ဖြစ်ခဲ့ပါသည်။
(၂)
လမ်းမထက်၌ လူသားတို့ ဥဒဟို သွားလာနေကြသည်။ ခြေလျင်လျှောက်သူ၊ စက်ဘီးဖြင့်သွားသူ၊ ဆိုင်ကယ်ဖြင့်သွားသူ၊ ကားဖြင့်သွားသူတို့သည် လမ်းမပေါ်တွင် လှမ်းသွားနေကြသည်။ ကျန်းမာရေးအရ အညောင်းပြေ လမ်းလျှောက်ရင်း ဈေးဝယ်ထွက်လာသည်မှန်သော်လည်း လမ်းမထက်တွင် ဖုန်တွေ လွှင့်ပျံလို့ နေသည်။
ဖုန်တွေရူရှိုက်ရင်း လျှောက်လှမ်းရသည်က သိပ်တော့မကောင်းလှ။ တခြားသူတွေကြည့်မိတော့လည်း သွားလာနေကြသည်ပင်။ လမ်းဘေးတွင် ရောင်းချနေကြသည့် ဆိုင်များကိုကြည့်တော့လည်း စားသုံးနေသူ တချို့ကိုတွေ့ရ ပါသည်။ ရောင်းကြ၊ ၀ယ်ကြ၊ သွားကြ၊ လာကြ။ သြော် လူတွေ လူတွေ၊ ဘ၀ကိုယ်စီ အတွေးကိုယ်စီဖြင့် သွားလာနေကြရသည် မဟုတ်ပါလား။
ထိုလမ်းမထက်၌ သွားလာနေသည့် ခြေလှမ်းတွေ၏ ဦးတည်ရာ၊ စားသောက်ရာ၊ ၀ယ်ခြမ်းသည့် အရာတို့သည့် သူတို့၏ ဘ၀အဓိပ္ပါယ်ဖော်ဆောင်ချက်တွေ ဖြစ်နိုင်ပါသည်။ ထို ဘ၀အဓိပ္ပါယ်ဖော်ဆောင်ချက် တို့တွင် မိမိရှိသလောက်ကို ရိုးသားစွာ ထုတ်ဖော်ပြတတ်သူ၊ မိမိအတိုင်းအတာထက် ပိုမိုပြတတ်သူ၊ မိမိ အတိုင်းအတာအား ကျေနပ် ဘ၀င်လေဟပ်နေသူတွေလည်း ပါဝင်နေပါလိမ့်မည်။

(၃)
"အ၀ိဇ္ဖာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊ ၀ိညာဏပစ္စယာ နာမရူပံ "
မသိသော တွေဝေမိုက်မောမှုတွေဖြင့် ကျွန်တော်တို့ ဘယ်အချိန်၊ ဘယ်ကာလရယ်လို့ အစအဆုံး မသိ သည့် သံသရာစက်ဝန်းကြီးတွင် ပြုလုပ်ခဲ့သည့်အကြောင်းကြောင့် ယခုပစ္စုပ္ပန် စိတ်နှင့်ကိုယ်ယှဉ်တွဲနေသည့် ဘ၀တစ်ခုကို ရရှိနေပြီဖြစ်သည်။
ကျွန်တော်လျှောက်လှမ်းနေသည်က လောကီလမ်း။ လောကီလမ်းထက်၌ လောကီလူသား အန္ဓ ပုထုဇဉ်တို့၏လမ်းစဉ်အတိုင်း လောဘကိလေသာ၊ ဒေါသကိလေသာ၊ မောဟကိလေသာတရားတို့ဖြင့် လျှောက်လှမ်းနေခြင်းဖြစ်သည်။ လောကုတ္တရာလမ်းဆီသို့ ခြေဦးမလှည့်နိုင်သေး။ သို့အတွက်လည်း သံသရာမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်ခရီးစီရောက်ဖို့ဆိုသည်မှာ ဝေးလို့ ဝေးလို့သာနေပါသည်။
"နာမရူပံပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ "
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကျွန်တော်တို့၏ ခန္ဓာကိုယ်ကြီးကို ခုံဖိနပ်တစ်ရံလောက်တောင် တန်ဖိုးမရှိဟု မိန့်တော်မူခဲ့ပါသည်။ စီး၍မရတော့သော ခုံဖိနပ်တစ်ရံကို ခွဲခြမ်းပြီး ထင်းဆိုက်အသုံးပြုနိုင်ခြင်း ကြောင့် သူတစ်ပါးကိုပေးပါက လက်ခံနိုင်သော်လည်း ကျွန်တော်တို့သေဆုံးပြီဆိုပါလျှင် ကျွန်တော်တို့၏ ခန္ဓာ ကိုယ်ကြီးကို မည်သူမျှ လက်ခံကြမည်မဟုတ်ပါ။
သို့သော်လည်း "မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် "ဟူသော ဆိုင်ရာအာရုံတို့၏ ထိတွေ့မှုများကို ခံစားချင်ကြပါသေးသည်။ ဒီခန္ဓာကြီးမှ ထိတွေ့လိုက်သည့် အာရုံတိုင်းကို မက်မောတွယ်တာချင်မိပါသေး သည်။
"ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ "
မြင်လိုက်ရသည့် အမြင်အာရုံ၊ ကြားလိုက်ရသည့် အကြားအာရုံ၊ ရူရှိုက်လိုက်ရသည့် အနံ့အာရုံ၊ စားသုံး ပြီးခံစားလိုက်ရသည့် အရသာအာရုံ၊ ထိတွေ့လိုက်ရသည့် ခန္ဓာအာရုံ၊ တွေးကြံလိုက်ရသည့် အတွေးအာရုံတို့ အပေါ်တွင် ခံစားမှုရှိနေမည်မှာ အမှန်ဖြစ်သည်။ ထိုခံစားမှု အပေါ်တွင် မကျေနပ်တော့ ဒေါသဖြစ်၊ ကျေနပ် တော့လောဘလေးဖြစ်ရင်းနှင့်ပင် ဘ၀အပေါ်တွင် တပ်မက်စိတ်တို့က ၀င်၍ ၀င်၍လာပါသည်။
"တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ"
တပ်မက်စိတ်နှင့်အတူ စွဲလန်းမှုက ယှဉ်၍ပါလာသောအခါ ယှဉ်တွဲပါလာသည့်တရားအလျှောက် ပြုလုပ်မိတော့သည်။ ထိုအခါ ပဋိသန္ဓေနေခြင်းဟူသော ဇာတိကို တစ်ဖန်ပြန်ရရှိပါတော့သည်။ ဇာတိရရှိခြင်း နှင့်အတူ အို၊ နာ၊ သေ ဟူသော ဒုက္ခသစ္စာတရားတို့ခံစားကြရလေတော့သည်။
ကျွန်တော်တို့သည် သံသရာလမ်းမထက်တွင် သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်းအထုပ်ကို ဆွဲ၍ ဒုက္ခ သစ္စာဟူသော ဒုက္ခဖြစ်ကျိုးဆီသို့ ချီတက်နေခြင်းဖြစ်သည်။ ထိုသစ္စာနှစ်ပါးဖြင့် သံသရာလမ်းမအ၀ိုင်းတွင် ချာ ချာလည်ပတ်နေကြခြင်းဖြစ်သည်။
မဂ္ဂသစ္စာဟူသော ဒုက္ခ၊ သမုဒယ ချုပ်ရာချုပ်ကြောင်း လမ်းကောင်းအကျင့်မှန်ကို လျှောက်လှမ်းမှသာ လောကုတ္တရာလမ်းမထက်မှ နိရောဓသစ္စာဟူသော ဒုက္ခချုပ်ကျိုးအမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရှိနေပေမည်ဖြစ် ပါသည်။
သို့အတွက် ကျွန်တော်တို့သည် အဘယ်လမ်းမထက်ဆီသို့ လှမ်း၍ချီတက်နေကြပါသနည်း။

(၄)
"ဟာ..တောက်..ဘယ်လိုကောင်တွေလဲမသိဘူး..ဆိုင်ကယ်မောင်းရတာများ..လေယာဉ်မောင်းတယ် များထင်မှတ်နေကြသလား မသိဘူး "
ပြောပြောဆိုဆို နှာခေါင်းနှင့် ပါးစပ်ကို လက်ဝါးဖြင့် အမြန်ပိတ်လိုက်ရသည်။ ဖုန်တို့က အလိပ်လိုက် တက်လာခြင်းကြောင့်ဖြစ်သည်။ ၀ှီးခနဲဖြတ်မောင်းသွားသည့် ဆိုင်ကယ်ပေါ်က ကောင်တွေကို စိတ်ထဲက မေတ္တာပို့သလိုက်မိသည်။
ယခင်က ဆိုင်ကယ်လေးဖြင့်သွားလာနေသဖြင့် လမ်းမထက်က သွား၊ လာမှုတွေကို သိပ်ပြီးဂရုမစိုက် ဖြစ်လှ။ စိတ်အေးလက်အေးလမ်းလျှောက်ထွက်ဖြစ်သည့်အခါမှ သွားမှု၊ လာမှု၊ ရောင်းချမှု၊ ၀ယ်ယူမှုတို့ကို ဂရု တစိုက်ကြည့်ဖြစ်တော့သည်။
ဈေးသို့ထွက်လာခြင်းဖြစ်ခြင်းကြောင့် ဈေးခြင်းတောင်းကိုင်ဆောင်ပြီး သွားလာသူတော်တော်များများ ကိုတွေ့ရသည်။ ထိုသွားလာနေသူတို့သည် မိမိတွင်ယူဆောင်လာသည့် ငွေအလွှာအသီးသီးဖြင့် အသီး၊ အသားမျိုးစုံကို ၀ယ်ယူကြပါလိမ့်မည်။ ထိုသူတို့၏ အပြန်လမ်းတွင် တချို့ ဈေးခြင်းတောင်းလေးကို ခပ်သာသာလေးမကာ မကာဖြင့်ပြန်လာသူ၊ တချို့က မိမိဝယ်ယူသည့် ဈေးဝယ်ပစ္စည်းကို မဖော်ဝံ့၊ မပြ၀ံ့သကဲ့ သို့ ခပ်လျှိုလျှိုလေးလုပ်လာသူတို့လည်း ပါဝင်နေမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေ လမ်းမထက်၌ လှမ်းလျှောက်နေသူတို့သည် တစ်ထွာသော ၀မ်းအတွက်သာမက၊ မပြည့်နိုင်သော စိတ်ဝမ်းစာအတွက်ပါ လျှောက်လှမ်းနေကြရသည်မဟုတ်ပါလား။

(၅)
ညနေခင်းတွင်မတော့ ရွာထိပ်တွင် တည်ထားကိုးကွယ်ထားသည့် ဘုရားဆီသို့ လျှောက်လှမ်းရပေဦး မည်။
အေးငြိမ်းရာ ဘုရားတရားအရိပ်သို့ လျှောက်လှမ်းစဉ်တွင် လမ်းမထက်၌ မည်သို့သော သွားလာမှုတွေ၊ ဘ၀တွေ၊ စိတ်အနေအထားတွေကို တွေ့မြင်ရဦးမည်မသိပေ။
ယခုတော့ ဈေးသွားရာလမ်းမထက်တွင် လျှောက်နေစဲပင် ဖြစ်တော့သည်။
****************
မောင်ပိုင်
၁၇-၁-၂၀၁၄။
.အေးငြိမ်းရာ ဘုရားတရားအရိပ်သို့ လျှောက်လှမ်းစဉ်တွင် လမ်းမထက်၌ မည်သို့သော သွားလာမှုတွေ၊ ဘ၀တွေ၊ စိတ်အနေအထားတွေကို တွေ့မြင်ရဦးမည်မသိပေ။