ကျွန်တော် မိမိကိုယ်ကို ချစ်သည်။ ကျွန်တော့် မိသားစုကို ချစ်သည်။ မိဘဆွေမျိုးများကို ချစ်သည်။ လူအများလည်း မိမိကိုယ်ကို၊ ယင်းတို့၏ မိဘဆွေမျိုး၊ မိသားစုကို ချစ်ကြပါလိမ့်မည်။
ကျွန်တော့်အသား နာမှာ ကြောက်သည်။ သူများလည်း သူတို့အသားနာမှာ ကြောက်ကြပါလိမ့်မည်။
ကျွန်တော်နှင့် ကျွန်တော့်မိသားစု ဘေးအန္တရာယ်ဖြစ်မှာ ကြောက်သည်။ လုံလုံခြုံခြုံနေချင်သည်။ လောက်လောက်ငငစားချင်သည်။ လူအများလည်း ထို့သို့ဖြစ်ပါလိမ့်မည်။
ကျွန်တော် စင်္ကာပူမှာ အလုပ် လုပ်သည်။ လောက်လောက်ငင စားသောက်နိုင်လာပြီ။ ကျွန်တော် ပညာအများကြီးမတတ်ပါ။ သူလိုငါလို၊ မြန်မာပြည်မှာ လုပ်ခဲ့သလိုပဲ လုပ်ရသည်။ တစ်ချို့က နိုင်ငံခြားရောက်ရင် ပညာတတ်ကြီးထင်ကြသည်။ တစ်ချို့က နိုင်ငံခြားမှာ လုပ်နေတာ ပညာတတ်လို့ ကိုယ်ကို ကိုယ်အော်သည်။ တောမှာနေခဲ့တဲ့ပြီး မြို့ရောက်၊ ဓာတ်လှေကားစီးတတ်တာ၊ ရွာက အမျိုးတွေရှေ့ လူတတ်ကြီးဟန်နဲ့ ဓာတ်လှေကားခလုပ်နှိပ်တတ်တာ ဒီသဘောလောက် ပဲမှတ်ယူသည်။ တစ်ချို့အရာတွေကို ပညာလို့ ကျွန်တော်မထင်။ သစ်ပင်အစိမ်းနားကပ်လို့ အစိမ်းရောင်ပြောင်းသွားသည့် ပေါက်သင်ညိုလို ပတ်ဝန်းကျင်နှင့်လိုက်ရောညီထွေဖြစ်ခြင်း၊ ပတ်ဝန်းကျင်က သင်ယူစေခြင်း သဘောလောက်သာဖြစ်သည်။ လူအထင်ကြီးအောင်ပြုခြင်းသည် တစ်ဖက်သားကို နှိပ်ချခြင်း၊ သိမ်ငယ်စေခြင်း ဖြစ်စေသည်။ မိမိကိုယ်တိုင်လည်း အမှားများစွာပြုခဲ့ဖူးသည်။ ဒါကို အဓိက ပြောချင်တာမဟုတ်။ နည်းနည်းသိ၊ နည်းနည်းတတ်ရုံဖြင့် မြန်မာပြည်ထက် စားနိုင်၊ သောက်နိုင်ခြင်းကို ပြောခြင်းဖြစ်သည်။ ကျွန်တော့်လို့ပဲ မြန်မာပြည်မှာ လုပ်ကိုင်နေသူတွေ ရစေ့ချင်သည်။
ထိုသို့ဆိုရင်...........
လွတ်လပ်မှုသည် ကောင်းသည်။ မိမိခံစားချက်၊ ယူဆချက်၊ အတွေးအမြင် စိတ်ကူးဖြင့် နေလိုသည်။ မိမိသိတာလေးတွေ ပြောလိုသည်။ မိမိ ခံစားရတာတွေ ထုတ်ဖော်ချင်သည်။ သို့သော် သူတပါးအား ဘေးဥပါဒ် မဖြစ်စေသင့်။
မူးယစ်ရမ်းကားသောသူများ ညအချိန် ဓာတ်တိုင်မီးသီးခွဲမည်၊ ဘတ်စ်ကား မှတ်တိုင် ထိုင်ခုံများ ခြိုးဖဲ့မည်။ မိမိအား မနှောက်ယှက်သဖြင့် အန္တရာယ်မရှိ။ သို့သော် တစုံတရာ မပြုသင့်သည်ကို ပြုနေသည့် အတွက် တားလိုသည်။ ကိုယ်တိုင် သွားတားဆီးပါက မိမိအား အန္တရာယ်ပြုနိုင်သည်။ ထိုအခါ သက်ဆိုင်ရာတာဝန်ရှိ၊ သို့မဟုတ် ရဲအဖွဲ့သာ အားကိုးရပေမည်။ ဥပမာ အိမ်နီးနားတွင် အပျော်ခန်းတွေများနေမယ်၊ အပျော်မယ်တွေ လုပ်စားနေမယ်ဆိုပါစို့၊ မိမိ၏ သားပျို၊ သမီးပျိုများ ယုံထင်ကြောင်ထင်ခံရနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမိ ထိခိုက်မည်။ မိမိမှ မပြောင်းနိုင်၊ ပတ်ဝန်းကျင်အား မတည့်မတ်နိုင်သူ ဖြစ်ပါက သက်ဆိုင်ရာ အစိုးရအဖွဲ့စည်းသား အားကိုးရမည်။
လူမှုပတ်ဝန်းကျင် ထိခိုက်စေမည့်အရာများ၊ ဥပဒေဖောက်ဖျက်မှုများ၊ အများပြည်သူ၏ နေ့စဉ်လူနေမှု ဘဝကို ထိခိုက်စေမည့် အရာများ ဖြစ်ပေါ်လာပါက ဥပဒေဆိုင်ရာ အာဏာပိုင်အဖွဲ့၊ ရဲ၊ တရားရုံးတို့သာ အားကိုးရပေမည်။ ထို့ကြောင့် ယင်းအဖွဲ့အစည်းများအား ဂုဏ်ကျက်သရေရှိလိုသည်။ တန်ဖိုးရှိစေလိုသည်။ တင့်တယ်စေလိုသည်။ အားကိုးချင်သည်။ သို့ဖြစ်၍ အဆိုပါ အဖွဲ့အစည်းများ အားကောင်းရန် ပြည်သူအများက မြှင့်တင်အပ်သည်။ ထောက်ပံ့အပ်သည်။ ပျက်ရယ်မပြုသင့်။
မြန်မာပြည်၏ မည်သည့်ဒေသ၊ လမ်းသွယ်၊ လမ်းကြားကို မဆို မည်သည့်အချိန်ဖြစ်စေ လုံခြုံစိတ်ချစွာ သွားလာနိုင်ပါမှ လုံခြုံသော ဘဝကို ရမည်ဟု မှတ်ယူနိုင်သည်။ လူမျိုးရေးအရလည်းကောင်း၊ ဘာသာရေးအရလည်းကောင်း၊ လိင်ကို အစွဲပြု၍သော်လည်းကောင်း မိမိကို စကားဖြင့်ဖြစ်စေ၊ အမူအယာအားဖြင့် ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ မထိခိုက်ခြင်း၊ မတိုက်ခိုက်ခံရခြင်းသည်လည်း ကောင်းမြတ်သော လူ့ဘဝကို ရရှိခြင်းဖြစ်သည်။
ယုတ်စွအဆုံး ကျွန်တော် ခွေးကိုက်ခံရမှာကို ပင်ကြောက်သည်။ ထို့ကြောင့် ခွေးလေခွေးလွင့် (ပိုင်ရှင်၏ သေခြာထိမ်းသိမ်းမှုမရှိသော၊ ပိုင်ရှင်မဲ့ဖြစ်သော၊ အစာသာကျွေး၍ နေချင်ရာနေလွှတ်ထားသော၊ အကိုက်ခံရပါက တာဝန်ယူပေးမည့်သူမရှိသော) များတွေ့ပါက ကျွန်တော် စိတ်ပိုင်းဆိုင်ရာ မလုံခြုံပါ။ လူအများလည်း ခွေးကိုက်ခံရမှာ ကြောက်မည်ဟု ထင်ပါသည်။ သတ္တဝါကို သနားရမည်၊ သူ့အသက်ကို သက်ခြင်းသည် အကုသိုလ်တရားဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ယုံကြည်ပါသည်။ စည်ပင်က ခွေးများ အဆိပ်ကျွေး၊ သုတ်သင်သောအခါ ကျွန်တော်လည်း စိတ်မကောင်းပါ။ မိမိ အမျိုးကို သတ်သည့် ပမာ ခံစားရသောသူများ၊ စည်ပင်ဝန်ထမ်းများအား ဆဲဆို စော်ကားကြသူများအနေဖြင့် ခွေးလေခွေးလွင့် ထိမ်းသိမ်းမည့် နည်းလမ်းများ ရှာဖွေပါက ပိုကောင်းပါမည်။
လူနေရပ်ကွက်အတွင်း အလှူခံ မဏ္ဍပ်များမှ အသံကျယ်လောင်စွာဖွင့်ခြင်းသည်လည်း မိမိအား ထိခိုက်ပါသည်။ ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ ထိုသို့ပြောဆိုပါက ဗုဒ္ဓဘာသာဝင်အများစု နေထိုင်သောတိုင်းပြည်တွင် အများက ကျွန်တော့်အား ဒိတ္ထိဟု အားမနာပပြောခြင်း၊ ဆဲခြင်းကို ခံရနိုင်ပါသည်။ ဘာသာခြားက ပြောဆိုပါက အခုလို အထိအခိုက်မခံသော ကာလတွင် ပိုဆိုးနိုင်ပါသည်။ တကယ်တော့ တစ်ချို့အလှူခံမဏ္ဍပ်များမှ အသံသည် ကျွန်တော်တို့ နေ့စဉ်လူနေမှု ဘဝတွင် စိတ်ညစ်ညူးစေသည်မှာ အမှန်ဖြစ်သည်။ သဒ္ဒါအရေး လက်မနှေးဖို့ ဆော်သြသည်ကို လက်ခံယုံကြည်ပါသည်။ တိတ်ဆိတ်ခြင်း၊ ဣဒြေရခြင်းသည်လည်း ကောင်းမြတ်သော မင်္ဂလာဖြစ်ပေသည်။ ဘလီက အသံတွေရောဟု အငေါ်တူးစရာရှိသည်။ အတူတူပဲ ဖြစ်ပါသည်။ မိမိမသိသော၊ မိမိမယုံကြည်သော၊ မိမိမကိုးကွယ်သော ဘာသာများ၏ အသံသည် ကျယ်လောင်စွာကြားနေရသော်လည်း ဆူညံသံသာ ဖြစ်ချေမည်။ ဥပမာ ရော့တေးဂီတနှစ်သက်သူက သူ့သီချင်းကို ကျယ်ကျယ်လောင်လောင်ဖွင့်ပြီး အရသာခံနိုင်ပေသည့် ပေါ့မြူးဇစ် ကြိုက်သူအဖို့ စိတ်ညစ်ညူးသကဲ့သို့ ဖြစ်သည်။ အပြန်အလှန်လေးစားမှုရှိခြင်း၊ တပါးသူ အနှောက်အယှက်မဖြစ်စေခြင်းသည် မင်္ဂလာတရားဖြစ်ပါသည်။
၅၉(စ) ရှိသင့် မရှိသင့်ကို ကျွန်တော် မဆွေးနွေးလိုပါ။ ကိုးကွယ်သည့် ဘာသာကို အလွန်းအကြူး အခြေခံပြောကြခြင်းဖြင့် အကျိုးဆက် မကောင်းနိုင်ပါ။ ဗမာကွ၊ ဗုဒ္ဓဘာသာနိုင်ငံကွဟု အလွန်အမင်း မဏ္ဍပ်တိုင် မတက်သင့်ပါ။ ကျွန်တော်တို့ နိုင်ငံတွင် ကျိုက်သည်ဖြစ်စေ၊ မကျိုက်သည်ဖြစ်စေ၊ ကိုလိုနီအမွေဆိုးလို့ပဲ ဆိုဆို လူမျိုးပေါင်းစုံ နေထိုင်ကြသည်။ ဘာသာပေါင်းစုံ ကိုးကွယ်ကြသည်။ လူမျိုးကို အခြေခံ၍လည်းကောင်း၊ ဘာသာကို အခြေခံ၍လည်းကောင်း အစွန်းရောက် ဟောပြောခြင်း၊ စည်းရုံးခြင်းမပြုလုပ်သင့်ပါ။ ဗုဒ္ဓတရားကိုယ်အရ မစ္ဇျိမပဋိပဋာလမ်းစဉ်ဖြစ်သည်။ ရာခိုင်နှုန်းမနည်းသော ဘာသာခြား၊ လူမျိုးခြားတို့အနေဖြင့် သိမ်ငယ်ခြင်း၊ ဖယ်ခွာခြင်း၊ မပူးပေါင်း မဆောင်ရွက်ခြင်း၊ မျိုးမတူရန်သူကဲ့သို့ သဘောထားခြင်းများ ဖြစ်ပေါ်လာပါက တိုင်းပြည်အနာဂတ်လည်း မကောင်းနိုင်ပါ။ ဗုဒ္ဓဘာသာသည်လည်း မြန်မာပြည်အလယ်ပိုင်းသို့ ပုဂံခေတ်မှရောက်လာသည်ဟု ဆိုပါသည်။ မိမိတို့လည်း တစ်ချိန်က ဘာသာမဲ့၊ နတ်ကိုးကွယ်သည့် အမျိုးက ဆင်းသက်လာသူများဖြစ်သည်။ ဗုဒ္ဓတရားတော်၏ ကောင်းမြတ်သည့် အကျင့်များအား သေခြာစွာ လိုက်နာကျင့်သုံးခြင်း၊ ဖြန့်ဝေခြင်းဖြင့် အမှန်တကယ် အေးချမ်းသော၊ လုံခြုံသော၊ တည်တံ့သော လူ့အဖွဲ့အစည်းကို ရရှိမည်မှာ ဧကန်မုချဖြစ်သည်။ ကျွန်တော့် ဆရာ၊ မိတ်ဆွေ၊ သူငယ်ချင်းများတွင် ခရစ်ယန်၊ မွတ်ဆလင်၊ ဟိန္ဒူကိုးကွယ်သူများရှိသည်။ ဘာသာကို အကြောင်းပြု၍ ယုတ်ရင်းကြမ်းတမ်းမှု၊ ခွဲခြားမှု မပြု။ ပြုလာပါကလည်း ဘာသောညာသော မသိ၊ သူဦး သူတွယ်၊ ကိုယ်ဦး ကိုယ်တွယ်ကြမည်သာ။ ထိုအခြေအနေမျိုးကို မူလတည်းက မဖန်တီးသင့်။ အခုတော့ အမျိုးဘာသာ သာသနာကို များများ ရွတ်ဆိုနေသည်ထက် ခွဲခြားမှု၊ ယုတ်ရင်းကြမ်းတမ်းမှုကို ဖန်တီးယူနေသကဲ့သို့ ဖြစ်သည်။
အဆိုတော် တစ်ယောက်က လူကို လူခြင်းသတ်တဲ့ စစ်သားကြီး ဆိုတဲ့ စာသားနဲ့ သီချင်းတွေဆိုတဲ့အခါ စစ်တပ်အမုန်းထနေတဲ့ ခေတ်မှာ လူကြိုက်များခဲ့ပါတယ်။ ကျွန်တော် လူတစ်ယောက်ကို မသတ်လိုပါ။ လူ လူခြင်း သတ်တာလဲ မမြင်လိုပါ။ ကျွန်တော်လည်း အသတ်မခံနိုင်ပါ။ လူသတ်ခြင်းနှင့် ကာကွယ်ခြင်းဟာ ကွဲပြားပါတယ်။ စစ်ပွဲတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဖြစ်တယ်။ လောဘ၊ ဒေါသ၊ အမျိုးသားရေး၊ နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွား၊ ဘိန်း၊ သယံဇာတ ကြောင်းအမျိုးမျိုးနဲ့ စစ်ဖြစ်ပါတယ်။ တပ်ခွဲမှုးသင်တန်းက သင်ခန်းစာထဲမှာ စစ်ဖြစ်ရသော အကြောင်းကြီးများဆိုတဲ့ ခေါင်းစဉ်အောက်မှာ မှတ်မှတ်ရရ `ဘုရားဖူးလို၍ လည်းကောင်း'ဆိုတာကို တအံ့တသြတွေ့ခဲ့ရတယ်။ ဟုတ်ပါတယ်။ ရွှေတိဂုံ၊ ရွှေမော်ဓောကို ဖူးချင်လို့၊ ပိဋကပ်သုံးပုံလိုချင်လို့ စသဖြင့် မွန်၊ ဗမာ၊ ရခိုင် စစ်တွေဖြစ်ခဲ့ကြတယ်။ စစ်ရဲ့ အကျိုးဆက်ကို ပြည်သူတွေခံရတယ်။ စစ်ဘေးဒုက္ခသည်တွေခံရတယ်ဆိုရင် ပါဝင်တဲ့ စစ်သည်တွေက နဖူးတွေ့၊ ဒူးတွေ့ခံရတယ်။ သူ့ဒေသက စစ်ဘေးသင့်ရာ အရပ်မဟုတ်ဦးတောင် သူများလို ကိုယ့်မိန်းမ၊ ကိုယ့်မိသားစုနဲ့ အေးအေးလူလူမနေရတော့ဘူး။ လက်နက်မဲ့ပြည်သူက အကာကွယ်မဲ့တယ်။ လက်နက်ကိုင် စစ်သားက သေစရာရှိအရင်သေဖို့ များတယ်။ လူမသတ်ချင်ရင်၊ လူမသတ်ရဲရင် သူအရင်သေရမယ်။ Do or Die ဆိုတာ အဲ့ဒီစစ်သားဘဝပဲ။ အကာအကွယ်မဲ့တဲ့ အရပ်သားက အသက်မခံရအောင် ထွက်ပြေးခွင့်ရှိတယ်။ ထွက်ပြေးတဲ့ စစ်သားက သေဒဏ်ထိုက်တယ်။ အရပ်သားက နောင်သံသရာကောင်းအောင် အသေခံရဲရင် ခံလိုက်လို့ရတယ်။ စစ်သားက စစ်ဖြစ်လာရင် အသေကို သတ်ရတယ်။ လူမသတ်ချင်လို့ မိုးပေါ်ထောင်ပစ်လိုက်၊ ချော်ပစ်လိုက်လုပ်လို့မရဘူး။
ဒါနဲ့ပဲ "ရဲသော်မသေ၊ သေသော်ငရဲမလား "ဆိုတဲ့ ဆောင်ပုဒ်ပေါ်လာတယ်ထင်တယ်။ လူ့အသက်သတ်လို့ ငရဲမကျဘူးလို့ ဆိုလိုဟန်မတူပါဘူး။ ရဲ့ဝံ့စွန့်စားစိတ်ရှိရင်ဖြင့် သေဖို့ဖြစ်နိုင်ချေနည်းမယ်၊ ရဲ့ဝံ့တဲ့အတွက် ကြောက်စိတ်ကင်းမယ်။ ကြောက်စိတ်က ငရဲကို တိုက်ရိုက်ဆင်းမယ်သဘောကို ပြောချင်တာဖြစ်မယ်။ သူ့အသတ်သက်ခြင်း အကျိုးကတော့ တဖန်ခံရဦးမှာ ဖြစ်တယ်။ စစ်ဖြစ်ခြင်း၊ လူသတ်ခြင်းကို ကျွန်တော် ထောက်ခံလို့ ပြောနေတာတော့ မဟုတ်ပါဘူး။ စစ်ပွဲတွေက ဗုဒ္ဓဘုရားရှင်လက်ထပ်မှာကို အများကြီးဖြစ်တယ်။ မျိုးတုန်းသတ်ဖြတ်ပွဲတွေတောင်ရှိတယ်။ အကြောင်းတရားဖြစ်လာရင် အကျိုးတရားက ဆက်လာတယ်။ မြစ်ရေကို အကြောင်းပြုလို့ ဖြစ်တဲ့စစ်ပွဲကို မြတ်စွာဘုရားက တားခဲ့တယ်။ နှစ်ဖက်တပ်တွေက စစ်သည်နှစ်ရာ့ငါးဆယ်စီ သာသနဘောင်ဝင်ပြီး ရဟန္တာငါးရာဖြစ်သွားတယ်လို့ ဆိုပါတယ်။ တားဆီးခြင်းမပြုတာတွေကတော့ ဥပက္ခာသဘောလို့ ယူရမယ်။ စစ်မဲ့ အခြားနည်းနဲ့ ဖြေရှင်းနိုင်ရင်တော့ နတ်လူသာဓုခေါ်စရာပေါ့။ ဒါကိုပဲ သံတမန်နည်း၊ စေ့စပ်ညှိနှိုင်းမှု အတတ်ပညာလို့ခေါ်တာမဟုတ်လား။
ကျွန်တော်က ပညာတတ်တယောက်မဟုတ်ပါ။ လူကောင်းတစ်ယောက်၊ လူတော်တစ်ယောက်လည်း မဟုတ်ပါ။ စွန့်လွှတ်အနစ်နာခံခဲ့တာလည်း မရှိပါ။ ကျွန်တော့်ကိုယ် ကျွန်တော်ချစ်ပါသည်။ ကျွန်တော့် မိဘ၊ မိသားစုကို ချစ်ပါသည်။
ကျွန်တော် ဘေးကင်း၊ သာယာစွာနေလိုပါသည်။ အေးချမ်းလုံခြုံမှုကို မြတ်နိုးပါသည်။
လူအများလည်း ထိုသို့ဖြစ်မည် ထင်ပါသည်။ မိမိကိုယ်ကို ချစ်သော၊ သူများကို မမုန်းသော၊ မိမိကိုယ်ကို လုံခြုံချင်သော၊ သူတပါး၏ လုံခြုံမှုကို မထိခိုက်စေလိုသော၊ မိမိ၏လွတ်လပ်မှုကို မြတ်နိုးသော၊ သူတပါး၏ လွတ်လပ်မှုကို အနှောက်အယှက်မပြုသော၊ မိမိအခွင့်အရေးကို အပြည့်အဝရယူလိုသော၊ သူတပါး၏ အခွင့်အရေးကို မထိပါးသော ပြည်သူများမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဖြင့် အေးချမ်းသာယာသော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါစို့။
မိမိတို့၏ နေ့စဉ်ဘဝလုံခြုံရေး၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မည့် အစိုးရ၊ ရဲတပ်ဖွဲ့၊ တပ်မတော်၊ လူမှုအဖွဲ့အစည်းအသီးသီးအား ဂုဏ်ပြုလိုက်ကြပါစို့။
မင်္ဂလာရှိသော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။
သက်ထွေးအောင်
၈-၂-၂၀၁၄