
သစ်ရွက်တွေက လေအဝေ့တွင် လွင့်ဝဲလို့ကျနေသည်။ နွေရဲ့သရုပ်သကန်က ပီပြင်စပြုလာလေပြီ။ ပူစပ်စပ်ဒဏ်ကြောင့် အပေါ်ဝတ်ရုံကို ချွတ်လိုက်သည်။ စာအုပ်စင်က စာအုပ်တွေကို လှန်လောရင်း ကောင်းသန့်၏ "မင်းလေးကိုချစ်လို့ အသက်ရှင်ရင်းသီချင်းဆိုမယ် "စာအုပ်လေးကို ပြန်ဖတ်ဖို့ ယူလိုက်သည်။
ပလက်ကုလားထိုင်ကို အပင်ရိပ်အောက်မှာချသည်။ စာအုပ်နှင့် ရေနွေးပန်းကန်တင်ဖို့အတွက် ခုံတစ်လုံး ထပ်ချသည်။ ကုလားထိုင်မှာ စာအုပ်ဖတ်၊ ရေနွေးကြမ်းသောက်ရင်း ဇိမ်ကျနေချိန်ဝယ် လမ်းမထက်၌ကလေး တစ်သိုက် ဆူညံစွာအော်ဟစ်လို့ ပြေးလွှားနေကြသည်ကို တွေ့မြင်လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးတွေဖြင့် မြင်ရသည့် ကလေးတို့၏ ပျော်ရွှင်နေသည့်ရုပ်လွှာက ရင်ထဲအထိ ကူးဆက်သွားသည်။
"သြော် ကလေးတွေတောင် ဒီနေ့ စာမေးပွဲပြီးပြီကိုး..ဒါကြောင့် လွတ်လပ်ပျော်ရွှင်နေကြတာဖြစ်မယ် "
တစ်ယောက်တည်း ရေရွတ်ရင်း စိတ်က လေနှင်ရာသို့လွှင့်ပါခဲ့သည်လားတော့ မသိချေ။ ဟိုးအဝေးက အတိတ်ကြေးမုံဆီသို့ ပြန်လည်ရောက်ရှိ သွားတော့သည်။
***------***
"မောင် ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့နော် "
"ဟုတ်တယ်လေ ဖြူရဲ့ ဘာဖြစ်လို့လဲ "
"မောင်ကလဲ ဘာဖြစ်ရမလဲ ဖြူတို့တွေ့ဖို့က မလွယ်တော့ဘူးလေ။ ဒီနေ့ နောက်ဆုံးတွေ့တာ ဖြစ်ချင်ဖြစ်မှာ "
"ဟာ ဖြူကလဲ တွေ့ရအောင် မောင်ကြိုးစားမှာပေါ့ "
ပြောသာ ပြောလိုက်ရသည် စိတ်ထဲကတော့ မလွယ်လှဘူးဟု တွေးလိုက်မိသည်။ ဖြူ စိတ်ချမ်းသာအောင် တော့ ပြောလိုက်ရခြင်းဖြစ်သည်။ ဒီနေ့က ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့ပင်ဖြစ်သည်။ ဖြူနဲ့ကျွန်တော် ထပ်မံ တွေ့ဆုံဖို့က မလွယ်လှတော့။
ဒီနေ့တောင် သူ့ဦးလေးဖြစ်သူက ကိုယ်တိုင်လိုက်ပို့ခြင်းကြောင့် စာမေးခန်းမ၀င်ခင် တွေ့ရခြင်းဖြစ်သည်။
"မလွယ်ပါဘူးမောင်ရယ်…"
"ကဲပါလေ ဒါတွေထားတော့ ရော့ ဒါက မောင်တို့ရေးနေကြ စာအုပ်လေး။ မောင်အများကြီး ရေးထားတယ်။ မောင့်ကိုလွမ်းရင် ဒါလေးဖတ်ပေါ့။ ဒါက မောင့်ရဲ့ ကိုယ်ပွားနော် "
"အင်းပါ မောင်ရဲ့ နေဦး မောင့်ကိုလည်း ဖြူပေးဦးမယ် "
သူက ပြောပြောဆိုဆို သူ့ခေါင်းတွင် ပန်ဆင်ထားသည့် စံပယ်ပန်းလေးကို ချွတ်လိုက်သည်။
"မောင် လက်ဖြန့် "
ကျွန်တော် လက်ကိုထိုးပေးလိုက်သည်။ သူက ကျွန်တော့်လက်ထဲ ပန်းလေးကို ထည့်ပေးခိုက်ဝယ် သူ့လက်ကလေးကို ကျွန်တော်ဆုပ်ကိုင်လိုက်သည်။
ရင်ထဲရှိန်းတက်သွားသည်။ စီးဆင်းနေသော သွေးကြောတို့ တန့်သွားသလားထင်မိသည်။ ကြက်သီး မွေးညင်းတို့က ယှက်ဖြာသွားသည်။ ကျွန်တော့်တစ်သက်တာမှာ မိန်းကလေးတစ်ဦး၏ လက်ဖ၀ါး ပြင်လေးကို စတင်ထိတွေ့ဖူးချိန် အခိုက်အတန့်ပင်ဖြစ်သည်။
နူးညံ့မှုနှင့်အတူ ချစ်ခြင်းမေတ္တာတရားတို့က လက်ဖ၀ါးလေးမှတဆင့် နှစ်ဦးစလုံး၏ ရင်ထဲသို့ ၀င်ရောက်သွားတော့သည်။ ကျွန်တော် သူမျက်နှာလေးကို ကြည့်လိုက်သည်။ ကျွန်တော်တို့ မျက်လုံးခြင်းဆုံတွေ့ မိသည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်ကြည်တချို့ကို ကျွန်တော်မြင်တွေ့လိုက်ရသည်။
အင်းပေါ့လေ ခွဲရမှာဆိုတော့ သူဝမ်းနည်းမိမှာပေါ့။ ကျွန်တော့်ရင်ထဲမှာပင် ခွဲရမည်ဆိုသည့်အသိကြောင့် ဟာတာတာဖြစ်နေခဲ့တာအမှန်။
"ဖြူ "
"ပြောလေမောင် "
"စာအုပ်လေးသေချာသိမ်းထားနော်။ မောင့်ဆီကစာအုပ်လည်း မောင်တမြတ်တနိုးသိမ်းထားမှာပါ "
"သိမ်းထားမှာပေါ့ မောင်ရယ်။ ဒီစာအုပ်လေးတွေက မောင်နဲ့ ဖြူတို့ရဲ့ ပုံရိပ်တွေပဲဟာ "
စာအုပ်လေး နှစ်အုပ်ရှိသည်။ သူ့ထံကိုပေးလိုက်သည့်တစ်အုပ်နှင့် ကျွန်တော်သိမ်းထားသည့် တစ်အုပ်ဖြစ် သည်။
ဖြူနှင့်ကျွန်တော်က အခန်းအတူတူ။ စနောက်ကြရင် ခင်မင်ရာမှတဆင့် ကျွန်တော်တို့ ချစ်သူတွေဖြစ်သွား ကြခြင်းဖြစ်သည်။ ချစ်သူတွေဖြစ်ပြီးနောက် စာအုပ်လေးတစ်အုပ်မှာ သူ့ကိုဘယ်လောက်ချစ်ကြောင်း၊ သူနှင့် ခွဲ နေရသည့်အချိန်မှာ ဘယ်လိုခံစားရကြောင်းတွေ ကျွန်တော်ရေးသလို ကျန်တစ်အုပ်မှာလည်း သူရေးခြင်းဖြစ်သည်။ ပြီးတော့ ကျွန်တော်တို့ စာအုပ်လေးတွေနေ့စဉ်လဲလှယ်ဖတ်ကြခြင်းဖြစ်သည်။
စာအုပ်လေးနှစ်အုပ်က ကျွန်တော်တို့နှစ်ဦး၏ ရင်ထဲက သီဖွဲ့ထားသည့် ချစ်ခြင်းဖွဲ့သိုလှောင်ရုံဆိုလည်း မှားမည်မထင်ပါ။ ခုတော့ ဘယ်အချိန်အထိခွဲရမည်ဆိုသည်ကို မသိလေခြင်းကြောင့် ခွဲခွာစဉ်မှာ စာအုပ်တွေက ကိုယ်ပွားရှိပေးနေကြသည်ဟု ခံစားမိကြခြင်းဖြစ်သည်။
"ဒေါင် ..ဒေါင်…ဒေါင် "
"ဖြူ "
သူက မထူး ကျွန်တော့်ကိုသာ ဆိုက်ကြည့်နေသည်။
"စာမေးခန်းဝင်ရတော့မယ်။ သွားတော့နော်။ ပြီးတော့ ကြိုးစားဖြေ။ စာကိုစိတ်နစ်ထားနော် "
"ဟုတ်ကဲ့ပါ မောင်၊ ဖြူ သွားမယ်နော် "
ဖြူ့လက်ကလေးကို ကျွန်တော်မလွတ်ချင် လွတ်ချင်ဖြင့် လွတ်ပေးလိုက်သည်။ သူကတော့ လှည့်ကြည့် လျင်ငိုမိမည်ဆိုးလျော့ထင်လေသလား မသိချေ။ စာမေးပွဲခန်းအတွင်းသို့ ၀င်သွားတော့သည်။
ကျွန်တော်လည်း သူပေးခဲ့သည့် စံပယ်ပန်းလေးကို နမ်းရှိုက်လိုက်သည်။ သူ့လက်ကလေးက အနံ့အသက် လေးလား ပန်းကလေး၏ အနံ့လေလား။ ရင်ထဲနွေးထွေးသွားသည်။
ကျွန်တော်လည်း စာမေးပွဲခန်းမဆီသို့လျှောက်လှမ်းခဲ့လိုက်သည်။ စိတ်ထဲတွင်တော့ ကျက်မှတ်ခဲ့သည့် စာတို့ကို အပြေးအလွှားဖွေရှာလိုက်ရတော့သည်။
***------***
"ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား ကွေကွင်းနောက်ဆုံး ရှိချေ၏သို့ စောဗုဒ္ဓဘုရား ဟောထုတ် ကာထားတဲ့ လောကုတ္တရာတရားနဲ့လည်း ဖြေသော်လည်းမပြေ "တဲ့။
ရင်ထဲလွမ်းဆွတ်ခြင်း အမှောင်က မြတ်စွာဘုရားရှင်၏ မှန်ကန်လေသော သစ္စာတရားတို့ကိုတောင် ကွယ်ထားလေပြီ။
စာမေးပွဲကြီးဖြေပြီးလို့ ကျောင်းတွေပိတ်လိုက်သည်ကလည်း နွေ..နွေ။ ချစ်ရသောသူနှင့် ကွဲကွာရသည့် ခံစားရမှုကြောင့် ကျွန်တော့်ဘ၀ကလည်း နွေ ..နွေ..နွေဖြစ်လို့နေပါပြီ။
စာအုပ်လေးကို တိတ်တဆိတ်ကျွန်တော်ဖတ်နေမိသည်။ သူကရော ဘယ်လိုခံစားနေရသည်မသိ။ ကျွန်တော်တို့မြို့လေးဆီမှ တနယ်တကျေးဆီသို့ သူထွက်ခွာသွားခဲ့သည်မှာ စာမေးပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ဖြစ်သည်။ ခုတော့ တနယ်ဆီမှာ သူပျော်နေပြီလား။
"လပြည့်ရှိလား လပြည့်."
ခေါ်သံကြောင့် အိမ်ရှေ့ကို ထွက်ကြည့်လိုက်သည်။ သူငယ်ချင်းတစ်ဦး။
"ဒီမှာ မင်းဖို့စာပါတယ်။ ဖြူပေးလိုက်တာတဲ့ "
ကျွန်တော်ဝမ်းသာကြည်နူးစိတ်က ပြင်းထန်သွားသည်။ သူကမ်းပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ သူ့ လက်ထဲက ဆွဲယူလိုက်မိသည်။
"အဖြစ်သည်းနေလိုက်တာနော် .ဟင်း..ဟင်း..ဟင်း"
သူဘာဆက်ပြောသည်ကို မသိ။ စာကိုသာ အလောတကြီးဖတ်နေမိသည်။
"ဖြူ့ရဲ့မောင် "
မောင်နေကောင်းလားဟင်။ မောင်နေကောင်းအောင်နေနော်။ ဖြူလဲနေကောင်းပါတယ်။
ဖြူလွမ်းနေတယ်ဆိုတာ မောင်ယုံတယ်မဟုတ်လားဟင်။ မောင်လွမ်းနေမယ်ဆိုတာလဲ ဖြူယုံတယ်။ ပြီးတော့ ဖြူနဲ့မောင် တစ်နေ့ပြန်ဆုံတွေ့ကြမယ်ဆိုတာကိုလဲ ဖြူယုံတယ်။
နေရာဒေသခြားပြီးခွဲနေကြပေမယ့် ဖြူရဲ့စိတ်က မောင့်ဆီမှာပါ။ ဖြူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူတွေကမှ ခွဲလို့မရပါဘူး။
မောင်ရေ..ဟိုးကောင်းကင်ကြီးပေါ်က လမင်းကြီးက ဖြူ့ကို အလင်းရောင်ပေးသလိုပဲ မောင်ရဲ့ချစ်ခြင်းက ဖြူ့ဘ၀အတွက် အလင်းရောင်သယ်ပေးလာမယ် ဆိုတာကို ဖြူယုံတယ်မောင်။
ပြီးတော့လေ..ကမ္ဘာကြီးအတွက် လမင်းကြီးက တစ်ခုတည်းဖြစ်သလို မောင်ဟာလဲ ဖြူ့အတွက် တစ်ဦး တည်းသော ထာဝရချစ်ရသူပါမောင်။
ကဲ.တော်ပြီမောင်ရာ။
မောင့်ကို အရမ်းသတိရနေတယ်။ ဖြူတို့ ပြန်တွေ့ကြမယ်နော်။ ကျန်းမာရေးဂရုစိုက်ပါမောင်။
"မောင့်ရဲ့ဖြူ "
"ဟူး..သတိရလိုက်တာဖြူရယ် "
"အမယ်မင်းခင်ဗျ..ဘေးနားမှာ ငါရှိသေးတယ်ဆိုတာကိုလဲ သတိရဦး "
"အေးပါကွ မင်းကလဲ "
တကယ်တော့ ဘေးနားရှိနေသည့် သူငယ်ချင်းကို မေ့သွားခြင်းပင်။ ပြီးမှ ရှက်ပြီးပြောလိုက်ရခြင်း ဖြစ်သည်။ ဖြူစာလေးဖတ်လိုက်ရသည့်အတွက် ကျွန်တော့်စိတ်တို့က လွတ်လပ်ပေါ့ပါးသွားသည်။
သြော်..ဖြူရယ်..ဖြူလွမ်းသလို မောင်လည်း လွမ်းတာပေါ့ကွယ်။
***------***
"ဖြူတော့ ယောကျာ်းရသွားပြီတဲ့ "
"ဘာ "
ကျွန်တော်အံသြတုန်လှုပ်သွားမိသည်။ ဖြူ ကျွန်တော့်အပေါ် သစ္စာဖောက်လိမ့်မည်မဟုတ်။ ဒီသတင်းက မဖြစ်နိုင်ဟု ကျွန်တော်ထင်မိသည်။ သို့ပေမယ့် ပြောလာသည့် သူငယ်ချင်းကလည်း ယုံကြည်ရသူမို့ ကျွန်တော် ဗလောင်ဆူသွားသည်။
သူလူကြုံဖြင့် ပါးလိုက်သည့်စာလေးက သူနှင့်ကျွန်တော်နောက်ဆုံး ဆက်သွယ်မိခြင်းဖြစ်သည်။ သူ့ဆီက ဘာဆက်သွယ်မှုမှ ထပ်မရတော့။ ဒီလိုနှင့် ဆယ်တန်းအောင်စာရင်းတွေ ထွက်တော့ ကျွန်တော်က အောင်ပြီး သူ ကျသည်။ သူစိတ်များ လေသွားတာလား။
ဖြူရယ်..ဖြူ မောင့်ကိုပဲ သတိတရရှိနေမယ်ထင်ထားတာ။ ဘာ့ကြောင့်လဲ။ ဘာအဖြစ်တွေများ ဖြစ်လို့လဲ ကွယ်။ မောင့်ကို ရှင်းပြလို့ရရင် ရှင်းပြလှည့်ပါလားကွာ။
မောင်လေ..ဖြူ..ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့. မောင်ခွင့်လွှတ်နေမှာပါ။ ဖြူ မောင့်ကို ချစ်နေဆဲ ဆိုတာ မောင်ခုချိန်ထိ ယုံကြည်နေဆဲပါဖြူရယ်။
***------***
"ယောကျာ်း "
"မြတ်စွာဘုရား"
ကျွန်တော်လန့်သွားသည်။ ဘယ်အချိန်ကတည်းက စိတ်တို့လွင့်မျှောသွားသည်မသိ။ ဖတ်လက်စ စာအုပ်က ရင်ဘတ်ပေါ်မှာ ဖွင့်လျက်။
ဇနီးဖြစ်သူက ခေါ်လိုက်မှ အတိတ်က ရပ်သွားသည်။
"ယောကျာ်း ကြည့်ရတာ တစ်ခုခုဖြစ်နေတယ်ထင်တယ်။ ဘာလဲ လက်ပံပွင့်လို့ ငယ်ချစ်ဟောင်း ဝေဒနာ ထနေတာလား.."
"ဟာ…မဟုတ်ပါဘူးကွာ.."
ပြောသာပြောလိုက်ရသည် စိတ်ထဲကတော့ မလုံမလဲ။ အိမ်က ကြင်သူသက်ထားကို မေ့လျော့ပြီး အကြောင်းမသင့်လို့ မပေါင်းဖြစ်သည့် ငယ်ချစ်ကို စိတ်ထဲသွင်းမိမှတော့ ဘယ်လုံပါတော့မလဲ။
"ကဲ ..သမီးခဏခေါ်ထားလိုက်ဦး ဈေးသွားဝယ်လိုက်ဦးမယ် "
"သြော် အေး..အေး"
သမီးကိုခေါ်ရင်း အတူကစားပေးနေလိုက်သည်။
"ဖြုတ်…ဖြုတ်..ဖြုတ်…ဖြုတ်"
လေက တိုက်လိုက်ပြန်ပြီထင်သည်။ သစ်ရွက်တို့က ခေါင်မိုးပေါ်ကျလာပြန်တာဖြစ်မည်။ ကျွန်တော့် စိတ်တွေကို သမီးလေးဆီပို့ထားလိုက်တော့သည်။
***************
မောင်ပိုင်
၂၈-၂-၂၀၁၄