Image may be NSFW.
Clik here to view.
Clik here to view.

by Ye Myint Kyaw (Notes) on Sunday, March 31, 2013 at 12:47pm
“If there be truth in me, it should explode. I cannot reject it: I would be rejecting myself.”
(Karol Wojtyla. John Paul II)
“ကျုပ် ယုံကြည်တဲ့ အမှန်တရား ရှိရင်၊ ဒါကို ပေါက်ကွဲ ပျံနှံ့စေရမယ်။ အမှန်တရားကို ပစ်ပယ်လို့ မရဘူး။ ကျူပ်ကိုကျုပ်ပဲ ငြင်းပယ်ထားရလိမ့်မယ်”
ကာရိုးဝေါ့(ဂ်ျ) တေလာ၊ ဂျွန်ပေါလ်
၂
ဆင်မျူရယ် ဟန်တင်တန် ပြောတာကို အားလုံး အမှတ်ရကြဦးမှာပါ။ ကမ္ဘာမှာ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်း သုံးလှိုင်း ဖြစ်ပေါ်ခဲ့တယ်။ ပထမလှိုင်းရှည်က ၁၈၂၈-၁၉၂၆ ခုနှစ်အတွင်းမှာ။ ဒုတိယလှိုင်းတိုက ၁၉၄၃-၆၂ ခုနှစ်အတွင်း ဖြစ်ခဲ့ပြီး၊ တတိယလှိုင်းက ၁၉၇၄ မှာ စတင်ခဲ့တယ်။။ နောက်ဆုံး တတိယလှိုင်းက ၁၉၈၀ နဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဆက်တိုက် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ဆုံး တတိယလှိုင်းကို ဖြစ်ထွန်းစေခဲ့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ တစ်ပါတီပုံစံနဲ့ အမိန့်ပေးစနစ်တွေကို ညည်းငွေ့လာခြင်း၊ ဒီမိုကရက်တစ် တန်ဖိုးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွေးပိုက်လက်ခံလာခြင်း၊ ဂလိုဘယ်စီးပွားရေး မကြုံဘူးအောင် တိုးတက်အားကောင်းပြီး မြို့ပြလူလတ်တန်းစား တိုးပွားလာခြင်းနဲ့ ဗာတီကန်ကောင်စီက မီးစိမ်းပြလိုက်တဲ့နောက် ခရစ်ယာန်ကျောင်းတွေက အာဏာရှင်စနစ်ကို မထောက်ခံခြင်းတို့ကြောင့် ပါပဲ။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ခရစ်ယာန်ဘာသာ ဖွံ့ဖြိုးမှုတွေ ထပ်ရှိခဲ့ပြီး၊ အဲဒီအပြောင်းအလဲက ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်ကို တွန်းပေးခဲ့ပါတယ်။ ခေတ်သစ်ဒီမိုကရေစီဟာ ခရစ်ယာန်ကိုးကွယ်တဲ့ တိုင်းပြည်တွေမှာသာ အရင်ဆုံး အားကောင်းမောင်သန် ဖွံ့ဖြိုးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ကို ငဲ့ကြည့်ရင် ဒီမိုကရေစီနိုင်ငံ ၄၆ နိုင်ငံရှိတဲ့အနက် ၃၉ နိုင်ငံမှာ ကက်သလစ်နဲ့ ပရိုတက်စတင့်ဘာသာတို့က လွှမ်းမိုးထားပါတယ်။ တကယ်တမ်းပြောရရင် အစ္စလာမ်၊ ဗုဒဘာသာနဲ့ ကွန်ဖျူးရှပ်အယူ လွှမ်းမိုးတဲ့ နိုင်ငံတွေမှာ ဒေါင်ဒေါင်မြည် ဒီမိုကရေစီဆိုတာ အတော့်ကို ရှားရှားပါးပါးပါ။
ဒီမိုကရေစီနဲ့ ခရစ်ယာန်ဘာသာ ဆက်စပ်နေတယ်လို့တော့ အတိအကျ ရေးထားတာ ဟောပြောခဲ့တာတွေ မရှိပါဘူး။ သို့သော် အနောက်တိုင်းခရစ်ယာန်ဘာသာက တစ်ဦးချင်းရပိုင်ခွင့် ဂုဏ်သိက္ခာ၊ ကျောင်းတော်နဲ့ နိုင်ငံတော်ကြား စည်းခြားမှု တို့ကို အလွန်အလေးအနက် ထားပါတယ်။ နိုင်ငံတော်တော်များများမှာ ဖိနှိပ်သူတွေကို ဆန့်ကျင်ရာမှာ ကက်သလစ်နဲ့ ပရိုတက်စတင့် ခေါင်းဆောင်တွေက အရေးပါခဲ့ပါတယ်။ ဒါကြောင့်ပဲ ခရစ်ယာန်အယူ ပြန့်ပွားလာတာနဲ့အမျှ ဒီမိုကရက်တစ် တန်ဖိုးတွေ အားကောင်းလာဟန် ရှိပါတယ်။
တောင်ကိုရီးယားက ခရစ်ယာန် ဒီမိုကရက်များ
တောင်ကိုရီးယားကိုပဲ အရင်ကြည့်ပါ။ ၁၉၅၀ ပြည့်နှစ်တွေအတွင်း တောင်ကိုရီးယားဟာ အရပ်သားအစိုးရဖြစ်တဲ့ ဆစ်မန်ရီး လက်အောက်မှာ ရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်တွေမှာတော့ စစ်ဘက်တစ်ပိုင်း ဒီမိုကရေစီတစ်ပိုင်းဖြစ်တဲ့ ပတ်ခ်ချုံဟီး လက်အောက်မှာ နေခဲ့ရပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာတော့ အရပ်ဘက်ကို စိတ်နည်းနည်းပြောင်းလာတဲ့ ပတ်ခ် နဲ့ ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ် တို့အောက်မှာ ရှိခဲ့တယ်။ ၁၉၈၇ မှာတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့ လုံးလုံး စတင်ပါတော့တယ်။
ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ တောင်ကိုရီးယားကို ဗုဒ္ဒဘာသာနဲ့ ကွန်ဖျူးရှပ်ဝါဒက အဓိက လွှမ်းမိုးထားပါတယ်။ ခရစ်ယာန် ဦးရေးက တစ်ရာခိုင်နှုန်းလောက်ပါပဲ။ ၁၉၈၀ ပြည့်လွန် အလယ်နှစ်များရောက်တော့ ခရစ်ယာန်ဦးရေက ၂၅ ရာခိုင်နှုန်းထိ ဖြစ်လာပါပြီ။ အဲဒီမှာ ပရိုတက်စတင့်က ငါးပုံလေးပုံရှိပြီး ကျန်တာက ကက်သလစ်တွေပါ။
ခရစ်ယာန်အယူ ကူးပြောင်းလာသူတွေက လူငယ်တွေနဲ့ မြို့ပြလူလတ်တန်းစားတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာ ကူးပြောင်းလာကြတဲ့အကြောင်းကလည်း ဘာသာရေးအယူသည်းလွန်းလို့ မဟုတ်ဘဲ၊ ကိုရီးယားရဲ့ စီးပွားရေး လူမှုရေး အပြောင်းအလဲတို့ကြောင့်ပါ။ မြို့ပြကို သန်းနဲ့ချီပြီး ရောက်လာတဲ့ လူတွေရဲ့အမြင်မှာ စိုက်ပျိုးရေးခေတ် သက်ဝင်လှုပ်ရှားမှု ကင်းတဲ့ ဘာသာရေးပုံစံဟောင်းတွေကို ခံတွင်းမတွေ့ကြတော့လို့ပါ။ ခရစ်ယာန်ဘာသာရဲ့ တစ်ဦးချင်းလွတ်မြောက်ရေးနဲ့ ဂုဏ်သိက္ခာအကာကွယ်ပေးမှုက အကျပ်အတည်းရောက် ဂယ်ပေါက်ပိတ်နေချိန်မှာ ထွက်ပေါက်ရစေတယ်၊ အသိုင်းအ၀ိုင်းနဲ့ ၀ိုင်းဝန်းပေးတယ်၊ လူနေမှုပုံစံမှာ စတိုင်ကျတယ်လို့ ထင်လာကြတာလည်း ပါပါတယ်။
ခရစ်ယာန်အယူက နိုင်ငံရေးဖိနှိပ်မှုကို ဆန့်ကျင်ရာမှ အယူအဆပိုင်းအရရော၊ အင်စတီကျူးရှင်းပိုင်းမှာ စနစ်တကျ လုပ်ဆောင်မှုတွေ ရှိတယ်။ တန်းတူညီမျှရေးနဲ့ တစ်ဦးချင်းဂုဏ်သိက္ခာကို အမြဲရှေ့တန်းတင်တယ်။ ကွန်ဖျူးရှပ် အာဏာပိုင်စနစ်နဲ့ လောကီရေးရာ အင်စတီကျူးပြဿနာတွေမှာ အလေးမထားတဲ့ ဗုဒဘာသာတို့နေရာမှာ အစိုးရနဲ့ ဘာသာရေး ခွဲခြားကျင့်သုံးတဲ့ ခရစ်ယာန်ကို အစားထိုးလာကြပါတယ်။
၁၉၇၄ မှာ သမ္မတပတ်ခ် ရဲ့ မာရှယ်လောကို ဆန့်ကျင်ဖို့ ဘစ်ရှော့ငါးပါးက ရိုမန်ကက်သလစ် ဘာသာဝင် ၅၀၀၀ ကျော်ကို ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကင်ဒေးဂျုံနဲ့ ကင်ယုံဆန်တို့လို အတိုက်အခံအများစုကလည်း ခရစ်ယာန်တွေပါပဲ။ ၁၉၈၀ ပြည့်လွန်အစောပိုင်းမှာတော့ ခရစ်ယာန်ကျောင်းတော်တွေဟာ ရွေးကောက်ခံမဟုတ်တဲ့ အစိုးရကို ဆန့်ကျင်ဖို့ အဓိက အင်အားစု ဖြစ်လာပါတယ်။ ၁၉၈၆ နဲ့ ၁၉၈၇ မှာ ကာဒီနယ် ကင်ဆူဝမ်နဲ ကက်သလစ်ခေါင်းဆောင်တွေ၊ ပရိုတက်စတင့် အဖွဲ့တွေ၊ အမျိုးသားခရစ်ယာန်အသင်းတော်တွေ အားလုံးပေါင်းပြီး သမ္မတကို တိုက်ရိုက်ရွေးကောက်ဖို့ စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။
ဘုရားကျောင်းတော်တွေက လူသားရပိုင်ခွင့်နဲ့ တရားမျှတမှုအတွက် အင်စတီကျူးရှင်းပိုင်းဆိုင်ရာ အုတ်မြစ်ခိုင်အောင် ဟောပြောပို့ချမှုတွေ လုပ်ပါတယ်။ ကက်သလစ်ဘုန်းကြီး ငယ်၊ လတ်၊ ကြီးတွေ၊ လူငယ်အသင်းသားတွေက အစိုးရဆန့်ကျင်ရေးမှာ ပိုမိုပါဝင်လာပြိး နိုးကြားတက်ကြွလာကြတယ်။ ဒါကြောင့် ဂျာမန်လူမှုဒဿန ပညာရှင် မက်စ်ဗေဘာရဲ့ ခရစ်ယာန်အယူနဲ့ အရင်းရှင်စနစ်ပေါင်းစည်းရေးအမြင်က တောင်ကိုရီးယားမှာ တစ်ဖန်ပြန်ကျော့လာတယ်လို့ ပြောရပါမယ်။ ၁၉၈၇ နဲ့ ၈၈ တစ်ဝိုက် တောင်ကိုရီးယားမှာ ဒီမိုကရေစီဖွံ့ဖြိုးမှုအတွက် အဲဒီအတိုင်း ဖြစ်ခဲ့ပါတယ်။
ပရိုတက်စတင့် ဒီမိုကရက်
သမိုင်းကြောင်းအရဆိုရရင် ပရိုတက်စတင့်နဲ့ ဒီမိုကရေစီက ဆွေမျိုးတော်နေတတ်တယ်။ အနောက်ကမ္ဘာရဲ့ ဒီမိုကရေစီဟာ ဆယ့်ခုနှစ်ရာစု ပျူရစ်တန်တော်လှန်ရေးနဲ့ အရှိန်အဟုန်ယူခဲ့ပါတယ်။ ဆယ့်ကိုးရာစု ဒီမိုကရက်တိုက်ဇေးရှင်း ပထမလှိုင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံအများစုဟာ ပရိုတက်စတင့်အယူ ရှိတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ဒုတိယလှိုင်းဖြစ်စဉ်မှာတော့ ပါဝင်တဲ့နိုင်ငံတွေကြည့်ရင် ပရိုတက်စတင့်နဲ့ ကက်သလစ် ရောပါလာပါတယ်။ ဒါတောင် ၁၉၆၀ ပြည့်လွန်အထိ ပရိုတက်စတင့်ကပဲ အများစုဖြစ်နေပါသေးတယ်။ ပရိုတက်စတင့် လူဦးရေ အချိုးစားများလေလေ ဒီမိုကရေစီ အဆင့်မြင့်များလေလေလို့ ဆိုရပါမယ်။
ဒါနဲ့ပြောင်းပြန် ကက်သလစ်နိုင်ငံတွေမှာတော့ ဒီမိုကရေစီ ဆိတ်သုဉ်းပြီး အာဏာရှင်တွေအောက်မှာ လုံးချာရိုက်နေခဲ့ပါတယ်။ နိုင်ငံရေးနဲ့ လူမှုဒဿနပညာရှင် မာတင်လစ်ဆက်စ် က ‘ဒုတိယကမ္ဘာစစ်မတိုင်မီ ဥရောပနဲ့ လာတင်အမေရိက မှ ကက်သလစ်ဘာသာ နိုင်ငံတွေဟာ ဒီမိုကရေစီကို လုံးဝဆန့်ကျင်တဲ့ အခြေအနေရှိတယ်’ လို့တောင် ကောက်ချက်ဆွဲပါတယ်။
ပရိုတက်စတင့်ဘာသာဝင်တွေမှာတော့ ဒီမိုကရက်တစ်မာန်ဟုန်က ကြွနေပါတယ်။ သူတို့ ဒီလို ကြွတက်နေရတဲ့အကြောင်း သုံးခု ရှိပါတယ်။ ပထမအချက်က ပရိုတက်စတင့်ဝါဒဟာ တစ်ဦးချင်းတန်ဖိုးနဲ့ ဂုဏ်သိက္ခာကို အမြဲအလေးထားတယ်။ ဒါက ဒီမိုကရေစီနဲ့ နီးစပ်စေတယ်။ လူတစ်ဦးချင်းစီနဲ့ ဘုရားသခင် တိုက်ရိုက်ဆက်နွယ်မှုကို အလေးကဲထားတယ်။ ဒီနေရာမှာ ကက်သလစ်မှာက လာတင်ဘာသာ တန်ဖိုးတွေ၊ ဘုန်းတော်ကြီးတွေက ဘုရားသခင်နဲ့ လူတစ်ဦးချင်းကြား ကြားဝင် အောင်သွယ်ပေးရင်း အာဏာပိုင်သဖွယ် ဖြစ်သွားပါတယ်။
ဒုတိယအချက်ကတော့ ပရိုတက်စတင့်ကျောင်းတော်တွေဟာ ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်မှုပုံစံ ရှိခြင်းပါပဲ။ ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်သားတော်ဆိုပြီး လူတွင်ကျယ်လုပ် ဗိုလ်ကျလို့မရပါဘူး။ ဒါနဲ့ ဆန့်ကျင်ဘက် ကက်သလစ်မှာတော့ ပုပ်တွေ၊ ဘစ်ရှော့တွေ၊ ကာဒီနယ်တွေက အဆင့်ဆင့် အာဏာပိုင်ပုံစံနဲ့ အုပ်ချုပ်ထားပါတယ်။ ကက်သလစ်တွေကို စိတ်ဝညာဉ်ပိုင်းနဲ့ လောကုတ္တရာကိစ္စမှာတောင် အာဏာရှင်ဆန်တယ်လို့ ဆိုကြပါတယ်။
နောက်ဆုံး တတိယအချက်ကတော့ လူမှုဒဿနပညာရှင် မက်စ်ဗေဘာရဲ့ သုံးသပ်ချက်ပါ။ ပရိုတက်စတင့်ဘာသာရေးက စီးပွားရေးလုပ်ငန်းတွေ၊ ဥစ္စာဓနတွေ၊ အရင်းရှင်စနစ်နဲ့ လူလတ်တန်းစားတွေကို တိုးပွားများပြားစေတယ်။ အဲဒီလို စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ လူလတ်တန်းစားများပြားလာမှုက ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ ပေါ်ထွက်လာအောင် ချောဆီထည့်ပေးပါတယ်။
ကက်သလစ် ဒီမိုကရက်
၁၉၆၀ ပြည့်လွန်နှစ်များအထိ ပရိုတက်စတင့်နဲ့ ဒီမိုကရေစီကြား ဆက်စပ်မှုဟာ အပြောင်းလဲမရှိ ခိုင်မြဲနေဆဲပါ။ ဒါပေမဲ့ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာတော့ ဒီိမိုကရက်တစ် တတိယလှိုင်း တစ်လုံးပြီးတစ်လုံး အပြန့်ကျယ်စွာ ပေါ်ထွက်လာပါတယ်။
အဲဒီလှိုင်းတွေက ကက်သလစ်လှိုင်းတွေပါ။ တတိယလှိုင်းမှာ အဦးဆုံး ပေါ်ထွက်လာတဲ့ ဒီမိုကရက်တစ် သုံးနိုင်ငံအနက် ပေါ်တူဂီနဲ့ စပိန်က ကက်သလစ်တွေပါ။ ဒီနောက် တောင်အမေရိက ခြောက်နိုင်ငံနဲ့ ဗဟိုအမေရိက သုံးနိုင်ငံတို့ကတစ်ဆင့် ဒီမိုကရက်တိုက်ဇေးရှင်းဟာ အရှိန်အဟုန်နဲ့ စီးဆင်းသွားပါတယ်။
နောက် အရှေ့အာရှမှာ ဖိလစ်ပိုင်ဟာ ပထမဆုံး ဒီမိုကရက်ဖြစ်လာပြီး၊ တောင်အမေရိကက ချီလီနဲ့ မက္ကစီကိုတို့ကလည်း အားကျမခံ ဒီိမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်မှာ ပါဝင်လာကြပါတယ်။ ကက်သလစ် ပိုလန်နဲ့ ဟန်ဂေရီ တို့လည်း ဒီမိုကရေစီ အရေခွံသစ်ကို ပထမဆုံး လဲယူခဲ့ကြတယ်။ ကမ္ဘာ့ဒေသတိုင်းက ကက်သလစ်တိုင်းပြည်တွေဟာ ဒီမိုကရက်တိုက်ဇေးရှင်း ဦးဆောင်သူတွေ ဖြစ်ပြီး၊ ကက်သလစ်တို့ ပျော်စံရာ လာတင်အမေရိကတခွင်ဟာ တင်းပြည့် ဒီမိုကရက်တွေ ဖြစ်လာပါတယ်။
အကြမ်းဖျင်းပြောရရင် ၁၉၇၄ နဲ့ ၁၉၈၉ အကြား ဒီမိုကရေစီ အောင်မြင်စွာကူးပြောင်းနိုင်ခဲ့တာဟာ ကက်သလစ်ဘာသာ နိုင်ငံတွေပါပဲ။ ချွင်းချက်အဖြစ် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ပရိုတက်စတင့်ကနေ ဒီမိုကရက်ဖြစ်လာတဲ့ သုံးနိုင်ငံက အရှေ့ဂျာမဏီ၊ တောင်အာဖရိကနဲ့ ဆရာတွေရဲ့ သွန်သင်မှုကြောင့် ဘုရားသခင်နောက်လိုက်လာတဲ့ တောင်ကိုရီးယား ရယ်ပါ။ ချုပ်ပြောရင် အဲဒီကာလ နိုင်ငံအများအပြား ဒီမိုကရေစီ ဖြစ်လာတယ်ဆိုရင် ဒါဟာ ကက်သလစ်၊ အော်သိုဒေါ့တို့ပါပဲ။
ကျောင်းတော်အတွင်းပိုင်း ပြောင်းလဲမှု
မေးစရာ ရှိလာပါပြီ။ ကိုရွှေကက်သလစ်တို့ နောက်မှ ဘယ်လိုဖြစ်လို့ ဒီမိုကရက်တစ်ပိုး ၀င်သွားရတာလဲ။ ရှေးရိုး စာအုပ်ကြီး ပိုက်၊ ဗဟိုဦးစီးပုံစံကဲတဲ့ ကက်သလစ်တို့ နောက်ကျမှ ဘာကြောင့် အပြုံလိုက် ဒီမိုကရက်ဘ၀ ခုန်ကူးလာကြတာလဲ။
အဖြေက ရှင်းပါတယ်။ ကက်သလစ်ဘာသာဝင်တို့ ရှေးရိုး ရေခဲရိုက်ပုံစံထဲကနေ ဖောက်ထွက်လာလို့ ဖြစ်ပါတယ်။ သမိုင်းတလျှောက် ပရိုတက်စတင့်နိုင်ငံတွေက ကက်သလစ်နိုင်ငံတွေထက် စီးပွားရေး ပိုမို ဖွံ့ဖြိုးခဲ့တယ်။ ဥစ္စာဓန ကြွယ်ဝမှု မြင့်မားတယ်။ ၁၉၅၀ ပြည့်လွန် အစောပိုင်းကစလို့ ကက်သလစ်နိုင်ငံတွေက ပရိုတက်စတင့်တို့ထက် စီးပွားရေး တိုးတက်မှုနှုန်း ပိုမြန်လာပါတယ်။ နောက်အကြောင်းတစ်ခုက ကက်သလစ်ကျောင်းတော်များအတွင်း ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။
အရင်က လာတင်အမေရိက က ခရစ်ယာန်ကျောင်းတွေဟာ မြေယာပိုင် အောလစ်ဂါးခီတွေ အစိုးရအာဏာပိုင်တွေနဲ့ ပေါင်းသင်းမှု ရှိပါတယ်။ ၁၉၆၀ ပြည့်လွန်များမှာတော့ ကျောင်းတော်တွေက အဲဒီအကျင့်ဆိုးကို ပြောင်းလဲပစ်ပါတယ်။ chcrch တွေရဲ့ အတွင်းပိုင်း ပြောင်းလဲမှုက အာဏာရှင်အစိုးရတွေ ဆန့်ကျင်ရာမှာ လူမှုအင်စတီကျူးရှင်းပိုင်း အားကောင်းစေခဲ့တယ်။ ဘာသာရေးကို ခုတုံးလုပ်တတ်တဲ့ အစိုးရတွေထံက ဖယ်ရှောင်ခဲ့ပြီး လူထုကို အကာအကွယ်ပေးလာပါတယ်။ အရင်ဆုံး ဒီမိုကရေစီလိုလားသူတွေကို ခွန်အားဖြစ်စေပါတယ်။
၁၉၆၀ မတိုင်မီက ကက်သလစ်ကျောင်းတော်ကြီးကိုယ်တိုင်ပင် အာဏာစက်သုံးခဲ့တာတွေ ရှိပါတယ်။ ၁၉၆၀ ပြည့်လွန် အလယ်လောက်ကစလို့ ဒီမိုကရေစီမဟုတ်တဲ့ အစိုးရတွေကို ဆန့်ကျင်လာပါတယ်။ ဘရာဇီး၊ ချီလီ၊ ဖိလစ်ပိုင်၊ ပိုလန်နဲ့ ဗဟိုအမေရိကနိုင်ငံတွေမှာ အာဏာရှင်တွေကို ကောင်းကောင်းပညာပေးလာပါတယ်။ ကသလစ်ကျောင်းတော်ကြီးရဲ့ အသွင်သစ် ပြောင်းလဲမှုကြောင့် အဓိကနိုင်ငံရေးဖြစ်ရပ်တွေ ပေါ်ထွက်လာပါတယ်။
လူမှုပညာရှင်အချို့ ပြောတဲ့အတိုင်းပါပဲ။ ၁၉၅၀ ပြည့်နှစ်တွေထိ ကက်သလစ်ဘာသာဟာ ဒီမိုကရေစီရဲ့ ခလုပ်ကသင်းတစ်ခု ပါ။ အဲ.. ၁၉၇၀ နောက်ပိုင်းမှာတော့ ကက်သလစ်အယူဟာ ကျောင်းတော်ရဲ့ အတွင်းပိုင်းပြောင်းလဲမှုကြောင့် ဒီမိုကရေစီ အတွက် မဟာအင်အားဖြစ်လာခဲ့ပါတယ်။
ပုပ် ၂၃ ရဲ့ တစ်ဦးချင်းအခွင့်အရေး နှိုးဆော်မှု
ဗာတီကန်ကျောင်းတော်ကြီးရဲ့ အပြောင်းအလဲကို ကမ္ဘာ့အတိုင်းတာနဲ့ အသက်ဝင်စေဖို့ စပြီး အားထုတ်သူက ပုပ်ဂျွန် ၂၃ ဖြစ်ပါတယ်။ ကက်သလစ် အပြောင်းအလဲတွေဟာ သူ့ရဲ့ ကိုယ်ပိုင်စတိုင်နဲ့ ရိုးသားဖြူစင်တဲ့ ကတိက၀တ်ကနေ ပေါ်ထွက်လာတာပါ။
ဒုတိယမြောက် ဗာတီကန်ကောင်စီကနေ သူ့ရဲ့ ပုပ်ရဟန်းမင်း စာတမ်းသစ်ကို တင်ပြပြိး ဆုံးဖြတ်ချက်တောင်းပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကနေ လူမှုအပြောင်းအလဲတွေ အလေးကဲဆောင်ရွက်ဖို့၊ ဘစ်ရှော့တွေ၊ မာသာတွေက ဆင်းရဲသားတွေကို အကူညီပေးကြဖို့၊ တစ်ဦးချင်းအခွင့်အရေးတွေကို မားမားမတ်မတ် ရပ်ခံဆော်ဩကြဖို့ တိုက်တွန်းထားပါတယ်။ Church ဘုန်းကြီးတွေ ဆရာတွေဟာ တစ်ဦးချင်းအခွင့်အရေးနဲ့ ပတ်သက်ရင် အချိန်အခါမရွေး ရှေ့တန်းက တာဝန်ယူရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသဘောထားတွေကို ၁၉၆၈ နဲ့ ၁၉၇၉ ခုနှစ်တို့မှာ ကျင်းပတဲ့ လာတင်အမေရိက ဘစ်ရှော့များ ညီလာခံက အသေးစိပ် အတည်ပြုလိုက်နာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗာတီကန်အသင်းတော်ကြီးရဲ့ အပြောင်းအလဲပြီးရင်ပဲ တစ်ကမ္ဘာလုံးက ကက်သလစ်ကျောင်းတော်များ လှုပ်ရှားနိုးကြွ လာပါတယ်။ ၁၉၆၀ ပြည့်လွန်များအတွင်း စပိန်က လူငယ်မျိုးဆက်သစ် ကက်သလစ်ဘုန်းကြီး သီလရှင်၊ ပညာရှင်၊ တရားဟောဆရာပေါင်းစုံဟာ အစိုးရနဲ့ ကဏ္ဍကောစ ဖြစ်ပါတယ်။ ၁၉၇၄ မှာ ဘရာဇီး ခရစ်ယာနကျောင်းတွေမှာ ဘုန်းကြီး၊ သီလရှင် ၄,၀၀၀ ရှိလာပြီး အသွင်သစ်နဲ့ ကက်သလစ်ကို ဖန်ဆင်းလိုက်ပါတယ်။ တစ်ပြိုင်ထဲမှာ ဘုန်းကြီးငယ်တွေနဲ့ အောက်ခြေဆင်းလှုပ်ရှားသူတို့က ကွန်မြူနစ်ဆန့်ကျင်ရေး၊ အင်ပါယာဆန့်ကျင်ရေးတွေ စက်ပုန်းခုတ်လှုပ်ရှားလာပါတယ်။
၁၉၇၀ ပြည့်နှောင်းပိုင်းတွေမှာတော့ အာဂျင်တီးနား church များက ရှေးရိုးတယူသန်မှုကနေ လမ်းခွဲပြီး မြူးကြွနေတဲ့ ဘုန်းကြီးငယ်တွေရဲ့ အင်အားသစ်နဲ့ ဧ၀ံဂေလိရှင်သန်ရေး ပုံစံသစ်ခင်းလာပါတယ်။ ပိုလန်၊ ချီလီ နှစ်နိုင်ငံကလည်း အားကျမခံ church တွေကနေ အောက်ခြေလူထုကို နိုင်ငံရေးပိုးသွင်းပေးပြီး အကြမ်းမဖက်လှုပ်ရှားမှုတွေ ဖန်တီးကြပါတယ်။ အဲဒီလို ဗာတီကန်ရဲ့ အယူအဆသစ် မီးစိမ်းပြမှုနဲ့ တနံတလျား အောက်ခြေလှုပ်ရှားမှုတွေ ပေါင်းစပ်မှုက ဒီမိုကရက်တိုက်ဇေးရှင်းတွေ ဇယ်ဆက်သလို ဖြစ်လာပါတယ်။
ခရစ်ယာန်ကျောင်းတွေဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ရင်းမြစ်တွေ အများကြီး ပံ့ပိုးပေးပါတယ်။ အာဏာရှင်စနစ် ဆန့်ကျင်သူများကို ထောက်ပံ့မှု၊ ခိုလှုံခွင့်ပေးမှုတွေ လုပ်ပေးပါတယ်။ church ရေဒီယိုအသံလွှင့်ဌာန၊ သတင်းစာ၊ အပတ်စဉ်ထုတ် သတင်းလွှာတွေကနေ အစိုးရဆန့်ကျင်ရေးကို ပါးပါးနပ်နပ် လမ်းခင်းပြတယ်။
ဘရာဇီးမှာဆိုရင် church တွေက အားလုံးစုစည်း လှုပ်ရှားပါဝင်စေဖို့ အမျိုးသားကွန်ယက် ဖွဲ့စည်းထားပါတယ်။ ဘုန်းကြီး၊ သီလရှင်၊ တရားဟောဆရာ ထောင်ပေါင်းများစွာဟာ မီးခဲပြာဖုံး ယူဂျီလုပ်နေတဲ့ အမျိုးသားနိုင်ငံရေး ယန္တရားအဖွဲ့ကြီးပါပဲ။
Church တွေမှာ ထင်ရှားတဲ့ ခေါင်းဆောင်ကိုယ်စီ ရှိတတ်ပါတယ်။ ဘရာဇီးမှာဆို ကာဒီနယ် အန်း၊ ဖိလစ်ပိုင်မှာဆို ဆင်း၊ အယ်လ်ဆာဗေဒိုးမှာဆိုရင် ရိုမီယို၊ တောင်ကိုရီးယားမှာဆို ကင် စသည်တို့ပါပဲ။ သူတို့က သမ္မာကျမ်းပိုက်ရင်း နိုင်ငံရေးတရားတွေ ထည့်ဟောစည်းရုံးသွားပါတယ်။
ဗာတီကန်ကျောင်းတော်ကြီးရဲ့ ဩဇာကလည်း ခရစ်ယာန်နိုင်ငံတိုင်းက national church တွေ၊ ကက်သလစ်ဘာသာဝင်တွေ အပေါ် ကြီးမားပါတယ်။ ဥပမာ၊ ဘရာဇီး church က ဖီဆန်မှုတစ်ခု လုပ်တော့၊ ဗာတီကန်က အရှိန်အ၀ါကြီးကြီး ထောက်ခံမှုပေးပါတယ်။ ရောမကျောင်းတော်က တစ်ခွန်းဟတယ်ဆိုရင်ပဲ ဥရောပ၊ အမေရိကတို့က ဘနုးကြီးအပေါင်းနဲ့ အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းမီဒီယာတွေက ပွက်လောညံသွားပါတယ်။ အဲဒီဝေဖန် ရိုက်ခတ်မှုတွေကို ဘရာဇီး အစိုးရအဖို့ တုံပြန်ဖို့ ခဲရင်းပါတယ်။
ဂျွန်ပေါလ် ၂ ရဲ့ ခရီးစဉ်များ
ကွယ်လွန်သွားတဲ့ ပုပ်ရမင်းကြီး ဂျွန်ပေါလ် ၂ ဗာတီကန်ကို ဆက်ခံလိုက်ချိန်မှာတော့ လက်သံက ပိုပြင်းလပါတယ်။ အာဏာရှင်တွေကို ဆန့်ကျင်ရေး ကြိုးပမ်းမှုမှာ ပုပ်ရဟန်းမင်းနဲ့ ဗာတီကန်က အဓိက ဇာတ်ခုံပေါ်မှာ ရှိနိုင်ဖို့ ကြိုးစားပါတယ်။ သူရဲ့ ပထမဆုံး ဘရင်ဂျီဘုန်းတော်ကြီးများထံ ဖြန့်ဝေပေးစာမှာ လူသားပိုင်ခွင့် ချိုးဖောက်မှုတွေ တော်တော်များများကို ရှုတ်ချဝေဖန်ထားပါတယ်။ စိန့်ပီတာကျောင်းတော်ကြီးဟာ ပုဂလိကလူသား ဂုဏ်သိက္ခာအတွက် အမြဲရပ်ခံပြီး လွတ်လပ်မှုကို ကာကွယ်စောင့်ရှောက်သူ (the Guardian) ဖြစ်နေရမယ်လို့ အတိအလင်း ကြေငြာပါတယ်။
ဒီနောက်တော့ ပုပ်ရမန်းကြီး ဂျွန်ပေါလ် ရဲ့ ခရီးစဉ်တွေက အဓိက အရေးပါလာပါတယ်။ လူထုဆန္ဒပြပွဲတွေရဲ့ ရှေ့မှောက်မှာ ပုပ်ရဟန်းမင်းကြီးက ဘွားဘွားကြီး ပေါ်ထွက်လာတတ်ပါတယ်။ သူ့အလည်ပတ်ခရီးစဉ်တွေကို ကြည့်ရင် ပိုလန်ကို ၁၉၇၉ ဇွန်၊ ၁၉၈၃ ဇွန်၊ ၁၉၈၇ ဇွန်။ ဘရာဇီးကို ၁၉၈၀ ဇွန်-ဇူလိုင်၊ ဖိလစ်ပိုင်ကို ၁၉၈၁ ဖေဖော်ဝါရီ။ ဗာဒိုးနဲ့ ဟေတီတို့ကို ၁၉၈၃ မတ်လ။ တောင်ကိုရီးယား ၁၉၈၄ မေ။ ချီလီကို ၁၉၈၇ ဧပြီနဲ့ ပါရာဂွေးကို ၁၉၈၈ မေလတို့ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်တွေရဲ့ ရည်ရွယ်ချက်က သာမန် သာသနာပြုအလည်ခရီး မျှသာပါပဲ။ ဒါပေမဲ့ သူရဲ့ အဂန္တုခရီးစဉ်များက နိုင်ငံရေးမှာ အတော့်ကို အကျိုးများလှပါတယ်။ ဖိနှိပ်တဲ့အစိုးရများကို အံတုနေတဲ့ ဒေသခံ church တွေကို အားပေးထောက်ခံမှုတွေ လုပ်ရပါတယ်။ ပိုလန်၊ ဂွာတီမာလာ၊ နီကာရာဂွါ၊ ချီလီနဲ့ ပါရာဂွေးတို့မှာ ဖိနှိပ်သူတွေကို ဆန့်ကျင်ဖို့ သူကိုယ်တိုင် မားမားရပ် ပြောဆိုခဲ့တာတွေ ရှိပါတယ်။ အထူးခြားဆုံး အောင်ပွဲကတော့ ၁၉၇၉ ပိုလန် ခရီးစဉ် ဖြစ်ပါတယ်။
လူထုရဲ့ ကြောက်စိတ်တွေကို ဖြေလျော့ပေးနိုင်ခဲ့တယ်။ ထုနှက်ခံရ၊ အလုပ်ထုတ်ခံရ၊ ရာထူးမတိုး၊ ကျောင်းထုတ်တာတွေကို တားပေးနိုင်ခဲ့ပါတယ်။
နိုင်ငံရေးသိပံပညာရှင်တွေက ဂျွန်ပေါလ် ၂ ရဲ့ သာသနာပြုခရီးစဉ်တွေက အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒ ဆုံးခန်းတိုင်စေဖို့ အစပျိုးပေးလိုက်တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ၁၉၈၇ မှာ ချီလီက အာဏာရှင် ပီနိုချေးနဲ့ ထိပ်တိုက်တိုးတဲ့အခါမှာ သူ့ခရီးစဉ်တွေဟာ ဒီမိုကရေစီနဲ့ ဆက်နွယ်ပုံကို ခပ်တင်းတင်း ပြောချလိုက်ပါတယ်။
“ကျူပ်က ဒီမိုကရေစီ တရားဟောဆရာ မဟုတ်ဘူး။ ခရစ်ဝင်ကျမ်း ဧ၀ံဂေလိ တရားဟောဆရာသက်သက်ပါ။ ဒါပေမဲ့ လူသား အခွင့်အရေး ပြဿနာအားလုံးက ခရစ်ယာန်ကျမ်းစာနဲ့ ပတ်သက်နေတယ်။ တကယ်လို့ ဒီမိုကရေစီဟာ လူ့အခွင့်အရေးကို ဆိုလိုတယ်ဆိုရင် ဗာတီကန်ရဲ့ စကားတွေကလည်း ဒီမိုကရေစီနဲ့ ဆက်နွယ်နေလိမ့်မယ်”
Church ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုများ
ဒီလိုနဲ့ ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်တွေရဲ့ အကျပ်အတည်းတိုင်းမှာ church ခေါင်းဆောင်တွေ ကြားဝင်ဖြေရှင်းပါတယ်။ ၁၉၇၈ ခုနှစ် ဒိုမီနီကန်သမ္မတနိုင်ငံမှာ မဲလိမ်မှုတွေ ရပ်တန်းကရပ်ဖို့၊ သမ္မသက်တမ်း ရှည်ကြာလွန်းတဲ့ ဆီလာဂူရာကို အနားပေးဖို့ စိန့်ပီတာကျောင်းတော်ကနေ ကြေငြာဖိအားပေးပါတယ်။
၁၉၈၉ မှာ ပနားမား church ခေါင်းဆောင်တွေက သမ္မတ နိုရေးဂါးရဲ့ မဲခိုးမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး၊ အတိုက်ခံတွေကို နှိပ်ကွပ်မယ့် ပနားမားတပ်တွေကို သမ္မတအမိန့် မလိုက်နာဖို့ ဖျောင်းဖျ စည်းရုံးနိုင်ခဲ့ပါတယ်။ နီကာရာဂွာမှာလည်း ဘုန်းတော်ကြီး ကာဒီနယ် အိုမန်ဒိုယာမရာဗိုက ဆန်ဒစ်နစ်တာ အစိုးရကို ဆန့်ကျင်ဖို့ စည်းရုံးမှုတွေ လုပ်ခဲ့ပါတယ်။
ချီလီမှာတော့ ပီနိုရှေးအစိုးရကို ဆန့်ကျင်အာခံရာမှာ ကာဒီနယ် အိုမန်ဒိုရာမရာဗို က ရှေ့တန်းကနေ ပါဝင်ပြီး၊ ၁၉၈၅ ခုနှစ် ဩဂုတ်လ၊ ဖွဲ့စည်းပုံပြောင်းလဲရေးနဲ့ ရွေးကောက်ကျင်းပပေးရေး တောင်းဆိုရာမှာ နိုင်ငံရေးပါတီ ၁၁ ခုက ခေါင်းဆောင်များနဲ့ အတူ လက်တွဲခဲ့ပါတယ်။
Church ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးပါဝင်ပတ်သက်မှု အလွန်အမင်းပုံစံတစ်ခုကတော့ ဖိလစ်ပိုင်မှာ ဖြစ်ပါတယ်။ ကာဒီနယ် ဆင်းက အတိုက်အခံအုပ်စုတွေနဲ့ အကွီနို ကြား စေ့စပ်ပေးတယ်။ ရွေးကောက်ပွဲမတိုင်မီ တစ်ရက်မှာ ကာဒီနယ်က ကက်သလစ်ဘာသာဝင်များထံ စာလွှာပါးပါတယ်။ စာထဲမှာ လူ့အခွင့်အရေးတွက် ယုံကြည်လေးစား၊ ရိုးသားဖြောင့်မတ်မှုရှိတဲ့ ပုဂိုလ်ကိုသာ မဲပေးရမယ်လို့ ဆော်ဩထားတယ်။ ကာဒီနယ်က အကွီနို ကို မဲပေးခိုင်းတာပါ။
ဘုန်းကြီးတွေနဲ့ လူထုကလည်း ချက်ဆိုနားခွက်မီးတောက်ပါတယ်။ မားကိုစ် မဲခိုးဖို့ကြိုးစားတော့ စစ်တပ်က ဆန့်ကျင်အောင် ခရစ်ယာန် အသံလွှင့်ဌာနကနေ အော်ပေးပါတယ်။ မားကို့စ် ဟာဝိုင်ရီ ထွက်ပြေးရပြီး စနစ်ဆိုးတစ်ခု ဆုံးခန်းတိုင်အောင် ဆောင်ရွက်ရာမှာ ကာဒီနယ်ဆင်း ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။
ဒေါ်လာနဲ့ လက်ဝါးကပ်တိုင် လိုဂိုပုံ
ဇာတ်ကြောင်းချုပ်ကြည့်ရင် ဗာတီကန်ကျောင်းတော်ကြီး အတွင်းပိုင်းသာ အပြောင်းအလဲတွေမလုပ်ခဲ့ရင်၊ အာဏာရှင်စနစ်ကိုသာ ကက်သလစ်တို့ ဘေးတီးမပေးခဲ့ရင်၊ တတိယလှိုင်း ဒီမိုကရက်တိုက်ဇေးရှင်းဟာ သိပ်ခရီးတွင်မှာ မဟုတ်ပါဘူး။
၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်းမှာ ပေါ်ထွက်လာတဲ့ တတိယလှိုင်း ဒီမိုကရက်တိုက်ဇေးရှင်း အတွက် စီးပွားရေးဖွံ့ဖြိုးမှုက ပထမအကြောင်းရင်းဖြစ်ပြီး၊ ကက်သလစ်ဘာသာက ဒုတိယအခန်းကဏ္ဍကနေ အရေးပါခဲ့ပါတယ်။ တတိယလှိုင်းကို logo တံဆိပ်နဲ့ ပုံဖော်ချင်ရင် ဒေါ်လာနဲ့ လက်ဝါးကပ်တိုင် ပုံနှစ်ခုကို ရောပြီး ပုံဖော်ရမယ်လို့ ဆင်မျူရယ် ဟန်တင်တန်က အရွှန်းဖောက်ပါတယ်။
ရဲမြင့်ကျော်
ရည်ညွှန်း
The Third Wave by Samuel P. Huntington
Protestant Ethic and the Spirit of Capitalism by Max Weber
(စပယ်ဖြူမဂဇင်း၊ အမှတ် ၅၊ ဇူလိုင်၊ ၂၀၀၅ တွင် ဖော်ပြထားသည်)