
(၁)
"ပြည်ချစ်ဘုရားသွားမယ်၊ ပိတ်ချင်းမြောင်သွားမယ်၊ ကဲတက်ကြဟေ့… "
"ဝေး..တက်ကြ..တက်ကြ.."
"လုပ်ကြဟ ညနေအချိန်မီပြန်ရောက်ရမှာ "
"ပြောနေတာကြာတယ် ကားဆရာမောင်းဗျို့"
ကျွန်တော်တို့ အပြင်လည်ပတ်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။ အဖွဲ့လိုက် ကားစင်းလုံးစုငှားပြီး ပြင်ဦးလွင် မြို့အတွင်း အလည်အပတ်ထွက်ခဲ့ကြခြင်းပါ။ သင်တန်းကာလအတွင်း မြို့ပေါ်သို့ လည်ပတ်သွားလာခဲ့ သော် လည်း မြို့နှင့် နည်းနည်းအလှမ်းဝေးသည့် ပြည်ချစ်ဘုရား၊ ပိတ်ချင်းမြောင်ရေတံခွန်တို့ကို ရောက်ဘူးခဲ့ခြင်း မရှိ ကြပါ။ ထို့ကြောင့် ကျွန်တော်တို့ စုဖွဲ့၍ထွက်ခဲ့ကြခြင်းဖြစ်သည်။
ပြည်ချစ်ဘုရားကြီးသို့ ရောက်ရှိခဲ့လေသည်။ ဘုရားကန်တော့ကြသည်။ ဘုရားရင်ပြင်တော်မှတဆင့် ၀န်းကျင်အလှအပများကို ကြည့်ရှုခံစားမိသည်။ သင်တန်းကာလအတွင်း ပင်ပန်းခဲ့သမျှ ပြေပျောက်သွားတော့ သည်။ စိတ်ထဲ၌ ကြည်နူးစိတ်တို့က တစ်လိတ်လိတ်တက်လာသည်။ ဘုရားအရိပ်တွင် ခိုဝင်လိုက်ရခြင်း၊ ပြင်ဦးလွင်မြို့၏ ရေမြေအလှအပတို့ကို ခံစားလိုက်ရခြင်းကြောင့်ပင်။
တပ်ထဲရောက်ပြီးနောက်ပိုင်း မရောက်ဖူးသေးသောဒေသများဖြစ်သည့် မိတ္ထီလာ၊ မန္တလေး၊ ပြင်ဦးလွင်မြိုတို့ကို ရောက်ရှိခဲ့လေပြီ။ နေရာဒေသအလိုက် ဓလေ့စရိုက်၊ လူနေမှုပုံစံ၊ ပြောဆိုစကားတို့နှင့် သဘာဝအလှတရားတို့သည် တစ်နေရာနှင့်တစ်နေရာ မတူညီသော ရသမျိုးစုံကို ခံစားရပါသည်။
မြန်မာပြည်၏ တစ်နှံ့တလျားကို ရောက်ဖူးချင်မိသည်။ သွားချင်နေမိသည်။ မရောက်ဖူးသေးသော နေရာဒေသတွေက အများကြီးကျန်နေသေးသည်။ နိုင်ငံရပ်ခြားကို သွားလိုသည့် စိတ်က လုံးလုံးလျားလျား ဖြစ်မလာခဲ့။ ကိုယ့်နိုင်ငံကိုယ့်ဒေသအတွင်းတွင်သာ နေရာစုံအောင်ရောက်ဖူးချင်သလို တိုင်းရင်းသားပေါင်းစုံနှင့် တွေ့ဆုံချင်စိတ်တို့ ဖြစ်လာသည်က မှန်သောစကားပင်ဖြစ်ပါသည်။
"ကဲ ခရီးဆက်မယ်ဟေ့ လူစုံပြီလား စစ်ဦး "
"စုံပြီ..ပြည့်ပြီ…သွားကြစို့ "
ဤသို့ဖြင့် ပိတ်ချင်းမြောင်ရေတံခွန်ဆီသို့ ဆက်ထွက်ဖြစ်ခဲ့ကြသည်။
ကျွန်တော်တို့အဖွဲ့ ပိတ်ချင်းမြောင်ရေတံခွန်တွင် စုပြီးအမှတ်တရဓာတ်ပုံရိုက်ကြသည်။ ရေတော့ မဆော့ဖြစ်ကြ။ အ၀တ်အစားအပိုတွေ ပါမလာခြင်းကြောင့်ဖြစ်သည်။ တကယ့်ကို ပျော်စရာကောင်းလှသည်။ ဒီလိုအချိန်မျိုးကို ပြန်ရဖို့ဆိုသည်မှာ မလွယ်ကူလှပါ။
ကျွန်တော်တို့ တပ်မတော်သားဆိုသည်မှာ နေရာဒေသအသီးသီးမှ ရောက်ရှိလာသူများဖြစ်သည်။ မည်မျှပင် မတူညီသော ဒေသများကွဲပြားသည်ဖြစ်စေ အတိတ်အကြောင်းကံတို့ကြောင့် ပေါင်းစည်းတွေ့ဆုံ ခဲ့ကြရခြင်းဖြစ်သည်။ နောင်တစ်ချိန် ပြန်ဆုံတွေ့ဖို့ဆိုသည်မှာလည်း မလွယ်လှတော့ပါ။ သင်တန်းပြီးဆုံးက မိခင်တပ်အသီးသီးသို့ ပြန်လည်သွားရောက်ကြရမည်ဖြစ်သည်။ သို့အတွက် နေရာတစ်ခုတွင် အသီးသီးပြန်ဆုံ တွေ့နိုင်ဖို့က မဖြစ်နိုင်လှတော့။(ယနေ့အချိန်အထိလည်း တွေ့ရသူတွေက နည်းပါးလှပါသည်။)
"ကဲဟေ့ ပြန်ကြမယ် "
"တော်ကြာ နောက်ကျလို့ အမှတ်ဖြတ်နေဦးမယ် "
(၂)
" 199 ကတော့ ဗေဒင်သေတ္တာကြီးထုတ်လာပြန်ပြီဟေ့ "
"အေးဟေ့..စာချွန်လွှာတွေ ပါးရမှာမို့.."
စတိုခန်းအတွင်း သိမ်းထားသည့် သေတ္တာကိုယူငင်လာစဉ် သူငယ်ချင်းများက ၀ိုင်းပြောကြခြင်း ဖြစ်သည်။ သေတ္တာက ကျွန်တော့်အဖေကိုယ်တိုင်လုပ်ပေးထားသည့်သေတ္တာဖြစ်သည်။ သေတ္တာက ခပ်ပြား ပြားပုံစံဖြစ်သည်။ လက်ဖြင့်ဆွဲယူ၍ရသည်။ ကြည့်လျှင် ဆေးရောင်းသည့် သေတ္တာလိုလို၊ ဗေဒင်ဟောသည့် သေတ္တာလိုလိုပုံစံဖြစ်နေသည့်အတွက် စကြ နောက်ကြခြင်းဖြစ်သည်။
ထိုသေတ္တာလေးက ကျွန်တော့်အတွက် အရေးကြီးလှသည်။ အဖေကိုယ်တိုင်လုပ်ပေးထားသည့် အဖေ့အမွေဖြစ်သလို ကျွန်တော့်စာကြည့်တိုက်လေးဖြစ်ခြင်းကြောင့်ပင်။ သေတ္တာထဲတွင် စုဆောင်းထားသမျှ စာအုပ်တွေကို ထည့်ထားခြင်းဖြစ်သည်။
စာကြည့်ချိန်မ၀င်ရသည့် သောကြာ၊ စနေလိုညမျိုးတွင် သေတ္တာကိုထုတ်ယူလာပြီး စာအုပ်များထုတ်၍ စာဖတ်ချင်ဖတ်သည်။ သို့မဟုတ်က စာရေးသည်။ စာရေးသည်ဆိုသည်ကလည်း သူငယ်ချင်းများထံသို့ဖြစ် သည်။ ကျွန်တော့်ငယ်သူငယ်ချင်း မိန်းကလေးတွေက ပညာရေးကောလိပ်တက်နေကြသည်။ သူတို့စီစာရေး သည်။ မိတ်ဆွေအသစ်ထပ်မံရခြင်းကြောင့်လည်း သူတို့စီပါရေးသည်။ ကျွန်တော်တို့ မြို့တွင် ကျန်နေခဲ့သည့် မိဘ၊ သူငယ်ချင်းများထံသို့လည်း ရေးသည်။ ထို့ကြောင့်လည်း စာရေးပြီဆိုလျှင် ညဥ့်နက်သွားတတ်သည်။
စာရေးသည့်အခါ စိတ်ဝင်စားအောင် ရေးချင်စိတ်ကဖြစ်မိသည်။ ဒီအတွက် ကျွန်တော်စာများများဖတ် ပြီး မှတ်ရသည်။ ပုံပြင်လေးတွေ၊ ဟာသလေးတွေ၊ အဆိုအမိန့်လေးတွေကို မှတ်စုစာအုပ်ထဲ ကူးယူသည်။ ပြီးတော့ သူငယ်ချင်းဖြစ်သူတွေထံ စာရေးသည့်အခါ ထည့်ရေးသည်။ ဒီတော့ တစ်ခါတလေ ကျွန်တော်ရေး လိုက်သည့်စာက တော်တော်ရှည်နေလေသည်။
" Mode သွင်းပြီဟေ့ တိတ်တိတ်နေကြ မဆူကြနဲ့ "
"ဟုတ်ကဲ့ပါ ခင်ဗျာ..ဟုတ်ကဲ့ပါ "
(၃)
ကျွန်တော်တို့နေသော အဆောင်တွင် အယောက်(၂၀)ခန့် စုနေကြရသည်။ ကျွန်တော်တို့က အဆောင်၏ အပေါ်ထပ်ဖြစ်သည်။ အဆောင်တွင် နေရခြင်းကြောင့် အဆောင်၏ ဒုက္ခအသီးသီးတို့တော့ ခံစား ရသည်။
ဗိုက်က တော်တော်နာလာပြီဆိုလျှင် ရှိသမျှအိမ်သာက လူပြည့်နေတတ်ခြင်း၊ ရေကန်သို့ ရေပေးနည်း သည့်အခါ နောက်ကျပါက ရေမချိုးရခြင်း၊ ညဘက် ကိုယ်က အိပ်ချင်သော်လည်း ဘေးနားက စကားများ ထိုင် ပြောနေခြင်း၊ ခြေသံတရှပ်ရှပ်ဖြင့် အဆောင်တွင်း သွားလာနေခြင်း စသည့် အကျိုးတို့ကို ခံစားရသည်။
ကျွန်တော့်အတွက်ကတော့ ကောင်းသောအကျိုးတစ်ခု ရရှိခဲ့သည်။ အခြားတော့မဟုတ်ပါ။ ဘေးနား တွင်ဆူညံနေသော်လည်း အိပ်ပျော်ခြင်းပင်။ အိပ်ချင်နေပါလျက်နှင့် ဘေးနားက ဆူညံသံတွေကြောင့် အိပ် မပျော်ခြင်းကြောင့် အစက ဒေါသဖြစ်မိသည်။ နောက်ဆုံး အများနှင့်ပေါင်းသင်းဆက်ဆံရသည်မို့ အလေ့အကျင့်လုပ်ယူရသည်။
ဆူချင်ဆူစေတော့ဆိုပြီး ပေအိပ်သည်။ ထိုအကျင့်များလာသည့်အခါ အိပ်ပျော်သွားတော့သည်။ ထို့ကြောင့်လည်း အကျင့်က ပါလာလေတော့ ကားစီး၊ ရထားစီး၊ လူတွေဘယ်လိုကြပ်ကြပ် ထိုင်လျက်အိပ်သည်၊ ကြုံသလိုအိပ်သည်။ အိပ်မပျော်သူအတွက် ညတာရှည်သည်ဟု အဆိုရှိသလို အိပ်ပျော် သူအတွက်တော့ ညက ခဏလေးနှင့် ကုန်သွားသလိုပင် အောက်မေ့မိတော့သည်။
ခုလည်း ဂစ်တာတီးလို့ သီချင်းဆိုနေပြန်သည်။ သေရည်သောက်စားထားခြင်းတော့ မရှိကြ။ ထိုအတွက်လည်း သူငယ်ချင်းတွေကို ကျေးဇူးတင်မိသည်။ မူးနေသောသူ စကားကြောရှည်လျှင် ပိုပြီး အမြင် ကပ်မိသည်။ ရစ်ခြင်းကို လုံးလုံးမလိုလား။ စိတ်ကမဖြစ်။ လူပုစိတ်တိုဟုဆိုကြသည်။ ကျွန်တော်ကတော့ တော်တော်စိတ်ရှည်သည်ဟု ကိုယ့်ကိုယ်ကိုထင်မိသည်။(အမှန်တကယ်က အားနာစိတ်ကြောင့်လဲဖြစ်မည်၊ ခုနောက်ပိုင်းတွင်တော့ အခန့်မသင့်လျှင် ဒေါသကအရင်ထွက်ထွက်သွားသည်။)
"မေမေချစ်တဲ့သားကြီး အဝေးဆီရောက်နေပြီ.. "
သြော် သူတို့လည်း လွှမ်းရှာမှာပေါ့။ သတိရရှာမှာပေါ့။ ကျွန်တော်လည်း အိမ်ကို သတိရသည့်စိတ်က ဖြစ်ပေါ်လာတော့သည်။ ဒီတစ်ခါကတော့ သူတို့ဆိုနေသည့် သီချင်းကို ကိုယ်တိုင်စိတ်နှစ်၍ လိုက်ပါစီးမျှော လိုက်တော့သည်။
"မေမေ.ရွှေရောင်နှလုံးသား…ချစ်ခြင်းမေတ္တာစုစည်းကာ…စီးဆင်းမြဲ အဆိုးအကောင်းလား…
မလိုချင်နေ…မယူချင်နေ..သားတို့အပေါ်မရွေးဘူး..မိုးများလိုရွားသွန်းမြဲ..အိုအားလုံးအချစ်ထက် ကြည်အေးတဲ့
အချစ်..အဝေးကို စီးဆင်းခဲ့လေတယ်…
မေမေချစ်တဲ့သားကြီး…အဝေးဆီရောက်နေပြီ..အချစ်များနဲ့ရည်စူးတဲ့စိတ်..အမြဲတမ်းဦးညွှတ်ပြီး..အို မေမေ စိတ်ချမ်းသာကြောင်း…ရင်မှာတောင်းဆုချွေသောအချစ်..မေမေချစ်တဲ့သားကြီး သီချင်းတွေ ဖွဲ့လေပြီ."
**********
မောင်ပိုင်
၅-၃-၂၀၁၄