
ဘတ်စ်ကား စီးခြင်း
ကျနော်တို့ မိသားစု ဒီကိုရောက်လာတာ (၅) လ နီးပါးရှိပြီဆိုတော့ ဘတ်စကား စီးခြင်းနဲ့ အတော်လေး အကျွမ်းတဝင် ဖြစ်နေပြီလို့ဆိုနိုင်ပါတယ်။
ရောက်လာခါစ တပတ်နှစ်ပတ်လောက် အတွင်းမှာ လုပ်ဆောင်စရာ တွေဖြစ်တဲ့ ကာကွယ်ဆေးထိုးနှံခြင်း ၊ အစားအသောက်ကဒ် ၊ ဆေးကုသမှုကဒ် ၊ လူမှုဖူလုံရေးကဒ် လျှောက်ထားခြင်းတွေမှာ အေဂျင်စီက ကားနဲ့ လိုက်ပို့ပေးပေမဲ့ နောက်ပိုင်းကာလတွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြတ်သန်းရတဲ့အတွက်ကြောင့်ပါ။ ကူညီ ထောက်ပံ့ရေးရုံးကို သွားတာကအစ ဘတ်စ်ကားကိုပဲ အားပြုရပါတယ်။ ကျနော်တို့အသုံးပြုဖို့ ဘတ်စ်ကား လက်မှတ်ကိုတော့ အေဂျင်စီက တလတကြိမ်ထုတ်ပေးထားပါတယ်။
ဒီမှာက ဘတ်စ်လက်မှတ်တခုရှိရင် မြို့တွင်းပြေးဆွဲနေတဲ့ ဘတ်စ်ကား (Metro Bus) တိုင်းကို တက်စီးလို့ရ ပါတယ်။ ဘတ်စ်ကား လက်မှတ်တစောင်ရဲ့တန်ဖိုးက တဒေါ်လာခွဲဖြစ်ပြီး ၂ နာရီအတွင်း အကျုံးဝင်ပါတယ်။ ကားပေါ် တက်လိုက်ပြီဆိုတာနဲ့ ယာဉ်မောင်းဘေးနားက စက်ထဲကို ကိုယ့်မှာပါလာတဲ့ အစိမ်းရောင် လက်မှတ်လေး ထိုးထည့်လိုက်ပြီး ပြန်ထွက်လာတဲ့အခါ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်၊ နောက်ထပ် ထွက်ပေါ် လာတဲ့ ခရမ်းနုရောင် ထရန်စဖာလက်မှတ်လေးကို သိမ်းထား … နောက်ထပ် ၂ နာရီအတွင်း ကိုယ်သွားမယ့် ခရီးအတွက် အဆင်ပြေမယ့် ကားပေါ်တက်စီးလိုက်ရုံပါပဲ။ အဲဒီအခါမှာတော့ လက်မှတ်ကို ထိုးထည့်စရာ မလိုတော့ဘဲ စက်ခုံပေါ်က သတ်မှတ်ထားတဲ့ နေရာကနေ တစောင်းခြစ်လိုက်ရုံနဲ့ ကိစ္စပြီးပါတယ်။ ကားလက်မှတ် မပါသူတွေက ပိုက်ဆံထည့်ပြီး ထရန်စဖာလက်မှတ်ထုတ်ယူတာ တွေ့ရပါတယ်။ ကျနော်တို့ အဖို့တော့ ပိုက်ဆံပေးစီးတဲ့ အတွေ့အကြုံမရှိသေးပါ။
မြန်မာပြည်မှာ ခုန်ပျံကျော်လွှား တရုတ်သိုင်းကားနဲ့ ဘတ်စ်ကားတိုးဝှေးစီးနင်းရာမှာ ကျင့်သားရထားတဲ့ ကျနော်တို့အတွက် ဒီမှာ ဘတ်စ်ကားစီးရတာ အဆင်ပြေပါတယ်။ မှတ်တိုင်ကို ကားရောက်လာပြီဆိုတာနဲ့ စောင့်ဆိုင်းနေတဲ့ လူတွေ အေးအေးဆေးဆေးပဲ စနစ်တကျတက်ကြတယ်။ ရှေ့မှာရှိနေသူကို နောက်လူက အသာတကြည်ဦးစားပေးပါတယ်။ တခါတရံ ကိုယ့်နောက်မှာ သက်ကြီးရွယ်အိုနဲ့ လေးတိလေးကန် လှုပ်ရှား နေရသူတွေ တွေ့လို့ သူတို့ကို ဦးစားပေးတဲ့အခါ သူတို့က ကိုယ့်ကို အရင်တက်ဖို့ အချက်ပြတာလည်း ကြုံရပါတယ်။ အင်းပေါ့လေ … ကားက လူကုန်တဲ့အထိ အေးဆေးစောင့်ပေးတာကိုး။
မှတ်တိုင်မှာ တွန်းလှည်းနဲ့ ခရီးသွားလာရတဲ့ မစွမ်းမသန်သူတွေရှိနေပြီ ဆိုရင်တော့ ယာဉ်မောင်းက ရှေ့ဆုံး ခုံတန်းကို ခေါက်တင်ပြီး တွန်းလှည်းတက်ဖို့ ကားမှာတပ်ဆင်ထားတဲ့ ဟိုက်ဒြောလစ် ကုန်းဘောင်ကို ချခင်းပေးလိုက်တယ်။ ဘတ်စ်တွေက ရန်ကုန်မြို့မှာ ဟိုးအရင် တုန်းက ဆူးလေ-အင်းစိန် ပြေးဆွဲဖူးတဲ့ ရေးနိုးကားကြီးတွေ လို ဘော်ဒီခပ်နိမ့်နိမ့်တွေချည်း ဖြစ်တာမို့ ပလက်ဖောင်းပေါ်ကို ကုန်းဘောင်ထိုးလိုက် တဲ့အခါ အနေတော် ဖြစ်နေပါတယ်။ တွန်းလှည်းတချို့က လက်အားနဲ့ လှိမ့်ရတာဖြစ်ပြီး တချို့တွန်းလှည်း တွေမှာ စက်တပ်ထား တာမို့ အနှေးယာဉ်သဘော မောင်းသွားလို့ ရတဲ့ အနေအထားပါ။ တွန်းလှည်းသမား ကားပေါ်ကို ရောက်တဲ့အခါ သူ့အတွက်အသင့်လုပ် ထားတဲ့ ကွက်လပ်မှာ နေရာချပေးပြီး တွန်းလှည်းကို ရှေ့နောက် ချိတ်တွေနဲ့ ဆိုင်းထားလိုက်တဲ့အခါ မရွေ့နိုင်တော့ဘူးပေါ့။
ကားမှတ်တိုင် အတက်အဆင်းလုပ်ရာမှာ အဆင်းလူကို ဦးစားပေးရပါတယ်။ အပေါ်က ဆင်းမယ့်လူ တံခါးပေါက်နား ရောက်တာမတွေ့သေးလို့ အောက်လူက အရင်တက်ဖို့ဟန်ပြင်ရင် ယာဉ်မောင်းက သတိပေး ပါတယ်။ များသောအားဖြင့်တော့ ကားပေါ်မှာ လူချောင်ပါတယ်။ အလုပ်ပြန်ချိန်လိုမျိုး ဒါမှမဟုတ် ကားပြတ်သွားတဲ့ အခါမျိုးမှာ ထိုင်ခုံပြည့် လူကြပ်တတ်ပါတယ်။ သူတို့ကားတွေမှာ ကျနော်တို့ဆီကလို “သံဃာတော်များသာ” ဆိုပြီး စာတန်းကပ် သတ်မှတ်ထားတဲ့ ထိုင်ခုံမရှိပေမဲ့ ဘယ်ညာ ပြတင်းပေါက် မှန်တွေပေါ်မှာ ‘Please offer the seats to elders and persons with disabilities’ လို့ ရေးသားထားတာ တွေ့ရတယ်ခင်ဗျ။
ဘတ်စ်ကားစီးရင်း စိတ်အနှောက်အယှက်ဖြစ်စရာ ကြုံရတဲ့ အခါလည်း ရှိပါတယ်။ ကားပေါ်မှာ အုပ်စုအဖွဲ့ကျတဲ့ အခါမျိုး … တဦးနဲ့တဦး ဂျစ်ကျတဲ့အခါမျိုးမှာ ချက်ချင်းပဲ ထသတ်တော့မလား ဆူညံနေတတ်ပါတယ်။ သိပ်ပြီး ညံလွန်းလာရင် ယာဉ်မောင်းက သတိပေးတာ ကြားရပါတယ်။ အရက်သေစာ မူးယစ်အော်ဟစ်တာမျိုးကို ဖြစ်ရင်တော့ ယာဉ်မောင်းဆွဲချတာ ခံကြရတယ်။ ကိုမဲ ကိုဖြူ နည်းနည်းစရိုက်ကျတဲ့ အုပ်စုတွေ ဘတ်စ်ကား ပေါ်မှာ ကြုံရတတ်ပါတယ်။
ကျနော့် သူငယ်ချင်းတဦးက ပြောတယ်။ ဘတ်စ်ကားစီးတာဟာ အခြေအနေမဲ့တွေ များတယ်တဲ့။ အဲလိုချည်း တော့ ဟုတ်မယ်မထင်ပါ။ တချို့က ကိုယ်ပိုင်ကားရှိပေမဲ့ အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားအဆင်ပြေလို့ စီးတာလည်း ဖြစ်မှာပါ။ ကျနော်တို့လို ရောက်ခါစ အလုပ်အကိုင်မရှိ ကိုယ်ပိုင်ကား မရှိသူတွေရဲ့ အားထားရာက လည်း ဘတ်စ်ကားပါပဲ။ ဈေးဝယ်တာက အစ ဘတ်စ်လမ်းကြောင်း မသင့်တဲ့နေရာတွေလောက်သာ ကားရှိတဲ့ မိတ်ဆွေ အကူအညီနဲ့သွားတာဖြစ်ပြီး ကျန်တဲ့နေရာတွေမှာ ဘတ်စ်ကားလေးနဲ့ ဟန်ကျပါတယ်။ ကားအချိန် လည်း မှန်တယ်လို့ ဆိုရပါမယ်။ ၅ မိနစ်ထက် ပိုနောက်ကျတာ သိပ်မကြုံရပါဘူး။ ကျနော်စီးနေကျ မှတ်တိုင်က ဘတ်စ်ကား စီးရေများတာမို့ နာရီဝက် တနာရီစောင့်ရတာမျိုး မရှိပါဘူး။
အခုဆိုရင် ယာဉ်မောင်းတချို့နဲ့တောင် မျက်မှန်းတန်းမိသလို ရှိနေပါပြီ။
ခင်မင်လေးစားစွာဖြင့်
နေမင်းသူ
၂၃-၃-၂၀၁၄