တပ်မတော်ဧ။် အခန်းကဏ္ဍနှင့် အရွယ်အစားကို ပြင်ဆင်ခြင်း
===============================
( Against the Odds -- မတ်လ၊ ၂၀၁၃ ။ ရေးသားသူ --- Prof. David O Dapice ( International Fellow, Tufts University; Harvard Kennedy School, ex-principal advisor to the Indonesian Ministry of Finance when this country enjoyed its period of rapid growth), Thomas Vallely (Senior Advisor, Mainland Southeast Asia, Ash Center for Democratic Governance and Innovation))
တပ်မတော်ရဲ့ အခန်းကဏ္ဍအတွက်စဉ်းစားမယ်ဆိုရင် တပ်မတော်ရဲ့ မူလတာဝန်ဖြစ်တဲ့ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးကို တိုးမြှင့်ရပါမယ်။ အုပ်ချုပ်ရေးကဏ္ဍမှာ ပါဝင်နေတာကို လျှော့ချရပါမယ်။ အရင်ဆုံး အရွယ်အစားနဲ့ ထိန်းချုပ်ထားတာတွေကို ချုံ့ရပါမယ်။ တပ်မတော်အတွက် ကုန်ကျစားရိတ်ဆိုတာက နိုင်ငံတော်ဘတ်ဂျက်တစ်ခုထဲမဟုတ်ပါဘူး။ တပ်က သိမ်းယူထားတဲ့ နယ်မြေအများကြီးလည်းပါဝင်ပါတယ်။ တစ်ချို့နေရာတွေမှာ သီးပင်စားပင်စိုက်ပြီးဝင်ငွေရနေတယ်။ တစ်ချို့နေရာတွေကိုတော့ ပုဂ္ဂလိကကို ပြန်ရောင်းတာ၊ ထိပ်တန်းအရာရှိတွေက ရှယ်ယာပြန်ထည့်တာမျိုးတွေလုပ်ထားပါတယ်။ တစ်ချို့မှာတော့ ဒေသခံလယ်သမားတွေကို သီးစားခနဲ့ ပြန်လုပ်ပေးစေပါတယ်။ ဒါတွေကို ဖြေရှင်းနိုင်ရင်တော့ စီးပွားရေးနဲ့ နိုင်ငံရေးမူဝါဒကောင်းတွေထွက်လာပါလိမ့်မယ်။
အရာရှိတွေဟာ ပုဂ္ဂလိကကုမ္ပဏီအများအပြားကို ပိုင်ဆိုင်ပြီး ဈေးကွက်ကလည်း ရှေးကျနေတာမို့ အမြင့်ဆုံးဈေးရအောင်ချုပ်ကိုင်ထားကြရာမှာ အငယ်စားစွမ်းအင်ကုမ္ပဏီတွေကနေ ဦးပိုင်လိုအကြီးစားတွေအထိပါဝင်ပါတယ်။ တပ်နဲ့ချိတ်ဆက်ထားတဲ့လုပ်ငန်းတွေမှာ ကျောက်မျက်ရတနာနဲ့ ကျောက်စိမ်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အဖျော်ယမကာစက်ရုံ၊ အိမ်ခြံမြေလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေပါဝင်ကြပါတယ်။ ဒီလုပ်ငန်းများရဲ့ စွမ်းဆောင်ရည်မပြည့်တာ၊ ၀န်ဆောင်မှုညံ့ဖျင်းတာနဲ့ ဈေးနှုန်းကြီးမြင့်နေတာကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးကို နောက်ပြန်ဆွဲပြီး လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးဖို့ကိုလည်း ပိတ်ထားသလိုဖြစ်နေပါတယ်။ ဒီလို လည်ပင်းကြိုးကွင်းစွပ်ထားတာကို ဖြည်ထုတ်နိုင်မှ၊ စီးပွားရေးမှာတပ်ကချုပ်ကိုင်ထားတာကို ဖြေလျှော့နိုင်မှ အတိအကျမသိရတဲ့ ဘတ်ဂျက်ပြင်ပ ထောက်ပံ့စားရိတ်တွေလျော့ကျမှာပါ။ ဒါပေမဲ့ သယံဇာတထုတ်လုပ်မှုကတော့ အတိုင်းအတာတစ်ခုအထိ ကျန်နေပါဦးမယ်။
သဘာဝသယံဇာတထုတ်တာကတော့ အင်မတန်များလှပါတယ်။ ဒေါ်လာသန်းထောင်ချီတဲ့ ကျွန်းသစ်တွေ၊ ဓါတ်ငွေ့တွေကို ရောင်းရတဲ့ငွေတွေကို တပ်ခေါင်းဆောင်တွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ စာရင်းပျောက်သိမ်းခဲ့ကြပါတယ်။ ၂၀၁၁ မှာ ကျောက်စိမ်းရောင်းရငွေက ၁၀ ဘီလီယံဒေါ်လာနဲ့ အထက်ရှိပေမဲ့ နိုင်ငံတော်ဘတ်ဂျက်ထဲကို နည်းနည်းပဲရောက်ပါတယ်။ တပ်မတော်အတွက်သုံးနေတဲ့ သယံဇာတပမာဏ၊ ငွေပမာဏနဲ့ တခြားရင်းနှီးမြှပ်နှံမှုတွေကို အတိအကျသိဖို့ကတော့ အတော်အားစိုက်ရပါဦးမယ်။ ဥပမာအနေနဲ့ လွှတ်တော်ကို ခွင့်တောင်းစရာမလိုပဲ သမ္မတက အတည်ပြုရုံနဲ့ အထူးဘဏ္ဍာငွေအဖြစ် တပ်အတွက် ကုန်ကျစားရိတ်တွေကို အတိအကျမသိရပဲ ယူနေတာမျိုးတွေလည်း ပါ ပါတယ်။ ဒီငွေတွေအားလုံးကို တစ်စုတည်းပေါင်းပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေမှာ သုံးလိုက်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲခြင်းအစစ်ပါပဲ။
တကယ်လို့ ငြိမ်းချမ်းရေးသာတည်ဆောက်နိုင်ခဲ့ရင် တပ်ရဲ့ အရွယ်အစားကလည်း အလိုအလျောက်သေးငယ်သွားမှာပါ။ ငြိမ်းချမ်းတဲ့မြန်မာပြည်မှာ တပ်မတော်အရွယ်အစားဘယ်လောက်ဖြစ်သင့်သလဲလို့ ကြည့်ရအောင်။ အင်ဒိုနီးရှားမှာ စစ်သားပေါင်း ၅၈၂၀၀၀ ရှိပြီး လူဦးရေက သန်း ၂၄၀ ရှိတာမို့ လူတစ်သန်းကို စစ်သား ၂၄၀၀ နှုန်းပါ။ ဘင်္ဂလားဒေ့ရှ်မှာောတ့ လူတစ်သန်းကို စစ်သား ၁၅၀၀ နှုန်း၊ တရုတ်မှာ ၂၂၀၀ နှုန်း ရှိပါတယ်။ မြန်မာပြည်မှာ လူဦးရေသန်း ၆၀ ရှိတယ်ဆိုရင် စစ်သားဦးရေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် ၉ သောင်းမှ တစ်သိန်းလေးသောင်းအတွင်းရှိရပါမယ်။ ငယ်ပေမဲ့လည်း တိုက်စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်အနေနဲ့ ရခိုင်ဒေသမှာလို ပြည်သူလူထုကို ခြိမ်းခြောက်လာတဲ့ အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်စွမ်းရှိပါလိမ့်မယ်။ လက်ရှိတပ်မတော်သား ခန့်မှန်းခြေ ၂ သိန်းမှ ၄ သိန်းအထိရှိနေပေမဲ့ စွမ်းရည်ပြည့်တပ်မတော်သားဘယ်လောက်ရှိလဲ မသိရပါဘူး။ ( အစိုးရမှန်းခြေအရတော့ အားလုံးစွမ်းရည်ပြည့်တယ်လို့ ဆိုပါတယ်။ ) တိုင်းရင်းသားလက်နက်ကိုင်တွေအပါအ၀င် တပ်မတော်သားအများစုအတွက် အလုပ်အကိုင်သစ်တွေကို ရှာဖွေရပြီး အများအပြားကလည်း တပ်မှာပဲ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါလိမ့်မယ်။ လက်နက်ကိုင်ဘ၀ကို စွန့်လွှတ်သူတွေအတွက် အဆင့်အတန်းရှိတဲ့ လူနေမှုဘ၀တွေဖြစ်ဖို့ အထူးတလည်အကူအညီတွေလည်း လိုအပ်ပါတယ်။
အခြေခံဥပဒေထဲမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရရဲ့ မူဝါဒတွေကို ပြုပြင်ဖို့ တပ်မတော်မှ ဆန္ဒရှိသလို အာဏာသိမ်းခွင့်ရထားတာဟာ ဒီမိုကရေစီနဲ့ပဲဖြစ်ဖြစ်၊ တရားဥပဒေစိုးမိုးရေးနဲ့ပဲဖြစ်ဖြစ် မကိုက်ညီပါဘူး။ လွှတ်တော်ထဲမှာ ၂၅% တပ်မတော်သားတွေကတော့ အချိန်ကာလတစ်ခုအထိရှိနေဦးမှာဖြစ်လို့ ဒါကိုလည်း ညှိနှိုင်းယူရမှာပါ။ အားထားလောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ခံခေါင်းဆောင်တွေရဲ့ သြဇာအာဏာရှိမှုက လိုအပ်လှပါတယ်။ ဒါဟာ တပ်မတော်ရဲ့ တရားဝင်ရပ်တည်မှုအတွက် အခြေခံအကျဆုံး အရွေ့လည်းဖြစ်ပါတယ်။ ဒီအရွေ့ဟာတပ်မတော်ရဲ့ အရွယ်အစား၊ သယံဇာတအသုံးပြုမှုနဲ့ စီးပွားရေးကဏ္ဍပါဝင်ပါတ်သက်မှုတွေကို လျော့ကျစေပါလိမ့်မယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေမှာ တပ်မတော်က နမော်နမဲ့အမှားမှားအယွင်းယွင်းလုပ်ခဲ့သမျှတွေကို အားပြန်ဖြည့်တင်းထားတဲ့ တရားရုံးတွေနဲ့ အဓိပ္ပါယ်ရှိရှိအစားထိုးရပါမယ်။ စနစ်တကျကောင်းကောင်းမွန်မွန်ဖွဲ့စည်းထားတဲ့ တရားရုံးတွေဟာ သမာသမတ်မျှတတဲ့ ဥပဒေတွေ၊ မူဝါဒတွေကို အားပေးတာမို့ တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပေးပါတယ်။ နိုင်ငံရေးမှာ ပါဝင်လိုတဲ့ တပ်မတော်သားတွေ၊ စီးပွားရေးမှာ ဥပဒေနဲ့အညီ တန်းတူဆက်ဆံခွင့်ကို လိုလားကြတဲ့ တပ်မတော်သားတွေအတွက်ကတော့ လျှင်မြန်သွက်လက်တဲ့ တရားရုံးချုပ်ဟာ တစ်ဦးချင်းနဲ့ အဖွဲ့လိုက်ရပိုင်ခွင့်တွေကို အာမခံပေးနိုင်တာကြောင့် အရေးပါလှပါတယ်။
ဒီအပြောင်းအလဲတွေအတွက် တခြားအရေးပါတဲ့ ဆုံးဖြတ်ချက်ကတော့ တပ်မတော်နဲ့ အရာရှိတွေကို ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေက လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ပါပဲ။ အရင်တပ်အရာရှိတွေလက်အောက်မှာ နှုတ်မိန့်ကသာ အတည်ဖြစ်နေပြီး ထိရောက်တဲ့တရားဥပဒေစိုးမိုးရေးဆိုတာ မရှိခဲ့ပါဘူး။ တပ်ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ထောက်ပံ့ဖို့ စေခိုင်းခံရတာကြောင့် သယံဇာတနဲ့ မြေတွေသိမ်းတာ၊ အာဏာနဲ့ အခွန်ကောက်တာ၊ ကုန်သွယ်ရေးကိုလက်ဝါးကြီးအုပ်တာတွေကို လုပ်ခဲ့ကြပါတယ်။ ( တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဒီနည်းကိုပဲ ကျင့်သုံးခဲ့ကြပါတယ်။ ) ဒါကြောင့် အရာရှိတွေအများကြီး ချမ်းသာလာကြပါတယ်။ တကယ်လို့ တစ်ယောက်ယောက်ကို ရုံးတင်စစ်ဆေးမယ်ဆိုရင် တပ်နဲ့ လက်နက်ကိုင်အရာရှိတွေအများကြီးကို ခုံရုံးတင်ရပါလိမ့်မယ်။ တရုတ်ပြည်မှာ ဒီလိုခြစားမှုတိုက်ဖျက်ရေးတွန်းအားတွေဟာ စနစ်ကို အမှန်တကယ်ပြုပြင်နိုင်တာထက် အစိုးရအဖွဲ့ကို နှိပ်ကွပ်ဖို့အတွက်သာဖြစ်နေပါတယ်။ တရားစွဲမခံချင်တဲ့အရာရှိတွေဟာ အနိုင်ရတဲ့ဘက်ကိုပြောင်းကုန်တာကြောင့် မတည်ငြိမ်မှုတွေ၊ တာဝန်ခံနိုင်မှုတွေပျောက်ကုန်ပါတယ်။
ဒါကြောင့် သူတို့ပိုင်ဆိုင်တာတွေကို ပြန်မသိမ်းတာဟာ အမျှော်အမြင်ကြီးရာရောက်သလားလို့ မေးနိုင်ပါတယ်။ အရာရှိတွေကို အနိမ့်ဆုံးထိုက်သင့်တဲ့ဓနဥစ္စာပိုင်ဆိုင်ခွင့်ကိုပြုရပါမယ်။ ဒါဟာ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို တည်ဆောက်ရာရောက်ပါတယ်။ သတ်မှတ်ထားတဲ့ ပမာဏထက်ပိုတဲ့ ပိုင်ဆိုင်မှုတွေကိုတော့ နိုင်ငံတော်အတွက် ပြန်လည်သိမ်းယူရပါမယ်။ ဒီပိုင်ဆိုင်မှုတွေကို ခြေရာခံဖို့ဆိုတာ နည်းစနစ်ပိုင်းအရ အခက်အခဲတွေရှိနိုင်ပြီး နိုင်ငံရေးအရလည်း မေးခွန်းထုတ်စရာတွေရှိပါတယ်။ အတိတ်ကာလမှောင်ကျခဲ့ချိန်တွေမှာ ကျုးလွန်ခဲ့တဲ့ စီးပွားရေးဆိုင်ရာပြစ်မှုတွေကို ခွင့်လွှတ်ပေးလိုက်တာဟာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ရှေ့ကိုချီတက်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ ပမာဏကြီးမားတဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံရေးအင်အားစုတစ်ခုကို ဖန်တီးနိုင်ပြီး အနာဂတ်မှာ ကောင်းကောင်းအုပ်ချုပ်ဖို့ ခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့် ရှေ့ခရီးမှာတော့ ပိုတင်းကြပ်တဲ့ဥပဒေတွေကို ပြဌာန်းရပါလိမ့်မယ်။
ဘာသာပြန်သူ -- သန္တာဝင်း
(၀၅.၀၂.၁၄ )
ကိုးကား။
http://www.ash.harvard.edu/extension/ash/docs/against.pdf
— with Htet Paing and 3 others.===============================