March 3, 2014 at 7:31am
ကျွန်တော်တို့ ဒီရက်ပိုင်းမှာ ဘယ်ဂျာနယ်ကို ကိုင်ကြည့်လိုက်လိုက် တွေ့နေရတဲ့ မြင်ကွင်းတွေဟာ ကျူးကျော် ပြဿနာတွေကို တွေ့ရပါတယ်။ နောက်ထပ် မထော်မနန်းလို့ ပြောရမလား။ အစိုးရကနှင်ထုတ်တယ်။ နိုင်ငံရေး ပါတီက ကူညီမယ်ဆိုပဲ။ မျက်စိတော်တော်လည်သွားပါတယ်။ ကျူးကျော်ပြဿနာကို ကျွန်တော်ဆွေးနွေးလိုပါ တယ်။ ကျွန်တော်သိရသလောက်က ၂၀၀၈ နာဂစ်မုန်တိုင်းပြီးတဲ့နောက်မှာ ဧရာဝတီတိုင်းထဲက မြို့နယ်တွေရဲ့ ရွာတွေတော်တော်များများဟာ ရွာလုံးကျွတ်ပျောက်လုနီးပါး၊ အိုးမဲ့၊အိမ်မဲ့တွေတော်တော်များခဲ့ပါတယ်။ ရေကြည်ရာမြက်နုရာလာကြရင်း ရန်ကုန်မြို့စွန်တွေဖြစ်တဲ့နေရာမျိုးတွေမှာ အိမ်ထောင်စုတွေ၊ လူဦးရေတွေဟာ တော်တော်လေးကို များလာပါတယ်။
အစိုးရဘက်ကလည်း ဒါတွေကို မသိဘူးမဟုတ်ဘူး။ သိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမဖြစ်မှာစိုးလို့၊ အစိုးရမဖွဲ့ရမှာစိုးလို့ ဒီလိုအိုးမဲ့၊ အိမ်မဲ့ဖြစ်နေတာတွေကို အမှန်တကယ်ကို လျစ်လျူ ရှုခဲ့ပါတယ်။ ဒါကြောင့် အစိုးရသစ်တက်ပြီး ၃ နှစ်အကြာမှာ ဒီလိုပြဿနာတွေကို မရှင်းလင်းနိုင်ဖြစ်ရ ပြီး ပြည်တွင်းမီဒီယာတွေကော၊ နိုင်ငံတကာမီဒီယာစာမျက်နှာတွေမှာပါ သနားစရာကောင်းလောက်အောင် သတင်းတွေ ပလူပျံခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေကတော့ မြေစာပင်ပေါ့။ အစိုးရဘက်ကတော့ ကျူးကျော် တွေကိုနှင်ထုတ်၊ ပါတီက ပြန်ကူညီ၊ မဲဝယ်ဖို့ မဟာဗျူဟာအခင်းအကျင်းကြီး စတင်ပွဲပေါ့။
ကျူးကျော်နဲ့ပတ်သက်လို့ ၁၉၈၈ နောက်ပိုင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတော့ ရန်ကုန်မြို့အစွန်နေရာတွေမှာ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ဘယ်လိုပုံစံနဲ့သိမ်းတယ်တော့မသိပါ။ မြို့ကွက်သစ်တွေဖော်ဆောင်ခဲ့ ပါတယ်။ အဲသလိုနဲ့ မြောက်ဒဂုံ၊တောင်ဒဂုံ၊ဝေဘာဂီ၊ရွှေပေါက်ကံ၊လှိုင်သာယာ၊ရွှေပြည်သာ အစရှိတဲ့ မြို့သစ် တွေပေါ်ပေါက်ခဲ့ပါတယ်။ မြို့သစ်တွေထဲမှာ မြောက်ဒဂုံကတော့ ၂၅ နှစ်အထက်ရှိတဲ့ ၀န်ထမ်းတွေကို အရစ်ကျ စနစ်နဲ့ ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေကိုပေးခဲ့ပြီး ကျန်တဲ့မြို့သစ်တွေမှာတော့ ရန်ကုန်မြို့ထဲမှာရှိတဲ့ သူ့အိမ်နောက်ဖေး ကိုယ့်အိမ်ရှေ့၊ ကိုယ့်အိမ်နောက်ဖေး သူ့အိမ်ရှေ့လို ဖြစ်နေတဲ့ နေရာတော်တော်များများကို ဖျက်သိမ်းပြီး အိမ်ထောင်စုစာရင်းရှိတဲ့ သူတွေကို အဲဒီ့ကာလက ၅ သိန်း ယူချင်ယူ၊ မယူချင်ရင် တိုက်ခန်းတစ် ခန်း ပြန်ပေးတဲ့စနစ်တွေနဲ့ တဲပေါ်တိုက်ရောက်စီမံကိန်းတွေကို အိုးအိမ်နဲ့ကုမ္ပဏီတွေလုပ်ခဲ့ကြဘူးတယ်။ အဲဒီ့မှာ ငွေရတဲ့သူတွေက ကျန်တဲ့မြို့သစ်တွေမှာ မြေကွက်လေးတွေ ဈေးသက်သက်သာသာနဲ့ဝယ်ကြ၊ ပိုတဲ့ပိုက်ဆံ လေးနဲ့ တချို့ကလည်း ဆန်ရောင်း၊ ဆီရောင်းပေါ့။ အဲသလိုနဲ့ နေထိုင်လုပ်ကိုင်စားသောက်လာခဲ့ကြတယ်။
ကျွန်တော်သိတဲ့ထဲကဆိုရင် သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင်ရပ်ကွက်က နေရာအချို့ရယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ နေရာတွေရယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ဓမ္မရာဇာလမ်း၊ (၁၀) ရပ်ကွက်မှာရှိတဲ့ မိုးကြိုးရပ်ကွက် လို့ခေါ်တဲ့နေရာတွေ အပါအ၀င်ပေါ့။ အခု ဝေဇယန္တာလမ်းမကြီးပေါ်မှာရှိနေတဲ့ မိကျောင်းကန် အပိုင်း(၁) ရပ်ကွက်ဆိုရင် အခု ဗိုလ်ချုပ်ရွာလို့ နာမည်တွင်နေသပေါ့။
အဲသလိုနေထိုင်လုပ်ကိုင်စားသောက်လာခဲ့ကြရာကနေ အစိုးရရဲ့ စက်မှုဖွံ့ဖြိုးမှုစီမံကိန်းအရ စက်မှုဇုန်တွေကို ထူထောင်ကြတယ်။ အထူးသဖြင့် ဒီကနေ့အထိ အငြင်းပွားမှုဖြစ်နေတဲ့ အနော်ရထာစက်မှုဇုန်စီမံကိန်းဆိုရင် လှိုင်သာယာမြို့နယ်ထဲက အတွင်းပဒံ၊ အပြင်ပဒံက လယ်သမားတွေတော်တော်များများရဲ့ လယ်တွေ၊ မြေတွေ အသိမ်းခံခဲ့ရပါတယ်။ အိုးအိမ်ဦးစီးဌာနကိုယ်တိုင် ကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီးလုပ်ကြပေမယ့်လည်း စက်မှုဇုန်တွေ မထွန်းကားတဲ့အပြင် နှစ်ပေါင်းများစွာ ဆိုင်းဘုတ်ပဲရှိတဲ့ နေရာကြီးတခုအဖြစ်တည်ရှိနေခဲ့တယ်။ အဲဒီမှာ ကျွန်တော်စောနပြောခဲ့တဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် နေစရာမရှိ၊ စားစရာမရှိ၊ အစိုးရရဲ့ထောက်ပံ့မှု လည်း ထိရောက်စွာမရခဲ့ကြတဲ့ နာဂစ်ဒုက္ခသည်တွေဟာ အဲသလိုနေရာမျိုးတွေမှာ ကြုံသလို၊ ဖြစ်သလို တဲထိုး နေထိုင်ရာကနေ လူဦးရေတွေ တဖြည်းဖြည်းတိုးပွားလာတာဟာ နှစ်တွေကြာခဲ့ပါပြီ။
ယခင်ဥက္ကဋ္ဌခေါ် ယခု အုပ်ချုပ်ရေးမှူးတွေအနေနဲ့လည်း အဲဒီ့အချိန်တုန်းက မြေကွက်တကွက်မှာနေရင် အိမ်တလုံး ဘယ်လောက်ဆိုပြီး တရားမ၀င်ယူနေတဲ့အခါမှာ နီးရာဓါးကြောက်နေရတဲ့ ပြည်သူခင်ဗျာမှာတော့ ရန်ကုန်လိုနေရာမျိုးမှာ ကျောတစ်ခင်းစာအတွက် ပေးခဲ့ရတာပေါ့။ သန်းခေါင်စာရင်းမရှိ၊ မှတ်ပုံတင်မရှိ၊ ဘာပိုင်ဆိုင်မှုမှမရှိပဲ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြပြီးမှ ပြည်ပရင်းနှီးမြှပ်နှံမှုတွေ ၀င်ရောက်လာမှုနဲ့အတူ မြေယာဈေးနှုန်းများကြီးမြင့်လာပြီးတော့ ကျူးကျော်ရှင်းလင်းဖယ်ရှားရေးအစီအစဉ်ဟာ ရွေးကောက်ပွဲနီးလာ တာနဲ့အမျှ မြန်မြန်ဆန်ဆန်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှင်းလင်းရေးတွေ လုပ်နေတာဟာ ဆင်းရဲမှုလျှော့ချရေးတို့၊ ပြည်သူကိုစေတနာရှိတယ်လို့ ပြောနေတာတွေနဲ့ကလည်း ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေပါတယ်။
အခုဆိုရင် ရန်ကုန်မြို့ဟာ လူနေတော်တော်လေးကို ထူထပ်လာပါတယ်။ ရန်ကုန်မှာ ကြုံရာကျပန်းအလုပ်လုပ် ရင်း နယ်က ကိုယ့်မိဘညီအစ်ကိုမောင်နှမတွေကို ထောက်ပံ့နေရတဲ့၊ အရွယ်မတိုင်ခင်အလုပ်လာလုပ်နေကြရ တဲ့ ယောကျာ်းငယ်ငယ်လေးတွေ၊ မိန်းကလေးငယ်ငယ်လေးတွေလည်း အများကြီးပါ။ အခုဆိုရင် ထပ်ပြီးကြောက်စရာကောင်းတာက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကျူးကျော်အိမ်ပေါင်း ၅၃၀၀၀ကျော်ကို ထပ်မံဖယ်ရှားရန်သတိပေးစာပေးပို့ထား ဆိုတဲ့ သတင်းစကားကြီးကလည်း ကျွန်တော်တို့ပြည်သူတွေအတွက် အိုးမဲ့အိမ်မဲ့ဖြစ်ရတော့မယ့်အရေးပါပဲ။
လူသားခြင်းစာနာထောက်ထားမှုဆိုတဲ့ရှုထောင့်ကနေများ စဉ်းစားပေးမယ်ဆိုရင် အဲဒီ့ထဲမှာ အုပ်ချုပ်သူ၊ တာဝန်ရှိသူတွေရဲ့ သား၊သမီးတွေ၊ ဆွေမျိုးတွေပါ ပါမယ်ဆိုရင် ဘယ်လိုခံစားရမှာပါလဲပေါ့။
ဥပဒေဆိုတာရှိပါတယ်။ နားလည်းလည် ပါတယ်။ မြေပြင်ပကတိ အခြေအနေမှန်ကိုလည်း ကွင်းဆင်းသုံးသပ်ရမှာဖြစ်တယ်။ ကျူးကျော်ဘာကြောင့် ဖြစ်လာရတာလည်းဆိုတဲ့ ပြဿနာရဲ့အရင်းမြစ်ကို ရှာဖွေပြီးသိမှ ရှင်းရမည့်နည်းလမ်းကို စဉ်းစားသင့်ပါတယ်။ အခုလိုအစုလိုက်၊အပြုံလိုက်အိုးမဲ့အိမ်မဲ့ ဖြစ်အောင်လုပ်တာကတော့ ခင်ဗျားတို့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေကို စော်ကားလိုက်တာနဲ့ အတူတူပါပဲ။
တကယ်ဆိုဖြစ်သင့်တာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အခြားဌာန ဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး အိမ်ရာအသစ်တွေ ထူထောင်ပေးသင့်ပါတယ်။ အရစ်ကျစနစ်ပဲဖြစ်ဖြစ်၊ အားလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့်အစီအစဉ်တွေ ပြန်လုပ်ပေးသင့်ပါတယ်။ အခုလက်ရှိ ဖျက်နေတဲ့ နေရာတွေမှာ ဘာကိုလုပ်ချင်တာလည်းဆိုတာ အဓိကပေါ့။ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက်၊ ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် လူသားပေါင်း မြောက်မြားစွာကို အကာအကွယ်မဲ့နေရာမျိုး မှာ ထားလိုက်မယ်ဆိုရင် ဒါဟာ လူသားဂုဏ်သိက္ခာညှိုးနွမ်းစေတဲ့ ပြစ်မှုကြီးကို အကြီးအကျယ် ကျူးလွန်လိုက်တာ နဲ့အတူတူပါပဲ။ အကြီးစား လူ့အခွင့်အရေးချိုးဖောက်မှုကြီးပါ။ မိမိရဲ့ မဲဆန္ဒရှင်ပြည်သူတွေအပေါ်မှာ အာဏာရှင်ပီပီ ရက်စက်ပြလိုက်တာပါပဲ။
မြန်မာ့အားကစားဟာ ဘယ်တော့မှ ကမ္ဘာကိုလွှမ်းမှာမဟုတ်ပါဘူး။ နယ်တွေမှာ လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ တွေကို သိမ်းပါတယ်။ မြို့ပေါ်မှာ မီးတားကွင်းတွေ၊ ကလေးကစားကွင်းတွေကို သိမ်းပါတယ်။ ကလေးတွေဟာ ကစားစရာနေရာမရှိတော့ပါဘူး။ မြန်မာဘောလုံးအသင်းရှုံးတာအပြစ်မပြောပါဘူး။ ကစားစရာကွင်းတွေက Shopping Mall တွေဖြစ်၊ Hotel တွေဖြစ်လိုဖြစ်နဲ့၊ ဒါတောင် ပြည်သူတွေက အသိရှိရှိ၊ သတိရှိရှိ ပြန်ရအောင် လုပ်ယူနိုင်ခဲ့ကြလို့ တချို့တလေပြန်ရခဲ့တာရှိကောင်းရှိနိုင်ပေမယ့် ဒဂုံမြို့သစ်မြောက်ပိုင်းစတည်ကတည်းက ရှိခဲ့တဲ့ အားကစားကွင်းမှတ်တိုင်က အားကစားကွင်းကိုတောင် သိမ်းဖို့လုပ်နေကြပါတယ်။ ဖွဲ့စည်းပုံထဲမှာတော့ မြေယာပိုင်ရှင်အားလုံးရဲ့အစစ်အမှန်ဟာ နိုင်ငံတော်လို့ဆိုထားတယ်။ ဒါပေမယ့် ဘာကြောင့် ဘယ်သူ့ပိုင်မြေ၊ ဘယ်ဝါပိုင်မြေဆိုပြီး နေရာတကာမှာ ဆိုင်းဘုတ်တွေတွေ့နေရတာလဲဆိုတာလည်း မေးခွန်းထုတ်စရာပါပဲ။
၂၀၁၅ မှာ အစိုးရမဖြစ်တော့မှာစိုးလို့၊ ကြောက်ကန်ကန်ပြီး ပေါက်ကရတွေ လျှောက်လုပ်နေတာဆိုရင်လည်း ရပ်တန်းကရပ်သင့်တယ်။ အဲလိုမှမဟုတ်ရင် စားဝတ်နေရေးကျပ်တည်းပြီး ပေါက်ကွဲသံစဉ်တွေနဲ့ လယ်မြေ၊ ယာမြေသိမ်းလို့ လမ်းပေါ်ထွက်လာမယ့် ကျွန်တော်တို့ရဲ့ တောင်သူဦးကြီးတွေ၊ လုပ်ငန်းခွင်မှာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံရလို့ နစ်နာနေကြတဲ့ ကျွန်တော်တို့ရဲ့ ညီငယ်၊ ညီမငယ်တွေ၊ ဒေသအသီးသီးမှာ အကြောင်းအမျိုးမျိုးပြပြီး မိသားစုအသိုက်အမြုံတွေ ဖျက်ဆီးခံလိုက်ရလို့ နစ်နာနေကြတဲ့ မိဘပြည်သူတွေ အားလုံးဟာ လမ်းပေါ်ကို မထွက်ချင်ပဲ ထွက်လာရတဲ့အခါမျိုးမှာ လက်ရှိအစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလည်း၊ လက်နက်အင်အားပဲသုံးကြမလား၊ မီးလောင်ဗုံးပဲသုံးမလား။ ပြည်သူတွေအတွက် တကယ်စေတနာအမှန်နဲ့ စေ့စပ်ညှိနှိုင်းတဲ့နည်းလမ်းကိုပဲ သုံးမလားဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားပါပဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အသံဗလံတွေအများကြီးကြားရပါတယ်။ ရန်ကုန်မြို့ကြီးမှာတောင် ၁ ရက်ထဲကို ၂ နေရာဆန္ဒဖော်ထုတ်ကြပါတယ်။ အရင်တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ နိုင်ငံရေးပါတီတွေနဲ့၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးလေ့လာသူတွေပဲ အော်နေခဲ့ကြတာတွေက ဒီကနေ့ ပြည်သူတွေကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာ သူတို့တွေနဲ့ ဆိုင်လာပြီဆိုတာ အနယ်အနယ် အရပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ပွဲတွေဖြစ်ပွားလာတာကိုကြည့်ရင် သိသာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ဥပဒေဘောင်ထဲကပဲ ပြင်ရမယ်လို့ သမ္မတက ရာဇသံထုတ်ပါတယ်။ ပြီးတော့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်ကို ဘော်လီဘောပုတ်ပါတယ်။ ဒါတွေဟာ တချိန်တည်း တပြိုင်တည်းမှာ ဖြစ်ပျက်လာတာတွေပါ။ ဒီကနေ့ အစိုးရအဖွဲ့ထဲမှာရှိနေကြတဲ့ ၀န်ကြီးတစ်ချို့ကော၊ လွှတ်တော်ထဲက အမတ်တချို့ကပါ ဘီလူးရုပ်တွေ တဖြည်းဖြည်းထွက်လာပါပြီ။ ဘယ်နိုင်ငံရေးသမားကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အပြောမျိုးတွေနဲ့၊ ရိုးရိုးသားသားမယှဉ်ပြိုင်ချင်ပဲနဲ့ လူထုခေါင်းဆောင်တွေကို မထီမဲ့မြင် ပြောလာနေတာတွေက အကောင်းမဟုတ်ပါဘူး။ တချိန်တည်းမှာပဲ ကာချုပ်ဦးဆောင်ပြီး ပြည်ပရန်မရှိပဲ စစ်ရေးလေ့ကျင့်မှုအပြင်းအထန်လုပ်နေတာတွေကိုကြည့်ရင် ဆန္ဒဖော်ထုတ်ပွဲတွေ လုပ်ရဲလုပ်ကြည့်၊ တိုင်းပြည် မတည်မငြိမ် ဖြစ်ရဲဖြစ်ကြည့်၊ ငါတို့စစ်တပ်က စစ်တန်းလျားပြန်သေးတာမဟုတ်ဘူးနော်၊ အချိန်မရွေး အာဏာပြန်သိမ်းလိုက်မယ်ဆိုတာ မပြောလဲ သိပါတယ်ဆိုတဲ့အနေအထားပါပဲ။
အတိုက်အခံလို့ပြောပြောနေတဲ့ ဒီမိုကရက်တွေကို ပြောချင်တာကတော့ ပါတီစုံဒီမိုကရေစီစနစ်ပါပဲ။ ပြဿနာ မရှိပါဘူး။ အဖွဲ့တွေ၊ ပါတီတွေ များတာ ပြဿနာမဟုတ်ဘူး။ တိုင်းပြည်ရှေ့ရေးကို ကောင်းအောင် ပေါင်းပြီး ဘယ်လိုလုပ်ကြမလဲဆိုတာက ပြဿနာပါ။ အဲဒါကို အဲလိုမလုပ်ပဲ (…..ပါတီ မူလလက်ဟောင်းတို့) (….ပါတီ ပြည်တွင်းတို့ အစရှိပြီး အချင်းချင်းတောင် ယုံကြည်မှုတွေ မတည်ဆောက်နိုင်ကြသေးပါဘူး။ ဖက်ဒရယ်တို့၊ အာဏာခွဲဝေမှုတို့အသာထားဦး၊ မြန်မာပါတီတွေအချင်းချင်းမှာပဲ မသင့်မမြတ်ဖြစ်နေတာတွေ ရှိနေပါသေး တယ်။ ဒီတော့ ကျွန်တော်တို့က တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုသဘောတူညီမှုတွေကြိုတင်ယူပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လိုပြင်ဆင်ကြမလဲဆိုတာလည်း ဒီမိုကြရက်တွေအတွက်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။
အခု ပြဿနာအဖြစ်ဆုံးတွေကို ကြည့်လိုက်ရင် အုပ်ချုပ်ရေးပိုင်းက တော်တော်များပါတယ်။ ဒါဟာ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ပါပဲ။ ဒီကနေ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေရဲ့ အရွေ့ဟာ ဖွဲ့စည်းပုံမှာ ရှိသလောက် ဥပဒေမပြုနိုင်သေးသလို ဒီဒေသဆိုင်ရာလွှတ်တော်တွေကတဆင့် ဒေသဆိုင်ရာ ၀န်ကြီးချုပ်တွေကို ခန့်ထားနိုင် ခြင်းမရှိသေးတာကလည်း ဖွဲ့စည်းပုံအကျပ်အတည်းပါပဲ။ ဖွဲ့စည်းပုံနဲ့ပတ်သက်ရင်တော့ ပြောစရာတွေက အများကြီးပါ။ ဒါပေမယ့် အရပ်သားတွေ အုပ်ချုပ်ရေးပညာမတတ်ကျွမ်းလို့ စစ်သားတွေအုပ်ချုပ်နေရပါတယ် ဆိုရင်တော့ ဒါဟာ ရယ်စရာကြီးပါ…….။
မီဒီယာတွေရဲ့ကျင့်ဝတ်ပိုင်းနဲ့ပတ်သက်ရင်တော့ ပြောရတာလည်း လေကုန်နေပါပြီ။ အကျိုးစီးပွားတွေ ပါနေပါ သေးတယ်။ ဂျာနယ်ရောင်းကောင်းရုံလောက် အစိုးရအဖွဲ့နဲ့ လွှတ်တော်နဲ့ရန်တိုက်ပေးတဲ့ အရေးအသားတွေ၊ အင်တာတွေသာ ဗျူးသွားပြီး ကိုယ်ရေးချင်တဲ့အပိုင်းလောက်သာ ရေးလိုက်တဲ့ပုံစံမျိုးတွေ Themes ကြီးတခုလုံး ကိုဘာမှနားမလည် ရန်ပုံငွေအတွက် ဇာတ်ကပြီးငွေရှာမယ်လောက်သာ သိတဲ့ မီဒီယာတွေ တော်တော်စိတ် ကုန်ပါတယ်။ ဟိုကပြောသွားတာက ဘဏ္ဍာရေးပေါ်လစီကို ပြောသွားတာ။ ဒါကို သဘောမပေါက်ဘူး။ မင်းကိုနိုင် ဇာတ်ကမယ်လို့ရေးလိုက်တယ်။ Themes တခုလုံးပျောက်သွားတယ်။ ဒါဟာ မီဒီယာသဘော နားမလည် အသံဖိုင်ကို ၀ိရိယမရှိပဲ အဆင်သင့်လာယူ ပေးလိုက်တာ မိနစ် ၄၀ စာ၊ ရေးတော့ ၅ မိနစ်စာတောင် မရှိ။ ကျွန်တော် အထင်မကြီးပါဘူး။ နောက်ရှိပါသေးတယ်။ ဘူးလက်လှဆွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ရန်တိုက်ပေးတဲ့အရေးအသားတွေကို မီဒီယာစာမျက်နှာမှာ ဖော်ပြတယ်ဆိုတာ ဂျာနယ်စောင်ရေတက်ချင်လို့ လားဆိုတာ မေးစရာဖြစ်ပါတယ်။ ဒီဘက်ကပြန်ပြောရင်လည်း သတင်းဖြစ်မယ်။ ဂျာနယ်ရောင်းကောင်းမယ်ပေါ့။
ဒါတွေဟာ ခပ်ညံ့ညံ့အင်တာဗျူးတွေပါပဲ။ ကျွန်တော်ကတော့ ပြောရင်းပြောရင်းနဲ့ အားလုံးနဲ့ အတိုက်အခံ ဖြစ်နေလောက်ပြီထင်ပါတယ်။ ရေးရဲတယ်၊ ပြောရဲတယ်ဆိုတာ ဘောင်ထဲကနေရေးရတယ်၊ ပြောရတယ်။ သတင်းထောက်တွေက ဘယ်လောက်ပဲဗျူးလာလာ အယ်ဒီတာနဲ့ တိုက်ပိုင်ရှင်သဘောကျမှ ထည့်ခွင့်ပေးတဲ့ ပေါ်လစီမျိုးနဲ့ ဂျာနယ်တွေ ရပ်တည်နေရင်တော့ ဘယ်တော့မှ ဦးမော့လာမယ်မထင်ပါနဲ့။ ခေတ်တခေတ်မှာ တော့ ရောင်းကောင်းမှာပါ။ လွတ်လပ်တယ်ဆိုတာ ဗရမ်းဗတာ၊ ကိုယ်ပြောချင်ရာပြောမယ်၊ ကိုယ်လုပ်ချင်ရာ လုပ်မယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သတင်းထောက်တွေရဲ့ ပါးရည်နပ်ရည်ရှိမှုနဲ့၊ အယ်ဒီတာရဲ့ ရိုးသားမှု၊ တိုက်ပိုင်ရှင်ရဲ့ ရဲရင့်မှု၊ ပြတ်သားမှုအပေါ်မှာပဲ မီဒီယာတွေ ရပ်တည်သင့်ပါတယ်။ မီဒီယာဥပဒေ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေချိန်မှာ တချို့ဂျာနယ်တွေဟာ သိပ်ကို သတိထားရမယ့်အခြေအနေပါ။
နောက်ဆုံးကျုးကျော်ကိစ္စကို အဆုံးသတ်ရရင်တော့ အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့အသံတကယ်နားထောင်၊ ပြည်သူတွေဆီကို တိုက်ရိုက်ဆင်း၊ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို စေတနာမှန်မှန်၊ ရည်ရွယ်ချက်မှန်မှန်နဲ့ ကိုင်တွယ်ဖြေရှင်းပေးစေလိုပါတယ်။ ဒီလိုမှ မဟုတ်ပဲ ပြည်သူတွေကို တိရိစ္ဆာန်မောင်းသလို မောင်းနေရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်မှုကို ပြန်လည်ခံစားရပါလိမ့်မယ်…..။
လေးစားစွာဖြင့်
ထက်အောင်
(၃၊၃၊၂၀၁၄၊တနင်္လာနေ့၊ ညနေ ၆း၄၁)