Quantcast
Viewing all articles
Browse latest Browse all 1811

နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်း


 
နိုင်ငံတော်သမ္မတကြီးနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များ မှ ကိုယ်စားလှယ်များတွေ့ဆုံပွဲ တွင် ပြောကြားသည့် မိန့်ခွန်း



ကြွရောက်လာကြတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်း ဆောင်ရွက်သူများ၊ စီးပွားရေး အသင်းအဖွဲ့များ မှ ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြစေဖို့ ဦးစွာပထမ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကနေ့ အခမ်းအနားကိုတက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်တွေ့နယ်ပယ် မှာစီးပွားရေးလုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်များနဲ့ စီးပွားရေး လုပ်ငန်းများရဲ့ စိန်ခေါ်မှုများ၊ အခြေအနေများကို လာရောက်နားထောင်ဖို့ပဲဖြစ်ပါတယ်။ဒါမှသာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိကနေရာကနေစွမ်းဆောင်နေတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများရဲ့ အခက်အခဲများနဲ့ လိုလားချက်များကို နိုင်ငံရေးအရ ဦးဆောင်မှုပေးနိုင်မှာလည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အစိုးရတာဝန်ယူပြီးချိန်ကစ ပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍစုံအပြောင်းအလဲများနဲ့ ဆက်စပ်ပြီးအနည်းငယ်ပြောကြားလိုပါတယ်။ ကျွန်တော်တို့အစိုးရစတင်တာဝန်ယူတဲ့အချိန်ကစပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတွေနဲ့အတူ ကဏ္ဍစုံ အထွေထွေပြုပြင်ပြောင်းလဲမှုများကို အခြေခံမှ စတင်ပြောင်းလဲနိုင်ဖို့အတွက် မူဝါဒများ ချမှတ်ပြီး ဆောင်ရွက်ခဲ့ပြီးယနေ့အခါမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ဖြစ်ထွန်းမှုများသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအနေနဲ့ ရေရာသေချာမှုရှိတဲ့ နိုင်ငံရေးပုံစံသစ်တရပ်ကို တည်ဆောက်နေတာဖြစ်ပြီးမိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းအနေနဲ့ ပြောင်းလဲကျင့်သုံး ရမယ့် နိုင်ငံရေးယဉ်ကျေးမှုသစ်ဟာလည်းစတင် ရှင်သန်စပြုလာတဲ့ အနေအထားလို့ ဆိုရမှာဖြစ်ပါတယ်။



ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှပေါ်ပေါက်လာတဲ့ နိုင်ငံရေး ပွင့်လင်းလွတ်လပ်မှုတွေကြောင့် နိုင်ငံရေးအင်အားစုအချင်းချင်း ထိတွေ့မှုများ ပိုမို များပြားလာတာနဲ့အမျှမတူညီတဲ့ အင်အားစုများအကြား နိုင်ငံရေးပွတ်တိုက်မှုတွေ ရှိခဲ့ပေမယ့်နိုင်ငံရေးယဉ်ကျေးမှုသစ်ရဲ့ အနှစ်သာရ ဖြစ်တဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းများကို ကျော်လွှားပြီး ဆွေးနွေးညှိနှိုင်းခြင်း နည်းလမ်းများဖြင့် အကြပ်အတည်း အားလုံးကို ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ အသွင်ကူးပြောင်းရေးအတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဒီမိုကရေစီ အသက်ဝင်ရှင်သန်ရေးအတွက် အရေးကြီးတဲ့ နိုင်ငံရေး တက်ကြွနိုးကြားမှု တို့ကို ဆက်လက်ထိန်းသိမ်းပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် လုပ်ဆောင်ကြရမှာဖြစ်ပါ တယ်။ တဆက်တည်းမှာပဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့အစိုးရ ကြိုးပမ်း ဆောင်ရွက်နေတဲ့ ကိစ္စရပ်များကို အနည်းငယ်ရှင်းလင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံသမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ ပုံစံတကျ ရှိတဲ့ အမျိုးသားစီးပွားရေးတရပ်ကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။



အထူးသဖြင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး စနစ်မျိုးစုံက ရွေးချယ်အကောင်အထည်ဖော်ခဲ့အမျိုးသားစီးပွားပုံစံချမှု ဖြစ်စဉ်တွေကို ကြည့်ရင် နိုင်ငံအတွက် စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် ပေးနိုင်ခဲ့ခြင်း မရှိခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မိမိတို့ရရှိထားတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အရေးတကြီးလိုအပ်နေတဲ့ ပုံစံတကျရှိတဲ့ အမျိုးသားစီးပွားရေး စနစ်တရပ်ကို ပီပြင်စွာဖော်ဆောင်နိုင်ဖို့ အခွင့်အလမ်းကောင်းတွေကိုဖန်တီးပေးနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။တနည်းအားဖြင့် ကျွန်တော်တို့ စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေခြင်းဟာ ဈေးကွက်စီးပွားရေးစနစ် ရှင်သန်ပြီး နိုင်ငံသားတိုင်း မျှဝေခံစားနိုင်တဲ့ အခွင့်အလမ်းများ ဖန်တီးပေးနိုင်မယ့် အခြေခံကောင်းတွေကို တည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။



ဒီအခွင့်အလမ်းကောင်းများကို အမိအရ ဆုပ်ကိုင်နိုင်ဖို့ အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းများ လက်တွဲကြိုးပမ်းကြရမှာ ဖြစ်ပြီး တက်လှမ်းရမယ့် အဆင့်များစွာ ကျန်ရှိနေသေးတယ် ဆိုတာကိုလည်း သတိပြု စေလိုပါတယ်။ နိုင်ငံစီးပွားရေးရဲ့ ၉၀ %ရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှာသာ တိုင်းပြည် စီးပွား ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ အစိုးရလက်ထက်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုလည်း အခြေခံကစပြီး ပြုပြင်ပြောင်းလဲနိုင်ဖို့ အာရုံစိုက် လုပ်ဆောင် ခဲ့ပါတယ်။အဓိကကျတဲ့ ပြုပြင် ပြောင်းလဲမှု တချို့ကတော့ နိုင်ငံ့စီးပွားရေး အတွက် အရေးအကြီးဆုံးဖြစ်တဲ့ တည်ငြိမ်တဲ့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း၊ စနစ်တရပ်ကို ဈေးကွက်စီးပွားရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်မယ့်ဘဏ်လုပ်ငန်းစနစ်များ၊ သီးခြား လွတ်လပ်တဲ့ ဗဟိုဘဏ်စနစ်ကို စတင်ပြောင်းလဲခြင်းနဲ့ အခြားသောငွေကြေးမူဝါဒများ၊ ဘဏ္ဍာရေးဆိုင်ရာမူဝါဒများကိုပြောင်းလဲကျင့်သုံးခဲ့ခြင်းပဲ ဖြစ်ပါတယ်။



တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို နိုင်ငံရေးအခြေအနေများအရ ကမ္ဘာ့နိုင်ငံများက ချမှတ်ကျင့်သုံးခဲ့တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုများကိုလည်းဖယ်ရှားနိုင်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ရပြီးအောင်မြင်စွာဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါတယ်။ မိမိတို့ ပြည်တွင်းထုတ်လုပ်မှုနဲ့ လုပ်ငန်းရှင်များအတွက် ပြည်ပပို့ကုန်လုပ်ငန်းများမှာ အားသာချက်ဖြစ်စေမယ့် ဥရောပသမဂ္ဂရဲ့ GSP လိုအခွန်လျော့ပေါ့ ကင်းလွတ်ခွင့် တွေ ပြန်လည် ခံစားခွင့်ရဖို့ ဆောင်ရွက်ခဲ့ပြီးအခြား နိုင်ငံများနဲ့လည်းအခွန်လျော့ပေါ့မှု နဲ့ ကင်းလွတ်ခွင့်များကို ရရှိရန်လည်းဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။ အဲ့ဒီလိုပြောင်းလဲနိုင်ခဲ့တဲ့အတွက် နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်တဲ့အခါ ပိုမိုလွယ်ကူပြီးပို့ကုန်၊ သွင်းကုန်လုပ်ငန်းများအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်း စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင်ပို့ကုန်ကို အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းကိုလည်းပိုမိုအားပေးရာရောက်စေပါတယ်။ တဖက်မှာလည်းအစိုးရအနေနဲ့ ကုန်သွယ်မှုဆိုင်ရာဖြေလျော့မှုတွေ၊ ကုန်သွယ်မှုလွယ် ကူချောမွေ့စေရေး၊ ကုန်သွယ်မှု ပညာပြန့်ပွားရေးနဲ့ ကုန်သွယ်မှုမြှင့်တင်ရေးတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခဲ့ပါတယ်။



ဒါ့အပြင် ကုန်သွယ်မှုအခန်းကဏ္ဍမှာ တန်းတူ အခွင့်အရေး ရရှိဖို့နဲ့ ပို့ကုန်ခွန် ၁၀% မှာကုန်သွယ်လုပ်ငန်းခွန် ၈% ကင်းလွတ် ခွင့်ပြုခြင်း၊ လိုင်စင်အများစုကို ရန်ကုန်မှာ ထုတ်ယူနိုင်ဖို့သာမက အချို့ကိုလိုင်စင် လျောက်ထားဖို့ မလိုအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲ့ဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုတန်ဘိုးအမေရိကန်ဒေါ်လာ (၁၅.၂၇၃) ဘီလီယံ ရှိခဲ့ရာကနေ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ်မှာအမေရိကန် ဒေါ်လာ(၂၁.၅၇၁)ဘီလီယံထိတိုးတက်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာအခြေစိုက်မယ့် စီးပွားရေးလုပ်ငန်းများရဲ့ အကျိုးစီးပွားကို ရည်ရွယ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ရှင်းလင်းလွယ်ကူပြီး ပွင့်လင်း မြင်သာမှု ရှိတဲ့ လုပ်ငန်းစဉ်များနဲ့ ဖွဲ့စည်းတည်ထောင်ပေးထားပြီးဖြစ်ပါတယ်။



၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၈၈ ခုနဲ့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံကျော်၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှု လုပ်ငန်းသစ်ပေါင်း ၁၄၅ခုနဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျပ်၂၂၆၈ ဘီလီယံကျော် တိုးတက် ခဲ့တာကို တွေ့ရပါတယ်။ ခေတ်အဆက်ဆက်က ရှင်းလင်းဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့ နိုင်ငံတကာကြွေးမြီ ကိစ္စရပ်တွေကိုလည်း အောင်မြင်စွာဆွေးနွေးညှိနှိုင်းနိုင်ခဲ့တဲ့အတွက်ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ ငွေကြေးရန်ပုံငွေအဖွဲ့နှင့် အာရှဖွံ့ဖြိုးတိုးတက်မှု ဘဏ်တို့နဲ့ ပြန်လည်ချိတ်ဆက် နိုင်ခဲ့ပြီးအနာဂတ်ကာလမှာ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်မယ့် ငွေကြေးအရင်းအနှီးစုဆောင်းမှုနဲ့ ချေးငွေများရရှိနိုင်မယ့် အခြေအနေကောင်းများ ပေါ်ထွန်းနေပြီ ဖြစ်ပါတယ်။ အရင်းအနှီးအတွက် ငွေကြေးအရင်းအနှီးဈေးကွက် ဖွံ့ဖြိုးအောင် ကြိုးပမ်းနေသလို ပြည်တွင်းကုန်စည် ဈေးကွက်များအဆင့်မြင့်မြင့် ဖွံ့ဖြိုးလာပြီး နိုင်ငံတကာဈေးကွက်သို့ ချိတ်ဆက်လာနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။



စီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှု ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခက်အခဲ အတားအဆီးများ ဖယ်လျော့ရေး နှင့် အရင်းအနှီး လိုအပ်ချက်များ ပိုမိုရရှိလာရေးကို အစိုးရပိုင်းမှ ဆောင်ရွက်ပေးခဲ့သလို ပုဂ္ဂလိကပိုင်းမှလည်း ကြိုးစားဆောင်ရွက် မှုများကြောင့် (၃)နှစ်အတွင်းတိုးတက်သင့်သလောက်တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြင့်မားစေဖို့ အတွက် အရေးကြီးတဲ့ လျှပ်စစ်ကဏ္ဍ၊ ဆက်သွယ်ရေးနဲ့ နည်းပညာကဏ္ဍနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍ များမှာလည်း အစိုးရနှင့်ပူးပေါင်းပြီး တိုးတက်ကောင်းမွန်အောင် အထူး အလေးပေး ဆောင်ရွက်လျက် ရှိပါတယ်။ အမျိုးသားစီးပွားရေး စနစ်တရပ် အခြေခိုင်မာစေဖို့နဲ့ ယခုလိုအခြေခံကိစ္စတွေမှာ ရလဒ်ကောင်းများ ရရှိဖို့ အချိန်အတိုင်းအတာတခု ယူပြီးတည်ဆောက် ခဲ့ရတာ ဖြစ်ပါတယ်။ ဒီစီးပွားရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးရလာဒ်တွေကို ပြည်သူတရပ်လုံး လက်တွေ့ ကျကျ ရရှိခံစားနိုင်စေဖို့ အတွက်လည်းအစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ အတူဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။



များမကြာမီလက်တွေ့အကောင်အထည် ဖော်တော့မယ့် အာဆီယံလွတ်လပ်သော ကုန်သွယ်မှု ဧရိယာ (AFTA) နဲ့ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) ဆိုင်ရာ ကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံအနေကအာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်ခွင့်ရတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အားသာချက်တွေ ရှိမှာဖြစ်ပြီး အခြေခံလူတန်းစားများရဲ့ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေကို အခြေပြုပြီး စီးပွားရေး ကဏ္ဍအသီးသီးမှာ ရှိတဲ့ အလယ်အလတ်နဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်များကနေ ထုတ်လုပ်မှုကွင်းဆက်(Supply Chain) မှာဈေးနှုန်းတန်ဖိုးကွင်းဆက် (Value Chain) ညီညွတ်မျှတရေးကိုပူးပေါင်းဆောင်ရွက်ဖို့ လိုမှာဖြစ်ပါတယ်။



နိုင်ငံသားတိုင်းတန်းတူယှဉ်ပြိုင် ခွင့်ရှိတဲ့ ဈေးကွက်စီးပွားရေး အခြေပြုလုပ်ထုံးလုပ်နည်း တွေကြောင့် စီးပွားရေးလုပ်ငန်းများအနေနဲ့ ယခင်ကလို ကဏ္ဍတခုတည်းမှာ စုပြုံတိုးဝင် တာမျိုးမဟုတ်ဘဲ မိမိတို့ ကျွမ်းကျင်မှု ရှိတဲ့၊ အားသာချက်ရှိတဲ့ လုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ကိုင်ရင်းနဲ့ လုပ်ငန်းအောင်မြင်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မှာဖြစ်ပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူချိန်မှာ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ရေးအတွက် ဝန်းဝန်းကြိုးပမ်း ကြဖို့လည်း တိုက်တွန်း အပ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်ရှင်သန်ဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ အခြေခံကစပြီး ပြင်ဆင်နေတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကိုအောင်မြင်အောင် ဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ် ပိုပြီးအရေးကြီးတဲ့ အချက်ကတော့ လက်ရှိ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေပြုတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးတည်ဆောက်မှု အောင်မြင်မှသာ အနာဂတ်မှာ လွတ်လပ် ပွင့်လင်းပြီးသာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတရပ်အဖြစ် တက်လှမ်းနိုင်မှာ ဖြစ်ပြီးအောင်မြင်ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တရပ်ကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုတည်ဆောက် တက်လှမ်းနိုင်ဖို့အတွက် လက်ရှိရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ကို ဒီကနေ့ တက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီကပါဝင်ကြိုးပမ်းဆောင်ရွက်ကြမှသာအောင်မြင်မှာ ဖြစ်တယ် ဆိုတာကိုသတိပြုစေလိုပါတယ်။



နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပုဂ္ဂလိကလုပ်ငန်းရှင်များရဲ့ အောင်မြင်မှု နဲ့သာ ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ စီးပွားရေး အသင်းအဖွဲ့များနဲ့ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ အခန်းကဏ္ဍရဲ့ အရေးပါမှု ကိုလည်း မှန်ကန်စွာ ရှုမြင် နိုင်ဖို့ အရေးကြီးပါတယ်။ အဓိကအကျဆုံး အချက်ကတော့ ဒီကနေ့ ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးဖြစ်စဉ်များ၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များကိုမိမိတို့ တဦးချင်း လုပ်နိုင်စွမ်းရှိတဲ့ ကဏ္ဍများကနေအဆိုးမြင်ခြင်းနှင့် အပြစ်တင်ခြင်းထက် ပြဿနာ ပြေလည်ရေး၊ အဖြေထွက်ရေးနဲ့တည်ဆောက်ရေးဆိုတဲ့ နည်းလမ်းများနဲ့ ရှုမြင် အကောင်အထည်ဖော် ဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မှာဖြစ်တဲ့အကြောင်း အလေးအနက် တိုက်တွန်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>