Image may be NSFW.
Clik here to view.![]()
Photo Credit to Minoakar Nge
စက်ဝိုင်းပုံ စည်းထဲမှာ ကြက်နှစ်ကောင် လူနှစ်ယောက် ပတ်ခြာလည် ရွေ့လျားနေရင်း … လူ့အသိ မရှိတဲ့ ကြက်နှစ်ကောင်ဟာ လူစိတ်မရှိတဲ့ ကြက်ဆွဲ နှစ်ဦးနဲ့ ဝိုင်းအုံကြည့်နေသူ လူအချို့ရဲ့ မြှောက်ပင့်သွေးထိုးပေးမှု စကားလုံးတွေ ဟန်အမူအရာ တွေအောက်မှာ ကိုယ့်ကိုယ်ကို … ငါကွ … အထင်ရောက် ဘဝင်မြောက် ကြောက်ရ လန့်ရမှန်းမသိ အစွမ်းကုန် တိုက်ခိုက် သတ်ပုတ်နေတဲ့ … ကြက်ပွဲ။
ကြက်ပွဲဟေ့ … ဆိုတာနဲ့ ကြက်ဆွဲသမားက ပါလာပြီ။ တချို့နေရာတွေမှာ ကြက်ကု လို့ခေါ်ကြတယ်။ ကြက်ကု ကောင်းတဲ့လူများ ကြည့်ရတာ တကယ့် သမ္ဘာရင့် သမားတော်တဦးလိုပဲ … ဝိုင်းထဲမှာ အကြောလိုက် ဒေါင်ချာ စိုင်းနေတဲ့ ကြက်ကို ၂ မိနစ် ၃ မိနစ်အတွင်း တက်ကြွလန်းဆန်းလာအောင် ကုသနိုင်စွမ်းရှိတာ။
တကယ်တော့ .. ကြက်ဆွဲ ဆိုတာ အမည်နာမနဲ့ ဆန့်ကျင်ဘက်အလုပ်ကို လုပ်ရသူလို့ ပြောရမလားပဲ။ ဘာလို့ဆို လူ ၂ ယောက် ရန်ဖြစ်တဲ့နေရာမှာ ဝိုင်းဆွဲကြထိန်းကြသူတွေဟာ ရန်ပွဲဆက်မဖြစ်အောင် ဟန့်တားကြတာ ဖြစ်ကြောင်း သာမန်အားဖြင့် ကျနော်တို့ နားလည်ထားကြပါတယ်။ “ဟဲ့ ဟိုမှာ ဒီလောက် သတ်ပုတ်နေတာ ဆွဲမယ့်သူ တယောက်မှ မရှိကြဘူးလား” ဆိုတာမျိုးပေါ့။
ကြက်ပွဲမှာတော့ အဲလိုမဟုတ်လေဘူး ခင်ဗျ။ ကိုယ့်ကြက်ကို ကောက်ကိုင်ပြီး အာပူထိုး … ဘယ်ပြန်ညာပြန် အတောင်ပံသ … ရေတငုံစာ ဖူးခနဲမှုတ် … ပေါင်ရင်းကို ဆုပ်ဆုပ်ပြီး ဒဏ်ရာတွေ ပြုစုပေးနေတာဟာ တဖက်ကြက်ကို အနိုင်ရဖို့ သွေးထိုးမြှောက်ပင့်လုပ်ပေးတာနဲ့ အတူတူပဲ။ ပေါင်ကြားမှာ အသာညှပ်လို့ ခဏတာ ပြုစုကုသလိုက်ပြီး … အမောနည်းနည်းပြေပြီဆိုတာနဲ့ “ဒူးရေဆွတ် နာနာခွပ်” ပြိုင်ဘက်ကြက်နဲ့ မျက်နှာချင်းဆိုင် တတောင်သာသာ အကွာအဝေးမှာ ရွရွကလေးမြေကိုချ … နောက်ကနေ အမြီးကြားကို လေတချက် ပင့်မှုတ်ပေးရင်း နောက်မဆုတ်တမ်း တိုက်ခိုက်ဖို့ အချက်ပေးလိုက်လေရဲ့။
အဲဒီတပြိုင်နက် ဝဋ်ကြွေးပါလာတဲ့ ကြက်နှစ်ကောင် ခနကိုယ် ဒယိမ်းဒယိုင်ဖြစ်နေတဲ့ကြားက တောင်ပံကိုဖွင့် လည်ဆံမွှေး တဝင့်ဝင့်နဲ့ အသေအလဲ တိုက်ပွဲဝင်ကြပြန်ရော။ ဖြုန်းခနဲ … ဖောက်ခနဲ အသံတွေကြားမှာ ဟက်ဟက်ပက်ပက် အားပေးကြ … မချင့်မရဲ အံကြိတ်လိုက်ကြနဲ့ လက်ဖျားကြေးတွေ တိုးတိုးလာ ..။ ကြက်ဆွဲက လောင်းကြေးတချို့ကို ယပ်တောင်သဖွယ် ဖြန့်ပြီး သူ့ကြက်မြင်သာအောင် ယပ်ခပ်ပြလိုက် သေး တယ်။ “ဖေ့သားကြီး ဒါမျိုးတွေ အများကြီးရှိသေးတယ် တောင့်ထား” ဆိုတဲ့ သဘောနဲ့ အချက်ပြလိုက်ပုံ။
အသေအကြေ တိုက်ပွဲမှာ ထိချက်ဒဏ်ရာပြင်းလို့ ဝိုင်းထဲမှာပဲ အသေခံသွားတဲ့ ကြက်လည်းရှိရဲ့။ အဲလို မဟုတ်ဘဲ မျက်လုံးမျက်ဆံ ကန်းသွားလို့ရော ဘယ်သူက အစားထိုးကုပေးပါ့မလဲ။ ဝေးစွ။ သခင်ကို အလုပ်အကျွေးပြုရင်း မျက်စိမမြင်တော့တဲ့ ကြက်တကောင်ကို လွတ်ငြိမ်းခွင့်ပေးပြီး ကြာရှည် အလှကြည့်ထားဖို့ ဝေလာဝေး။ ဘယ်လောက်ပဲ ခြေကောင်းကောင်း “ကြက်ကန်း မြင်းကျိုး သားမထိုးအပ်” စကားပုံကို အာဂုံ ဆောင်ထားသူ ကြက်သခင်(ကြက်ဆွဲ) က ကြက်မလေးအနားတောင် ရစ်သီရစ်သီ လုပ်ခွင့်မပြု။ မဲလေးနဲ့ ပေးတိုက်ရင်တိုက် .. အဲလိုမဟုတ်ဘဲ ကိုယ်မွေးတဲ့ကြက်မို့ ကိုယ်တိုင် မရက်စက်ချင်သူ ဆိုရင်တော့ အသားဈေးနဲ့ ဒိုင်ကြက်ခြင်းထဲ အသာလေး အရောက်ပို့တော့မှာ။ ဘယ်လောက် အသဲနာဖို့ ကောင်းလိုက် သလဲ။
အနိုင်ခွပ်ပေးနိုင်တုန်း တခဏသာ မျက်နှာကောင်းရ။ “ဖေ့သားကြီး ဖေ့သားကြီး” ပေါင်ပေါ်တင် ဂုတ်ပေါ်တင် နဲ့ တယုတယ ထားတတ်ကြတာ။ “ကြွေတလက် ကြက်တခုန်” ကိုယ့်ဘက်က အခွင့်မသာ ကံကြမ္မာ တိမ်းစောင်း အရှုံးနဲ့ ရင်ဆိုင်ရလို့ကတော့ သကောင့်သား အရိပ်သုံးပါး နားလည်ပါမှ။ ခြေနှစ်ချောင်းချင်း တူပေမဲ့ အခြေအနေ အရ “သူ့လက်ခုပ်ထဲက ရေ” လူစိတ်အလိုမကျတိုင်း ကြက်ခမျာ ဒုက္ခပြီး ဒုက္ခ။
ကြက်သမား အတော်များများ တွေ့ဖူးပါတယ်။ ကြက်နဲ့ပတ်သက်လာရင် ဇနီးမယား သမီးသားထက် ပိုပြီး ဂရုစိုက် ယုယတတ်ကြပုံများ။ ကြက်ကို ကိုင်လိုက်ရင် ရင်ပုံအောက် အသာလက်လျှိုပြီး ညင်ညင်သာသာလေး ကိုင်ကြတာ။ ပြီးတော့ တနေရာကို ယူသွားမယ်ဆိုလဲ ရင်ဘတ်မှာ အသာကပ်လို့ ချော့ချော့မော့မော့လေး။ အစာကျွေးတဲ့အခါ နှုတ်သီးနာမှာစိုးတော့ မြေအိုးလည်ပင်းပြတ်မှာ အဝတ်စ,အုပ်ချည်လို့ မလျော့မတင်း အစာကောက်လို့ အဆင်ပြေအောင် လုပ်ထားပေးတယ်။
မနက်စောစော နေလုံး ထန်းတဖျားလောက် ရောက်ချိန် … နေခြည်လှုံရင်း မြက်စိမ်းမြက်စိုလေးတွေ စားနိုင်ဖို့ မြက်စာပေါတဲ့နေရာမှာ ကြက်စူးတိုင် မြေမှာစိုက် ကြိုးကလေးနဲ့ လွှတ်ပေးကာ တကူးတက အချိန်ကုန်ခံ စောင့်ပေးရတာ။ ကြက်နာကျချိန်ဆို ရောဂါဘယကင်းဝေးအောင် ကြိုတင်ဆေးတိုက်ရုံနဲ့ အားမရနိုင်သေးဘူး။ သီးသန့်လှောင်အိမ်မှာ ထည့်လို့ အရိပ်ကောင်းကောင်း ပင်စည်မြင့်မြင့် သစ်ပင်ထက်မှာ စက်သီးကြိုးနဲ့ ဆွဲတင် အိပ်တန်း သိပ်ရတာ။ အိပ်တန်းမတက်ခင် ကျင့်သားရ အမောစေ့အောင် ကျောကုန်းလေး အသာဖိပြီး ထိုင်ထ လေ့ကျင့်ခန်း လုပ်ခိုင်းလိုက်သေးတယ်။
ပြုစုခံဘဝကို မသိမိုက်မှား သာယာနေတဲ့ ကြက်က လူနားမှာ ရစ်သီ ရစ်သီ။ အလုပ်မအားတဲ့ကြားမှာ ခြေထောက်ကြား ရောက်လာတဲ့ကြက်ကို မိန်းမဖြစ်သူက ခြောက်လှန့်လွှတ်ရင် ဒေါသတထောင်းထောင်း။ အစာကျွေးဖို့ ကြက်ဖမ်းခိုင်းတဲ့အခါ ကလေးတွေက မမီမကမ်းနဲ့ ကြက်အမြီးဆွဲမိပြန်တော့ ရိုက်မောင်း ပုတ်မောင်း။ အို …. စုံလို့ စုံလို့ ပါပဲ။
ကြက်သမားတယောက်အနေနဲ့ တိုက်ကြက်တကောင်ကို သသရွရွလေး ဖူးဖူးမှုတ် ပြုစုယုယနေတာဟာ ချစ်ခင်မြတ်နိုးသမှုနဲ့ တန်ဖိုးထား အလှကြည့်ခံစားလိုစိတ်ကြောင့် မဟုတ်ပါဘူး။ သွေးသံရဲရဲတိုက်ပွဲဝင် အသင့်ဖြစ်ဖို့ အားမွေးပေးခြင်းဖြစ်ပြီး လောင်းကြေးငွေသပြာတွေပိုင်ဆိုင်ရဖို့ အတွေးစိတ်ကူးနဲ့ ရူးနေခြင်း တမျိုးသာ။ ကိုယ့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ သွေးဆာခြင်း ဝေဒနာကို ကြက်နှစ်ကောင် ဒဏ်ရာပလပွနဲ့ သွေးချင်းချင်းနီရဲ တိုက်ခိုက်နေတာ ကြည့်ရင်း ကျေနပ်နှစ်သိမ့်နေတာမျိုး။
ခွပ်လက်တိုက်စရာ အခြားကြက် မရှိ … အားအားယားယား ဖြစ်နေချိန်မှာ ကိုယ်မွေးထားတဲ့ ခြံထဲက ကြက်အချင်းချင်း အိုးမဲသုတ် ရုတ်ဖျက်ကာ တိုက်ခိုက်စေခြင်းကိုလည်း အခါအားလျော်စွာ လုပ်တတ်ပါ သေးတယ်။ တမိတည်းသား တခြံတည်းထားတဲ့ ကြက်တွေအချင်းချင်း အနေကြာရင်းနှီးမှုကြောင့် ဖြစ်စေ .. တကောင်နဲ့တကောင် ငယ်နိုင် (သို့) ငယ်ကြောက်ဖြစ်နေလို့ဖြစ်စေ … ခွပ်ချင်စိတ် တိုက်ခိုက်ရန်လိုစိတ် မရှိတဲ့အခါ မျက်နှာကို အိုးမဲသုတ် .. အမွေး အတောင် တွေကို ဆေးဆိုးပုံဖျက်လို့ တခြားနေရာက ရောက်လာတဲ့ မျက်နှာစိမ်း ပုံမျိုး ဖန်တီးပေးလိုက်တဲ့အခါ စေ့စေ့ကြည့်မခံ နယ်ခံ ကြက်မိုက်နဲ့ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့် နယ်မရှောင် လည်ပြောင်တို့ သတ်ကွင်းမှာ တွေ့ကြပြီပေါ့။
အဲဒီတော့ ကြက်ပွဲသံ သောသောညံနေတဲ့ ဒီရွာဝန်းကျင်မှာ သွေးသံရဲရဲ ကြက်ခွပ်ပွဲ အနိဋ္ဌာရုံ မြင်ကွင်းတွေ … လောင်းကြေးရမက်နဲ့ ဘေးကနေ အသက်ရှုမှားမတတ် မြှောက်ပင့်သွေးထိုးသံတွေ … ရှင်းလင်း ပျောက်ကွယ် ကင်းစင် သွားစေဖို့ ဘာလုပ်ရင် အကောင်ဆုံးဖြစ်မလဲ … ကြက်တိုက်သမားတွေကို မသေမချင်း ကြက်လိုခွပ်ခိုင်းတဲ့နည်းနဲ့ အပြစ်ပေးလိုက်ရင် ကောင်းမလား …. ဒါမှမဟုတ် သူများမြှောက်ပေးတာကို မြှောက်ပေးမှန်းမသိနိုင် လောက်အောင်ကို အသိဥာဏ်ထုံအ,တဲ့ ကြက်ငပိန်းတွေကိုပဲ မျိုးတုံးအောင်သာ ခွပ်ပစေတော့လို့ ဒီအတိုင်း ပစ်ထားလိုက်ရင် ကောင်းမလား …. ကဲ။
ကြက်သမား မဟုတ်တဲ့ ……
နေမင်းသူ
၁၆-၂-၂၀၁၄
Clik here to view.