Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရဲဘော်ရဲဘက်စိတ်(၂)

$
0
0

ယမန်နေ့ကအဆက်.............................................................................................

ဆရာကြီးတင်ဝင်းနဲ့ သူ့တပ်စုဟာ ပျောက်သွားတဲ့ ဆရာကြီးသတင်းကို နောက်နေ့တွေမှာလည်း ဆက်ပြီးစုံစမ်းကြ တယ်။ တစ်နေရာပြီး တစ်နေရာပေါ့။

သူတို့တပ်စုတစ်စုလုံး အဲဒီဆရာကြီးကိုမတွေ့ရင် သေချင်လည်းသေပစေတော့ လမ်းမှာ ဆူပူသောင်းကျန်းတဲ့အဖွဲ့က အန္တရာယ်ပြုရင်လည်း ပစ်မယ်၊ လိုအပ်ရင် အားလုံးအသေခံပြီး လိုက်ရှာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။

သူတို့ကို တပ်ရင်းမှူးလည်း မထိန်းနိုင်တော့ပါဘူး။

နေ့စဉ်အပြင်ထွက်ရှာ စိတ်တိုလာရင် လမ်းမှာတွေ့တာ ရိုက်နှက် ဖျက်ဆီးလာကြသေးတယ်လို့လည်း ပြောကြတယ်။

သုံးလေးရက်လောက်အကြာမှာ တပ်ရင်းမှူးက ဘယ်လိုသတင်းပို့လိုက်တယ်မသိဘူး အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်ကိုယ်တိုင် ဆရာကြီးတင်ဝင်းတို့ တပ်စုဆီရောက်လာပါတယ်။

ကာချုပ်က "ငါမင်းတို့ အကြောင်းအားလုံးကြားပြီးပြီ၊ ဟိုကောင်တပ်စုမှူးကိုလည်း အရေးယူပေးမယ်၊ နောက်ပြီး မင်းတို့ကို ငါပြောချင်တာက မင်းတို့ရှာနေတဲ့ ဆရာကြီးမသေဘူး၊ ဒါ့ကြောင့် မင်းတို့သောင်းကျန်းနေတာကို ရပ်လိုက် ကြတော့…"လို့ပြောပါတယ်။

ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေက ကာချုပ်သူတို့ကို လာချော့နေတာလို့ပဲ ယူဆတယ်၊ အခုလောက်ဆို ဟိုဆရာကြီးတော့ အရိုးတခြား အသားတခြားဖြစ်နေပြီနဲ့ တူတယ် လို့ပဲ တွေးနေကြလေရဲ့။

ဒါ့ကြောင့် သူတို့က ကာချုပ်ကို "ကျွန်တော်တို့ မယုံဘူး ဗိုလ်ချုပ်ကြီး…"လို့ ပြန်ပြောတယ်။

ကာကွယ်ရေးဦးစီးချုပ် မျက်နှာမကောင်းဘူးဖြစ်သွားပါတယ်။

"မင်းတို့…ငါ့ကိုတောင် မယုံကြတော့ဘူးလား.."လို့ ကာချုပ်က ပြောတော့ ဆရာကြီးတင်ဝင်းနဲ့ စစ်သည်တွေလည်း စိတ်မကောင်းဖြစ်ပြီး အတော်လေး ဝမ်းနည်း သွားကြတယ်။

ဒါပေမဲ့ တပ်စုတစ်စုလုံးက "ဟုတ်ကဲ့…မယုံပါဘူး..၊ ကျွန်တော်တို့ကို သက်သေပြပါ.."လို့ပဲ ပြန်ဖြေလိုက်တယ်။

အဲဒီမှာ ကာချုပ်က "ကောင်းပြီ မင်းတို့ ငါ့ကို ၂ ရက် အချိန်ပေး၊ ၂ ရက်အတွင်း အဲဒီ ဆရာကြီး အသက်ရှင်ကြောင်း မင်းတို့ကို ငါသက်သေပြမယ်၊ အေး မင်းတို့လည်း ဒီ ၂ ရက်အတွင်းမှာ ဘာမှထပ်ပြီး မသောင်းကျန်းကြနဲ့တော့.."လို့ပြောပါတယ်။




ဆရာကြီးတင်ဝင်းနဲ့စစ်သည်တွေကလည်း "ဟုတ်ကဲ့…ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးပြောတဲ့အတိုင်း ၂ ရက်အတွင်း ဘာမှထပ်မလှုပ်ရှားဘဲ စောင့်နေပါ့မယ်။ တကယ်လို့များ ဒီ ၂ ရက်အတွင်းမှာ ကျွန်တော်တို့ အဲဒီဆရာကြီးကို အသက်ရှင်လျှက် ပြန်မတွေ့ရတော့ဘူးဆိုရင် ဗိုလ်ချုပ်ကြီး ကျွန်တော်တို့ကို ကြိုက်သလိုအရေးယူပါ၊ သတ်ချင်လည်း သတ်ပါ၊ ကျွန်တော်တို့ အသတ်ခံမယ်၊ ကျွန်တော်တို့ အဲဒီဆရာကြီးကို ရန်ကုန်တစ်မြို့လုံး ပတ်ပြီးရှာမယ်…"လို့ပြောလိုက်ကြပါတယ်။

"အေး…စိတ်လိုက်မာန်ပါ လျှောက်မလုပ်ကြပါနဲ့ကွာ၊ ငါမင်းတို့ဆီကို အဲဒီဆရာကြီး မရောက်ရောက်အောင် ပို့လိုက်ပါ့မယ်…"လို့ပြောပြီး ကာချုပ်လည်း ပြန်သွားပါတယ်။

ကာချုပ်ပြန်သွားပြီး နှစ်ရက်မြောက်နေ့မှာ ဆရာကြီးတင်ဝင်းတို့တပ်စုရှိရာကို စစ်ကားတစ်စီး ထိုးဆိုက်လာပါတယ်။

ပြီးတော့ ကားပေါ်ကနေ ရဟန်းတစ်ပါး ကြွလာပါတယ်။

ဟုတ်ကဲ့…အဲဒီရဟန်းဟာ ဆရာကြီးတင်ဝင်းတို့တပ်စုလိုက်ရှာနေတဲ့ ပျောက်သွားတဲ့ ဆရာကြီးအစစ်ပါပဲ။

ဆရာကြီးတင်ဝင်းဟာ ဘုန်းဘုန်းကိုမြင်တော့ ပြေးဖက်ပါတယ်၊ ဘုန်းဘုန်းကလည်းပြန်ဖက် ထားတယ်၊ ပြီးတော့ နှစ်ယောက်စလုံးဖက်ပြီး ငိုကြပါလေရော၊ စစ်သည်တွေလည်း မျက်ရည်တွေကျလို့ပေါ့။

ကံကောင်းလို့ လူရမ်းကားတွေလက်ထဲမှာ မသေခဲ့ရတဲ့ ဆရာကြီးနဲ့ ပြန်တွေ့တဲ့ပွဲ၊ ဝမ်းသာ ဝမ်းနည်း၊ မျက်ရည်တွေ က မစဲနိုင်…။

"ပြောပါဦး ဆရာကြီး အဲ..ဦးဇင်းရယ် ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ…"လို့ ဆရာကြီးတင်ဝင်းကမေးတယ်။

"ခင်ဗျားတို့ အရာရှိက ကျုပ်ကို ဟိုအုပ်စုလက်ထဲ ထည့်လိုက်တော့ အဲဒိအုပ်စုက ကျုပ်ကိုဓားနဲ့ခုတ်သတ်ဖို့ပြင်နေပြီ၊ ကျုပ်လည်းသွားပြီပေါ့ဗျာ၊ ငါ စစ်ဆင်ရေးမှာ ရန်သူနဲ့တိုက်ရင်းမသေရဘဲ ရန်ကုန်မှာ လူရမ်းကားတွေ လက်ချက်နဲ့ သေရတော့မယ်လို့ တွက်လိုက်တယ်။ စိတ်ကိုလည်း လျှော့ချလိုက်တယ်။"

ဘုန်းဘုန်း ရှင်းပြနေတဲ့အချိန်မှာ တပ်စုတစ်စုလုံး ဝိုင်းပြီးနားထောင်နေကြတယ်။ တချို့ကလည်းအံကြိတ်ရင်း တောက်ခေါက်ရင်းပေါ့။




"အဲဒီအချိန်မှာ လူအုပ်ထဲက ဘုန်းကြီးတစ်ပါးရှေ့ထွက်လာပြီး ကျုပ်ကိုသတ်ဖို့ ဓားကိုင်ထားတဲ့ သူတွေကို ဖြောင်းဖျ ပြီး ကျုပ်ကို အလှူခံတော့တာပဲ။ အဲဒီဘုန်းဘုန်းက အခုအချိန်မှာ ဒီဒကာကြီးလည်း စစ်သားမဟုတ်တော့ပါဘူး။ ပြီးတော့ ဒီဒကာကြီးက ဒကာတို့ အုပ်စုကို ဘာမှအန္တာရယ်ပေးခဲ့တာမဟုတ်သလို အခုလည်း ဘာမှ အန္တာရယ် ပေးနိုင် တဲ့ အနေအထားမရှိတော့ပါဘူး။ လူ့အသက်တစ်ချောင်းဆိုတာ ရခဲပါတယ်။ ဒါ့ကြောင့် ဒကာတို့ရဲ့ ဒေါသတွေကို လျှော့ပြီး ဒီဒကာကြီးရဲ့ အသက်ကို ဘုန်းဘုန်းကိုလှူပါလို့ပြောပြီး အလှူခံခဲ့တာဗျ.."လို့ ဘုန်းဘုန်းက ရှင်းပြပါတယ်။

ဆက်ပါဦး ဘုန်းဘုန်းလို့ ဆရာကြီးတင်ဝင်းက ထောက်ပေးတယ်။

"အဲဒီနောက်တော့ ကျုပ်ကို မှော်ဘီမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ခေါ်လာပြီး အန္တရာယ်ကင်းအောင်လို့ဆိုပြီး ရဟန်းဝတ်ပေးထားကြတယ်။ ပြီးတော့ တပ်ကို အကြောင်းကြားထားကြပုံရတယ်…"လို့ပြောရင်း ဘုန်းဘုန်းက ခဏနားလိုက်ပါတယ်။

"ဒါဆို ဘုန်းဘုန်း တပည့်တော်တို့ဆီကို ဘယ်လိုရောက်လာတာလဲ ဘုရား…"လို့ ဆရာကြီးတင်ဝင်းက မေးပါတယ်။

"အမှန်ပြောရရင် ကျုပ်စစ်ဆိုတာကို မကြားချင်တော့သလို စစ်သားဆိုတာလည်း မမြင်ချင်တော့ဘူး၊ ကျုပ်ကိုသတ်မယ့်သူတွေရဲ့လက်ကို ကျုပ်ကို ကြက်ကလေး ငှက်ကလေးလို ထည့်လိုက်ကြတာလေ…။"လို့ ခံပြင်းနာကျည်းတဲ့ အသံနဲ့ ဘုန်းဘုန်းက ပြောပါတယ်။

ဆရာကြီးတင်ဝင်းက ငိုသံကြီးနဲ့ "အဲဒီလို မပြောပါနဲ့ ဘုရား၊ တပည့်တော်တို့ တပ်စုမပါပါဘူး ဘုရား၊ ဟိုကောင် တစ်ယောက်တည်း ဆုံးဖြတ်ပြီး ဒီလိုလုပ်လိုက်တာပါ။ အဲဒီတုန်းကလည်း တပ်ရင်းမှူးအမိန့်ဆိုလို့ မချိတင်ကဲနဲ့ ပြန်မပြောခဲ့ကြတာပါ။ စစ်သားဆိုတော့ အရှင်ဘုရားလည်း နားလည်ပါတယ် ဘုရား။ တပ်ရင်းမှူးလာလို့ အကြောင်း စုံသိရတဲ့ အချိန်မှာ တပည့်တော်တို့ အဲဒီကောင်ကို…"ဆရာကြီးတင်ဝင်း စကားမဆုံးခင် ဘုန်းဘုန်းက လက်ပြပြီး တားလိုက်ပါတယ်။

"ဟိုး…ဟိုး…ကျုပ်အားလုံးသိတယ်၊ သိလို့လည်း ခင်ဗျားတို့ဆီကို ရောက်လာတာပေါ့။ ကျုပ်ဆီကို ကာချုပ်ဆီက သတင်းရောက်လာတယ်၊ စစ်ရုံးကတစ်ဆင့်ပေါ့။ ဖုန်းဆက်ပြီး လှမ်းပြောတယ်၊ ဆရာကြီး (……….) အခု ဖုန်းသတင်း ရရချင်း စံပြမှာရှိတဲ့ ဆရာကြီးတင်ဝင်းတို့ အဖွဲ့ကို သွားတွေ့ပါ။ ခင်ဗျားသွားမတွေ့ရင် လူတေါအများကြီးသေကုန်လိမ့်မယ်၊ သူတို့လည်းသေလိမ့်မယ်၊ ရန်ကုန်မြို့လည်းတော်တော်များများ မီးလောင်ကုန်လိမ့်မယ်။ သူတို့က ခင်ဗျားကိုလိုက်ရှာနေကြတာ။ ခင်ဗျားကို မတွေ့မချင်းသောင်ကျန်းနေကြလိမ့်မယ် လို့ ကျုပ်ဆီကို ဆက်တာပေါ့။ ပြီးတော့ ဒါ ကာကွယ်ရေးဦးစီးချုပ်အမိန့်လို့ပြောတယ်။"

"ကံကောင်းလို့ပါလား ဘုန်းဘုန်းရယ်၊ တပည့်တော်တို့ကတော့ ဘုန်းဘုန်းကို သူတို့သတ်ပစ်လိုက်ကြပြီ ထင်ပြီး သောင်းကျန်းနေကြတာ၊ မတွေ့မချင်းရှာမယ်၊ သတ်တဲ့လူ အတိအကျသိရင် အဲဒီကောင်တွေကို သတ်မယ်ဆိုပြီး ရှာနေတာပါ။"လို့ ဆရာကြီးတင်ဝင်းက ပြောပါတယ်။

ဒီလိုနဲ့ အဲဒီနေ့တစ်နေ့ ဆရာကြီးတင်ဝင်းတို့ တပ်စုရှိတဲ့နေရာမှာ နေပြီး ညနေမစောင်းခင် ဘုန်းဘုန်းပြန်ကြွသွား ပါတယ်။

ကြာနီကန်ဆရာတော်လေသံနဲ့ပြောရရင် ဇာတ်ပေါင်းခန်းမှာ ဆရာကြီးတင်ဝင်းတို့ တပ်စုတစ်စုလုံးကို အထက်က ဘာမှအရေးမယူပါဘူး။

အဲ…တပ်စုက ဝိုင်းရိုက်နှက်ထိုးကြိတ်ကြတဲ့ အချိန်မှာ ထွက်ပြေးသွားပြီး စံပြရုပ်ရှင်ရုံအပေါ်ထပ်က ရေစင်ကြားမှာ ဝင်ပုန်းနေတဲ့ တပ်စုမှူး ဗိုလ်ကြီးကတော့ တပ်မတော် အာဏာသိမ်းပြီး မကြာခင်မှာပဲ အရေးယူပြီး တပ်က နုတ်ထွက်သွားရတယ်လို့ သိရပါတယ်။

အရာရှိတစ်ယောက်ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ ရဲဘော်ရဲဘက်စိတ် ခေါင်းပါးမှုကြောင့် လူအုပ်ကြီးထဲ ပါသွားတဲ့ ဆရာကြီး အသတ်ခံရတော့မလို့ပါ၊ ကံကောင်းလို့ လွတ်လာသလို ကံကောင်းလို့ မလိုလားအပ်တဲ့ ပြဿနာတွေ ထပ်မဖြစ်တာပါ။

အရေးအခင်းတုန်းက မိုင်းယန်းဘက်မတက်ခင် မိုးနဲမှာနေတုန်း လွိုင်လင်ကို ရိက္ခာသွားထုတ်ကြတယ်။

ဒီတုန်းက တပ်ခွဲမှူးပြောတဲ့စကားလေးသတိရမိတယ်…"အခြေအနေ သိပြီးသားဖြစ်လို့ အထူးပြောစရာမရှိ၊ ဆန္ဒပြတဲ့အုပ်စုနဲ့ တိုးလို့ရှိရင် (၁) လူ (၂) လက်နက်ခဲယမ်း (၃) ယာဉ် (၄) ရိက္ခာ မထိခိုက်မချင်း မင်းတို့ကို ဘယ်လောက်ပဲ မိုက်မိုက် ရိုင်းရိုင်း ဆဲဆဲ၊ ဖင်ပဲလှန်ပြပြ၊ ….ီး ပဲဖြဲပြပြ ဘာမှမလုပ်ရဘူး၊ သည်းခံရမယ်။ အေး..အခု ပြောတဲ့ လူ၊ လက်နက် ခဲယမ်း၊ ယာဉ်၊ ရိက္ခာ တစ်ခုခုကို ထိခိုက်လာပြီဆိုရင်တော့ ငါ့အမိန့်စောင့်စရာမလိုဘူး။ ရှင်းလား…"ဟုတ်ကဲ့ ရှင်းတာမှ ချစ်တီးခေါင်း သန်းရှာတာထက်တောင် ရှင်းပါတယ်ခင်ဗျ။ စစ်သားဟာ စစ်သားလိုအလုပ်လုပ် စစ်သား စကားပြော၊ ဘယ်လောက် ကျက်သရေရှိလိုက်ပါသလဲ….။

အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား တပ်မတော်သားအားလုံး သင်ခန်းစာယူနိုင်အောင်လို့ အမည်လွှဲတွေနဲ့ရေးသား တငြ့်ပခြင်းဖြစ်ပါတယ်။

ဒီအဖြစ်အပျက်မျိုး နောင်ဘယ်တော့မှ မဖြစ်သင့်တော့ဘူးဆိုတာကတော့ အထူးပြောစရာ လိုမယ်မထင်ပါ။

တစ်အိုးစား ရဲဘော်ရဲဘက်ဆိုတာ တစ်ယောက်မှန်ရင် တစ်ယောက်ဆွဲ၊ တစ်ယောက်လဲရင် တစ်ယောက်ထူ၊ မနက်ရန်ဖြစ် ညကျတော့ ပစ်ကျင်းတစ်ကျင်းထဲ နေရာယူ ဘယ်သူတွေ ကျွန်တော်တို့လို ချစ်နိုင်ကြသလဲ။

မရနိုင်မှန်းသိလျှက်နဲ့ "မြူစွမ်လေး စားချင်လိုက်တာကွာ"လို့ ငြီးတဲ့ ရဲဘော်ကို ကျွန်တော်တို့ ဝက်စာသာသာ ဆန်ပြုတ်ကို ချော့ကြွေးခဲ့ကြရတယ်…။

စစ်သားဘဝက ခွင့်ပြန်သွားတော့ ကျွန်တော့်အမေက ပြောဖူးတယ်။

"သား…ဘာပဲစားစား အဲဒီလိုစုပြုံပြီး ရှင်းတာ အမေတို့ တိုက်ခိုက်ရေးတပ်က စစ်သားတွေပဲရှိတယ်။ ကျန်တဲ့သူတွေကတော့ သူစားသူရှင်းပဲ။ သားရော ထောက် ၂၅ အစုံရှိသေးရဲ့လား။ လိုရင်ယူသွားသား အမေစုထားတာရှိတယ်…"တဲ့။

ကျွန်တော်ထင်ပါတယ်။ ကိုယ့်တပ်က မဟုတ်ဘူးဆိုတဲ့ စစ်သားမဆန်တဲ့ အကြောင်းပြချက်နဲ့ တပ်မတော်က ဆရာ ကြီး တစ်ယောက်ကို သွေးဆူနေတဲ့ လူအုပ်ကြီး လက်ထဲထည့်လိုက်တဲ့ အရာရှိဟာ အပြင်က လူအုပ်ကို ကြောက် နေပုံရပါတယ်။ အပြင်မှာသာ လူအုပ်ကြီး မရှိရင် သူ့ဖြေရှင်းနည်းဟာလည်း တစ်မျိုးဖြစ်ချင်ဖြစ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကြောက်တတ်တဲ့အတွက် သူနှစ်ခါသေရပါတယ်။

ဘယ်သူမှတော့ အလကားနေရင်း မသေချင် ကြပါ ဘူး။ ဒါပေမဲ့ စစ်သားတစ်ယောက်ဖြစ်ပါ လျှက်ကနဲ့ အလွန်အမင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ဝင်လာရင်တော့ ဆရာ မင်းသိင်္ခရဲ့ ပြောထုံးဖြစ်အောင် ငနက်ခေါင် စာအုပ်ထဲက ငနက်ခေါင် စစ်ထဲမလိုက်ခင် ရွာက ဆရာတော်မှာတဲ့ စကားလေးကိုပဲ လက်ဆောင်ပေးချင်ပါတယ်။

"ကိုယ့် အမျိုး၊ ဘာသာ၊ သာသနာကို ကျူးကျော်စော်ကားလာတဲ့ မိစ္ဆာဒိဋ္ဌိ တွေကို တိုက်ရင်းသေရတာ မြတ်သော သေခြင်းပဲ။ အေး…ထွေထွေထူးထူးတော့ မှာစရာမရှိဘူးကွဲ့၊ တိုက်ပွဲတိုက်ရင်း သူရဲဘောကြောင်ချင်တဲ့ စိတ်ကလေး များ ဝင်လာရင် ကိုယ့်ပေါင်ခြံ ကိုယ်ပြန်စမ်းကြည့်ကွဲ့..ကြားလား…"ဆိုတဲ့ စကားလေးပါ ခင်ဗျား…..။

သူရဲဘာသာ အသက်ကိုစွန့်မြဲ…..

ရဲကျော်သူရ

(မှတ်ချက်-ကျွန်တော်တို့ ခေတ်က စစ်သည်များဟာ ဦးနေဝင်းတစ်ယောက်ကလွဲလို့ တခြားလူကြီးတွေကို ရာထူး အတိုင်းပဲခေါ်လေ့ရှိပါတယ်။ အခုခေတ်လို အဘတွေမပေါပါဘူး။ စစ်တပ်မှာ ရင်းမှူး၊ ဒုရင်းမှူးက အစ အဘ၊ အဘ လေးနဲ့ ခေါ်တာဟာ ဒါရိုက်တာ စာရေးဆရာ ဒုဗိုလ်မှူးကြီး တင်သန်းဦး ထွင်လိုက်တဲ့ လက်ရာများလားမသိဘူး။ မှတ်မှတ်ရရ ကျွန်တော်တပ်က ထွက်ခါနီးလေးမှာ ကျော်သူနဲ့နေအောင်ပါတဲ့ တပ်မတော်နေ့တီဗီ ဂုဏ်ပြုဇာတ်လမ်း တစ်ခုမှာ အခုသုံးနေကြတဲ့ အဘဆိုတဲ့ အသုံးအနှုန်းကို စကြားဖူးတာပါပဲ။ ဒီတုန်းက ဇာတ်လမ်းတွေက တင်သန်းဦး ဇာတ်လမ်းတွေ များပါတယ်။ ဥပမာ- တပ်ရင်းမှူးကို CO ကြီး ဒါမှမဟုတ် တပ်ရင်းမှူးကြီး ၊ ဒုရင်းမှူးကိုတော့ ဗိုလ်မှူး ပါပဲ။ အဲဒီလိုပဲ ခေါ်ကြပါ တယ်။ အဘလို့သွားခေါ်ရင်လည်း ကြိုက်ကြမယ်မထင်ပါဘူး။ အခုတော့ ၃၅ နှစ်လောက် ကိုလည်း အဘ ဆိုတော့ တစ်မျိုးကြီးလိုပါပဲ။ ထားပါတော့ သူ့ခေတ်နဲ့သူကိုး…။)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>