Image may be NSFW.
Clik here to view.
ယူကရိန်းနိုင်ငံမှာ ၂၀၀၄ ခုနှစ်က နာမည်ကျော် ‘လိမ္မော်ရောင်တော်လှန်ရေး’ နဲ့ ဗစ်တာ ယန်နူကိုဗစ် သမ္မတ ဖြစ်မလာအောင် လူထုက ဟန့်တားနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ရုရှားထောက်ပံ့ငွေနဲ့ ယန်နူကိုဗစ် ၂၀၁၀ မှာ သမ္မတ ဖြစ်လာပြီး၊ ၂၀၁၄ ဖေဖော်ဝါရီမှာတော့ သန်းချီတဲ့ လူထုက ‘ဖေဖော်ဝါရီတော်လှန်ရေး’ နဲ့ သူ့ကို အပြီးတိုင် မောင်းထုတ် ဖြုတ်ချနိုင်ခဲ့ပါတယ်။
ယူကရိန်း ဆန္ဒပြသူတွေမှာ ပြင်းပြတဲ့ ရည်မှန်းချက် အာသီသတွေနဲ့ပါ။ ခြစားတဲ့ သမ္မတကို ဖြုတ်ချပြီး သန့်ရှင်းတဲ့ အုပ်ချုပ်ရေးစနစ် အစားထိုးချင်ကြတယ်။ ဥပဒေစိုးမိုးမှုအပေါ် အခြေခံတဲ့ ဒီမိုကရေစီစနစ်တစ်ရပ် အလိုရှိနေတယ်။ ရုရှားရဲ့ နိုင်ငံရေး ၀င်ရောက်စွက်ဖက်မှုကို ဆုံးခန်းတိုင်ချင်တယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ ဒီမိုကရေစီမဟုတ်တဲ့ နိုင်ငံတွေထက် အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်နို်င်ပြီး၊ စစ်ပွဲတွေ ပိုရှောင်ရှားနိုင်မယ်ဆိုတာ သူတို့ သိထားတယ်။ သူ့တို့ စိတ်ထဲရှိတာ လွတ်လပ်စွာပြောဆိုနိုင်ပြီး သူတို့ ကလေးတွေအတွက် ကောင်းမွန်တဲ့အနာဂတ ဖန်တီးပေးမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမဲ့ သမ္မတ ယန်နူကိုဗစ် ထွက်ပြေးသွားပြီးနောက် ပျော်ရွှင်အားတက်နေတဲ့ ယူကရိန်းဆန္ဒပြသမားတွေဆီ စိုးရိမ်စရာတွေ မသေချာမရေရာမှုတွေ ထပ်ဆောင့်တက်လာခဲ့တယ်။ အစိုးရတစ်ခု ပြုတ်ကျသွားရုံနဲ့ ဒီမိုကရေစီ ခရီးလမ်း အရာရာ မဖြောင့်ဖြူးတာကို ပက်ပင်းတွေ့ကြရတယ်။ အစိုးရသစ်ဟာ အုပ်ချုပ်ရေးနဲ့ စီးပွားရေးမှာ စမ်းတ၀ါးဝါးဖြစ်နေတယ်။ မြို့တော် ကိယက်ဗ် ကစပြီး တစ်မြို့ပြီးတစ်မြို့ မငြိမ်သက်မှုတွေ ထွက်ပေါ်လာတယ်။ ဒီမိုကရက်တစ် အစိုးရတစ်ခု ထူထောင်နိုင်ဖို့ထက် အာရပ်နွေဦးမှာ ဖြစ်ခဲ့တဲ့အတိုင်း ဒီမိုကရက်တစ်မဟုတ်တဲ့ အစိုးရတစ်ခု ပြန်ကြော့ဝင်လာဖို့ အခြေအနေတွေက ပိုလွယ်ကူနေပါတယ်။
အဆိုးဆုံးကတော့ အိမ်နီးချင်း ရုရှားနိုင်ငံရဲ့ ၀င်နှောက်ဒုက္ခပေးမှုပါ။ ရုရှားက သူတို့ ထောက်ခံမှုပေးထားတဲ့ သမ္မတကို စီအိုင်အေက သပ်လျှို ဖြုတ်ချတယ်လို့ ယူဆပြီး၊ လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို မတ်လ အစောပိုင်းမှာ ၀င်ထိန်းချုပ်လိုက်တယ်။ မတ် ၁၆ ရက်မှာ ခရိုင်းမီးယားကို ရုရှားနဲ့ ပေါင်းဖို့ လူထုဆန္ဒခံယူပွဲ ပြုလုပ်ပေးတယ်။ ရုရှားလူမျိုးအများစု နေထိုင်တဲ့ ခရိုင်းမီးယားဒေသခံ မဲပေးသူ ၉၃ ရာခိုင်နှုန်းက ရုရှားနဲ့ ပူးပေါင်းဖို့ ထောက်ခံမဲ ပေးလိုက်ကြတယ်။ ချက်ချင်းဆိုသလိုပဲ ရုရှားသမ္မတပူတင် က ခရိုင်းမီးယားဟာ ရုရှားရဲ့ အစိတ်အပိုင်းဖြစ်သွားပြီလို့ ကြေငြာချလိုက်ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂကတောာ့ ယူကရိန်းနိုင်ငံ အချုပ်အခြာပိုင်နက်အတွင်း ရုရှား ၀င်ရောက်ကျူးကျော်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွတ်ကြောင်း၊ ရုရှားသမ္မတပူတင်နဲ့ သူ့အပေါင်းတစ်စုအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှု လုပ်နေကြောင်း၊ ခရိုင်းမီးယား လူထုဆန္ဒခံယူပွဲဟာ ရုရှားတပ်တွေ ထိန်းချုပ်မှုအောက်မှာ လုပ်ခဲ့တာမို့ တရားမ၀င်ကြောင်း ကြေညာချက်တွေထုတ် ပြစ်တင်ရှုတ်ချပါတယ်။ ဒီထက် ပိုပြီး မလုပ်နိုင်သေးပါ။ စစ်ရေးကို စဉ်းစားရင်တော့ ပြဿနာပါ။ သမ္မတပူတင် ကတော့ လက်ရဲဇက်ရဲနဲ့ ခရိုင်းမီးယားဒေသကို ကိုင်တွယ်ထားတုန်းပါ။
ဒီနေရာမှာ ယူကရိန်းရဲ့ လတ်တလော ဖြစ်ရပ်က ဒီမိုကရေစီအသွင်ကူးပြောင်းဆဲ နိုင်ငံတွေ (အထူးသဖြင့် ဆိုးသွမ်းတဲ့ အိမ်နီးချင်းနိုင်ငံကြီးကြီး အနီးနားရှိတဲ့ နိုင်ငံတွေ) အတွက် သင်ခန်းစာ တစ်ပုံတပင် ပေးနေပါတယ်။ လူထုရဲ့ ဆန္ဒပြမှုက ခြစားတဲ့ အာဏာာရှင်ဆန်တဲ့ အုပ်ချုပ်သူကို ဖြုတ်ချနိုင်ခဲ့သော်လည်း၊ တစ်ဖက်မှာ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသ ပေးဆပ်ရမယ့်အရေး ကြုံရပါတယ်။ နိုင်ငံ ဖရိုဖရဲဖြစ်နေခိုက်မှာ အိမ်နီးချင်း နိုင်ငံကြီးရဲ့ မရိုးသားမှု အကွက်ချောင်းနေမှုကို ချက်ချင်းမြင်တွေ့ကြရတယ်။ နောက် ခရိုင်းမီးယားဒေသမှာ နေထိုင်ကြတဲ့ ရုရှားတွေက ယူကရိန်းနိုင်ငံအပေါ် သစ္စာမခံဘဲ၊ ယခင် အင်ပါယာဟောင်း ရုရှားအောက်ကိုပဲ ပြန်နေချင်ကြတဲ့ ချင်ခြင်းကို တွေ့ကြရတယ်။
ခရိုင်းမီးယား ပြဿနာက လူမျိုးစုများပြားတဲ့ မြန်မာနိုင်ငံအတွက်လည်း စဉ်းစားစရာတွေ ပေးနေပါတယ်။ ဥပမာ၊ ဘင်္ဂါလီ လူမျိုးတွေကို နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ရင် တစ်ချိန်ချိန် နိုင်ငံဖရိုဖရဲဖြစ်ခိုက်မှာ ဘင်္ဂါလားဒေ့ရှ်နဲ့ ပေါင်းစည်းမသွားနိုင်ဘူးလား၊ ၀ ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ရင် တရုတ်ရဲ့ ဩဇာခံ အစောင့်ရှောက်ခံ ဖြစ်မသွားနိုင်ဘူးလား၊ ရှမ်းတွေကကော ဆွေမျိုးတော်တဲ့ ထိုင်းတွေနဲ့ ပေါင်းစည်းဖို့ အိပ်မက်တွေများ တစ်ချိန်ချိန် ရှိမလာနို်င်ဘူးလား ဆိုတာတွေပါ။
အပြစ်အနာဆာပါတဲ့ ဒီမိုကရေစီ
အထက်က မေးခွန်းအတွက် အဖြေမရှာခင် ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေဟာ သူတို့ခရီးလမ်းကို ဘာကြောင့် ချောချောမွေ့မွေ့ မရောက်နိုင်ကြသလဲဆိုတာကိုလည်း ဆက်စပ်စဉ်းစားဖို့လိုအပ်မယ် ထင်ပါတယ်။
ဒီမိုကရေစီလှိုင်းတွေ ဖြစ်ပေါ်ပြီးတိုင်း နောက်ပြန်လှိုင်းတွေ ကပ်ပါလာတတ်တယ်ဆိုတာကိုလည်း ပညာရှင်တွေ ပြောတတ်ကြတယ်။ ဒီမိုကရေစီလမ်းဟာ ခရီးကြမ်းပြီး စိန်ခေါ်မှုတွေ များလွန်းလှပါတယ်။ အာဏာရှင်ကို ဖြုတ်ချပြီးတိုင်း အတိုက်အခံအများစုဟာ အားကောင်းတဲ့ ဒီမိုကရက်တစ်အစိုးရတစ်ခုကို ဖန်တီးနိုင်စွမ်းမရှိ ဖြစ်နေတတ်တယ်။ အထူးသဖြင့် အနောက်နိုင်ငံမဟုတ်တဲ့ အာရပ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပ၊ အာရှ တိုင်းပြည်တွေမှာ တော်လှန်ရေးဆင်နွှဲပြီး ဒီမိုကရေစီထူထောင်လိုက်တိုင်း နောက်ကြောင်းပြန်တာ မကြာခဏ ကြုံရတတ်ပါတယ်။
ဒါကို နိုင်ငံရေးသိပံပညာရှင် ရှမစ်ထာ (Schmitter) က အဲဒီနိုင်ငံတွေ ထူထောင်တဲ့ ဒီမိုကရေစီစနစ်မှာ မွေးရာပါ အပြစ်အနာဆာတွေ (birth defects) ရှိနေတာကြောင့်လို့ ဆိုပါတယ်။ သူ့ကို ထောက်ခံတဲ့အနေနဲ့ ပါမောက္ခ လာရီ ဒိုင်းမွန်းက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ မွေးရာပါ အပြစ်အနာဆာပါနေတယ်၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟာ တပ်ပါသော ဒီမိုကရေစီသာဖြစ်ပြီး၊ ၂၀၀၈ အခြေခံဥပဒေကို မပြင်နိုင်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ မရနိုင်ဘူးလို့ ဥပမာပေး ပြောဆိုထားပါတယ်။
ယူကရိန်းကို ကြည့်ရင်လည်း ၂၀၀၄ ခုနှစ် လိမ္မော်ရောင် တော်လှန်ရေးကတည်းက မွေးရာပါ အပြစ်အနာဆာနဲ့ပါ။ အတိုက်ခံတွေက အားကောင်းတဲ့ ဒီမိုကရက်တစ်ပါတီနဲ့ အစိုးရအဖွဲ့ကို အဲဒီအချိန်က မထူထောင်ခဲ့နိုင်တာကြောင့် ဆယ်နှစ်နီးပါးအကြာ ၂၀၁၄ မှာ ယာနူကိုဗစ်ကို ဖြုတ်ချဖို့ ထပ်မံကြိုးစားခဲ့ရပြန်ပါတယ်။ ဒီအခါမှာ အနောက်နဲ့ ရုရှား အားပြိုင်မှုတွေကြား ခရိုင်းမီးယားကိုပါ လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေ ကြုံလာရပါတော့တယ်။
နောက်ခံ လိုအပ်ချက်များ
အခုနောက်ပိုင်း ပညာရှင်တွေက ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အတိုက်အခံတွေအနေနဲ့ အာဏာရှင် အစိုးရတစ်ခုကို ဆွဲဖြုတ်ချရုံနဲ့ မလုံလောက်ဘဲ၊ ဒီမိုကရေစီအတွက် မရှိမဖြစ်လိုအပ်တဲ့ တရားဥပဒေစိုးမိုးမှု၊ တာဝန်ယူမှု၊ အဂတိလိုက်စားမှု၊ ဗျူရိုကရေစီ၊ ဗဟုဝါဒယဉ်ကျေးမှု စတဲ့ လူမှုနောက်ခံအခြေအနေတွေ (social requisites) ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားဖို့ ပြောဆိုလာပါတယ်။ ဖရန်စစ် ဖူကူးယားမား ကဆိုရင် အတိုက်အခံတွေအနေနဲ့ သက်ဦးဆံပိုင် အာဏာရှင်ကို ဖြုတ်ချတာထက် ‘ဒီမိုကရေစီဆိုင်ရာ အင်စတီကျူးရှင်းမူဘောင်သွင်းခြင်း’ (institutionalization of democracy) ကို ပိုမိုအာရုံစိုက်သင့်ကြောင်း ပြောလာပါတယ်။ ဒီမိုကရေစီကို အင်စတီကျူးရှင်း ဘောင်မသွင်းနိုင်ရင် အာဏာရှင်တွေဘက်ကပဲ အမြဲအသာရနေဦးမယ်၊ ဒီမိုကရက်တွေအနေနဲ့ နိုင်ငံရေးပါတီတွေကို အရင်ဆုံး အင်စတီကျူးရှင်းဆန်စွာ လေ့ကျင့်လုပ်ကိုင်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
၂၀၁၄ မတ်လထုတ် အီကောနောမစ် မဂဇင်းကလည်း ဒီမိုကရေစီ ဖြစ်ထွန်းစ နိုင်ငံတွေ ပြန်လဲကျရတဲ့ အဓိက အကြောင်းတစ်ခုက အဲဒီနိုင်ငံတွေဟာ ရွေးကောက်ပွဲ လုပ်ငန်းတွေအပေါ်ပဲ အာရုံစိုက်လွန်းပြီး၊ ဒီမိုကရေစီအတွက် အဓိက မရှိမဖြစ်လိုအပ်တဲ့ သွင်ပြင်လက္ခဏာတွေ (essential features of democracy) ဖြစ်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုစနစ်၊ တစ်ဦးချင်းအခွင့်အရေး၊ တရားရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ လုပ်ထုံးနည်းနာတွေကို အလေးမထားတာကြောင့်လို့ ဆိုပါတယ်။
နောက်ပြီး အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံတိုင်းဟာ မဲအများစုရသူတွေ ကြီးစိုးတဲ့ လူမျိုးကြီးဝါဒ (majoritarianism) ကို ရှောင်ရှားနိုင်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ၊ အိန္ဒိယဟာ ၁၉၄၇ ခုနှစ်ကတည်းက ဒီိမိုကရေစီ ရှင်သန်နေခဲ့ပြီး၊ ဘရာဇီးက ၁၉၈၀ ပြည့်နှစ် တွေက စပြီး ဒီမိုကရေစီ အရှိန်ရလာခဲ့တယ်။ အဓိကအကြောင်းက အဲဒီနှစ်နိုင်ငံဟာ အစိုးရရဲ့ အာဏာအပေါ် ကန့်သတ်နိုင်ခြင်းနဲ့ လူနည်းစုအခွင့်အရေးကို အာမခံနိုင်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
တစ်ဖက်က ချိနည့်တဲ့ ဒီိမိုကရေစီနိုင်ငံတွေမှာတော့ လူများစုအတွက် (for majority rule) ဟစ်ကြွေးတက်လာတဲ့ ရွေးကောက်ခံ ပေါ်ပြူလာ ခေါင်းဆောင်တွေဟာ အခြေခံဥပဒေ ဘောင်ကျော်ပြီး အာဏာကို အသုံးပြုလာပါတယ်။ အီဂျစ်က မော်စီ၊ ယူကရိန်းက ယန်နူကိုဗစ်၊ ရုရှားက ပူတင် တို့ဟာ လူအများစု ထောက်ခံမှုနဲ့ တက်လာပြီး လစ်ဘရယ်မဲ့ ဒီမိုကရေစီ (illiberal democracy) ကို ဦးတည်သွားကြသူတွေပါ။ သူတို့ဟာ ခေတ်နောက်ကျတဲ့ လူ့အဖွဲ့အစည်းရဲ့ ဘာသာရေး၊ လူမျိုးရေး၊ အမျိုးသားရေး တို့ကို အသုံးချ ကြွေးကြော်ထောက်ခံမှုယူပြီး ဒီမိုကရေစီကို ဖျက်ဆီးပစ်သူတွေ ဖြစ်ပါတယ်။
အင်စီတီကျူးရှင်း သန်စွမ်းရေး
ယနေ့ ယူကရိန်း၊ မြန်မာ၊ အီဂျစ် စတဲ့ ဒီမိုကရေစီလျှောက်လှမ်းနေတဲ့ နိုင်ငံတွေမှာ အဓိက လိုအပ်ချက်က ဒီမိုကရက်တစ် အင်စတီကျူးရှင်းဆိုင်ရာ မစွမ်းနိုင်မှု ဖြစ်ပါတယ်။ အုပ်စိုးသူမှာရော အတိုက်အခံပါတီတွေမှာပါ အင်စတီကျူးရှင်းဆိုင်ရာ မတည်ဆောက်နိုင်မှု ဖြစ်ပါတယ်။
ခရိုင်းမီးယား က ရုရှားလူမျိုးစုတွေရဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းနေထိုင်လိုစိတ်ဟာ ယူကရိန်းနိုင်ငံရဲ့ ဒီမိုကရေစီ မရေရာ မသေချာမှု၊ လူများစု ကြီးစိုးမှု တို့နဲ့ ပတ်သက်နေပါတယ်။ အင်စတီကျူးရှင်းဆိုင်ရာ လက်တံတွေ မကောင်းတဲ့အခါ ကိုယ့်လူမျိုးစုရဲ့ဝိသေသ (identity) ကို ရှေ့တန်းပြန်တင်လာကြပါတယ်။ မတူကွဲပြားတဲ့ လူမျိုးစုတွေ စုပေါင်းနိုင်ထိုင်နိုင်မယ့် လစ်ဘရယ်ဒီမိုကရေစီကို မျှော်လင့်ချက်တွေကုန်သွားကြတယ်။ ရွေးကောက်ပွဲကတစ်ဆင့် ဖြစ်လာမယ့် လူအများကြီးစိုးမှု (majority rule) ကို စိုးရိမ်လာတယ်။ မြန်မာနိုင်ငံက ဘင်္ဂါလီ၊ ၀ နဲ့ အခြားလူမျိုးစု ပြဿနာတွေဟာလည်း လက်ရှိ အုပ်ချုပ်ရေးစနစ်ရဲ့ အင်စတီကျူးရှင်းဆိုင်ရာ တိုးတက်မှုအပေါ် အများကြီး တည်မှီလာနေပါတယ်။
အတုယူစရာကတော့ အင်္ဂလန် လက်အောက်က ကျွန်းစုနိုင်ငံတွေပါ။ သူတို့ဟာ ယနေ့ထိ ခွဲထွက်ခွင့်၊ ဖက်ဒရယ်နဲ့ လွတ်လပ်ရေးစကား မပြောကြပါ။ ဒါဟာ အင်္ဂလိပ်တွေရဲ့ အင်စတီကျူးရှင်းစနစ် အားကောင်းမှုကြောင့်ပါ။ ဗဟိုရဲ့ အင်စတီကျူးရှင်းတွေက အောက်ခြေအထိ တပြေးညီအားကောင်း အကျိုးပြုနေတဲ့အခါ၊ ခွဲထွက်ဖို့စကား လုံးဝမဟကြပါ။ မိမိဖာသာ နိုင်ငံခွဲထောင်ရပ်တည်တာထက် ဗြိတိသျှအင်စတီကျူးရှင်းကနေ ပိုမိုအကျိုးရရှိတာကို ဒေသခံလူထု သိရှိနေလို့ပါ။
ဒီမိုကရက်တစ် အင်စတီကျူးရှင်း အားမကောင်းတဲ့ နိုင်ငံတွေမှာတော့ အစွန်အဖျားဒေသလူမျိုးစုတွေဟာ ခွဲထွက်ခွင့်နဲ့ အိမ်နီးချင်းမှ အခြားတူရာလူမျိုးစုတွေနဲ့ ပေါင်းစည်းခွင့်ကို အမြဲကြံစည် တောင်းဆိုနေကြမှာပါပဲ။ အဲဒီနိုင်ငံ မတည်မငြိမ်နဲ့ ဘေးကျပ်နံကျပ် ရောက်မယ့်အချိန်ကနေ အမြတ်ထုတ်ဖို့ အိမ်နီးချင်းနိုင်ငံကြီးတွေကလည်း သမ္မတပူတင်လို ချောင်းမြောင်းနေမှာ ဖြစ်တယ်။ ဒါဟာ ယူကရိန်းရဲ့ ဖေဖော်ဝါရီတော်လှန်ရေးနဲ့ ခရိုင်းမီးယား အကျပ်အတည်းက အခြား ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေကို ပေးလိုက်တဲ့ ပူပူနွေးနွေး သင်ခန်းစာပါပဲ။
ရဲမြင့်ကျော်
မတ်၊ ၂၀၁၄
ယနေ့ခေတ်