Image may be NSFW.
Clik here to view.
Clik here to view.

(၁)
"တံခါးချက်ကို ကျွန်တော်ဖွင့်တော့
အပြင်ထွက်မလို့လားတဲ့
အမေကမေးတယ်..
ကျွန်တော် ခေါင်းခါပြီး ဖြေတယ်အထဲဝင်လို့ပါ မေမေ..
လူ့လောက အပြင်ဘက်
အခန်းကျဉ်းကနေ
လူ့လောကထဲ ၀င်မလို့ပါလို့…
တံခါးကို ကျွန်တော်ခေါက်တော့
အခုမှ အပြင်ထွက်မှာလားတဲ့
အမေက မေးတယ်…
ကျွန်တော် ခေါင်းခါရပြန်တယ်
အထဲဝင်မလိုပါ မေမေ
ကန္တာရလွင်တီးခေါင်ကနေ
အမေ့ရဲ့ မေတ္တာရိပ်တဲ့
ခု ပြန်ဝင်မလို့ပါလို့ ဖြေတယ်..
ကျွန်တော်ဟာ အပြင်မထွက်ပါဘူး
မေမေဆိုတော့
တံခါးမှ မရှိတာသားရယ်
အ၀င် အထွက် ဘယ်ရှိမှာလဲတဲ့
ကျွန်တော် ၀မ်းနည်းစွာ
ဝမ်းသာသွားမိတယ် မေမေ…။
ဝါဆိုကိုဦး(တောင်ကြီး)၏ "အခိုင်ဆုံးအိမ်"ဆိုသည့် ကဗျာလေးကို ရွတ်ဆိုရင်း ခရီးသည်ကားပေါ်၌ လိုက်ပါလိုက်ခဲ့သည်။ တစ်မြို့ပြီး တစ်မြို့ ဖြတ်ကျော်မောင်းနှင်လာခဲ့သည်မှာ ဟင်္သာတမြို့သို့ ရောက်ရှိခဲ့လေ ပြီ။ မကြာခင် ကျွန်တော်တို့ ဇာတိမြို့သို့ ရောက်ရှိပေတော့မည်။
မေတ္တာရိပ်မှ လောကတံထွာဘယ်မျှ ကျယ်သနည်းဆိုသည်ကို ထွက်ရှာမိသည့် ကျွန်တော် အ၀င် အထွက်မရှိသည့် အမေ့ရင်ခွင်၊ အဖေ့ရင်ခွင် ရှိရာ မြို့ဆီသို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။ ဘယ်အချိန်၊ ဘယ်နေရာ၊ အဘယ်သောအခြေအနေမျိုးတွင် မဆို မိဘ၏ ရင်ခွင်သည် ဖွင့်လှစ်ထားမြဲဖြစ်သလို လုံခြုံစဲ၊ နွေးထွေးစဲပင် မဟုတ်ပါလား။

အခြေခံစစ်ပညာသင်တန်းပြီးမြောက်ပြီး ခွင့်(၁၀)ရက်ရသည်မို့ မိဘရပ်ထံပြန်ခဲ့ခြင်းဖြစ်သည်။ စိတ် အလျဉ်ကစောနေလေခြင်းကြောင့် မောင်းနှင်နေသည့် ကားမှာ နှေးသလားအောက်မေ့မိ၍ ကိုယ်တိုင်ပြေးဆင်း ပြီးသွားချင်မိနေသည်။ ရထားရောက်ချိန်နောက်ကျသဖြင့် ကျွန်တော်တို့မြို့ကို ရောက်ရှိသည့် ကားက မရှိတော့သဖြင့် ဟင်္သာတသို့ ထွက်သည့် ကားကိုစီးလာခြင်းဖြစ်သည်။ ဟင်္သာတမြို့သို့ ရောက်ရှိပြီဖြစ်သဖြင့် ဟင်္သာတ-လေးမျက်နှာပြေးဆွဲသည့် ကားဆီသို့ထွက်လာခဲ့သည်။
ကားပေါ်က ဆင်းသည်နှင့် ဘေးနားဝန်းကျင်တွင်ရှိသည့် လူတွေက ကျွန်တော်ကို ကွက်ကြည့် ကွက်ကြည့်လုပ်နေကြသည်။ ကျွန်တော်က ယူနီးဖောင်းဝတ်ဆင်ထားခြင်းကြောင့်ဖြစ်မည်။ ထိုအချိန်က ကျွန်တော်တို့ယူနီဖောင်းအရောင်မှာ ကာကီရောင်ဖြစ်သောကြောင့် ရဲ အရောင်နှင့်တူသည်။ သို့သော် လက်မောင်းတံဆိပ်က တောင်ပံ။ ပြီးတော့ ရူးဖိနပ်ကို ခပ်ပြောင်ပြောင်လေးဖြစ်အောင် တိုက်ထားခြင်းကြောင့် လူတွေက သဘောကျနေသလား၊ ထူးဆန်းနေသလားမသိချေ။(အမှန်က ကလေးစစ်သားလေးလို့ ထင်တာ ဖြစ်မည်ထင်သည်)။

"ဟယ်..လပြည့်..နင်လပြည့်မဟုတ်လား "
"ဟုတ်တယ် "
ကျွန်တော်တို့မြို့မှ အသိတစ်ယောက်ဖြစ်သော အစ်မကြီးတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့မြို့ တွင် ကျွန်တော့်အား လပြည့်ဟုသာ အသိများသည်။ ခေါ်ကြသည်။ ၀ါဆိုလပြည့်နေ့တွင် မွေးခြင်းကြောင့် ငယ်စဉ်ကတည်းက လပြည့်ဟုခေါ်ကြခြင်းဖြစ်သည်။
"ခုထွက်မယ့် ကားမှာ နင့်အဖေပါတယ်။ ကားထဲမှာ ကြည့်လိုက်ဦး"
ကျွန်တော် ကြက်သီးမွေးညင်းများထသွားပြီး ရင်ထဲတွင်လှိုက်လာသည်။ အဖေဒီကားထဲတွင် ရှိသည်တဲ့။ တိုက်ဆိုင်လိုက်တာ။ ကျွန်တော်ပြန်မည့်ရက်ကို ကြိုပြောထားခြင်းမရှိ။ ခုတော့ လာကြိုနေသ လားဟုပင် ထင်လိုက်မိသည်။
ကျွန်တော်ဝမ်းသားအားရ ကားပေါ်သို့ တက်သွားသည်။

"အဖေ "
"သား.."
လူကြားထဲတွင် ဖြစ်သဖြင့် ကျွန်တော်တို့ မဖက်မိကြပါ။ သို့သော်လည်း ရင်ထဲတွင် အဖေ ဖက်ထား သလားထင်ရအောင်နွေးထားသွားသည်။ တော်တော်ကြာသည်အထိ မည်သည့်စကားမျှ မပြောဖြစ်ကြပါ။ အဖေက အလုပ်အတွက်လိုအပ်သည့် ပစ္စည်းများကို ဟင်္သာတမြို့သို့ လာရောက်ဝယ်ခြင်းဖြစ်သည်။ ပြီးမှ သင်တန်းပြီး၍ ခွင့်ရလို့ပြန်ခဲ့ခြင်းဖြစ်ကြောင်းပြောရင်း အဖေ့ဘေးတွင်ထိုင်လိုက်သည်။
"မင်း သူငယ်ချင်းလဲ ပါတယ်ကွ "
"ဟင်..ဘယ်သူလဲ "
"ဟိုမှာလေ"
အဖေပြသည့်နေရာကို ကြည့်လိုက်တော့ ကျွန်တော်တို့ရှေ့တွင် ထိုင်နေခြင်းဖြစ်သည်။ ကိုယ့်ဇောဖြင့် ဘေးကို သတိမထားမိခြင်းဖြစ်သည်။ သူငယ်ချင်းဖြစ်သူနှင့် ၀မ်းသားအားရ စကားပြောဖြစ်လိုက်သည်။
ရင်ထဲတွင်တော့ အတိုင်းမသိဝမ်းသာမိသည်။ မိဘ၊ သူငယ်ချင်းတို့နှင့် တိုက်ဆိုင်စွာ လာဆုံလိုက် ရခြင်းကြောင့်ဖြစ်သည်။
ဤသို့ဖြင့် ကားကြီးက ကျွန်တော့်အိမ်ပြန်ခရီးကို မောင်းနှင်ပို့ဆောင်ရင်း ကျွန်တော်တို့ မြို့လေးသို့ ရောက်ရှိခဲ့ပါလေပြီ။

(၂)
"စစ်ထွက်မောင် အောင်စေကြောင်းနဲ့
ဆုတောင်းရစ် ကညာမေ
ချစ်သူတွက်လေ။
အောင်သပြေ
ညောင်ရေတဲ့ ခုလောင်း။
ချစ်ဦး သာယာစေလို့
ယျာစိန္တေ ပရမေနန်းမှာ
ညွှန်းပါ့ဆုကောင်း။ "
ဆုတောင်းရစ် ကညာမေ
ချစ်သူတွက်လေ။
အောင်သပြေ
ညောင်ရေတဲ့ ခုလောင်း။
ချစ်ဦး သာယာစေလို့
ယျာစိန္တေ ပရမေနန်းမှာ
ညွှန်းပါ့ဆုကောင်း။ "
အိမ်ပြန်ခရီးတွင် မထင်မှတ်ပဲ မိဘ၊ ငယ်သူငယ်ချင်းတို့နှင့် ဆုံတွေ့ခဲ့ရသည်ကို ပြန်တွေးရင်း တပ်မတော်ထဲမှ ရှေ့တန်းပြန်တပ်မတော်သားတွေကို ကြိုဆိုသည့် မျှော်လင့်နေသည့် မိသားစုဘ၀တွေကို စာနာစိတ်က ၀င်လာခဲ့မိပါသည်။
မိဘတို့နှင့် ၅ လတာမျှ ခွဲခွာခဲ့ရပြီး ပြန်ခဲ့ရသည့် အပြန်ခရီးသည် ကြည်နူးစိတ်တို့က ဖုံးလွှမ်းနေ ပေသည်။ တကယ်ပြောရပါလျှင် ကျွန်တော်က သင်တန်းဆင်း၍ ပြန်ခြင်းဖြစ်သည်။ မိဘ၊ သူငယ်ချင်းများက စိုးရိမ်စရာသိပ်မရှိလှ။ ရှေ့တန်းထွက်နေရသည့် တပ်မတော်သားဆိုသည်မှာ ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းလို သေပြီးပြန်ထလို့ရသည့်အရာမဟုတ်။ ဇာတ်ဝင်ခန်းတွင် သေနတ်မှန်သော်လည်း အပြင်တွင် ကောင်းမွန်နေ သည့်အရာမဟုတ်ပါ။
သို့အတွက် သူတို့၏ အိမ်ပြန်ခရီးသည် ရင်ထဲ၊ စိတ်ထဲ၊ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံတို့ ရှိနေပါ လိမ့်မည်။ ထို့အပြင် ရှေ့တန်းပြန် တပ်မတော်သားတို့ကို မျှော်လင့်နေရသည့် အိမ်သူသက်ထားများ၊ မိဘညီ အစ်ကိုမောင်နှမများ၏ ရင်တွင်းခံစားမှုများသည် ပိုမိုပါလိမ့်မည်။
မိမိ၏ သား၊ မိမိ၏ လင်သား မိမိထံ အကောင်းပတိပြန်လာနိုင်ပါမည်လား။ ပြန်လာသည့်အထဲတွင် ပါလာပါလိမ့်မည်လားဟူသော စိတ်တို့သည် တကယ့်ကိုလှုပ်ရှားစရာကောင်းလှပါသည်။ ထို့ကြောင့်လည်း ရှေ့တန်းရောက်တပ်မတော်သားများနှင့် တိုင်းပြည်တာဝန်များကို ကျရာဒေသတွင် တာဝန်ထမ်းဆောင်နေကြ သည့် တပ်မတောင်သားအပေါင်းအား ကိုယ်စိတ်နှစ်ဖြားကျန်းမာချမ်းသာစေကြောင်း ယျာစိန္တေ ပရမေနန်းမှာ ညွှန်းပါ့ဆုကောင်းလိုက်ရပါသည်။

(၃)
အလျဉ်းသင့်၍ ဆရာမငွေတာရီ၏ ကဗျာလေးတစ်ပုဒ်ကို ဖော်ပြချင်ပါသည်။ ကဗျာ၏ ခေါင်းစဉ်က "စစ်ပြန်ရဲဘော် "ပင်ဖြစ်သည်။
"စစ်ပြန်ရဲဘော် "
မပြောချင်စမ်းပါဘု
ဇာတ်လမ်း ခြေမဟန်လို့
လွတ်နိုင်ရန် ဘယ်လိုကြိုးပေမင့်
ဝဋ်ဆိုး သံသရာက
ဖန်လာတာ လွတ်မရုန်းသာဘု
နှလုံးမှာ တပွေပွေနဲ့
အကြံခေ ဉာဏ်ခြေမွဲလှချည့်
ရဲဘော်တို့ ကံကြမ္မာ။
တခေတ်လဲနိုင်ဘို့
စစ်ပွဲမှာ ဘာမထီဘု
စာမရီ သာကီသွေးတွေက
သက်ပေးကာ သည်လိုဆောင်တော့
ပြည်ဘောင်မှာ သည်အောင်ပွဲရယ်
သဲခြိမ့်ခြိမ့်ညာ။
သေသူသေ ကျိုးသူကျိုးပါဘဲ
ကံဆိုး တဖုံဆင်လို့
စဉ်မမှီ လူညွန့်တုံးကာပ
ဆုံးခဲ့ရ ဘ၀တာ
ဖန်လာတဲ့ ဖြစ်မျိုး။
စစ်ပြန်တော့နော်
အားတက်ကာ တပျော်ပျော်နဲ့
မြေပေါ်မှာ ခြေနော်ဝင့်နိုင်လိမ့်
တွက်ချင့်ကာ အားပင်သစ်မိရဲ့
သြော်-ဖြစ်ရပုံ ခြေမလှချင်တော့
သေရတာ ကောင်းပါဦးမယ်ထင့်
စိတ်ကူးတွေ တခါလွဲချေပေါ့
ခဲမကျေ သဲရေကျပါဘဲ
လှစ်ဟကာ တကြော်ကြော်နဲ့
ရဲဘော်မှာ ပဲလှော်ရောင်းရတယ်ကွယ်
ကြောင်းဖြစ်ချက်ဆိုး။ ။
"စစ်ပြန်ရဲဘော် "
မပြောချင်စမ်းပါဘု
ဇာတ်လမ်း ခြေမဟန်လို့
လွတ်နိုင်ရန် ဘယ်လိုကြိုးပေမင့်
ဝဋ်ဆိုး သံသရာက
ဖန်လာတာ လွတ်မရုန်းသာဘု
နှလုံးမှာ တပွေပွေနဲ့
အကြံခေ ဉာဏ်ခြေမွဲလှချည့်
ရဲဘော်တို့ ကံကြမ္မာ။
တခေတ်လဲနိုင်ဘို့
စစ်ပွဲမှာ ဘာမထီဘု
စာမရီ သာကီသွေးတွေက
သက်ပေးကာ သည်လိုဆောင်တော့
ပြည်ဘောင်မှာ သည်အောင်ပွဲရယ်
သဲခြိမ့်ခြိမ့်ညာ။
သေသူသေ ကျိုးသူကျိုးပါဘဲ
ကံဆိုး တဖုံဆင်လို့
စဉ်မမှီ လူညွန့်တုံးကာပ
ဆုံးခဲ့ရ ဘ၀တာ
ဖန်လာတဲ့ ဖြစ်မျိုး။
စစ်ပြန်တော့နော်
အားတက်ကာ တပျော်ပျော်နဲ့
မြေပေါ်မှာ ခြေနော်ဝင့်နိုင်လိမ့်
တွက်ချင့်ကာ အားပင်သစ်မိရဲ့
သြော်-ဖြစ်ရပုံ ခြေမလှချင်တော့
သေရတာ ကောင်းပါဦးမယ်ထင့်
စိတ်ကူးတွေ တခါလွဲချေပေါ့
ခဲမကျေ သဲရေကျပါဘဲ
လှစ်ဟကာ တကြော်ကြော်နဲ့
ရဲဘော်မှာ ပဲလှော်ရောင်းရတယ်ကွယ်
ကြောင်းဖြစ်ချက်ဆိုး။ ။
တိုက်ပွဲတစ်ပွဲ၏ ရလဒ်နှင့် ရရှိခံစားရသည့် ဘ၀တို့ကို ကဗျာထဲတွင် တွေ့မြင်နိုင်ပါသည်။ သေသူသေ၊ ကျိုးသူကျိုးပါတဲ့။ တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ အမိနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်တို့ ကိုထိပါးစော်ကားမခံရလေအောင် ကာကွယ်ခဲသည့်၊ ကာကွယ်နေသည့် တပ်မတော်သားတို့၏ ဘ၀သည် ရှေ့ တန်းမှ ပြန်ခဲ့လျှင်သော်လည်းကောင်း၊ တပ်မတော်မှ ထွက်ခွာခဲ့လျှင်သော်လည်းကောင်း "ရဲဘော်မှာ ပဲလှော် ရောင်းရတယ်ကွယ် ကြောင်းဖြစ်ချက်ဆိုး "ဟူသော ဘ၀တွေကို ထပ်မံမပိုင်ဆိုင်ချင်တော့ပါ။ ပိုင်ဆိုင်ခွင့် မပေးသင့်တော့ပါ။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဖက်သော တိုက်ပွဲဝင်အပေါင်းတို့သည် မိမိ၏ အရပ်ဌာနေဆီသို့ အေးချမ်းစွာ ပြန်နိုင်ကြပါစေ၊ မိမိ၏ အသက်ကို မငဲ့ပဲ တိုင်းပြည်အတွက် တကယ့်သူရဲကောင်း ရဲဘောင်းအပေါင်းတို့၏ ဘ၀ တို့သည်လည်း အေးချမ်းသာယာနိုင်ပါစေလို့သာ။
***************
မောင်ပိုင်
၂၂-၁-၂၀၁၄
( မိတ်ဆွေများခင်ဗျား သင်တန်းပြီး၍ အိမ်ပြန်ခရီးကို ရေးသားရင်း ရင်ထဲတွင် ဖြစ်ပေါ်လာသည့် အကြောင်း အချင်းရာများကို ခံစားရသည့် ကဗျာတို့ဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ နှစ်သက်ကြလိမ့်မည်ဟု မျှော် လင့်မိပါသည်)— with William Tuntunko and 28 others.