ကိုမိုးသီးခင်ဗျာ
ယခုအချိန်မှာတော့ ကိုမိုးသီး အမှန်အတိုင်း ဖွင့်ဟစေချင်ပါတယ် … ရှစ်လေးလုံးကာလမှာ ကိုမိုးသီးဟာ တနိုင်ငံလုံးက ကျောင်းသားထုကို ဦးဆောင်ပြီး မဆလအစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်ဆိုတော့ … အဲဒီတုန်းက အသက် ၂၅ နှစ်သာ ရှိသေးတဲ့ ကိုမိုးသီးမှာ ဘယ်လောက်နိုင်ငံရေးအတွေ့အကြုံကို ဖြတ်သန်းခဲ့လို့ ဦးဆောင် နိုင်ခဲ့ပါသလဲ …။
မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုဟာ နောက်ဆုံး ၁၉၇၅ ဦးသန့်အရေးအခင်း ၊ မှိုင်းရာပြည့်တွေမှာ ခြေမှုန်းခံရခြင်းနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈၈ မှာပြန်စခဲ့ပါတယ်။ ကြားကာလ ၁၃ နှစ်မှာ လုံးဝဆူပူမှုမရှိဘဲ နိုင်ငံရေး နဲ့ အဆက်ပြတ် ခဲ့ပါတယ်။ နိုင်ငံရေးဝါသနာပါတဲ့ ကျောင်းသားတော်တော်များများဟာ မဆလရဲ့ လမ်းစဉ်လူငယ်ထဲ ရောက် သွားကြပါတယ်။ ကျောင်းသားခေါင်းဆောင် “မင်းကိုနိုင်” တောင် အဲဒီတုန်းက လမ်းစဉ်လူငယ် စည်းရုံးရေးမှူး လို့ သိရပါတယ်။ အသက် ၂၅ နှစ်သာရှိသေးတဲ့ ကိုမိုးသီးဟာ ကျောင်းသားထုကို ဦးဆောင်ပြီး နိုင်ငံရေး တိုက်ကွက်တွေ လုပ်ဆောင်နေတယ်ဆိုရင်တော့ ဒီ ၂၅ နှစ် အရွယ်ရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အတွေ့အကြုံ ရှိတဲ့သူတဦးက ညွန်ကြားနေလို့သာ လုပ်နိုင်တယ်လို့ သုံးသပ်မိပါတယ်။
ဥပမာ ဆိုရရင် စစ်တက္ကသိုလ် ကျောင်းဆင်းအရာရှိငယ် ၂၃ နှစ်အရွယ်ဟာ ကျောင်းက စစ်မြေပြင်မှာ ကွပ်ကဲ တိုက်ပွဲဝင်နိုင်ဖို့ တပ်စုမှူး (ဒုဗိုလ်)၊ တပ်ခွဲမှူး(ဗိုလ်ကြီး) အဆင့်လောက်သာ သင်ကြားပေးလိုက်ပါတယ်။ အကြမ်းဖျင်းပြောရရင် တပ်စုတစ်စု အင်အား ၃၀ ခန့်၊ တပ်စု ၃ စု တပ်ခွဲတစ်ခွဲ အင်အား ၁၀၀ ခန့် တပ်ခွဲ ၅ ခွဲ တပ်ရင်းတစ်ရင်း၊ တပ်ရင်း ၁၀ ရင်း တပ်မတစ်ခု ဖြစ်ပါတယ်။ တပ်ရင်းမှူးအဆင့်ကို ဒုတိယ ဗိုလ်မှူးကြီး က အုပ်ချုပ်ရပြီး တပ်မမှူး အဆင့်ကို စစ်သက် ၂၅ နှစ်ခန့်ရှိတဲ့ ဗိုလ်မှူးချုပ် အဆင့်က အုပ်ချုပ်ကွပ်ကဲရပါတယ်။
ဒီတော့ အသက် ၂၃ နှစ်လောက်ရှိတဲ့ ကျောင်းဆင်းစ ဗိုလ်လေးတဦးဟာ တပ်မတစ်ခုကို ဦးစီးပြီး စစ်ဆင်ရေး အောင်မြင်ခဲ့တယ်ဆိုရင် စစ်ရေးတိုက်ပွဲ အတွေ့အကြုံမရှိတဲ့ ဗိုလ်လေးက ဦးဆောင်ပြီး စစ်ဆင်ရေးကြီး ဆင်နွှဲ နိုင်တယ်ဆိုရင် … စစ်မျက်စိနဲ့ကြည့်လို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ကွယ်ကနေ စစ်ရေးအတွေ့အကြုံ ရှိတဲ့ လူတစ်ဦးက မညွှန်ကြားဘဲ မလုပ်နိုင်ပါဘူး။
၂၅ နှစ်သား ကိုမိုးသီးကို နောက်ကွယ်ကနေ ဘယ်သူကြိုးကိုင်ခဲ့သလဲ …. ?
ရှစ်လေးလုံးမှာ ပါခဲ့သူတစ်ဦးက … “အဲဒီတုန်းက ကျွန်တော် ၁၆ နှစ် .. အထက်တန်းကျောင်းသား .. ကိုမိုးသီး ခိုင်းလို့ ဦးနုကို ရိုက်ဖို့ သူ့ခြံထဲ ရောက်ခဲ့ပါသေးတယ်။ ကျွန်တော်တို့က အဲဒီတုန်းက ကိုမိုးသီးသေဆိုသေ ရှင်ဆိုရှင်ဘဲ … ဦးနုက သူသာလျှင် တရားဝင် ဝန်ကြီးချုပ်လို့ ကြေညာတဲ့အခါ ပထမပိုင်း ထောက်ခံခဲ့ကြတယ်။ အဲဒီနောက် ကိုမိုးသီးက ဦးနုကို အာဏာရူးကြီး ကျောင်းသားတွေ သွေးမြေကျပြီး အသေခံခဲ့တာကို ပွဲလန့်တုန်း ဖျာခင်းတယ် … ပြောလို့ အခြေအနေတွေ ပြောင်းသွားခဲ့တယ် .. အဲဒီတုန်းက လူထုက ကျောင်းသား ဘာလုပ်လုပ် ထောက်ခံခဲ့တယ် …” လို့ပြောခဲ့ဖူးတယ်။ ဒီလောက်ထိ လူထု ထောက်ခံမှုရအောင် ကိုမိုးသီး စွမ်းဆောင်နိုင်ခဲ့တာ အမှန်ပဲလား ..။
နောက်ပြီးတော့ ကိုမိုးသီးပြောခဲ့တာရှိတယ် “ဦးနု ဦးအောင်ကြီးတို့ဟာ ဗကပရဲ့ ရန်သူဟောင်းတွေ… သူတို့ အာဏာရလာလဲ ဗကပအတွက်က ဘာမှမထူးဘူး။ တောထဲမှာပဲ တဖက်နိုင်ငံမှာပဲ ကပ်နေရအုံးမယ် … ဒါကြောင့် ဗကပက သူတို့ကို မလိုချင်ဘူး …. ကြားဖြတ်အစိုးရဖွဲ့ဖို့ ကျောင်းသားထုကိုယ်စား ကျွန်တော် (မိုးသီး) က တင်ပြခဲ့တယ်။ ခေါင်းဆောင်တွေကြား သဘောတူညီမှု မရလို့ အစိုးရမဖွဲ့လိုက်နိုင်ဘူး … မဖွဲ့လိုက်နိုင်တာ ကျွန်တော်တို့အတွက် မဟာကံဆိုးမိုးမှောင်မှု ဖြစ်လာတာပဲ..”
အဲဒီစကားတွေအရ ကိုမိုးသီးနောက်ကွယ်မှာ တစ်စုံတစ်ဦး ရှိနေတာ ပေါ်လွင်နေတယ်။
ကျနော့်ဆောင်းပါး တပုဒ် (ရှစ်လေးလုံးကျဆုံးခဲ့သည့် အကြောင်းအရင်း) မှာ “ကြားဖြတ်အစိုးရကို လက်ခံရင် ဦးနေဝင်းကြိုးစင်တက်ရမည်ဖြစ်သဖြင့် လက်မခံနိုင်တာကို လူတိုင်းအသိဖြစ်သည်။ ဦးနေဝင်းထံတွင် စစ်တပ် ရှိ၍ မိမိတို့ထံတွင် အပ်တိုတစ်ချောင်းမရှိပါပဲ ဗကပ မြှောက်ပင့်ပေးသဖြင့် ဦးနေဝင်းအား ထွက်ပေါက်မပေးဘဲ ချောင်ပိတ်တိုက်ခိုက်ခြင်းသည် မိမိတို့အမှားဖြစ်သည်။” သုံးသပ်ခဲ့ဖူးပါတယ်။
ကြားဖြတ်အစိုးရ တောင်းဆိုရာမှာ ဦးနေဝင်းက မလိုက်လျောတဲ့အတွက် ဝန်ကြီးဌာနအားလုံး သပိတ်မှောက်ရန် နိုင်ငံရေးတိုက်ကွက်ဖော်တဲ့ လုပ်ကွက်မှာလည်း ကိုမိုးသီးကို ဘယ်သူက ညွှန်ကြားခဲ့ပါသလဲ ?
ဝန်ကြီးဌာနပေါင်းစုံ အထွေထွေသပိတ်ကြီးစတင်တဲ့အခါ အစိုးရ ယန္တယားကြီး လည်ပတ်မှု ရပ်တန့်သွားခဲ့တယ်။ အဲဒီအခါ စစ်တပ်အတွက် လစာ၊ ရိက္ခာ ထောက်ပံ့ပို့ဆောင်ရေး စက်သုံးဆီ စတာတွေ အခက်အခဲဖြစ်ခဲ့ရပြီး စစ်တပ် ထမင်းငတ်လာရင် သေနတ်ပြောင်း သူ့ဘက်လှည့်လာမှာကိုသိတဲ့ ဦးနေဝင်းက နည်းစနစ်မျိုးစုံသုံးပြီး သပိတ်လှန်ဖို့ ကြံစည်ကြိုးပမ်းခဲ့တယ်။ နောက်ဆုံး ဘယ်လိုမှ တားမနိုင်တော့တဲ့ အဆုံးမှာ စစ်တပ်က အာဏာသိမ်းဖို့ ဗိုလ်စောမောင်ကို အမိန့်ပေးပြီး ဝန်ထမ်းအားလုံး အလုပ်ပြန်ဝင်စေတဲ့ အထိ ဖြစ်ခဲ့ရတယ်။
တိုင်းပြည်အခြေအနေ အဲဒီလိုဖြစ်နေချိန်မှာ ဦးနေဝင်းအတွက် ရွေးချယ်စရာ မရှိတော့ပါဘူး။ သူလုပ်ပေးမယ့် ရွေးကောက်ပွဲကို လက်မခံကြဘဲ ကြားဖြတ်အစိုးရကိုသာ တစိုက်မတ်မတ်တောင်းဆိုနေတဲ့ အထွေထွေသပိတ် ထဲမှာ အကြပ်ရိုက်ကာ သူ့လုံခြုံရေး ထွက်ပေါက် ပိတ်ခံရသလို ဖြစ်သွားခဲ့တယ်။
စစ်မှာ စကားတခုရှိတယ်။ တရုတ်စစ်သူကြီး ဆွန်ဇူး ပြောကြားခဲ့တာပါ။ “ရန်သူအား တိုက်ခိုက်လျှင် အခြေအနေသုံးသပ်ကာ လိုအပ်လျှင် ဆုတ်လမ်းထွက်ပေါက်ဖွင့်ပေးပြီး တိုက်ခိုက်ပါ။ ဆုတ်လမ်းပိတ်ပြီး တိုက်ပါက ချောင်ပိတ်မိပြီး တိုက်ပွဲပိုကြာကာ အခန့်မသင့်လျှင် မိမိပင် ပြန်၍ ကျဆုံးမှုနှင့် ရင်ဆိုင်ရတတ်သည်။”
အကယ်၍ ၁၉၈၈ ကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲကြီး တရားမျှတမှု မရှိတဲ့အတွက် ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး ထိုအစိုးရက ရွေးကောက်ပွဲလုပ်ပေးကာ အနိုင်ရပါတီကို အာဏာလွှဲပေးရမယ်လို့ ရှစ်လေးလုံးအတိုင်း တောင်းဆိုရင် ဘယ်လိုဖြစ်နိုင်မလဲ။
ရှစ်လေးလုံးမှာ နိုင်ငံရေးဖြတ်သန်းမှု နဲ့ လှုပ်ရှားမှု အတွေ့အကြုံ သိပ်မရှိသေးတဲ့ ၂၅ နှစ်သား ကိုမိုးသီး ရဲ့ တိုက်ကွက်တွေကို အကဲဖြတ်ကြည့်မယ်ဆိုရင် ….
(၁) ဦးနေဝင်း လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်လို့ ကြားဖြတ်အစိုးရဖွဲ့ပြီး ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့ ။
(၂) ဦးနုကို အာဏာရူးအဖြစ် သရုပ်ဖော်ပြီး ဒေါ်ဆန်းစုကြည်ကို ဝန်းရံပေးကြဖို့။
(၃) ကြားဖြတ်အစိုးရ တောင်းဆိုချက်မအောင်မြင်တဲ့အခါ အထွေထွေသပိတ်ဆင်နွှဲပြီး အစိုးရယန္တယားကြီး လုံးဝရပ်ဆိုင်းသွားတဲ့အထိ နိုင်ငံရေးတိုက်ကွက်ဆင်ဖို့ …..
လုပ်ဆောင်ချက်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒီလောက်ကြီးကျယ်တဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေကို ကိုမိုးသီး ဦးနှောက်နဲ့ လုပ်လို့ မဖြစ်နိုင်တာလည်း ယုတ္တိခိုင်လုံမှု ရှိပါတယ်။ ကိုမိုးသီးနောက်ကွယ်မှာ ဘယ်သူ ရှိပါသလဲ။
ဒီသမိုင်းဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ကိုမိုးသီးကိုယ်တိုင် အွန်လိုင်းပေါ်မှာ ရေးတင်ထားတဲ့ “သူ့ဘဝအကြောင်း” မှာ ဖတ်ရသလောက်နဲ့ပဲ ကိုမိုးသီးနောက်က ဘယ်သူတွေ ကြိုးကိုင်လှုပ်ရှားနေသလဲ ဆိုတာ ပေါ်လွင်နေပါပြီ။
အဲဒီ အထဲမှာ ------
“ကိုမိုးသီး ငယ်စဉ်ကတည်းက လက်ဝဲစာပေများကို လေ့လာခဲ့ကြောင်း၊ ကျောင်းသားဘဝ ၁၉၇၉ ခုနှစ်မှာ စာပေလေ့လာလိုက်စားမှုကို အကြောင်းပြုပြီး ဆေးကျောင်းသား ဒေါက်တာဇော်မင်းနှင့် ပေါင်းသင်းမိကြောင်း .. အဲဒီအချိန်က ဒေါက်တာဇော်မင်းဟာ ဗကပ ယူဂျီခေါင်းဆောင်တဦး၏ စည်းရုံးမှုနဲ့ ဗကပဗဟို (ပန်ဆန်း) ကို ရောက်ရှိခဲ့ပြီး သဘောတရားရေး သင်တန်းများတက်ရောက်ကာ ယူဂျီတစ်ဦးအဖြစ် စည်းရုံးလှုပ်ရှားနေခဲ့ တာကို နှစ်အတန်ကြာ အတူသွားအတူစား ပေါင်းသင်းနေခဲ့တဲ့ (ကိုမိုးသီး) လုံးဝ သိရှိ ရိပ်မိခဲ့ခြင်း မရှိ။ ၁၉၈၅ နွေရာသီတွင် မြေအောက်ကျောင်းသားလှုပ်ရှားမှုများ ပြုလုပ်ရန် နှင့် မြေအောက် ဗကသ ဖွဲ့စည်းရန် ဒေါက်တာ ဇော်မင်း နှင့် တိုင်ပင်ခဲ့ကြောင်း ။
ဒေါက်တာဇော်မင်းရဲ့ စည်းရုံးခြင်းကို ခံရပြီးနောက် ၁၉၈၈ မတ်လ ကျောင်းသား ဖုန်းမော်ကျဆုံးသော အရေးအခင်းမှာ ဒေါက်တာဇော်မင်းက ဖုန်းဆက်ပြီး ကျောင်းသားတဦး အသတ်ခံရကြောင်း နဲ့ အားလုံး ပြင်ဆင်ထားရန် မှာကြားခဲ့ကြောင်း။ အိမ်ကို ကိုမိုးသီးရဲ့ သူငယ်ချင်း မင်းကိုနိုင် (ပေါ်ဦးထွန်း) ခဏခဏ ရောက်လာပြီး “မင်းဘာတွေ လုပ်နေတာလဲ” လို့ မေးမြန်းတာတွေ လုပ်ခဲ့တယ် … ပြီးတော့ မတ်လ ၁၈ ရက်နေ့တွင် မင်းကိုနိုင်ကို စတင် စည်းရုံးခဲ့ကြောင်း၊ ၄င်းနောက် ဒေါက်တာဇော်မင်းနှင့် မိတ်ဆက်ပေးလိုက်ပြီး “ငါတို့လှုပ်ရှားမှု သပိတ်ကြီး စတော့မယ်။ ငါတို့နဲ့အတူ ပါဝင်ပါ” လို့ တိုက်တွန်းခဲ့ကြောင်း တွေ ပါဝင်တယ်။
ရှစ်လေးလုံးကာလ တစ်လျှောက်လုံး ဒေါက်တာဇော်မင်းက ကျောင်းသားထုကို ထိန်းချုပ်ကိုင်တွယ်ထားပြီး ဒေါက်တာဇော်မင်း ကို ဗကပယူဂျီ Master Brain လို့ နာမည်ကြီးတဲ့ ကိုသက်ခိုင် က အကွက်ချ စီမံ ခိုင်းစေ ခဲ့တယ်။ ယူဂျီခေါင်းဆောင် သက်ခိုင်ကိုတော့ ဗကပ ဌာနချုပ် ယူဂျီတာဝန်ခံ ဗိုလ်ကျင်မောင် (ရဲဘော်ထွန်း) က ညွှန်ကြားခဲ့တယ် ဆိုတာ … နိုင်ငံရေး လေ့လာသူ အများစု သိထားတဲ့ သမိုင်းဖြစ်ပါတယ်။
အဲဒီလို အာဏာတခုပဲကြည့်တဲ့ နိုင်ငံရေးသမား လူလည်တွေကြောင့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးဟာ ကျောင်းသားနဲ့ ပြည်သူလူထု အသက်ပေါင်းများစွာ ဆုံးရှုံးပေးဆပ်စတေးခဲ့ရပေမဲ့ တိုင်းပြည် ဒီမိုကရေစီ ရမလာဘဲ စစ်အာဏာရှင်လက်အောက် ကျရောက်ခဲ့ရတဲ့ သမိုင်းတရားခံတွေထဲမှာ အာဏာရှင်ကြီး ဦးနေဝင်းနဲ့ အပေါင်းပါတွေသာမက နောက်ထပ် ဘယ်သူတွေ ပါဝင်နေသေးလဲ ဆိုတာ တိုင်းပြည်ကို အတိအလင်း သတ္တိရှိရှိ တင်ပြလိုက်ဖို့ အချိန်တန်ပါပြီ။
ဒီတာဝန်ကို ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမိုးသီးအနေနဲ့ ရဲရဲရင့်ရင့် တာဝန်ယူ ဖော်ထုတ်လိုက် မယ်ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ကောင်းမွန်ရေးကို ဦးတည်သွားမှာ ဖြစ်သလို ပြည်သူလူထုရဲ့ မျှော်လင့်ချက် တွေလည်း အောင်မြင်ပြည့်ဝဖို့ နီးကပ်သွားမှာပါ။
ရှစ်လေးလုံး သမိုင်းဖြစ်ရပ်မှာ အဓိကဇာတ်ဆောင်တစ်ဦး အခန်းကဏ္ဍက ပါဝင်ခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင် ကိုမိုးသီး အနေနဲ့ သူများအခိုင်းခံ ဘဝမှာ ရေငုံနှုတ်ပိတ် နိဂုံးချုပ်မသွားစေချင်ပါ။ အတိတ်သမိုင်း ဖြစ်ရပ်မှန် တွေကို ဖော်ထုတ်ဖွင့်ချရင်း နိုင်ငံရေးမျက်နှာစာသစ် ဖွင့်လှစ်လိုက်ပါလို့ အကြံပြုချင်ပါတယ်။
ပြည်သူလူထု မျှော်လင့်ထားတဲ့ ဒီမိုကရေစီစနစ်က ဘယ်ပုံစံ ဆိုတာလည်း ကိုမိုးသီး သိမှာပါ။ ပြည်သူလူထု ရင်ထဲမှာ ကိုမိုးသီး ရှိနေပါသေးတယ်။
ဝင်းဇော်
forward အီးမေးလ် မှ ကူးယူဖော်ပြပါသည်။