သင်္ကြန်မှာ သရုပ်ပျက်ကြတဲ့လူငယ်တွေ၊ မြန်မာ့အမြင်နဲ့ ဟိရိသြတပ္ပကင်းမဲ့တယ်ပြောရလောက်အောင် ဖေါ်ကြချွတ်ကြတဲ့ မိန်းကလေးတွေရဲ့ ပုံတွေကိုမြင်တော့ ဖတ်ခဲ့ဖူးတဲ့ သင်ယူခြင်းသီအိုရီ (learning theories) တွေကို သွားအမှတ်ရမိတယ်..။ ဒီအပြုအမူတွေကို ဘယ်လိုအကြောင်းကြောင့် ပြုကြသလဲဆိုတာပေါ့..။
စိတ်ပညာမှာ သင်ယူခြင်းဆိုတာ အပြုအမူအသစ်တစ်ခုကို (a new behavior) ပြောင်းလဲလုပ်ဆောင်ခြင်းလို့ ဖွင့်ဆိုတာကိုး။ ဒီနေရာမှာ သင်ယူခြင်းသီအိုရီတွေအများကြီးရှိတဲ့အထဲကမှ အပြုအမူဝါဒီတွေ (Behaviorists) ရဲ့ အကြောင်းဆက်ခြင်းသီအိုရီတွေကို ပြောချင်တာပါ…။ နားလည်ရပိုလွယ်မယ်ထင်မိလို့ ..။
J.B Watson တို့ လို Behaviorist ပညာရှင် အဆိုအရ “မွေးကင်းစ ကလေးငယ်တစ်ယောက်ကို သူ့ ကို ပေးပါ…ဒီကလေးကို ပုပ်ရဟန်းမင်းကြီးသော်၎င်း၊ လူဆိုးသူခိုးမုဒိမ်းကောင်သော်၎င်း ဖြစ်အောင် လေ့ကျင့်ပေး နိုင်ပါတယ်” တဲ့..။ တနည်းအားဖြင့် ကလေးငယ်ရဲ့ အဇ္ဈတ္တမှာ ပါခဲ့တဲ့ ပါရမီတွေ၊ စိတ်သတ္တိတွေ စသဖြင့် ဗီဇဆိုင်ရာ အခြင်းအရာတွေဟာ အရေးမပါ၊ ယုံတမ်းတွေမျှဖြစ်ပြီးတော့ ဒီကလေးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပြုပြင်ပြောင်းလဲမှုအင်အားစုတွေကသာ အခရာကျတယ်လို့ ဆိုလိုက်တာပါပဲ..။ ဒီကစ လို့ ” ဗီဇ နဲ့ ပတ်ဝန်းကျင်” ဆိုတဲ့ ငြင်းခုန်ပွဲ ကြီး အဆုံးမသတ် စခဲ့တာ ကနေ့ ထက်ထိတိုင်ပေါ့...။
ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကတော့ စာပေဗိမာန် ဦးအေးမောင်ရေးတဲ့ နာမည်ကျော့် ” ဗီဇ နဲ့ ပတ်ဝန်းကျင်” စာအုပ်ကိုဖတ်ဖူးတယ်..။ ဆရာကြီးကတော့ ၂ ဘက်စလုံးအရေးကြီးပုံကို သုံးသပ်သွားတာ အမှတ်ရမိတယ်..။ ဥပမာ- လူငယ်တွေ စာဖတ်ဝါသနာ ပါခြင်းမပါခြင်းဟာ့ ” ဗီဇ နဲ့ ပတ်ဝန်းကျင်” ၂ ခုစလုံးနဲ့ ဆိုင်တယ်ဆိုတာမျိုး။ အချို့ က အလိုလိုဗီဇကိုက စာဖတ်ရတာကိုနှစ်သက်တာ…အချို့ က ကိုယ့်ရဲ့ မိဘ အသိုင်းအ၀ိုင်းက စာပေကို တာဘိုးထားတဲ့ပတ်ဝန်းကျင်ဖြစ်နေလို့ စသဖြင့်…။ နောက်တစ်ခုက ကိုယ်က ကျောင်းပြေးတဲ့ သူငယ်ချင်းတွေနဲ့ တွဲနေမိရင် ကိုယ်ကိုယ်တိုင်က ကျောင်းပြေးလိုတဲ့ ဗီဇ ပါနေတတ်တာမျိုး…။ တလောက ဆြာ တစ်ယောက်နဲ့ ဆွေးနွေးမိတဲ့ “ပါရမီ နဲ့ ဆရာကောင်း” ဆိုတာလည်း ဒီ ” ဗီဇ နဲ့ ပတ်ဝန်းကျင်” အစ်ရှူးပဲ..။
ဒီ ” ဗီဇ နဲ့ ပတ်ဝန်းကျင်” ဆိုတဲ့ ငြင်းခုန်မှုမှာ အပြုအမူဆိုင်ရာသင်ယူခြင်း သီအိုရီ (Behavioral Learning Theories) တွေရဲ့ ရည်တည်ချက်ဆိုတာ ပတ်ဝန်းကျင် (သို့ ) ပြင်ပအကြောင်းတရားဗဟိုပြု အယူအဆဘက်က ခုခံချေပချက်တွေပဲ..။ ဒီနေရာမှာ အပြုအမူဆိုင်ရာသင်ယူခြင်း သီအိုရီ တွေလို့ ပြောလိုက်ရင် ရုရှပညာရှင် Ivan Pavlov ရဲ့ ”ရှေးမူအကြောင်းဆက်ခြင်း (Classical Conditioning)” နဲ့  အမေရိကန် ပညာရှင် B.F.Skinner ရဲ့ ”ကိုယ်တိုင်ပြုအကြောင်းဆက်ခြင်း (Operant Conditioning)” သီအိုရီတွေက မသိမဖြစ်အရေးပါလာတယ်..။ ဒီသီအိုရီတွေမှာပါတဲ့ အကြောင်းဆက်ခြင်း conditioning ဆိုတဲ့စကား ဟာ အလွယ်ပြောရရင် တုံ့ ပြန်မှု တစ်ခု (response) ထွက်စေဖို့ လှုံ့ ဆော်မှုတစ်ခု (stimulus)နဲ့  ချိတ်ဆက်ထားတာလို့ အလွယ်ပြောရင်ရမလားပဲ..။
Pavlov ရဲ့ ရှေးမူအကြောင်းဆက်ခြင်း လက်တွေ့ စမ်းသပ်ချက်မှာ ခွေးတွေကို လည်ချောင်းဖေါက်ပြီး ထွက်လာတဲ့ တံထွေးပမာဏကို တိုင်းတယ်..။ အစာကိုမြင်ရင် ခွေးတွေဟာ တံတွေးထွက်လာတာ ဇီဝကမ္မဆိုင်ရာ အလိုအလျောက် တုန့် ပြန်မှုပေါ့ (physiological reflex)။ ဒါကို Pavlov က အစာကျွေးတဲ့အခါတိုင်း ခေါင်းလောင်းတီးပြီးကျွေးတယ်…။ ဒီလိုနဲ့ ….ကြာလာတော့ ခွေးတွေဟာ အစာမပေးဘဲ အစာမရှိပဲနဲ့ လည်း…ခေါင်းလောင်းသံကြားယုံနဲ့ တံတွေးတွေထွက်လာတော့တာပဲ…။ ဒီစမ်းသပ်ချက်အရ…ပြောနိုင်တာက… တံတွေးထွက်ခြင်းဆိုတဲ့ တုန့် ပြန်မှု (သို့ ) အပြုအမူဟာ ခေါင်းလောင်းသံကြားခြင်းနဲ့ အစာကိုမြင်ခြင်း ဆိုတဲ့ ကွဲပြားတဲ့ လှုံ့ ဆော်မှု (stimulus) နှစ်ခု ကြောင့် ဖြစ်လာနိုင်တယ်ဆိုတာပဲ။ တစ်ခုက သဘာဝအလျောက် (Unconditioned)။ နောက်တစ်ခုက အကြောင်းဆက်ဖန်တီးပေးလိုက်လို့  Conditioned။
ဒီနေရာမှာ…အစာရဲ့ အရသာဟာ ခွေးတွေက သဘာဝအတိုင်းသိပြီးသားမို့  Unconditioned Stimulus (US)။ ဒါပေမယ့် ခေါင်းလောင်းသံဟာ အခုလို တံတွေးထွက်လာဖို့ အကြောင်းဆက်ပေးတဲ့ လှု့ ဆော်မှုမို့  Conditioned Stimulus (CS)။ သဘာဝအတိုင်းအစာမြင်လို့ တံတွေးထွက်ကျတာက Unconditioned Response (UR)။ ဒါပေမယ့် အစာမရှိပါဘဲ….ခေါင်းလောင်းသံကြောင့်တံတွေးထွက်ကျလာတာကကြတော့ အကြောင်းဆက်ပေးပြီးမှဖြစ်လာလို့ Conditioned Response (CR) စသဖြင့် ပညတ်တာ ပေါ့..။
နောက် B.F. Skinner ရဲ့ စမ်းသပ်ချက်။ Skinner က သူ့ စမ်းသပ်ချက်မှာ ကြွက်ကလေးတစ်ကောင်ကို လှောင်အိမ်ထဲ ထည့်ထားတယ်..။ ပြီးတော့..လှောင်အိမ်အထဲက ဘားတန်းတစ်ခုကို ကြွက်က နှိပ်မိရင် အစာခွက်ထဲ အစာတစ်တုံးကျလာအောင်လုပ်ပေးထားတယ်..။ ကြွက်ကလေးဟာ ဟိုတိုးဒီတိုးထွက်ပေါက်ရှာရင်းနဲ့ ဘားတန်းကို နှိပ်မိရော…။ ဒီတော့ အစာစားရတာပေါ့..။ ဒီလိုနဲ့ မကြာခဏ ဆိုသလို ဘားတန်းကိုနှိပ်မိ… အစာကျလာ နဲ့ ….ကြာလာတော့…အစာစားချင်ရင် ဘားတန်းကိုနှိပ်ရမယ်ဆိုတာ ကြွက်ကလေးက သိသွားတော့တယ်တဲ့..။
ဒီ Skinner ရဲ့ စမ်းသပ်ချက်မှာ အစာရယ်၊ ဘားတန်းရယ်၊ လှောင်အိမ်ရယ် ဆိုတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ပေးထားလိုက်တာ (built-in)။ Pavlov ရဲ့ ခွေးဟာ ခေါင်းလောင်းတီး (Conditioned Stimulus) ပေးရင် တံထွေးထွက်ကျလာတာဟာ (conditioned response) ဖြစ်သလိုပဲ… ကြွက်ကလေးကိုယ်တိုင်က အစာရဖို ဘားတန်းကိုနှိပ်ရတာကလည်း အကြောင်းဆက်တုန့် ပြန်မှု…(conditioned response) ပဲ။ ဒီ Conditioned Response ၂ ခုမှာကွာသွားတာက…့ အပေါ်က Pavlov ရဲ့ ခွေးက ( ပြင်ပ လူက) တကူးတက ခေါင်းလောင်းတီး (Conditioned Stimulus) ပေးမှ တံထွေးထွက်ကျတာ ဖြစ်ပေမေယ့် Skinner ကြွက်ဟာ အစာရဖို့ ဘားတန်းနှိပ်တဲ့အပြုအမူ (response) ကို ကိုယ်တိုင်ပြုလုပ်ရတာ။ ဒါကြောင့်မို့  Skinner ရဲ့ သီအိုရီကို “ကိုယ်တိုင်ပြု အကြောင်းဆက်ခြင်း (Operant Conditioning)” လို့ ခွဲခြားခွဲရတယ်..။
ဒီသီအိုရီ ၂ ခုစလုံးမှာ…ဖြစ်လာတဲ့ အကြောင်းဆက်တုန့် ပြန်မှုတွေ Conditioned Responses (သို့ ) ပြောင်းလဲသွားတဲ့အပြုအမူ တွေကို သင်ယူခြင်း (learning) လို့ ဆိုကြတာပါပဲ..။ ဘားတန်းကို နှိပ်ရင် အစာရမယ်လို့  ကြွက်ကလေးက သိသွားတာဟာ စာကြိုးစားလို့ ဂုဏ်ထူးထွက်ရင် အိုင်ဖုန်းရမယ်လို့ သိတဲ့ဆယ်ကျော်သက်လေးရဲ့ သင်ယူခြင်းဖြစ်စဉ်နဲ့ တသဘောတည်းပါပဲ Learning Process..။ နောက်တစ်ချက်က… ဒီလို သင်ယူရရှိခြင်းဆိုတာတွေဟာ အပြုအမူပြောင်းလဲခြင်း (behavioral change) ဖြစ်တဲ့အတွက် အကြောင်းဆက်မှုကို တနည်းတဖုံပြင်လိုက်ပြောင်းလိုက်ရင် သင်ယူရရှိထားတာတွေဟာ ပြန်လည်ပျက်ပြယ်သွားတတ်ပြန်ရော..။
အစာမပါဘဲ ခေါင်းလောင်းချည်းတီးနေတာကို ကြုံရဖန်များလာရင် ခွေးတွေ တံတွေးထွက်ကျတာ ရပ်သွားသလို…. ဘားတန်းနှိပ်မိပေမယ့် လည်း အစာတုံးကျမလာတာကိုပဲ အကြိမ်ကြိမ်တွေ့ ရရင် ဘားတန်းနှိပ်တဲ့အပြုအမူပျက်ပြယ်လာနိုင်တယ်ဆိုတာကို ပေါ့..။
ဒီလို စမ်းသပ်ခံ (subject) (အထက်က စမ်းသပ်ချက်တွေမှာ ခွေး နဲ့ ကြွက် ပေါ့) ရဲ့ အပြုအမူကို လိုသလိုပုံသွင်းယူဖို့ ဆိုရင် ပတ်ဝန်းကျင်ရဲ့ အကြောင်းဆက်ပေးမှုတွေကို ဖန်တီးရမယ်ဆိုတာက ဒီ သီအိုရီတွေရဲ့ အနှစ်သာရပဲ…။ အထူးသဖြင့် Skinner ရဲ့ ကိုယ်တိုင်ပြုအကြောင်းဆက်ခြင်းသီအိုရီ ဟာ ဒီလို အပြုအမူပြောင်းလဲခြင်းတွေကို ပြုလုပ်ရာမှာ “အားဖြည့်ခြင်း (reinforcement)” “အပစ်ပေးခြင်း (punishment)” နဲ့  “ပျက်သုဉ်းခြင်း (extinction) “ စတဲ့ သဘောတရားတွေနဲ့ တင်ပြထားတာပဲ..။
အပြုအမူတစ်ခု ကို ပြုလုပ်တဲ့အကြိမ်အရေအတွက် များပြားလာစေဖို့ တွန်းအားပေးတဲ့ လှုံ့ ဆော်မှုမှန်သမျှဟာ “အားဖြည့်မှု(reinforcement)” ပဲ..။ အထက်က ကြွက်ကလေးဟာ ဘားတန်းကိုနှိပ်မိတဲ့အခါ နောက်ထပ် ဒီဘားတန်းကိုနှိပ်စေဖို့ အစာတုံးချပေးတာ ကို “အပြုသဘောအားဖြည့်ခြင်း (positive reinforcement)” ။ ဒီလိုမဟုတ်ဘဲ လှောင်အိမ်ထဲမှာ… ဆူညံပွက်လောရိုက်နေတဲ့ အသံနဲ့ ကြွက်ကလေးကို ခြောက်လှန့် ထားမယ်..ဘားတန်းကိုနှိပ်မိ တဲ့အခါမှ (အစာတုံးကိုချပေးခြင်းလိုပဲ) အသံကို ရပ်ပေး ပေးမယ်ဆိုရင် ဒီလှုံ့ ဆော်မှုမျိုး ကို အဖျက်သဘော အားဖြည့်မှု (Negative Reinforcement)..။ ၂ မျိုးစလုံးက ဘားတန်းနှိပ်အောင် အားဖြည့်ပေးတာကိုး..။
ဒါရဲ့ တိုက်ရိုက်ဆန့် ကျင်ဘက်က “အပစ်ပေးခြင်း (punishment)” ။ ဘားတန်းကို နှိပ်မိလို့ ဓါတ်လိုက်ခံရတယ်…ဒါမှမဟုတ် အထက်က ကျယ်လောင်တဲ့ခြောက်လှန့် သံက ရပ်မသွားပဲ..ပိုကျယ်လာတယ် ဆိုရင် “အပစ်ပေးခြင်း (punishment)” ပေါ့..။ နောက်နောင် ဒီလိုမျိုးနှိပ်မိဖို့ ဖြစ်နိုင်ခြေနည်းသွားအောင် ကြွက်ကလေးမကြိုက်တဲ့အရာတစ်ခုကို အတင်းအဓမ္မလုပ်တာမျိုးကိုး။ နောက်တစ်ခုက “ပျက်သုဉ်းခြင်း (extinction)” ဆိုတာ သင်ယူပြီးသား အပြုအမူ ပြန်လည်ပျက်ဆီးသွားတာ..။ ဘားတန်းကိုနှိပ်မိသော်ငြား…အစာချမပေးပဲ ဒီအတိုင်းပစ်ထားလိုက်ရင် ကြွက်ကလေးဟာ အဆုံးမှာ အစာရဖို့ အရေး ဘားတန်းကိုမနှိပ်တော့တာမျိုးပေါ့..။
တကယ်က…ဒီ အပြုအမူသီအိုရီ (Behavioral Theories) တွေဟာ လူနဲ့ ပတ်သက်တဲ့နယ်ပယ်အားလုံးမှာ မရှိမဖြစ်အရေးပါသလောက် လက်တွေ အသုံးချနေတာကိုတွေ့ ရမှာပဲ…..။ ဥပမာ- ကလေးတစ်ယောက်ကို ပြုပြင်ဆုံးမရာမှာ…။ ဆိုပါစို့ ..စာမကျိုးစားတဲ့ကလေးတစ်ယောက်ကို ဒီလို စာမလုပ်ပဲ အလေလိုက်နေတာကိုချီးမွန်းလိုက်ရင် (positive reinforcement) ဒီကလေးဟာ နောက်ထပ် အလေလိုက်နေဦးမှာပဲ..။ ဒါပေမယ့်….စိတ်ကောင်းလေးဝင်လာလို့ ဒီကလေးဟာ စာကြည့်ဖို့ လုပ်လာရင်…”စာတစ်နာရီကြည့်ရင် အပြင်ထွက်ခွင့်တစ်နာရီပေးမယ်” စသဖြင့် သူ့ အပေါ်တင်းကျပ်ထားတဲ့ စည်းမျဉ်းတွေကို တထစ်ခြင်းဖြေလျော့ပေးတာမျိုး (negative reinforcement) လုပ်ရင် ဒီကလေးဟာ နောက်နောင်မှာ စာကြည့်ဖို့ အလားအလာ များလာတယ်..။ အချို့ မိဘတွေ.ကတော့…”အပစ်ပေးခြင်း (punishment)” ကိုသုံးကြတယ်…ဥပမာ- ကလေးကို အော်ဟစ်ငေါက်ငမ်းတာ၊ ရိုက်နှက်ပစ်တာမျိုး၊ အပြင်ထွက်လည်ခွင့်ပိတ်ပင်လိုက်တာမျိုး ပေါ့..။
ဒီနေရာမှာ punishment နဲ့  negative reinforcement ကွဲဖို့ လိုတယ်..။ punishment ဆိုတာ နှစ်သက်စရာမရှိတဲ့ အရာကိုပေးတာ ဥပမာ-ရိုက်နှက်တာ (သို့ ) နှစ်သက်စရာကို ဖယ်ရှားပစ်လိုက်တာ ဥပမာ- အပြင်ထွက်လည်ခွင့်ပိတ်လိုက်တာ။ ဒါပေမယ့်..Negative Reinforcement ကကြတော့ နှစ်သက်စရာမရှိတဲ့အရာကို ဖယ်ရှားပေးတာ ဥပမာ- အပြင်ထွက်လည်ခွင့်ပိတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျော့ပေးတာမျိး။ လေ့လာတွေ့ ရှိချက်တွေအရတော့ Punishment ထက် Negative Reinforcement နည်းက ကလေးအတွက် အကျိုးပိုများစေတယ်ဆိုကြတာပဲ..။ အခြားသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကိုပါကြည့်ရတာကိုး..။
တစ်ခါတစ်ရံမှာ ကိုယ်က punishment ပေးတာဖြစ်ပေမယ့် လက်ခံသူက positive reinforcement ဖြစ်သွားတတ်တာမျိုးလည်းရှိတယ်…။ ဥပမာ အချို့ ကလေးတွေဟာ အများရဲ့ အာရုံစိုက်မှုကိုခံချင်တဲ့အတွက် တမင်တကာ ဆိုးသွမ်းတဲ့အပြုအမူတွေလုပ်ကြတယ်..(သင်္ကြန်မှာကဲကြတဲ့ လူငယ်တွေလို ပေါ့)..။ ဒီအခါမှာ- ဆရာမက သူ တို့ ကို အတန်းရှေ့ ခေါ်ထုတ် အပစ်ပေးရင်..ဒါဟာ သူတို့ အကြိုက်ဖြစ်နေတာမို့ နောက်နောင် ဒီလို မဟုတ်တရုပ်အပြုအမူမျိုးကို ပိုပိုပြီးလုပ်လာတာကို တွေ့ ရတတ်ပြန်တယ်..။ အတန်းထဲက သောက်ရေးအိုးကို ခွဲတဲ့ငယ်သူငယ်ချင်းတွေဟာ ဆရာမဘယ်လောက်ရိုက်ရိုက် ခွဲမြဲခွဲမြဲ ဆိုးမြဲဆိုးမြဲပဲဖြစ်တာ ကိုယ်တွေ့ ပဲ..။ ဒီနေရာမှာ ဗီဇ ဆိုတဲ့အကြောင်းအရာကိုလည်း မေ့လို့ မဖြစ်ဘူးပေါ့လေ..။
ဆရာဦးအောင်သင်း ပြောဖူးတဲ့…”ကောင်မလေးတွေ..နင်တို့ ..ဆေးသမားကောင်လေးတွေကို မကြိုက်ကြနဲ့ …အဲဒါဆို ဒီကောင်တွေ ဆေးသုံးမှာမဟုတ်ဘူး ” ဆိုတာ ဒါပဲ..။ လူဆိုတာ အ၀ိဇ္ဇာပိတ်ဖုံးတတ်တော့ အကောင်းကိုမကောင်းထင်၊ မကောင်းကိုအကောင်းထင်တတ်ကြတာကိုး…။
လူတွေနဲ့ အလုပ်လုပ်ရတဲ့ စီမံခန့် ခွဲမှုနယ်ပယ်မှာတော့ ဒီသဘောတရားတွေက ထင်ရှားသပေါ့လေ…။ ဆုပေး၊ဒဏ်ပေး စံနစ် Reward & Punishment ဆိုတာ ဒါတွေပါဘဲ..။ တလောကပဲ ဆရာအော်ပီကျယ်ဆွဲထားတဲ့ ရေခဲရေဖျန်းခံရတဲ့မျောက်တွေနဲ့ ငှက်ပျောဖီး ဇတ်လမ်း Wet Monkey Experiment ကာတွန်းဆိုတာလည်း ဒါပဲ..။ ငှက်ပျောဖီးကို တက်ယူတဲ့ မျောက်ကို ဘာမှမလုပ်ဘဲ အောက်က ကျန်ခဲ့တဲ့ကောင်တွေကို ရေခဲရေနဲ့ ဖျန်းခြင်းဆိုတဲ့ရည်ရွယ်ချက်ဟာ အကြောင်းဆက်ပေးလိုက်တာ Conditioned ပဲ။ ငှက်ပျောသီးကို မျောက်တစ်ကောင်က တက်ယူတိုင်း ကျန်တဲ့ကောင်တွေကို ရေခဲရေနဲ့ ဖျန်းတဲ့လုပ်ရပ်ဟာ ဒီကောင်တွေအပေါ်ကို punishment ပေးတာပဲ။ (နိုင်ငံရေးလုပ်တဲ့ကျောင်းသားကို မမိတာနဲ့  ထောက်လှမ်းရေးက ကျန်ခဲ့တဲ့သူ့ မိသားစုတွေကို နှိပ်စက်သလိုပေါ့..။) ဒီအခါမှာ ရေခဲရေနဲ့ ဖျန်းခံရတဲ့ကောင်တွေက ငှက်ပျောသီးတက်ယူတဲ့ကောင်ကို မဆီမဆိုင် ၀ိုင်းဆော်ကြနှက်ကြတယ်..။ ဒီအခါကြမှ… ရေခဲရေနဲ့ ဖျန်းတာကို ရပ်ပစ်တာက Negative Reinforcement….။ (နိုင်ငံရေးလုပ်တဲ့သူကို အရပ်က ၀ိုင်းကျဉ်လာအောင် စစ်အစိုးရ အာဏာပိုင်တွေ ဖိအားပေးသလိုမျိုး)။
ဒီလိုနဲ လှောင်အိမ်ထဲကို နောက်မှ ၀င်လာတဲ့ မျိုးဆက်သစ်မျောက်တွေကလည်း (ရေခဲရေနဲ့ အဖျန်းမခံရဦးတော)့… ငှက်ပျောသီး တက်ယူတဲ့ကောင်ကို ဘုမသိဘမသိ ဆော်ကြနှက်ကြ။ အဆုံးမတော့ ဒီမျောက်တွေဟာ… နောက်ဆုံးရလဒ်အဖြစ် ”ငှက်ပျောသီးနဲ့ ဆော်ပလော်တီးခံရခြင်း” ဆိုတဲ့ အသိကို ဆက်စပ် သင်ယူရရှိသွားတော့တာပဲ (behavioral change)...(ဖက်ဒရယ် စကားလုံးကြားယုံနဲ့  ထောင်ရယ်၊ ရေကြည်အိုင်ရယ်ကို တွဲမြင်သွားကြသလိုမျိုး)။
ဒါကတော့ အခြားသော စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှု နဲ့  brain wash လုပ်တဲ့နည်းတွေလို စိတ်ပညာသဘောတရားတွေကို တလွဲအသုံးချတတ်ကြတဲ့ ဥပမာပေါ့..။ ဒါပေမယ့်လည်း ဒီ အပြုအမူဆိုင်ရာ သီအိုရီတွေဟာ အခြားသော လူမှုရေးနယ်ပယ်အားလုံးမှာ မသိမဖြစ်ကို အရေးပါနေတယ်ဆိုတာကို သတိပြုဖို့ ပါ..။ မိမိဘ၀ သာယာပျော်ရွှင်ဖို့ မှာ ဒီစိတ်ပညာသဘောတရားတွေကို သိမြင်ထားခြင်းဟာ အသုံးတည့်လှတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ reinforcers, punishment, extinction တွေက အနမတဂ္ဂ ရှိနေတာလည်းမမေ့နဲ့ ပေါ့ ။ ဒဂုံတက္ကသိုလ်က စိတ်ပညာပါမောက္ခ ဆရာကြီးတစ်ယောက် သူ့ မိန်းမကို ခပ်နောက်နောက်ပြောသလိုပေါ့…"ဟ..မိန်းမရ…ဆေးလိပ်တိုတွေ အနှံ့ချထားတာက reinforcement အတွက်ကွ” တဲ့..။ အနီးဆုံးဥပမာကတော့ ဖွဘုတ်ပေါ်က "Like""Share""Block""Comment"တွေပေါ့...
လူနဲ့ ပတ်သက်တဲ့အကြောင်းခြင်းရာမှန်သမျှမှာ စိတ်ပညာဟာ အခြေခံကျကျ ပါနေတယ်ဆိုတာကို နားလည်စေဖို့ ပါ။ ” စိတ်ပညာ (psychology) ကို ယူရင် ဂေါက်နေတယ်ပြောခံရမှာကြောက်လို “့ဆိုတဲ့ ညီငယ်တစ်ယောက် အတွက်…