ကျွန်တော်တို့ အညာ ဒေသမှာ ဝါတွင်း ချိန်ဆိုရင် ... အဖိတ်နေ့ ညနေ ဆိုတာ နဲ့ ဘုန်းကြီးကျောင်း ကနေ အသံချက်စက် အမြဲတမ်းဖွင့်တယ် ။ ဝါတွင်း သုံးလ ၊ သတင်းပါတ် ၁၂ ပါတ် အတွက် ..ရွာထဲမှာ ရှိတဲ့ အိမ်တွေကို ဆွမ်းခေါင်း ၁၂ ခု ဖွဲ့ထားကြတယ် ။ ငါတို့ ကတော့ ဦးဖိုးမောင် ဆွမ်းခေါင်းထဲ က ၊ ငါတို့ ကတော့ ဒေါ် ရွှေမြ ဆွမ်းခေါင်းထဲ က ဆိုပြီး အချင်းချင်း သိကြတယ် ။
ဝါဆိုလပြည့် ဝါဝင်ဆွမ်းလှည့် က ဦးဖိုးမောင် ဆွမ်းခေါင်းဆိုရင် ... လပြည့်ကျော် ၈ ရက်က ဒေါ်ရွှေမြဆွမ်းခေါင်း ... အဲလို အလှည့်ကျပေါ့ ။ အဖိတ် နေ့ ည ဆိုရင် ဘုန်းကြီးကျောင်း ကအသံ ချဲ့ စက်ကနေ ...မနက်ဖြန် ကတော့ ဘယ်သူဆွမ်းခေါင်းပါခင်ဗျာ ဆိုပြီး အော်ပေးရတယ် ။ သံဃာကတော့ ဘယ်နှစ်ပါးဖြစ်ပါတယ်ဆိုပြီး ကြေငြာပေးရတယ် ။
ပြီးတော့ ဘုရားတွေ မီးလှူဖို့ ၊ ပန်းကပ်ဖို့ ၊ နဝကမ္မ အလှူငွေ လေးတွေ ဘုန်းကြီးကျောင်းသွားလှူကြတယ် ။ တစ်ရာ ၊ နှစ်ရာ စသဖြင့် ကိုယ်တတ်နိုင်သလောက်ပေါ့ ။ ပြီးရင် ဒီဥပုဓ် သတင်းပါတ်အတွက် ဘယ်သူ့ဆွမ်းခေါင်း ကလှူတဲ့အလှုငွေဘယ်လောက်ရပါတယ်ဆိုပြီး ကြေငြာပေးတယ်။ ဆွမ်းလှည့်ကျတဲ့သူတွေက အဲလိုလှူတဲ့ အပြင် ..ကိုယ့်ဆွမ်းလှည့်ဆိုရင် အသားလေး ၊ ငါးလေး ချက်ပြီး သံဃာ အပါး ၁၀၀ ဆိုရင် ၁၀၀ စာလောင်းကြတယ် ။ အဲဒီမှာ မှ ဆွမ်းလှည့်ထဲမှာ သူက ဝက်သားဆို ရင် ကိုယ် က ငါး ၊ တခြား သူက အမဲ ၊ ထူးထူးခြားခြား စားစရာလေးတွေ ၊ မုန့် လေးတွေ ကို သံဃာတွေ အတွက် ဖွယ်ဖွယ်ရာရာဖြစ်အောင် လောင်းလှူကြတယ် ။ အဖိတ် နေ့ အလှူငွေ စာရင်းတွေ ကြေငြာပြီးချိန် ဆိုရင် ... သီချင်းလေးတွေ ၊ ဇာတ်လမ်း ၊ ဇာတ်ထုပ်လေးတွေ အသံချဲ့ စက်ကနေ ဖွင့် ... ရွာထဲ က ကျွန်တော်တို့ က ကွပ်ပျစ်လေးပေါ် မှာ နားထောင်ရင်းအိပ်ကြတယ် ။ ပန်းချီလေးဝင်း ၊ ကောလိပ်ဂျင်နေဝင်း ၊ ဘီအီးဒီအောင်သိုက် တို့ ၊ တွံတေးသိန်းတန် ဇာတ်လမ်းတွေ အပြင် ၊ ရွှေကျီးညို တို့ ၊ စိန်အောင်မင်း တို့ ဇာတ်ထုပ်ကြီးတွေ အထိ နားထောင်ရင်းနဲ့ ကျွန်တော်တို့ ကြီးလာကြတာပဲ ။
မှတ်မှတ် ရရ အဖိတ်နေ့ ညနေ စောင်း ရွာကလူတွေ ရေခပ်ချိန် ..အသံချဲ့ စက်ဝင်ပြီဆိုတာနဲ့ စ ဖွင့်လေ့ရှိတာကတော့ မြန်မာပြည်သိန်းတန် ဆိုတဲ့ ဗေဒါရီ သီချင်းဗျ ။ ဘုန်းကြီးကျောင်း ကပ္ပိယ ကြီး က အဲဒီသီချင်းကြိုက်တယ်နဲ့ တူပါတယ် ..သူ စဖွင့် ပြီဆိုတာနဲ့ အဲဒီသီချင်းပဲ ။
"ညနေ ခါ လူခြေပြတ်တဲ့ ချိန် ...မလေးဗေဒါ ..ဗေဒါ သူရေခပ်တဲ့ချိန်"
"မဗေဒါရယ်လေ ဟိုသောင်စပ်မှာ ...တနေခို ရေချိုခပ်ချိန် .. ဘူးညို ကိုရေမဝင်လို့ နေစက်ရှင် ဂေါ်ရာကျွန်း ...ယွန်း ..ယွန်းတဲ့လို့ မှိန် "
"ရေဗူးကြီးကို အပေါက်လေးဖောက်လို့ ရေခပ်ခိုင်းပုံများ ...သနားလိုက်ပါဘိ ဗေဒါပျိုရယ် ...နေညိုပေမဲ့ ရေချိုမပြည့်နိုင်ဘူးကွယ် "
"ဗေဒါ ...ဟဲ့ ဗေဒါ ..ဗေဒါ ...နင့် ဘူးကို ဘယ်သူချဲ့ ပြောဟဲ့ဗေဒါ ..မိဗေဒါ"
ဆိုတဲ့ သီချင်းပေါ့ ။ ငယ်ငယ် ကတော့ ရေဆိုင်းထမ်းလေး ထမ်းရင်း နားသာထောင် နေတာ အဓိပ္ပါယ်ကို သိပ်နားမလည်လှဘူး ။ တကယ်တော့ အဲဒီ သီချင်း က ပုံပြင်လေးရှိတယ်ဗျ ။အတိုပဲ ချုပ် ပြောတာပေါ့ ။
တကောင်းပြည့်ရှင် ရဲ့ ယောက်ဖ က တောထဲမှာ တောလိုက်သွားရင်း တောကာင်ကိုပစ် ။ တောကောင် ကြီး မချိမဆန့် သေသွားတာကိုကြည့်ပြီး သံဝေဂ ရပြီးတောထဲက မပြန်တော့ ပဲ ရသေ့ဝတ် နေရောတဲ့ ။ အဲမှာ ရသေ့ ရဲ့ ကျင်ငယ်ရေကို သမင်မတစ်ကောင်ကအမြဲတမ်း သောက်တော့ ကိုယ်ဝန်ရ ပြီး ဗေဒါရီလေး မွေး သတဲ့ ။ (ပုံပြင်လို့ သာ မှတ်ပါလေ ) ။ အဲမှာ ရသေ့ကြီး ကမွေးစားပေါ့ ။ ဗေဒါရီလေး က တဖြည်းဖြည်း နဲ့ အရွယ်ရောက်လာတော့ ... ရသေ့ကြီး က လူမရှိသူမရှိ တောထဲတောင်ထဲ ၊ ရသေ့ရဟန်းနဲ့ မိန်းကလေး အတူနေဖို့ မသင့်တော်ချေဘူးဆိုပြီး ... မနက် မိုးလင်းတာနဲ့ ဗေဒါရီလေးကို ဧရာဝတီမြစ်ထဲမှာ ရေခပ်လွှတ်သတဲ့ ။ ဘယ်လိုခပ်ရလဲဆိုတော့ မျောက်အမြီး လေးရေထဲအရင်နှစ် .. အပေါက်လေး ဖောက် ထားတဲ့ ဗူးသီးခြောက်ထဲကို ရေတစ်စက်ချင်း ထည့်ရသတဲ့ ။
အဲဒီတော့ မိုးလင်း ကနေ ခပ်လိုက်ရတဲ့ ရေ က ညနေ မိုးစုန်းစုန်းချုပ်မှ ဗူးသီးခြောက်ထဲ ရေပြည့်သတဲ့ ။ အဲလို နဲ့ ရေ တိုင်းခပ်လာ ရတာပေါ့ ။
တစ်ရက်တော့ .... ဧရာဝတီ မြစ်ကျောင်းမှာ ဖောင်နဲ့ မျောလာတဲ့ တကောင်းရှင်ဘုရင်သားတော် ၂ ပါး ထဲက တစ်ယောက်က ...ဗေဒါရီ ရေခပ်တာကိုကြည့်ပြီး ... အပေါက်မှ မပါတာ ဘယ်ရေ ရမလဲ ဆိုပြီး ဗူးသီးခြောက်ကို ဓားနဲ့ ထောက်ပြီး နားထွင်းပေးလိုက် ရော တဲ့ ဗျ ။
ပြောချင်တာ က ပုံပြင်မဟုတ်ဘူး ။ "ဗူးလုံးနားမထွင်း "ဆိုတဲ့ စကားပုံပါ ။
အရင်က အညာ ကလူတွေ ရဲ့ လှည်းဦးတွေ မှာဆိုရင် ရေထည့်တဲ့ ဗူးသီးခြောက်ကြီးတွေရှိတယ် ။ ထိပ်မှာ က အညှာခြောက် ကောက်ကောက်ကြီး တွေ နဲ့ ။ ဗူးသီးခြောက်ကို မရင် ဖင်ကတစ်ဖက် ၊ အညှာကိုတစ်က ကိုင်ပြီးမကြတယ် ။ အဲဒါဆိုတော့ ဗူးသီးထိပ်ဝ မှာ အပေါက်မပါဘူး ။ ထိပ်ဝမှာ အပေါက်ဖောက်ရင် ကျတော့ လှည်းမောင်းနေရင်း ဘောင်ဘင်ခတ်ပြီး ရေပြန်ထွက်တတ်တယ် ။ အပေါက် ကို ဗူးသီးခေါင်းရဲ့ ဘေးလေးမှာ ဖောက်ထား တာ ။ အဲလို ဗူးသီးခေါင်း ကို ဘေး ကနေ ဓားဦးလေးနဲ့ လှည့် ပြီး အပေါက်ဖောက်တာ ကို နားထွင်းတယ် ခေါ်တာ ။
ပြောချင်တာကတော့ ဗူးသီးကိုနားထွင်းမှာ ရေ ထည့်လို့ဝင်တယ် ။
ဗူးသီးကိုနားမထွင်းရင်တော့ ရေ ဘယ်လောက်ထည့်ထည့် ဝင်မှာ မဟုတ်ဘူး ။
အဲဒါကြောင့် .... ဘယ်လောက် အာပေါက်အောင်ရှင်းပြ ရှင်းပြ ။ နားမလည် နိုင်ဘူးဆိုရင် ။ "ဘူးလုံးနားမထွင်း"ဖြစ်တယ်လို့ ပြောကြတာ ။
ဗူးလုံး ကို နားထွင်းမထား တော့ သိပ် မဝင်ဘူး ၊ ဝင်ရင်တောင် နည်းနည်း ပဲပေါ့ ။
ဗူးလုံး နားထွင်း မှာ ထည့်ရင် ထည့်သလောက်ဝင်တယ် ။ အဲဒါကို ဆိုလိုတာပါ ။
(ရုပ်ဆိုး)