Image may be NSFW.
Clik here to view.
ကလောင်လေလား ၊ ကလုံးလား
ကလောင်
ကလောင်ဆိုတာကတော့ စာရေးသူတွေ စာရေးသားရာမှာ အသုံးပြုတဲ့ အမည်တစ်ခုလို့ ယေဘုယျ ပြောလို့ရမယ်ထင်တယ် ။ စာရေးသားကြရမှာ ကိုယ့်သိတာတွေကိုသူများ ပြန်မျှ ချင်လို့ ပဲဖြစ်ဖြစ် ၊ကိုယ်ခံစားရတာတွေကို သူများကို ပြောပြချင်လို့ပဲဖြစ်ဖြစ် ၊ စာဖတ်သူတွေကို အသိအလိမ္မာတိုးစေလိုတဲ့စေတနာကြောင့်ဖြစ်ဖြစ် ၊ နာမည်ကြီးချင်လို့ဖြစ်ဖြစ် ၊ ကိုယ်ပြောချင်တာပြောဖို့ ပဲဖြစ်ဖြစ် ရည်ရွယ်ချက်အမျိုးမျိုးနဲ့စာရေးသားကြတယ် ။ ဘယ်လိုပဲရေးရေး ဒီစာဟာ ဘယ်သူရေးတာပါလို့ တာဝန်ခံဖို့ နာမည် တစ်ခုတော့လို လာတယ်။ အဲဒီအခါမျိုးမှာ လူနဲ့မူခွဲခြားထားချင်လို့ ပဲဖြစ်စေ ၊ လူစိတ်ဝင်စားအောင်ဖြစ်စေ ၊ ကိုယ့်အမည်ရင်းကို လူမသိစေလိုခြင်းကြောင့်ဖြစ်စေ ၊ ကိုယ်သတိတရနဲ့ မြတ်နိုးမှုစိတ်ကြောင့်ဖြစ်စေ … မူလနာမည် နဲ့ မတူတဲ့ Pen Name တစ်ခုကိုရွေးတတ် ကြတယ် ။ ဒါပေမဲ့ သေချာတာ တစ်ခု က “ ကလောင် ” နာမည် တစ်ခုကိုရွေးလိုက်တာနဲ့ အဲဒီ ကလောင်နဲ့ ပက်သက်တဲ့ အဆိုးအကောင်းမှန်သမျှ ကို ကလောင်ရှင် ကတာဝန်ယူရတယ်။ ဒီကလောင်ရှင်သန်ရာ စာပေ နယ်မှာ အများသဘောတူလိုက်နာကြတဲ့ ကျင့်ဝတ်တွေကို အသေချာ လိုက်နာကြရတယ်ဆိုတာပါပဲ ။
ကလုံး
ကလုံးဆိုတာ ကတော့ သိပ္ပံ ဝေါဟာရတစ်ခုဖြစ်ပါတယ် ။ မျိုးရိုးဗီဇ ကနေ တဆင့် ပုံတူမျိုးပွားခြင်း နည်းတစ်ခုပါ ။ ၂၁ ရာစု ရောက်တဲ့ခါ သတင်းအချက်လက် နဲ့ ဆက်သွယ်ရေးနည်းပညာတွေ ဟာ တဟုန်ထိုးတိုးတက်လာခဲ့ကြတယ် ။ လူမှုပတ်ဝန်းကျင် society တွေနဲ့ အပြိုင် အင်တာနက်အပေါ်မှာ Social Network တွေ အသီးသီးပေါ်လာကြတယ် ။ ဘလော့ (Blog)တွေ ၊ ဆိုရှယ်နက်ဝေါ့ခ် (Social Network)တွေ ၊ ချက်ရွန်း (Chat Room)တွေ မှာ ဝင်ရောက်လှုပ်ရှားဖို့ ၊ ပါဝင်စီးမျောကြဖို့ .. Login အကောင့် တွေ အတူ ၊ Nickname ဆိုတဲ့ အမည်ဝှက်တွေလည်းလိုလာကြတယ် ။
အဲလို နဲ့ ပရင့်တက်မီဒီယာ မှာ ကလောင်ရှင်များရော ၊ အကြောင်းအမျိုးမျိုးကြောင့် ပရင့်တက်မီဒီယာ ပေါ် မရောက်ကြတဲ့ စာပေဝါသနာရှင်များရော ဟာ ဘလော့တွေ ၊ ဆိုရှယ်နက်ဝေါ့ခ် တွေမှာ စာပေ ရေးသားလာကြတယ် ။ အင်တာနက်အသုံးပြုသူများကြားမှာပဲ ဘယ်သူကတော့ ဘာစာရေးတာ ဘယ်လိုကောင်းတယ် ၊ ဘယ်လိုဗဟုသုတတွေေ ပးနိုင်တယ် စသဖြင့် လက်ခံ လာကြတာနဲ့ အမျှ ဆိုင်ရာ ဆိုင်ရာ ပရိတ်သတ် လေးတွေရှိလာကြတယ်။ လက်ခံအားပေးသူတွေ ရှိလာကြတယ် ။ ထို့နည်းတူပဲ သဘောထားမတိုက်ဆိုင်သူတွေ ၊ အကြောင်းရာတစ်ခုပေါ်မှာ အမြင်ချင်းမတူသူတွေ ၊ ပုဂ္ဂိုလ်ရေးအရ စာရေးသူကိုလက်မခံနိုင်သူတွေ လည်း ရှိလာတယ် ။
အဲဒီအခါ မျိုးမှာ ဆိုရှယ်နက်ဝေါ့ခ် ဆိုတဲ့ ဆိတ်ကွယ်ရာမှာ ကိုယ့်ကိုယ်ကို ပုံတူပွားခြင်းတွေ ခေတ်စားလာကြတယ် ။ ဥပမာ … မောင်ဖြူ ဆိုတဲ့ နာမည်လေးတစ်ခုနဲ့ စာကောင်းပေမွန်လေးတွေ ရေးနေတယ် ၊ လူမှု အသိုင်းဝိုင်းမှာ သိက္ခာရှိရှိ အဆင့် တန်းရှိရှိ လူယဉ်ကျေးတစ်ယောက် အနေနဲ့ ရပ်တည်နေတယ်ဆိုကြပါစို့ ။ သို့ပေမဲ့ .. သူ့နဲ့ သဘောထားမတိုက်ဆိုင်သူတွေ ၊ သူ့ကို လာတိုက်ခိုက်တယ်လို့ ထင်သူတွေကို သူလက်တုန့်ပြန်ချင်တယ် ။ ဒါပေမဲ့ မောင်ဖြူ ကနေ တိုက်ရိုက်လက်တုန့် ပြန်လိုက်တဲ့ခါ .. သူတည်ဆောက်ထားတဲ့ ကလောင်လေး ညစ်ထေးသွားမှာလည်းစိုးရိမ်ကြတယ် ။ အဲဒီတော့ ဘာလုပ်လာသလဲ ဆိုတော့ “ မောင်မဲ ” ဆိုတဲ့ “ ကလုံး ” လေးတစ်ခုပွားထားလိုက်တာပါပဲ ။
လိမ္မာစရာရှိရင်တော့ မောင်ဖြူလေး နဲ့ လိမ္မာတယ် ။ ဆဲ စရာရှိရင်တော့ မောင်မဲ လေးနဲ့ဝင်ဆဲတယ်ပေါ့ ။ သမ စရာရှိရင်လည်း မောင်မဲ လေးနဲ့ ဝင်သမ တယ်ပေါ့ ။
ဒါပေမဲ့ မကောင်းမှု ဆိုတာ ဆိတ်ကွယ်ရာ မရှိဘူးမလား ။ အနုပညာဆို တာ ရင်ဘက်ချင်းဆက်ပြီး ခံစားရတာမျိုး ။ ဘယ်လောက်ပဲ သိုသိပ်ပြီး .. ကလုံးတွေ ပွားထားပါစေ .. စကားလုံးတွေ ၊ စာတွေ ထက်ပိုပြီး ခံစားတဲ့ စာဖတ်ပရိတ်သတ်တွေ ဟာ ရိပ်မိကြတယ် ။ သိကြတယ် ။ အဲလို သိလာတာနဲ့ အမျှ လှလှလေး တည်ဆောက်ထားကြတဲ့ “ကလောင်” လေးတွေဟာ ကလုံး ဖြစ်ပြီး ကျဆုံးရတော့တာပဲ ။ လူမသေခင် ပဲ ကလောင် သေသွားကြတယ်။ လူသေရင်တောင် ကလောင်တွေရှင်နေတဲ့ immortal တွေ ဖြစ်မလာခဲ့ကြဘူး။
အလင်္ကာနဲ့ ကျင့်ဝတ်ကြားက ပညာအလွှာပါးပါး လေး
အရင်တနေ့ က ဆရာကြီးဦးအောင်သင်း စာပေဟောပြောပွဲ အခွေလေးနားထောင်တော့ ဆရာကြီး ကပြောသွားတယ် ။ လူတွေ ဟာတိရိ စ္ဆာန် ထက် နေရာတိုင်းမှာ မသာပါဘူးတဲ့ ။ ပြေးတဲ့ နေရာမှာ လူတွေ ဟာမြင်းကို မမှီဘူး ၊ ရေကူးတဲ့ နေရာမှာ လူတွေဟာ ငါးကို မမှီပါဘူးတဲ့ ။ ဒါပေမဲ့ ကျိုးကြောင်းဆင်ခြင်ဥာဏ် ရှိတာ ၊ ကိုယ်ကျင့်တရားရှိတာ ၊ အလှအပရသ ကို ခံစားတတ်ခြင်း နဲ့ ဖန်တီးတတ်ခြင်း စ တဲ့ နေရာမှာ တော့ လူတွေ က တိရိ စ္ဆာန်တွေအားလုံးထက်သာလွန်ပါသတဲ့ ။
အဲဒီနောက်တော့ အတုတွေကို အစစ်လို့ ခံစားမိအောင် .. အနုပညာဖန်တီးသူတွေက အလင်္ကာမြောက်ဖန်တီးကြရတယ် ၊ ရသတွေ ပေးကြရတယ်လို့ ဆိုတယ် ။ အဲဒီလို အလင်္ကာမြောက် ဖန်တီး တိုင်း ဖန်တီးတိုင်းမှာ အားပြိုင် မှု ဆိုတာ ပါရ ပါသတဲ့ ။ အဲသလို အားပြိုင်မှု ရှိမှ သာ လူတွေ ရဲ့ မသိစိတ်ကို ဖမ်းစား နိုင်မယ် ၊ ခံစားမှု ရသတွေ ပေးစွမ်းနိုင်တယ်လို့ ဆိုတယ် ။ ပြီးတော့ အဲဒီအလင်္ကာ မြောက် ဖန်တီး မှုတွေ ကြောင့် ပဲ လူတွေ အတွက် အကျိုးဖြစ်စေ နိုင်သလို ၊ အပြစ်တွေလည်းဖြစ်စေ နိုင်ပါသတဲ့ ။ သတင်းစာဆရာ အထောက်တော်လှအောင် က … သတင်းမရှိလို့ မိဘနဲ့ အဆင်မပြေပြီး ငမိုးရိပ် တံတားပေါ် က ခုန်ချ သတ်သေတဲ့ ကောင်မလေး တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် အလင်္ကာမြောက်ဖွဲ့ နွဲ့ ရေးတော့ … အဲဒီတံတားပေါ် မှာ ပဲ နောက် အဲဒီအရွယ်ကောင်မလေးတွေ ထပ်ထပ် ခုန်ချပြီးသတ်သေကြလို့ … တံတားမှာ အစောင့် ရဲ ထားရတဲ့ အဆင့်ထိ ဖြစ်ခဲ့တယ်လို့ဆိုတယ် ။
အဲဒီအကြောင်းကို ဆရာကြီးဦးအောင်သင်း က စာပေဟောပြောပွဲမှာထည့်ဟောတော့ .. အထောက်တော်လှအောင် နာမည် ထည့်မပြောပါဘူးတဲ့ ။ စင်အောက်ရောက်လာတော့ အထောက်တော်လှအောင် ကနေ သူ့နာမည်ထည့်ပြီး သူရေးခဲ့ တာပါ ဆိုတဲ့ အကြောင်း ကိုထည့်ဟောပေးပါလို့တောင်းဆို တယ်လို့ ဆိုတယ် ။
ဒါက အနုပညာ ကိုဖန်တီးကြတဲ့ အလင်္ကာမြောက်မှု အကြောင်း ကိုပါ ။ သို့ပေမဲ့ အလကာင်္မြောက် ရဲ့ တစ်ဖက်မှာ ကျင့်ဝတ် ဆိုတာ အသေအချာရှိနေပါတယ် ။ အဲဒီကျင့်ဝတ်မရှိရင် လူအရည်ချင်း ချို့ယွင်းသူ ဖြစ်ပါတယ် ။ အလင်္ကာမြောက်အောင် ၊ အားပြိုင်မှုရှိအောင် ဖန်တီးကြရာမှာ … ဥပမာ အဖြူကို ပေါ်လွင်စေချင်လျှင် အနက် ကြားက ထုတ်ပြကြရတယ် ။ လူကောင်းကို ပေါ်လွင်လိုလျှင် လူ ဆိုးနဲ့ ယှဉ်တွဲ ပြကြရတယ် ။ အေးချမ်းတဲ့ ရသကိုပေါ်လွင်စေလိုတဲ့ ခါ .. မနှစ်မြို့ ဖွယ် ၊ စက်ဆုပ်ဖွယ် အခြေနေတွေ နဲ့ ယှဉ်ထိုးပြကြရတယ် ။ သို့ ပေမဲ့ အဲလို ယှဉ်ထိုးတဲ့ ခါ … အားပြိုင်စေတဲ့ခါ … အဖြူ ၊ အမဲ ဆိုတာ တွေ ဟာ ကိုယ့် သတ်မှတ်ချက်တွေ မဖြစ်ရပါဘူး ။ ဒီကောင်ကတော့ အဖြူ ကွာ ၊ ဒီကောင်ကတော့ အမဲ ကွာ ဆိုတဲ့ ကိုယ့် စိတ်ခံစားချက်တွေ မပါရ ပါဘူး ။ တကယ်လို့ အဲလို ပါသွားတယ်ဆိုရင် အဲဒါဟာအဖြူ ကို Euphemism နည်းနဲ့ ပင်းတာ ဖြစ်သလို ၊ အမဲ ဆိုပြီး Dysphemism နဲ့ သေးသိမ်သွားအောင် ဖဲ့ ရေးတာဖြစ်ပါတယ် ။ အဲဒီနောက် ကိုယ်လက်ခံစေချင်တဲ့ အကြောင်းရာတစ်ခုကို စာဖတ်သူ လက်ခံသွားအောင် သွတ်သွင်းပြီး ရေးရင်တော့ Ad Hoc Clauses ဖြစ်ပါတယ် ။
အလင်္ကာမြောက် ချယ်မှုန်း မှု နဲ့ အတူ ၊ အစွန်းတစ်ဖက်ဖြစ်တဲ့ Enphemism ,
Dysphemism , Ad Hoc Clauses တို့ကို ရှောင်ရှား နိုင်မှ သာလျှင် .. အနုပညာ ဖန်တီးခြင်းရော ၊ ကျင့်ဝတ်လိုက်နာခြင်းရော ပြည့်စုံတဲ့ အရည်ချင်းပြည့်လူသားတစ်ဦး ။ စာပေ ပညာတတ်မြောက်သူတစ်ဦးတစ်ဦးအဖြစ် ရပ်တည်နိုင် မှာပါ ။
ကလောင်တွေ သေဆုံးလို့ ကလုံးမဖြစ်စေချင်ပါ
အခုလိုတွေ ပြောနေလို့ ကျွန်တော်ဟာ စာပေသမားတစ်ယောက်မဟုတ်သလို ၊ စာပေ ကျင့်ဝတ်တွေနဲ့လည်းမရင်းနှီးပါဘူး ။ သာမာန်လူသားတစ်ယောက်ဖြစ်ပါတယ် ။ လူသားတစ်ယောက် ပီပီ အနုပညာ ကို မြတ်နိုးတတ်ခြင်း နဲ့ ကျင့်ဝတ်ကို တန်ဖိုးထားတတ်ခြင်း စံနှုန်းနဲ့ သာ ချဉ်းကပ်နေတာဖြစ်ပါတယ် ။ ကလောင် ဆိုတာ ဟာ မြန်မာ့သမိုင်း တလျှောက် ၊ ကမ္ဘာ့သမိုင်းတလျှောက် အစဉ်လာကြီးခဲ့ တဲ့ ၊ သိက္ခာရှိခဲ့ တဲ့ ဝေါဟာရ တစ်ခုပါ ။ အသိပညာရှင် ၊ အတတ်ပညာရှင်တွေ ၊ စာပေပညာရှင်တွေ ဟာ ကလောင်ကို အသုံးပြုပြီး လူမှုအသိုင်းဝိုင်းကြီး ယဉ်ကျေးအောင် ၊ တိုးတက်အောင် ၊ အသိပညာတွေ ပြည့်ဝအောင် စွမ်းဆောင်ခဲ့ ကြ ၊ တည်ဆောက်ခဲ့ကြတာပါ ။ ဆရာသိပ္ပံမောင်ဝလို ပုဂ္ဂိုလ်မျိုးတွေ ဆိုရင် ကလောင် ၅၇ ခုကို အသုံးပြုပြီးတောင် မတူညီတဲ့ နယ်ပယ်သီးသီး မှာ စေတနာ ကြီးကြီးနဲ့ လူသားတာဝန်ကျေပွန်ခဲ့ကြတာပါ ။
အလင်္ကာမြောက်ဖန်တီးခြင်းနဲ့ ကျင့်ဝတ်ကြားက ပညာအလွှားပါးပါး လေးကို ရှာတွေ့ ကာ ပျော်မွေ့နိုင်ကြပါစေ ၊ ကလောင်ကောင်းတွေ ပီသစွာ ကိုယ့်ရပ်တည် ၊ ကိုယ့်အယူအဆတွေ နဲ့ လောကကိုတည်ဆောက်ခြင်းနှင့် အတူ တာဝန်ယူမှုတွေရှိနိုင်ကြပါစေ ၊ ခဏတာနဲ့ သေဆုံး မဲ့ ကလုံးတွေ မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းရင်း …
သာမာန်လူထဲက လူသာမာန်
(ရုပ်ဆိုး)