ဘာလချောင်ကြော်က စတယ်ပဲ ဆိုပါတော့....
ဒီနေ့ ကျောင်းကပြန်ရောက်တာစောတော့ ညနေစာဟင်းချက်ရင်း ...
တလက်စထဲ နောက်ရက်တွေလည်းစားရအောင် ဘာလချောင်ကြော်တွေပါ ကြော်ထားလိုက်တယ်...
ဘာလချောင်ကြော်တွေ ကြော်ရင်း... ကျနော့်အတွေးတွေက ဗိုလ်လောင်းဘဝကို ပြန်ရောက်သွားတယ်....
စစ်ကိုင်းနဲ့ ပြင်ဦးလွင်ဆိုတာက သိပ်မဝေးတော့ ဗိုလ်လောင်းဘဝ (၅)နှစ်လုံးမှာ နှစ်လကို တစ်ခေါက်လောက်တော့ မေမေက ကျနော့်ဆီ ဧည့်တွေ့လာဖြစ်ပါတယ်....
"မလာပါနဲ့မေမေရာ သားလည်းအစစအရာရာအဆင်ပြေနေတာပဲ"လို့ပြောထဲကြားက မေမေကတော့ နေ့ချင်းပြန်ဧည့်တွေ့ပုံမှန်လာရင်း.. "သားစားဖို့မေမေကိုယ်တိုင် ကြော်ထားတာ"ဆိုပြီး သူလက်ရာ ဘာလချောင်ကြော်တွေပါ သယ်လာပေးတဲ့ သားတစ်ယောက်အပေါ်ထားတဲ့ မေမေ့မေတ္တာနဲ့ သံယောဇဉ်ကို သတိရမိပါတယ်... အဲ့ဒီတုန်းက မေမေ့လက်ရာနဲ့ အခုကျနော့်ဘာလချောင်ကြော်လက်ရာ ကတော့ ဆီ နဲ့ ရေ ပါပဲ... ကိုယ်တိုင်ဟင်းတွေချက်မိတဲ့အခါ မွေးကတည်းကချက်ကျွေးလာတဲ့မေမေ့ကိုလည်း လက်တွေ့ကိုယ်ချင်းစာမိပါတယ်....
ဒါနဲ့ ..ဆက်စပ်ပြီး မှတ်မိပါသေးတယ်.... စတုတ္ထနှစ်ဗိုလ်လောင်းဘဝတုန်းကပေါ့...
ဧည့်တွေ့လာတဲ့ မေမေ့ကို ကျနော် outpass ပြန်ဝင်ခါနီးမှာ ကားဂိတ်ထိပြန်လိုက်ပို့ရင်း
"မေမေ... သားမေ့တော့မလို့ဗျာ.... ဒါက ဒီနှစ်ထွက်တဲ့ သားတို့ ကျောင်းမဂ္ဂဇင်းပဲ... အဲဒီထဲမှာ ကျော်စည်သူ(ရွာသစ်ကြီး) ဆိုတဲ့ ကလောင်နာမည်နဲ့ သားရေးထားတဲ့ "တာဝန် နဲ့ ဝတ္တရား"ဆိုတဲ့ခေါင်းစဉ်နဲ့ ဝတ္ထုတိုတစ်ပုဒ်ပါတယ်... အမေတစ်ယောက်နဲ့ သားတစ်ယောက်ကြားမှာရှိတဲ့ ဝတ္တရားဆိုတာနဲ့ သားဖြစ်သူက တပ်မတော်သားဖြစ်နေတော့ တပ်မတော်သားဘဝမှာ ကြုံတွေ့ရတဲ့ တာဝန် ဆိုတာကို နှိုင်းယှဉ်ဖော်ပြ ရေးထားတဲ့ ဝတ္ထုတိုလေးပါ ... မေမေ ဖတ်ကြည့်နော်... "ဆိုပြီး မေမေ့ကို မဂ္ဂဇင်းစာအုပ်လေး ပေးလိုက်တော့...
"အင်းပါသား... မင်း ဖေဖေလည်း ဝန်ထမ်း၊ မေမေလည်းဝန်ထမ်းတွေမို့ မင်းရေးထားမယ့် တာဝန်တွေ ဝတ္တရားတွေအကြောင်းကို မေမေတို့က နားလည်ပြီးသားပါ... အဲဒါတွေကို မေမေတို့နားလည်ပေးနိုင်လို့လဲ သားကို ဗိုလ်လောင်းတက်ခွင့်ပြုလိုက်တာပေါ့ .. ဘာမှနောက်ဆံမတင်းနဲ့ ဆက်ကြိုးစားသား"ဆိုပြီး အားပေးစကားပြန်ပြောသွားတဲ့ မေမေ့ကို ပြောစရာစကားရှာမရအောင် ရင်ထဲက ကျေးဇူးတင်ရင်း ဝမ်းသာဝမ်းနည်း ခံစားခဲ့မိပါသေးတယ်....
ကျနော့်ဆီကို မေမေဧည့်တွေ့လာတိုင်း ဖေဖေကတော့ ထုံးစံအတိုင်း သူ့တာဝန်နဲ့မို့ကျနော့်အတွက် အားတက်စေမယ့် စာရှည်တစ်စောင်အဖြစ်နဲ့ပဲ ပါလာစမြဲပါ.... တခါတရံမှာ စာလုံးပေါင်းသက်ပုံမမှန်တဲ့ ပဲပင်ပေါက်လက်ရေးလေးနဲ့ မြေးအတွက်ရေးထားတဲ့ အဘွားရဲ့ စာတစ်စောင် နဲ့အတူ ဝိုင်းစက်နေတဲ့ လက်ရေးနဲ့ ညီမလေးရဲ့ စာတစ်စောင်ကလည်း ပါလာတတ်ပါတယ်....
တကယ်တမ်း ပြန်တွေးကြည့်လိုက်ရင်.....
ဗိုလ်လောင်းစတက်ကတည်းက အခုချိန်ထိ ကျနော်ဟာ ... မိသားစုဝင်တွေထဲမှာ နံရံမှာချိတ်ဆွဲထားတဲ့ဓါတ်ပုံအဖြစ်နဲ့ပဲ အိမ်မှာအမြဲရှိနေခဲ့တာပါ...
တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေပေမယ့် သားတစ်ယောက်အနေနဲ့ ဝတ္တရားတွေ ကျေပွန်အောင် ခုထိတော့ ဘာတစ်ခုမှ မလုပ်နိုင်ခဲ့သေးဘူး....
တကယ်တော့ ကျနော်တို့ စစ်မှုထမ်းတွေမှမဟုတ်ပါဘူး တခြား နိုင်ငံဝန်ထမ်းတွေရဲ့ ဘဝတွေဆိုတာလည်း ဒီလိုပါပဲ...
ထားပါတော့... ဘာရယ်မဟုတ်ပါဘူးဗျာ... ကျနော်ဒီနေ့ ဘာလချောင်ကြော်ရင်းက အိမ်ကို သတိရသွားလို့ပါ ...
ဘယ်သူတွေဘယ်လိုပဲပြောနေပါစေ.... တကယ်တမ်း ကျနော်တို့တွေ ပိုင်တာကလည်း ဒီလိုအရာရာကို "သတိရတမ်းတနေခြင်း"တွေပဲဆိုတာ သက်ဆိုင်သူတွေကလွဲလို့ ဘယ်သူနားလည်မှာလဲဗျာ ....
ကျော်စည်သူ (ရွာသစ်ကြီး)
— ဒီနေ့ ကျောင်းကပြန်ရောက်တာစောတော့ ညနေစာဟင်းချက်ရင်း ...