ဘာသာတရားဆိုတာ စာသင်ခန်းထဲက လာတာမဟုတ်ပါဘူး။ စာသင်ခန်းထဲကနေ လာလို့ လည်း မရနိုင်ပါဘူး။ စာသင်ခန်း ထဲကနေ ထွက်လာတဲ့ ဘာသာတရားကလည်း စစ်မှန်မှု မရနိုင်ပါဘူး။အရိုးသားဆုံးပြောရရင် ဘာသာရေးဆိုတာက မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုကနေ လာပါတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ဗုဒ္ဓဘာသာမိဘတွေကနေ ဗုဒ္ဓဘာသာ သားသမီးတွေ ပေါ်ထွက်လာကြပြီး ကျန်ဘာသာများမှာလည်း အလားတူ အဖြစ်မျိုးကိုပဲ အခြေခံကြပါတယ်။
နောင် ကြီးပြင်းလာမှသာ ၊ ကိုယ်ပိုင်ညဏ်နဲ့  စဉ်းစားချင့်ချိန်နိုင်တဲ့ အရွယ်နဲ့  အသိညဏ်ပြည့်စုံ ချိန်ရောက်မှသာ ယုံကြည်ရာ ၊ ကိုးကွယ်ရာတွေ အကြောင်းကြောင်းကြောင့် ပြောင်းလဲကောင်းပြောင်းလဲ တတ်ကြတာမျိုးပါ။ယုံကြည်ကိုးကွယ်ရာဆိုတာ စာသင်ခန်းထဲကသာ ထွက်လာကြေးဆို အင်္ဂလိပ်အုပ်စိုးတဲ့ နှစ်ပေါင်းတစ်ရာမှာ သူတို့ ရဲ့  ခရစ်ယန် ဘာသာရေးကို ဦးထိပ်ထားတဲ့ စာသင်ကျောင်းတွေကနေ ထွက်လာခဲ့သမျှ မြန်မာကျောင်းသားတွေအားလုံး ခရစ်ယန် ဘာသာဝင် တွေ ဖြစ်ကုန်ကြမှာပါ။ ဘာသာရေးဆိုတာကိုက လူသားတစ်ယောက်ချင်းရဲ့ ကိုးကွယ်ရာ ယုံကြည်မှုပါ။ သူဘာကို ယုံကြည်မလဲ၊ ဘာကို ရွေးချယ်မလဲဆိုတာ သူ့ ရဲ့  မွေးရာပါ လူသားအခွင့်အရေးပါ။ မွေးရာပါ ရပိုင်ခွင့်ပါ။
လောကကြီးမှာ ကျွန်တော်တို့  လူသားတွေဟာ အတော်များများကို ရွေးချယ်ခွင့်ရနိုင်ကြပေမယ့် ၊ ရုပ်ဆင်းပုံသဏ္ဍန်၊ လူမျိုး ၊အသားအရောင်၊ မိဘနဲ့ သားသမီး ၊ ညီအကို မောင်နှမ ပတ်သက်မှုတို့ ကို တော့ ကျွန်တော်တို့  စိတ်ကြိုက် ရွေးချယ်လို့  မရနိုင်ကြပါဘူး။ ရွေးချယ်ခွင့် မရခဲ့ကြရပါဘူး။ အားလုံးဟာ လောကကြီးထဲမှာ ကံပြစ်ချလိုက်သလိုပဲ နေထိုင် ပိုင်ဆိုင်ခဲ့ကြတာပါ။ အဲဒီလိုမျိုး ရွေးချယ်ခွင့် မရနိုင်တဲ့အထဲမှာ ကျွန်တော်တို့  လူသားတွေရဲ့  အခြေခံဘာသာရေး၊ ကနဦး ကိုးကွယ်ရာ ဘာသာကိုပါ ထည့်ကြရပါလိမ့်မယ်။ ငှက်ပျောပင်စိုက် မိလိုက်ဖပါ ဆိုတဲ့စကားက အလကားထားခဲ့တာ မဟုတ်ပါဘူး။ မိရိုးဖလာဆိုတဲ့စကားမှာ ကိုယ်က ပြည့်ဝတဲ့ အဓိပ္ပါယ် ရှိနေပါတယ်။ အဲဒါဟာ လူ့ အဖွဲ့ အစည်းရဲ့  အခြေခံပါ။
ခင်ဗျားတို့  ကျွန်တော်တို့ တစ်တွေအားလုံး ရွေးချယ်ခွင့်သာ ရခဲ့ရင် အခုရှိနေတဲ့ဘ၀ထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန် တဲ့ မိဘ ၊ ညီအကို မောင်နှမ ၊ လူမျိုး ၊ အသားအရောင်၊ ရုပ်အဆင်း၊ မိရိုးဖလာ ဆက်ခံရှိခဲ့သော ဘာသာရေး အားလုံးကို လိုချင် မိကြမှာပါ။ အသားအရောင်ကြောင့် ဒီလောက်ခွဲခြားခံရတဲ့ ကမ္ဘာကြီးမှာ ဖြစ်များသာ ဖြစ်နိုင်မယ်ဆိုရင် ဘယ်သူက မဲချင်ပါ့မလဲ။ ပိုမိုကောင်းမွန် ပြည့်စုံတဲ့ ကိုးကွယ်ရာကို မကိုးကွယ်ချင်ပဲ ရှိပါ့မလဲ။ အားလုံးက ကံကျွေးချရာဖြစ်တည်ကြရတာပါ။ အဲဒါကြောင့် အဓိကထောက်ပြချင်တာက ဘာသာရေးဟာ လူတစ်ယောက်ရဲ့  စတင်ဖြစ်တည်ရာ မိဘ၊ လူ့ အဖွဲ့ အစည်းနဲ့ သာ တိုက်ရိုက်စတင် သက်ဆိုင် ဆက်နွယ်ပါတယ်။ စာသင်ခန်းနဲ့  နည်းနည်းမှ သက်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။
မြန်မာ့လူ့ အဖွဲ့ အစည်းမှာ ကျောင်း လို့  ဆိုလိုက်ရင် စာသင်ပေးတဲ့နေရာ Teaching လို့ ပဲ အသားသေ စွဲမှတ်ထားပါတယ်။ အသိညဏ်ပညာများကို ပိုမိုတိုးတက်ဖွံ့ ဖြိုးအောင် Learning လုပ်သောနေရာလို့  မြန်မာ့ ပညာရေးက မမှတ်ယူခဲ့တာ ကြာပါပြီ။ ဆရာက သူသိသမျှပဲ ပြောပြပါတယ်။ ဒီနေရာမှာ ....သူသိသမျှ ....ဆိုတာက သိပ်အရေးကြီးတဲ့ စကားလုံးပါ။ သူက ဘာတွေကို ဘယ်လောက်သိထားတာလဲ။ သူသိတာတွေကရော ရာခိုင်နှုန်း ဘယ်လောက်မှန်ပါသလဲ။ အဲဒါကိုရောဘယ်သူက အာမခံမှာလဲ။
ပိုပြီးအရေးကြီးတာက ကျွန်တော်တို့  မြန်မာ့ လူ့ အဖွဲ့ အစည်းမှာ ....ဆရာ....ဆိုတာက သိပ်ကြီးမားတဲ့ တန်ဖိုးမှာအမြဲဦးထိပ် ထားရတဲ့ ၊ ပြန်လှန်ဆွေးနွေး ငြင်းခုံနိုင်ဖို့  နေနေသာသာ ၊ မရှင်းလို့  ၊ သံသယ ရှိလို့  ၊ တစ်ခါတစ်လေ ဆရာ မှားနေမှန်း သိနေရက်နဲ့ တောင် ပြန်မေးခွင့် မရှိတဲ့ ပုံသေတန်ဖိုးမှာ ရှိနေကြတယ်လို့  ခံယူထားခဲ့ကြရတာပါ။ ဆရာအာခံ ရင် ဆိုတဲ့ ပုံပြင်မှာ ကျွန်တော်တို့ တစ်တွေ ငယ်ငယ်လေး ကတည်းက တုန်နေအောင် ကြောက်ရွံ့ ခဲ့ကြဘူးတဲ့သူတွေကြည့်ပါပဲ။ မင်းတုန်းမင်းနဲ့  ငါးခြောက်ပြား ပုံပြင်ဟာ စည်းကမ်းရှိဖို့ ဆိုတဲ့ သတင်းစကားထက် တုတ် ကို ပိုပြီးစောင်းပေးခဲ့တာပါ။ စကားနားမထောင်ရင် ရိုက်ကွာ။ မလိမ္မာရင် ရိုက်။ မတော်ရင် ရိုက်။ စည်းကမ်းမရှိရင် ရိုက်။ အဲဒီလိုနဲ့  ကျွန်တော်တို့  ပညာဆိုတာကြီးနဲ့  ကျွမ်းဝင် ရင်းနှီး ခဲ့ရတာပါ။
လူသားဟာ လူသားရဲ့  စရိုက်သဘာဝ ၊ လူသားဗီဇအရ မှားတတ်ပါတယ်။ မှားလည်း မှားပါလိမ့်မယ်။ မှားရင်ပြင်ခွင့်ရှိဖို့ အတွက်၊ အမှားကို ပြင်တတ်ဖို့ အတွက် ပညာဆိုတဲ့ အသိညဏ်ကို ကျွန်တော်တို့  သင်ယူကြရတာပါ။ ဘယ်အရာတွေက မှန်ကန်ပြီး၊ ဘယ်အရာတွေက မှားတဲ့အကြောင်း ဝေဖန်ပိုင်းခြားတတ်အောင် ပညာဆိုတဲ့အရာကို ကျွန်တော်တို့  သင်ကြားနေကြရတာပါ။ အမှားအမှန် ချင့်ချိန်တတ်အောင်၊ အမှန်ကို မြင်တတ်အောင် ၊ အမှားကိုပြင်တတ်အောင်၊ သူများပြောသမျှ မယုံပဲ အရာရာကို ကိုယ်ပိုင်အသိညဏ်နဲ့  ဆုံးဖြတ်တတ်အောင် ပညာကို ကျွန်တော်တို့  သင်ယူကြရတာပါ။
ရှိပြီးသား အယူအဆတွေ၊ အစဉ်အလာ အယူဝါဒတွေ၊ ရိုးရာဓလေ့ထုံးတမ်းတွေကို စာသင်ခန်းထဲမှာ ကိုယ်ပိုင်အသိညဏ်အတွက် အရာရာကို စူးစမ်းလေ့လာဖို့  အသင့်ဖြစ်နေကြတဲ့ ကလေးတွေရဲ့  ဦးနှောက်အသစ်တွေထဲကို ထည့်ပေးသင့်ပါရဲ့ လား။ ထည့်ပေးလို့ ရော တရားမှာပါလား။ ပုံသေလူသားတွေနဲ့  ပုံသေအတွေးအခေါ်တွေ၊ ပုံသေ စရိုက်တွေ ၊ ပုံသေအသိအမြင်တွေ ရရှိရုံအတွက်နဲ့ ဆိုရင်တော့ စာသင်ခန်းတွေဖွင့်ထားရတဲ့ စရိတ်က ကြီးလွန်းလှပါတယ်။ စာသင်ခန်းဆိုတာ ကျွန်တော်တို့ ရဲ့  အတွေးအမြင်အဟောင်းတွေ ၊ စဉ်းစားထားပြီးသားတွေ၊ အသိဟောင်းတွေ ၊ အစဉ်အလာအဟောင်းတွေကို ရော့ အင့် လို့  ငယ်နုနေသေးတဲ့ ဦးနှောက်တွေထဲကို အတင်းထိုးထည့်ပေးရမယ့် နေရာ မဟုတ်ပါဘူး။
ဘာသာကြီးလေးခုကို ကျောင်းဘာသာရပ်မှာ သင်ကြားပေးသင့်တယ်လို့  ယုံကြည်တဲ့သူတွေဟာ ကိုယ့်ရဲ လူသားမျိုးဆက် အပေါ်မှာ တော်တော် တာဝန်မဲ့တဲ့ စကားကို ပြောတာပါ။ ကိုယ့်ဘာသာကိုယ် ၊ ကိုယ့်ရဲ့  ကိုးကွယ်ယုံကြည်ရာကိုယ် မယုံလို့  ပြောတာပါ။ စိတ်မချလို့  တောင်းဆိုတာပါ။ သံသယရှိလို့  ကြိုတင်ကာကွယ်ချင်တာပါ။ ကလေးဆိုတာ ကို ၊ လူသားရဲ့  အနာဂတ် အသစ်တွေကို သစ်လွင်လတ်ဆတ်မနေစေချင်ပဲနဲ့  အယူဝါဒနဲ့  မှိုင်းတိုက် ဖျက်ဆီးချင်တာပါ။ဘာသာတရားရဲ့ ကနဦး အစ က အိမ်မှာပါ။ အိမ်ကစပါတယ်။ ကျောင်းမှာ မဟုတ်ပါဘူး။ ကျောင်းက စလို့  မရပါဘူး။ ကျောင်းဆိုတာက သူတို့ ကို စဉ်စားတွေးခေါ် တတ်ဖို့ ၊ အသိညဏ်တံခါး ပွင့်စေဖို့ ၊ကူညီပံ့ပိုးပေးတဲ့နေရာသာ ဖြစ်သင့်တာပါ။ ကိုယ်စဉ်းစားပြီးသား ၊ သိပြီးသား အဖြေတွေကို အစဉ်သင့် ဇွတ်ထည့်ပေးရမယ့် နေရာမျိုးမဟုတ်ပါဘူး။ စဉ်းစားတွေးခေါ်တတ်အောင် ကူညီသင်ပြ ပေးရမယ့် နေရာပါ။
ဗုဒ္ဓဘာသာ အနေနဲ့ ဆိုရင်တော့ ကျွန်တော်တို့  ဘာသာဟာ အစမ်းသပ် အစစ်ဆေးခံနိုင်တဲ့ ဘာသာဖြစ်လို့  လူတစ်ယောက် ငယ်နုစဉ်က ဇွတ်သိမ်းသွင်းဖို့  လိုအပ်တဲ့ ဘာသာတစ်ခု မဟုတ်ပါဘူး။ လူတစ်ယောက် အသိညဏ် ရင့်ကျက်လေ၊ စူးစမ်းချင် လာလေ၊ သဘောတကျ နှစ်သက်လက်ခံနိုင်လေ ဆိုတဲ့ ဘာသာတရားမျိုးမို့ ပါ။
ကိုယ့်ဘာသာကိုယ် စိတ်မချနိုင်ကြရင် အိမ်မှာသာ သင်ကြပါ။ အမေ၀မ်းက ကျွတ်ကတည်းကိုက သွတ်သွင်းကြပါ။ ကလေးတစ်ယောက်ထံကို ဘာသာရေးစတင်စီးဆင်းမှုက သူ့ ရဲ့  မွေးမေမေကနေ အကြမ်းဖျင်းစတင်တာပါ။ သူက ဘာကို ကိုးကွယ်ရမလဲ၊ ဘာကို ယုံကြည်ရမလဲ မသိခင် ၊ မရွေးချယ်တတ်ခင် ၊ ရွေးချယ်ရကောင်းမှန်း မသိတတ်သေးခင် ကတည်းက သူ့ အမေ ယုံကြည်ရာ၊ သူ့ အမေ ကိုးကွယ်ရာကို လိုက်ပါယုံကြည်ကိုးကွယ်ရတာပါ။ အဲဒါကြောင့် ဘာသာတရားနဲ့  ပတ်သက်ရင် အဓိက အကျဆုံးနဲ့  လက်ဦးဆရာက အမေတွေပါ။ အဲဒါကြောင့်ပဲ ကျွန်တော်တို့ က ဘာသာသာသနာအတွက် ဘာသာခြား လူမျိုးခြားတစ်ယောက်ကို လက်ထပ်မသွားဖို့ ကိုပဲ ကြိုးစားပြီး ကြိုကြိုတင်တင် ကိုယ့်ဘာသာဝင် မိန်းကလေးတွေကို ခိုင်မာတဲ့ ယုံကြည်မှု၊ကိုးကွယ်မှုရှိအောင်၊ သူတစ်ပါး ဖျားယောင်းသွေးဆောင်မှုဒဏ်က လွတ်အောင် ၊ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရပါလိမ့်မယ်။ အမေတစ်ယောက်က သူ့ ရဲ့  ဘာသာရေးမျိုးဆက်ကို ဖန်တီးသူဖြစ်လို့ ပါ။
မတူညီတဲ့ ဘာသာတရားတွေ အချင်းချင်း ညီညွတ်မျှတစွာ နေနိုင်အောင် ကျောင်းတွေမှာ ကတည်းက စတင်သင်ကြားပေးသင့် ပါတယ်လို့  ဆိုရင်လည်း ကျွန်တော်တို့  လက်မခံနိုင်ပါဘူး။ Agree to Disagree ဆိုတာတွေ၊ မတူတာတွေ ရှိနေတဲ့အကြောင်းနဲ့  ဒါတွေကို ဘယ်လို အတူယှဉ်တွဲ လက်ခံရမယ်ဆိုတာတွေ၊ အရာရာကို အမြင်ကျယ်ကျယ် ကြည့်တတ် ၊ မြင်တတ်၊ လက်ခံတတ်ဖို့  သင်ယူမှုတွေ အဲဒါတွေကို ဘာသာရေး ဆိုတာနဲ့  ဒွေးရောယှက်တင် သင်ကြားပေးမှ ရမယ့် အရာ မဟုတ်ပါဘူး။ အဲဒါတွေကို ဘာသာရေးဆိုတဲ့ အစဉ်အလာ ယုံကြည်မှု ဓလေ့ထုံးတမ်းတွေ မပါပဲ သင်ယူရရှိစေမှသာ အောင်မြင်မယ့် အကြောင်းအရာပါ။ အခုအခံ တစ်ခုခု ၀င်နေရုံနဲ့  မူလရည်ရွယ်ချက် ၊ စေတနာ လွဲဖို့  အကြောင်း အများကြီးရှိနေတဲ့ အလွန်အကဲဆတ်ပြီး သိမ်မွေ့ တဲ့ အကြောင်းအရာပါ။
တောင်းဆိုခံရတာတောင်မှ ကျွန်တော်တို့  အစိုးရ ညံ့လို့ ပါ။ အစိုးရအဖွဲ့ တစ်ခုရဲ့  စွမ်းဆောင်ရည် ၊ ရပ်တည်ချက် ခိုင်မာမှု မရှိလို့ ၊အားနည်းချက်တွေ ပေါ်ပေါက်နေခဲ့လို့  အသံအစအန ထွက်လာတာမျိုးပါ။ တောင်းဆိုတဲ့သူတွေ ဘာကို ရည်ရွယ်ပါသလဲ၊ ဘယ်အထိသွားချင်လို့ ပါလဲ သေသေချာချာ မကြည့်ပဲနဲ့ တောင်မှ မြင်နေရတာမျိုးပါ။ ဘာအကြောင်းကြောင့်မှ ခွင့်ပြုအပ်တဲ့ အရာ မဟုတ်ပါဘူး။ အဂတိတရားတွေ ၊ ခြစားမှုအထွေထွေနဲ့  ကျွန်တော်တို့ တိုင်းပြည်ရဲ့ ခြံစည်းရိုးကို အစိုးရအဆက်ဆက်က နှဲ့ ပေး၊ ချဲ့ပေး၊ ဖြဲပေးခဲ့ကြတာပါ။ အခု အတွင်းထဲအထိ ထပ်သွတ်သွင်းဖို့  ကြိုးစားနေကြတာကို ကျွန်တော်တို့  ဘယ်နည်းနဲ့မှ လက်မခံ နိုင်ပါဘူး ။ ကာကွယ်ကြ ၊ တားဆီးကြရမှာပါ။
တစ်စက်တစ်စပ်တည်း ပြောရရင် မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်ခွင့် ဘာညာ ဆိုတာလည်း ကျွန်တော်တို့  အစွမ်းကုန် ကန့်ကွက် ကြရပါလိမ့်မယ်။ ပြည်သူ့ အားနဲ့  ကာကွယ်တားမြစ်ကြရပါလိမ့်မယ်။ သူ့ ဘာသာသူ ရုံးလေး လာဖွင့်တာများ...ကွာ လို့ လုပ်လို့  မရပါဘူး။ အေးနေလို့  မရပါဘူး။ ကျွန်တော်တို့  တိုင်းပြည်က ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်တဲ့ လူအများစုရှိတဲ့ နိုင်ငံပါ။ ကျန်တဲ့ဘာသာဝင်တွေက အနည်းစုပါ။ ကိုယ့်ဘာသာကိုယ်လေးစားပြီး သူများကို မစော်ကားသရွေ့ တော့ အတူတကွ နှစ်တွေ အကြာကြီး ငြိမ်းငြိမ်း ချမ်းချမ်း နေလာ နိုင်ခဲ့ကြတာပါ။ အခုလို ပြသနာအစပျိုးထားပြီးသား ဖြစ်တဲ့ အခြေအနေမျိုးမှာ အချိန်မရွေး မီးတောက်အကြီးကြီးတောက်ဖို့  လောင်စာက ရှိနေပြီးသားပါ။
ထစ်ကနဲရှိ ဆွပေးမယ်။ စီကနဲဆို ၀င်ပါမယ်။ မထိနဲ့ ကွ လို့  over protection လုပ်မယ်။ ငါတို့  ဘာသာဝင်တွေကွ...လို့ အရာရာကို သွေးကွဲစေမယ်။ စဉ်းစားကြည့်ရုံနဲ့ တင် ကျွန်တော်တို့  တိုင်းပြည် ဘယ်လောက်ကြောက်စရာ ကောင်းတဲ့ အနာဂတ်ဆီကို ချီတက်နေပါသလဲ။ စဉ်းစားကြည့်ကြပါ။ မြင်အောင်ကြည့်ပါ။
နဂိုက နေသားတကျရှိခဲ့ပြီးသား သူ့ ဟာနဲ့ သူ နှစ်ပေါင်းများစွာ ဟာမိုနီ ဖြစ်အောင် ချိန်ညှိနေတတ်ခဲ့ကြတဲ့ ဘာသာတရား နှစ်ခုဟာ အခု ခင်များတို့ ကြောင့် ဟန်ချက်ပျက်သွားခဲ့ရပြီ ၊အစိုးရ တာဝန်ရှိသူများ၊ ဘင်္ဂါလီ လော်ဘီများ၊ အစ္စလမ် အစွန်းရောက် များခင်မျာ ။ ပျက်ဆီးသွားတဲ့အခါ ဘယ်အရာမှ အရာရာ အရင်လို ပြန်မဖြစ်နိုင်တော့ပါဘူး။ အားလုံးဟာ သံသယနဲ့  မယုံကြည်မှုနဲ့  အစွန်းရောက်ကုန်ခဲ့ကြရပါတယ်။ ဗုဒ္ဓဘာသာရော ၊ အစ္စလမ်ရော အကျိုးနည်း ထိခိုက်နစ်နာခဲ့ရပါပြီ။ ဆုံးရှုံးမှုတွေ ရှိလာ ခဲ့ကြ ရပါပြီ။ ဒီအချိန်မှာ ဘယ်သူမှ ထပ်ပြီးတော့ မီးမမွှေးစေချင်ပါဘူး။ တိုင်းပြည်ကို ဒုက္ခတွင်းထဲ ဆွဲမနှစ်စေချင် ပါဘူး။ နိုင်ငံရေး ကစားကွက် ၊ ဘာသာရေးကစားကွက် ဘာလှည့်ကွက်ထဲကိုမှ မ၀င်ချင်ပါဘူး။
အစစအရာရာ ဆင်းရဲပြီးသားတိုင်းပြည်၊ တစ်သက်လုံးက ဆင်းရဲလာတဲ့တိုင်းပြည်၊ ဖွံ့ ဖြိုးမှု နောက်အကျဆုံးတိုင်းပြည်၊ ဘယ်တုန်း ကမှလဲ ဖွံ့ ဖြိုးမှုဆိုတာကို မခံစားခဲ့ရတဲ့ တိုင်းပြည် ၊ ကမ္ဘာမှာ အိမ်ဖော်တွေ ၊ အလုပ်ကြမ်းသမားတွေသာ အထွက်ဆုံးတိုင်းပြည်၊ ကိုယ့်ရဲ့  နိုင်ငံကူးလက်မှတ်နဲ့ ကမ္ဘာကို မျက်နှာမပြရဲတဲ့ တိုင်းပြည် ။ အဲဒီဂုဏ်ပုဒ်တွေက မလုံလောက်သေးဘူးလား။ ဘယ်လို ပုံရိပ်တွေ ထပ်ဖြည့်ချင်ကြသေးတာပါလဲ။ ကျွန်တော်တို့ နဲ့  ဘာသာမတူ ၊ လူမျိုးမတူလည်းပဲ ခင်ဗျားတို့ လည်း ဒီတိုင်းပြည်မှာနေ၊ ဒီတိုင်းပြည်ကရေကို သောက်ပြီး၊ ဒီတိုင်းပြည်က ထမင်းစားရင်း ကျွန်တော်တို့ နဲ့ အတူပဲ ဒုက္ခ မျိုးစုံကို အတူတူခံလာခဲ့ ကြတဲ့ သူတွေပါ။ ကျွန်တော်တို့ က သဘောကောင်းခဲ့ကြပါတယ်။ သည်းခံခဲ့ကြပါတယ်။ အတူတူ အေးအေး ချမ်းချမ်းပဲ နေချင် ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ရဲ့  သဘောကောင်းမှု ၊ သည်းခံမှုတွေကလည်း အတိုင်းအတာရှိပါတယ်။ ကျွန်တော်တို့ ရဲ့  တိုင်းပြည် နိုင်ငံနယ်နိမိတ်ကလည်း ကန့် သတ်ချက်ရှိပါတယ်။ ကျွန်တော်တို့  တိုင်းပြည်ရဲ့  စီးပွားရေးကလည်း ခင်ဗျားတို့  သိတဲ့အတိုင်း ပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အကျယ်အ၀န်းနဲ့  လူဦးရေကလည်း သင့်တင့်မျှတရုံပါ။ အဲဒါကိုတော့ ခင်ဗျားတို့  သိထားပေးပါ။ လိုအပ်တာထက်ပိုလာတဲ့အခါ ၊ ခံနိုင်တာထက် ပိုလာတဲ့အခါ ပြသနာတွေ ဖြစ်ကြရတာပါ။ အိမ်ရှင်ဧည့်သည် ပြသနာထက် ရှိပြီးသား ရွာနေပြည်ထိုင်နဲ့  ထပ်တိုးလာတဲ့သူတွေရဲ့  ပြသနာလို့  ပြောရရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်တို့ က လက်ခံပေးခဲ့ သလို ခင်ဗျားတို့ ကလည်း မစော်ကားမှသာ အတူဆက်နေလို့  ဖြစ်ကြမှာပါ။
အခုဖြစ်နေတဲ့ ပြသနာတွေတင် ကျွန်တော်တို့  တိုင်းပြည်လေးမှာ များလှပါပြီ။ နောက်ထပ်ဧည့်သည်တွေ လက်မခံနိုင်တော့ပါဘူး။ လူသားချင်းမစာနာဘူးလို့  ပြောပါ။ လူ့ အခွင့်အရေး ချိုးဖောက်တယ်လို့  ပြောပါ။ ကမ္ဘာ့အရက်စက်ဆုံးတိုင်းပြည်အဖြစ် တံဆိပ်ကပ်ပါ။ အားလုံးကို ကျွန်တော်တို့  ခံပါ့မယ်။ ဘယ်လိုဖိအားသုံးသုံး ဧည့်သည် အသစ်တွေ ထပ်လက်မခံနိုင်တော့ပါဘူး။ ရှိပြီးသား ခင်ဗျားတို့ နဲ့ တော့ အစတုန်းကလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေကြရအောင်ပါ။ ကျေးဇူးပြုပြီး ခင်ဗျားတို့  ဘက်ကလည်း ရန်စစော်ကားတဲ့ ပြသနာမျိုး၊ အပြုအမူမျိုး ရှောင်ကြဉ်တားဆီး ရပ်တန့် ပေးကြပါ။
သေချာတာကတော့ ကျွန်တော်တို့ ဟာ တစ်ယောက်ကို တစ်ယောက် လူမျိုးတုန်း ကွပ်မျက်ပြစ်နိုင်ကြမှာလည်း မဟုတ်ပဲ၊ တစ်ယောက်ရဲ့ ဘာသာကို တစ်ယောက် ဒီကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ကြမှာလည်း မဟုတ်ပဲနဲ့  ကျွန်တော်တို့ ရဲ့  နေသားကျနေတဲ့ ၊ ငြိမ်းချမ်းတဲ့ လူ့ အဖွဲ့ အစည်းကို ဟန်ချက်ပျက်စေရုံ ၊ မတည်ငြိမ်ရုံ ပျက်ဆီးစေပြီး ရည်ရွယ်သူ လူတစ်စုကိုသာ အကျိုးရှိစေမှာပါ။ ကျွန်တော်တို့ အားလုံး ကြိုးဆွဲရာကို လိုသလို လိုက်ကပေးနေကြရတဲ့ ရုပ်သေးရုပ်လို ဘ၀မျိုးတွေကနေ လွတ်ဖို့  မျှော်လင့်ကြည့်ချင်ပါတယ်။ ။
ပြည်ချစ်သူ
11.4.2013