Quantcast
Viewing all articles
Browse latest Browse all 1811
↧

Social Vulnerability

ဒီခေါင်းစဉ်ကို ၂ ပိုင်းခွဲရရင် ပထမစကားလုံး “social” ဆိုတာ “လူနဲ့ ပတ်သက်သော” ပေါ့၊ ဒါပေမယ့် “vulnerability” ဆိုတဲ့စကားကြတော့ မြန်မာစကားတစ်ခွန်းထဲနဲ့ ခြုံငုံမိအောင်အဓိပ္ပါယ်ပြန်ဖို့ခက်တယ်ထင်မိတယ်။ vulnerability ရဲ့ မူရင်း လက်တင်စကားလုံး “vulnerare” က “ထိခိုက်ဒဏ်ရာရတာ (to be wounded)” ဆိုတော့ “ထိခိုက်ပျက်ဆီးလွယ်မူ”လို့ ပြန်ရင်သင့်မလားပဲ။ ဒီတော့ “Social Vulnerability” ဆိုတာ “လူမှုရေးထိခိုပျက်ဆီးလွယ်မှု “ လို့ ဘာသာပြန်လိုက်ရင် ဖြစ်နိုင်မယ်ထင်တယ်။

ထိခိုက်ပျက်ဆီးလွယ်မှု Vulnerability ဆိုတဲ့အကြောင်းအရာ ကိုယ်တိုင်က အင်မတန်ကျယ်ဝန်းလွန်းလို့ ပါရဂူ ကျမ်းအစောင်စောင် ပြုစုရတဲ့ ဘာသာရပ်ပဲ။ ဒါကိုပဲ…. လူနဲ့ ပတ်သက်တဲ့အကြောင်းအရာအားလုံးပါဝင်တယ်ဆိုတဲ့ social စကားလုံးနဲ့ ထပ်ပြီးချဲ့ လိုက်တော့ ဒီ အကြောင်းအရာ social vulnerability ဆိုတာ မဂ်တရား၊ဖိုလ်တရားလို ကျယ်ဝန်းတဲ့ ပညာရပ်ကြီးတစ်ခုဖြစ်လာတာပဲ…။ ဒါကြောင့်ပဲ ဒီအကြောင်းအရာကြီးကို ပြောဆိုတာဟာ “ဆင်ခေါင်းခွေးမချီနိုင်” ပေါ့လေ..။ ဘယ်လိုပဲ ဖြစ်ဖြစ်…နာဂစ် နှစ်ပတ်လည် နီးလာတာ၊ လူမျိုးရေး၊ ဘာသာရေး၊ ပဋ္ဋိပက္ခတွေရယ်၊ လက်နက်ကိုင်တိုက်ပွဲတွေ နဲ့  အဝေးပြေးကားမီးလောင်လို့ ခရီးသည်တွေသေကြေရတာ၊ မလေးလေယဉ်ပျက်ကျတာ၊ ကိုရီးယားသဘောင်္နစ်မြုပ်လို့ ကလေးတွေသေရတာ စတဲ့ သတင်းတွေကိုဖတ်မိတော့ ဒီ social vulnerability ဆိုတဲ့ အကြောင်းအရာက ခေါင်းထဲရောက်လာတာပဲ..။

ဒီ အကြောင်းအရာဟာ သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှု (disaster management) နယ်ပယ်က ဖြစ်တဲ့အတွက် အရင်ဦးဆုံး ဘေးအန္တရာယ် (disaster) ဆိုတာဘာလဲ နားလည်ဖို့ လိုလာတယ်။ အလွယ်ကူဆုံး အဓိပ္ပါယ်ဖွင့်ဆိုမှုကတော့ ဘေးအန္တရယ်ဆိုတာ ရပ်ရွာ (community) က ကိုင်တွယ်ဖြေရှင်းနိုင်တဲ့စွမ်းရည်ထက် ကျော်လွန်သွားတဲ့… ရပ်ရွာရဲ့ လူမှုစီးပွားအခြေအနေကို ၀င်ရောက်နှောင့်ယှက်တဲ့… ရန်စွယ်တစ်ခု (သို့ ) Shock တစ်ခုပေါ့။ ပညာရပ်ဆိုင်ရာစကားနဲ့ ပြောရရင် “ထိခုက်ပျက်ဆီးလွယ်မှု (vulnerability)” နဲ့  “ရန်စွယ် (hazard)” တွေ့ ဆုံတဲ့အခါ “ ဘေးအန္တရာယ် (disaster) “ ကျရောက်လာတယ်ပေါ့..။ Hazard x Vulnerability = Disaster ပေါ့။

ဒီနေရာမှာ မြန်မာစကား ဘေးအန္တရာယ် (disaster) နဲ့ ရန်စွယ် (hazard) ကို ကွဲဖို့ လိုတယ်…။ လူ့ အဖွဲ့ အစည်းကို မထိခိုက်သေးသမျှ့ ရန်စွယ် (hazard) အဆင့်ပဲရှိတယ်..။ အဲ…ထိခိုက်လာပြီဆိုရင် (ဥပမာ- လူတွေသေကုန်တာ၊ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးကုန်တာ..စသဖြင့်) ဘေးအန္တရာယ် (disaster) ဖြစ်လာတော့တာပဲ..။ ဒါ့ကြောင့် လူသူမရှိတဲ့ တောကြီးတောင်ကြီးထဲမှာ ငလျင်လှုပ်တာဟာ လူ့ အဖွဲ့ အစည်းကို မထိခိုက်သမျှ “ရန်စွယ် (hazard)” ပဲ “ဘေးအန္တရာယ်(disaster)” မဟုတ်ဘူးပေါ့။ နာဂစ်မုန်တိုင်းဟာ သူ့ ဟာသူ ပင်လယ်ထဲမှာ လေဖိအားအတက်အကျတွေနဲ့ ရှိနေစဉ်မှာ ရန်စွယ်(hazard) ဖြစ်ပေမယ့် ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ပြီး အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးတဲ့အခါမှာ ဘေးအန္တရာယ် (disaster) ဖြစ်လာတော့တာပဲ။

ဒီနေရာမှာ ဖြစ်ပွားရတဲ့အကြောင်းရင်းကို မူတည်ပြီးတော့ ဘေးအန္တရာယ်တွေကို အမျိုးအစားခွဲတာက ၁) သဘာဝ ဘေးအန္တရာယ် natural disaster ဥပမာ- နာဂစ်၊ဆားစ်ရောဂါ၊ ချင်းပြည်နယ်မှာကြွက်တွေဖျက်တာ စသဖြင့်.. ၂) လူလုပ်ဘေးအန္တရာယ် man-made disaster ဥပမာ- ကချင်ပြည်နယ်က လက်နက်ကိုင်တိုက်ပွဲတွေ၊ ရခိုင်က အဓိကရုဏ်းတွေ စသဖြင့်။ ဒါကြောင့်ပဲ မိမိတို့ ပတ်ဝန်းကျင်မှာ၊ အိမ်တွင်းအိမ်ပြင်မှာ ဘေးအန္တရာယ် (disaster) အဆင့်ကို တက်လာမယ့် ဘေးရန်တွေ (hazard) ဟာ သဘာဝအလျောက်ရော၊ လူ့ ပယောဂ ကြောင့်ရော မျိုးစုံရှိနေနိုင်တာကို သတိပြုဖို့ လိုတယ်။ ဘုရားဟောတဲ့ “အနိစ္စ၊ဒုက္ခ၊အနတ္တ” ဆိုတဲ့ လက္ခဏာရေးသုံးပါးကိုနှလုံးသွင်းစရာပေါ့...။

ဒီနေရာမှာ လူတော်တော်များက မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ် နည်းတဲ့နိုင်ငံလို့ တလွဲ ထင်မြင်ကြတာကို သတိပြုဖို့ ။ တကယ်က ရာသီဥတုမျိုးစုံ၊ ပထ၀ီဝင်အနေအထားမျိုးစုံ၊ ကမ်းရိုးတန်းသုံးဆစ်ချိုးနဲ့ ဆိုတော့ သဘာဝရန်စွယ်တွေ (natural hazard) တွေကလည်း များလှသောင်းသောင်းပါပဲ။ ဒီအထဲမှာမှ လူမျိုးစုံ၊ဘာသာစုံ၊ ယဉ်ကျေးမှုမျိုးစုံ ရှိနေတာ့ ပဋ္ဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့်ဖြစ်တဲ့ လူလုပ် ဘေးအန္တရာယ်တွေပါ ရှိနေတာ မမေ့နဲ့ ပေါ့။ ဒါကြောင့် ကမ္ဘာ့ဘေးအန္တရာယ်အဖြစ်များဆုံးတိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံပါဝင်နေတာပဲ။

ဒါဖြင့်ရင်…သဘာဝဘေးအန္တရာယ်ကျရောက်တာခြင်းအတူတူ အချို့ က ပျက်ဆီးမှုနည်းပြီး အချို့ ကပျက်ဆီးဆုံးရှုံးမှုအဆမတန်ဖြစ်နေတာဘာကြောင့်လည်းမေးစရာဖြစ်လာတယ်။ ကျရောက်လာတဲ့ သဘာဝဘေးအန္တရာယ်ရဲ့ ပြင်းအား (intensity) နဲ့ ထိခိုက်ပျက်ဆီးလွယ်မှု (vulnerability) မူတည်ပြီးကွဲပြားသွားကြတယ်လို့ ဆိုရမှာပဲ..။ ဥပမာ- နယူးအော်ရီလန်းပြည်နယ်ကို ၀င်မွှေသွားတဲ့ ကက်ထရီနာ မုန်တိုင်းဟာ နာဂစ်ထက်တောင် ပြင်းအားများတာပဲ။ ဒါပေမယ့် လူအသေအပျာက်က ထောင်ဂဏန်းပဲရှိခဲ့တယ်။ နာဂစ်မှာ လူသိန်းချီသေခဲ့တယ်။ အမေရိကန်က ချမ်းသာတဲ့နိုင်ငံဆိုတော့စီးပွားရေးဆုံးရှုံးမှု (economic loss) မှာ မြန်မာလိုဆင်းရဲတဲ့နိုင်ငံထက် တော့ မြင့်တာပေါ့လေ..။ ဒါပေမယ့် မြန်မာ့ဆုံးရှုံးမှုဟာ ကြုံရတာနဲ့ မတန်တဆ ဖြစ်လွန်းတယ် (Disproportionately)။

ဒီနေရာမှာ ထိခိုက်ပျက်ဆီးလွယ်မှု “vulnerability” ဘာလဲ ဘယ်လဲက အရေးကြီးလာတယ်။ ထိခိုက်ပျက်ဆီးလွယ်မှု မြင့်လေလေ ပျက်ဆီးဆုံးရှုံးမှုများလေလေကိုး…။ vulnerability အမျိုးအစားတွေထဲကမှ social vulnerability လူမှုရေးထိခိုက်လွယ်မှု ဆိုတာက လူနဲ့ လူ့ အဖွဲ့ အစည်းကို မူတည်ပြီးစဉ်းစားတာ။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ဆိုတာ တကယ်က သဘာဝအလျောက်ဖြစ်တာမဟုတ်ဘူးလို့ ”Natural disasters are not natural” ဆိုကြတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ လူမှုရေးတည်ဆောက်ချက် social construct ပါပေါ့..။ တနည်းအားဖြင့် သဘာဝဘေးအန္တရာယ်တွေအကြောင်းကို လူမှုရေးဆိုင်ရာ အကြောင်းအချက်တွေပေါ်မူတည်ပြီးပဲစဉ်းစားရမယ်လို့ ဆိုလိုက်တာပဲ။ လူ မှုစီးပွား (socio-economic welbeings) ကို မထိခိုက်သေးသရွေ့  ဘေးအန္တရာယ် လို့ မှမသတ်မှတ်နိုင်တာကိုး…။

ဒီလို လူမှုရေးထိခိုက်ပျက်ဆီးလွယ်မှု (Social Vulnerability) ကို ဖွင့်ဆိုရှင်းပြဖို့ အားထားကြတာတွေထဲမှာ ထင်ရှားတာတွေုက ၁) Risk-Hazard (RH) Model နဲ့ 2) Pressure and Release (PAR) Model ပဲ။

RH model အရ ဘေးရန် (hazard) ကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်မှု (impact) ဆိုတာ ဒီဘေးရန်ကိုထိတွေ့ ပတ်သက်နေနေမှု (exposure) နဲ့ တုံ့ ပြန်နိုင်စွမ်း (sensitivity) တို့ ရဲ့ ထုတ်လုပ်ချက်ပါတဲ့။ (Hazard==> Exposure X Sensitivity ==>Impact )။ ဥပမာဆောင်ရရင် - နယူးအော်ရီလန်း နဲ့ လပွတ္တာပေါ့။ ဒီမြို့ နှစ်ခုစလုံးဟာ ပင်လယ်နဲ့ ကပ်နေတဲ့မြို့ တွေ။ မြေနိမ့်ဒေသ (low land areas) တွေမှာရှိနေတဲ့မြို့ တွေ။ ဒါကြောင့် မုန်တိုင်းနဲ့ နပမ်းလုံးရဖို့  “exposure” များတဲ့မျြိ့ တွေပဲ။ ဒါပေမယ့် မုန်တိုင်းဝင်လာရင် (မုန်တိုင်းပြင်းအား အတူတူဖြစ်စေဦး) နယူးအော်ရီလန်းဟာ “တုန့် ပြန်ကာကွယ်နိုင်စွမ်း (sensitivity)” ပိုမြင့်တော့ “ထိခိုက်မှု (impact)” မှာ လပွတ္တာထက် ပိုနည်းပါး သက်သာသွားတယ်လို့ ဆိုလိုတာပဲ။ ဒီ model မှာ “Vulnerability ထိခိုက်လွယ်မှု” ဆိုတာဟာ “ဘေးရန် (hazard)” မှအပ ကျန်တဲ့အကြောင်းအချက်သုံးခု “exposure, sensitivity and impact” တို့ အပြန်အလှန်အကျိုးပြုရင်းဖြစ်ပေါ်နေတဲ့ ရလဒ်လို့ ဆိုလိုတာပါပဲ။ ဒါပေမယ့်လည်း “exposure, sensitivity and impact” ဆိုတဲ့ ပညတ်တွေ ကို ဒီမော်ဒယ်က အကြမ်းဖျဉ်းပဲရှင်းပြထားနိုင်တယ်ဆိုတာကိုတွေ့ ရမယ်။

ဒါကြောင့် ဒီအားနည်းချက်ကို ကျော်လွှားဖို့  Pressure and Release (PAR) Model နဲ့  လူမှုရေးထိခိုက်လွယ်မှုကို ရှင်းပြဖို့ အားထုတ်လာကြတယ်။ ဒီ PAR မော်ဒယ်အရ ဘေးအန္တရာယ် (disaster) ဆိုတာဟာ “လူမှုစီးပွားဖိအားတွေ (socio-economic pressure)” ရယ် “ဘေးရန်နဲ့ ရုပ်ပိုင်းထိတွေ့ ပတ်သက်မှု” (physical exposure) တို့ ရယ်ကြောင့်ထွက်လာတဲ့ ရလဒ်ပေါ့။ တအားဖိထား (pressure) ရာကနေ လွှတ်ပေး (release) လိုက်တော့ ပေါက်ကွဲထွက်လာတယ် (disaster) ဆိုတဲ့သဘောမျိုး။ [[လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းလိုပေါ့..ဤကား စကားချပ်]] :D။

အသေးစိတ်ရရင်တော့ လူမှုစီးပွားဖိအားတွေဆိုရာမှာ ၁) ရင်းမြစ် အကြောင်းတရားတွေ root causes ရယ် ၂) ဖိအားအဟုန်တွေ dynamic pressure ရယ် ၃) လုံခြုံမှုကင်းမဲ့တဲ့ အခြေအနေများ unsafety conditions ဆိုပြီး ခွဲခြားပြတယ်..။

ရင်းမြစ်အကြောင်းများ root causes ဆိုရာမှာ အဓိကအားဖြင့် စီးပွားရေဆိုင်ရာ (economic) ၊ လူဦးရေဆိုင်ရာ (demographic) နဲ့ နိုင်ငံရေးဆိုင်ရာ (political) ဖြစ်စဉ်တွေ (process)ကိုဆိုလိုတာပါ။ ဒီဖြစ်စဉ်တွေဟာ သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းအတွင်း ရင်းမြစ်ခွဲဝေသုံးစွဲမှုနဲ့ ဖြန့် ဖြူးမှု (resource allocation and distribution) အပေါ်ကို အကျိုးသက်ရောက်စေတာကိုး။ ဥပမာ- စစ်တွေနဲ့ ရန်ကုန်ဟာ မြို့ တော်ချင်းအတူတူ၊ ပင်လယ်ဆိပ်ကမ်းမြို့ ချင်းအတူတူဖြစ်ပေမယ့် ရန်ကုန်လို နေရာဟာ စီးပွားရေးအရ၊ လူဦးရေ သိပ်သည်းမှုအရ ၊ နိုင်ငံရေးအကျိုးအမြတ်အရ အစိုးရက ဦးစားပေးလေ့ရှိသမို့ ရန်ကုန်သားတွေအတွက်ပဲ နိုင်ငံရဲ့ ရင်းမြစ်တွေ (ဥပမာ- နိုင်ငံတော်ဘတ်ဂျက်) ကို ပိုမိုသုံးစွဲတာမျိုး..။ ဒီအခါမှာ ဒီ ၂မြို့ အကြားမှာ ဖွံ့ ဖြိုးရေးမညီမျှမှု (uneven development) ဖြစ်လာပြီး အကျိုးဆက်က အခြေချရွှေ့ ပြောင်းနေထိုင်မှု (migration patterns) တွေဖြစ်လာတော့တာပဲ။ ဒါကို ဒုတိယအဆင့်အနေနဲ့ ဖိအားအဟုန် (dynamic pressure) လို့ ခေါ်တာပဲ။
ဒါရဲ့ နာက်ဆုံးရလဒ်ကတော့ မလုံခြုံတဲ့အခြေအနေများ (unsafe conditions) အောက်မှာ နေထိုင်ရခြင်းပေါ့။ ဆိုလိုတာက ရခိုင်ကနေ ရန်ကုန်ကိုတက်လာတဲ့ ရခိုင်အများစုဟာ ဆင်းရဲသားတွေဖြစ်တဲ့အတွက် ဆင်ခြေဖုံးလိုနေရာတွေမှာနေရမယ်၊လူမျိုး၊ ဘာသာစကားကွဲနေတဲ့အခါမှာ ၀ိုင်းပယ်ခံရမယ် (social exclusion) စသဖြင့် မလုံခြုံမှုတွေကိုကြုံတွေ့ လာရတာကိုဆိုလိုတာပဲ..။ ဒီလို စီးပွားရေးအားဖြင့်၊ နိုင်ငံရေးအားဖြင့်၊ လူမှုရေးအားဖြင့် စသဖြင့်မလုံခြုံမှုတွေ ဖိအားတွေ တိုးတက်ဖြစ်ထွန်းလာတာကို Social Vulnerability လူမှုရေးထိခိုက်လွယ်မှု လို့ ဒီ PAR မော်ဒယ်ကဖွင့်ဆိုရှင်းပြတာပဲ။

လက်တွေ့ ဥပမာနဲ့ ကြည့်ရရင် နာဂစ်ဒေသက လူတွေပေါ့။ ဒီအေရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ရွာတွေတော်တော်များဟာ အင်္ဂလိပ်မြန်မာစစ်ပွဲတွေအပြီးမှာလွတ်လပ်နေသေးတဲ့ အထက်မြန်မာပြည်က အညာသားတွေ ရေကြည်ရာ မြက်နုရာ အောက်ပြည်ကို ရွေ့ ပြောင်းအခြေချရင်းဖွံ့ ဖြိုးလာတာ။့ အသက်မွေးမှုကိစ္စအ၀၀(livelihood reasons) အတွက် (ဥပမာ- မီးသွေးဖုတ်၊ လယ်ထွင်၊ ပုဇွန်ကန်ဖေါ် စသဖြင့်) နဲ့  သဘာဝဘေးရန်အတားအဆီးဖြစ်တဲ့ ဒီရေတောတွေကိုခုတ်ထွင်ကြတယ်။ ဒါ့အပြင်…လူဦးရေးဖိအားကြောင့်ရယ်၊ အသက်မွေးမှုအတွက် ကြောင့်ရယ်…ဒီလူတွေဟာ ပင်လယ်ဘက်ကို တရွေ့ ရွေ့ တိုးလာပြီး မြေနိမ့်ဒေသတွေမှာ အခြေချနေထိုင်လာတာပဲ။ တချိန်တည်းမှာပဲ အစိုးရအဆက်ဆက်ရဲ့ လွဲမှားတဲ့ ပေါ်လစီတွေ၊ ပြည်တွင်းစစ်တွေ ကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရဲ့ လူမှုစီးပွားအခြေအနေတွေဟာ ဆိုးသထက်ဆိုးလာခဲ့တယ် ((Economic, Social & Political Process ==>dynamic pressure as migration patterns==> unsafe conditions))။ ဒီလိုလူမှုရေးထိခိုက်လွယ်မှု (social vulnerability) မြင့်နေတဲ့လူ့ အဖွဲ့ အစည်းဟာ သဘာဝဘေးရန် (hazard)နဲ့  တွေ့ ကြတဲ့အခါမှာ့ နာဂစ် လို ဘေးအန္တရာယ်ကြီးဖြစ်ပွားလာတော့တာပါပဲ။

ဒါကြောင့်ပဲ ကနေ့ ခေတ်မှာ ထိခိုက်လွယ်မှု vulnerability နဲ့ ဆင်းရဲမွဲတေမှု poverty ကို အပြန်အလှန်ယိုင်းပင်းနေတဲ့ အမွှာမိစ္ဆာ နှစ်ကောင် twin evils အဖြစ်ရှုမြင်လာကြပြီး ဘေးအန္တရာယ်စီမံခန့် ခွဲရေးနဲ့ (disaster management) ဆင်းရဲမွဲတေမှုလျော့ချရေးလုပ်ငန်းတွေ poverty reduction ကို ဖက်စပ်လုပ်ကိုင်လာကြတယ်။ ဖွံ့ ဖြိုးအောင်လည်းလုပ် ဘေးအန္တရယ်လည်းလျော့ချ ဆိုတဲ့ နှစ်လမ်းသွား double track approach ပေါ့။ ရာသီဥတုပြောင်းလဲမှု (climate change) နယ်ပယ်မှာဆိုရင် ဖွံ့ ဖြိုးရေးလုပ်ငန်းတွေဟာ climate smart ဖြစ်ရမယ်ဆိုတာ ဒီသဘောပဲ။ ဒါကို ရပိုင်ခွင့်အခြေပြု ဖွံ့ ဖြိုးရေးလို့  မြန်မာလို ပြန်ရင်ရကောင်းမယ့် Rights based approach မှာတော့ လူမှုအကာအကွယ်တွေ Social Protections နဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေကို လျော့ပါးအောင်လုပ်လာကြတယ်..(climate change adaptation)..။ ဒါကို Adaptive Social Protections ဆိုပြီး လူမှုရေးထိခိုက်လွယ်မှု social vulnerability ကိုလျော့ချတဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖေါ်ကြတာပဲ။

ဒီလို စီမံခန့် ခွဲမှုတွေ ထိရောက်စေဖို့ အချို့ သော ချမ်းသာတဲ့နိုင်ငံကြီးတွေမှာဆိုရင် Social Vulnerability Index ဆိုတာကို တစ်နိုင်ငံလုံးအတွက် တည်ဆောက်ထုတ်ပြန်ထားကြလေ့ရှိတယ်။ သုတေသန တစ်ခုအဆိုအရလည်း ဘေးအန္တရာယ်လျော့ချရေးမှာ ၁ ဒေါ်လာမြှုပ်နှံရင် ဖွံ့ ဖြိုးမှုရန်ပုံငွေ ၄ ဒေါ်လာကို စုဆောင်းပြီးသားဖြစ်တယ်တဲ့။ မြန်မာလို ဆင်းရဲတဲ့နိုင်ငံအတွက်ကတော့ ဘေးရန်မြေပုံ hazard map ဆိုတာတောင် ပြည်နယ်နဲ့ တိုင်း အကုန် မပြုစုနိုင်သေးတော့ social vulnerability index ဆိုတာ ဝေးနေသေးတာပါဘဲ..



Athenian Ahnyarthar
↧

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...


ဂျူနီယာဝင်း -ဒေါက်တာဂျက်ကဲလ် နှင့် မစ္စတာဟိုက်


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ်...


မိုးဇေညိမ်း ဘာလဲ ဘယ်လဲ ??


ဝေရှောက်ကမ်း ဘယ်ရောက်သွားပြီလဲ


အိမ်တွင်း နတ်အတွက် အိမ်တွင်း အုန်း ထားသင့် မထားသင့်


Windows 10 19H1 Airlock Premium v4 Permantly Activated 2019 (x64)


ပဲပိုးတီ စိုက်ပျိုးနည်း


၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>