Quantcast
Viewing all articles
Browse latest Browse all 1811

လွမ်းလောက်လို့လား ... အပိုင်း (၆)

၆ ။ ၁၉၈၄-ခု……..။ ကျမတို့ တက္ကသိုလ်တက်ကြတဲ့ အချိန်မှာ မင်းခန့်ဇော်က ရန်ကုန်စက်မှု တက္ကသိုလ် ( Rangoon Institute of Technology -အဲဒီ ခေတ်က RIT လို့ ခေါ်ပါတယ် ) မှာ တက်ခွင့်ရခဲ့ပါတယ် ။ ကျမတို့ မိန်းကလေး သုံးယောက်နဲ့ ကိုကြီးခိုင်ကတော့ ရိုးရိုးမေဂျာဖြစ်တဲ့ ရူပဗေဒ ဘာသာရပ်ကို တက်ခွင့်ရခဲ့တယ်လေ ။


အဲဒီ အချိန်မှာ ကျမရဲ့ အိမ်က လှိုင်မြို့ နယ်ကို ပြောင်းတဲ့ အတွက် ကျမ တစ်ယောက်ထဲ ရန်ကုန်တက္ကသိုလ် ( လှိုင်နယ်မြေ - RC 2 ) မှာ သွားတက်ခဲ့ရတယ် ။ ကိုကြီးခိုင်ရယ် ၊ ကေသီရယ် ၊ နီလာရယ်က ကြည့်မြင်တိုင် နယ်မြေ ( အဲဒီ ခေတ်က RC ( 3 ) ) မှာ တစ်စုထဲ တက်နေခဲ့ ကြပါတယ် ။

ကျမတက်ရတဲ့ RC-2 က သိပ်ချစ်စရာကောင်းတဲ့ တက္ကသိုလ်မြေပါ ။ ပန်း နီနီရဲရဲလေးတွေ ပွင့်ဝေနေတဲ့ စိန်ပန်းပင်လေးတွေက အ၀ါရောင် စာသင်ဆောင် သီရေတာတွေရှေ့ မှာ ခပ်စိပ်စိပ်လေးတွေ ပေါက်နေလေရဲ့ ။ ဒီကျောင်းလေးမှာ နှစ်နှစ်တာ တက်ရမယ် ဆိုတဲ့ အသိက ကျမကို ပျော်ရွှင်ကြည်နူးစေပါတယ် ။

ကျမ ပထမနှစ်ကို စပြီး တက်ရတော့ တူး / ဆဲဗင်း ( အဆောင် ၇ ၊ အခန်း ၂ )လို့ ခေါ်တဲ့ တစ်ထပ် အုတ်အဆောင်လေးမှာပါ ။ RC-2 ထဲကို စ, ၀င်လာတော့ ပထမဆုံး တွေ့ ရတဲ့ ကျောင်းသားရေးရာ အဆောင်ရဲ့ ဘေးကနေ ဆက်ပြီး လျှောက်လာရင် ညာဖက်ခြမ်းမှာ ကျမတို့ရဲ့ စာသင်ဆောင်လေးတွေက စီပြီး ရှိနေပါတယ်။ အဆောင် တစ်ခုမှာ စာသင်ခန်းနှစ်ခု ခွဲပေးထားတယ် ။

ကျမတို့ ဘေးက အဆောင်မှာ အင်္ဂလိပ်စာ မေဂျာ ( E-major ) သမားတွေ တက်ရပါတယ် ။ အဲဒီအချိန်က ပထမနှစ်ဝက်ကို စတက်ရတာ ဒီဇင်ဘာလ ။ ရာသီဥတုက အေးမြနေသလို ကျောင်း စ တက်ရတဲ့ ကျမတို့ ကျောင်းသူ၊ ကျောင်းသား အသစ်တွေကလည်း ရင်ခုန် တက်ကြွစွာနဲ့ပါ ။

ကျမ ပထမဆုံး ကျောင်းသွားတဲ့ နေ့က တက်ရမဲ့ စာသင်ဆောင်ကို ရှာတွေ့ ချိန်မှာတော့ မျက်လုံး ၀ိုင်းရပါတော့တယ် ။ ကျောင်းသူသစ်တွေ တက်မဲ့ အဆောင်မို့လို့ စီနီယာ ကျောင်းသားကြီးတွေက ကော်ရစ်တာမှာ ဘယ်ညာ စီပြီး ရပ်နေကြလေရဲ့ ။ ဘုရား…။ ကျမတော့ ဘယ်နည်းနဲ့မှ အဲဒီကြားထဲက ဖြတ်မလျှောက်ရဲတာ အသေအချာ ။ အဲဒီ လူအုပ်ကြားက ဘယ်လိုအင်အားနဲ့ ဖြတ်လျှောက်ပြီး သွားရပါ့မလဲလို့ တွေးနေရင်း ကျမ လက်ဖျားတွေတောင် အေးလာတယ်။

တစ်ယောက်ထဲ စိတ်ပျက်လက်ပျက် ရပ်နေမိချိန်မှာ ယုမီချို လို့ ကျမနံမည်ကို ခေါ်သံကြားလို့ ၀မ်းသာအားရ လှည့်ကြည့်မိတော့ ကိုသန့်ဇင်ကို တွေ့ လိုက်ရပါတယ် ။ သူ့ ကို မမျှော်လင့်ပဲ တွေ့ လိုက်ရတာ ကျမအတွက်တော့ ဧရာမ ကယ်တင်ရှင်ကြီး မိုးပေါ်က ဆင်းလာသလိုပဲ ။

တက်ရမဲ့ အဆောင်ကို ရှာ တွေ့ ပြီလား လို့ မေးတော့
ဟိုမှာ လို့ လက်ညှိုးထိုးပြမိတယ် ။ အဲဒီ အဆောင်ဖက်ကို လှမ်းကြည့်ရင်း ကိုသန့််ဇင်က ကျမရဲ့ အခြေအနေကို သဘောပေါက်သွားပုံ ရပါတယ် ။ ကျမကို ကြည့်ရင်း သူ့ မျက်နှာက ရီချင်သလို တော်တော်လည်း သနားသွားတဲ့ပုံပဲ ။

“ ကျနော် လိုက်ပို့ပေးရမလား ” လို့ မေးတော့ စိတ်လိုလက်ရနဲ့ သဘောတူလိုက်မိတာပေါ့နော် ။ နောက်တော့ ကျမတို့ အတန်းရှိတဲ့ အဆောင်ဖက်ကို တည့်တည့် လျှောက်လာခဲ့ကြပါတယ် ။ ၀ိုင်းပြီး ကြည့်နေတဲ့ မျက်လုံးပေါင်းများစွာက ကျမကို တုန်ခိုက်စေတာကို သဘောပေါက်ပုံရတဲ့ ကိုသန့်ဇင်က ဟန်မပျက်အောင် စကားတွေ အများကြီး ပြောနေပေမဲ့ ကျမကတော့ အလိုက်သင့်သာ ခေါင်းငြှိမ့်နေခဲ့တာ ။ ဘာတွေပြောနေမှန်းကို မသိခဲ့ဘူး ။

အတန်းရှေ့က ကော်ရစ်တာကို ခြေချမိတယ် ဆိုရင်ပဲ တဖြောင်းဖြောင်းနဲ့ ၀ိုင်း တီးလိုက်ကြတဲ့ အားပေးမှု လက်ခုတ်သံတွေကြောင့် လန့်ဖျတ်သွားပြီး ကျမရဲ့ လှမ်းလက်စ ခြေလှမ်းတွေ ရုတ်ကနဲ တန့်သွားမိပါတယ် ။ အခြေအနေကို ချက်ခြင်းသဘောပေါက်လိုက်တဲ့ ကိုသန့်ဇင်က ရီမောရင်း ကျမကို စောင်းကြည့်တယ်လေ ။ နောက်တော့ အတန်းထဲကို ရောက်တဲ့အထိ ပို့ပေးပြီး သုံးတန်းမြောက် ခုံတန်းရှည်တစ်ခုမှာ ကျမနဲ့ အတူတူ ၀င်ထိုင်ပေးပါတယ် ။ ကျမကတော့ အတူ လိုက်လာပေးတဲ့ ကိုသန့်ဇင်ကို ကျေးဇူးတင်ပေမဲ့ လူအများရဲ့ မြင်ကွင်းမှာ သူနဲ့အတူ ရှိနေရတာကို စိတ် ရှုပ်နေတာ အမှန်ပါပဲ ။

ထိုင်ဖို့ နေရာရသွားပြီးချိန်မှာတော့ ကိုသန့်ဇင်ကို ကျေးဇူးတင်ပါတယ်နော်။ ထားခဲ့လို့ ရပါပြီ လို့ ဟန်မဆောင်နိုင်ပဲ ပြောလိုက်တော့ သူ ရီပါတယ် ။ ပြီးတော့ ကိုယ် ပြန်မှာပါ ။ အားငယ်နေမှာစိုးလို့ ……..ဆိုပြီး အတန်းထဲက ပြန်ထွက်သွားပါတယ် ။

ကျမရဲ့ ဘေးကို ကြည့်မိတော့ ရှပ်အင်္ကျီ စစ်ရောင်လက်ရှည်ကို တံတောင်ဆစ်ရောက်အောင် ခေါက်တင်ပြီး ၀တ်ထားတဲ့ ၊ မျက်လုံးပြူးပြူး နှာတံပေါ်ပေါ် ဘာမှ မချယ်သထားတဲ့ မျက်နှာချိုချိုပိုင်ရှင် ကောင်မလေးနဲ့ မျက်လုံးချင်းဆုံမိပါတယ်။ သူက ကျမရဲ့ စိတ်လှုပ်ရှားနေပုံကို ကြည့်ပြီး ပြုံးပြပါတယ် ။ ကျမလဲ အားပေးမှုပါတဲ့ သူ့အပြုံးကြောင့် စိတ်ကြည်လင်စွာ ပြန်ပြုံးပြမိရင်း နှုတ်ဆက်ကြရာက သူငယ်ချင်းတစ်ယောက် စတင်ရရှိခဲ့ပါတယ် ။ ကျမဘ၀မှာ နောက်ထပ်ရရှိလာတဲ့ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်တဲ့ ချိုနွယ်ဦးပေါ့ ။

နေ့လည်ဖက်မှာတော့ ကျမအတန်းကို မင်းခန့်ဇော် ရောက်လာတယ် ။ သူက ကျမကို တအံ့တသြ ကြည့်ြ့ပီး ရီနေတယ်လေ ။ စိတ်တိုလာတဲ့ ကျမက
“ ဘာကိစ္စနဲ့ ငါ့ကိုကြည့်ပြီး ရီနေတာလဲ” လို့ မေးတော့
“ ခါတိုင်း အဖြူအစိမ်း ကျောင်းဝတ်စုံနဲ့ပဲ တွေ့နေကျဆိုတော့ နင် အခုလို အပြင်အ၀တ် ၀တ်ထားတာ ငါ့စိတ်ထဲမှာ တမျိုးဖြစ်နေတာ ။ တစိမ်း မိန်းကလေး တစ်ယောက်ဖြစ်သွားသလိုပဲ ။ အဲဒါကြောင့် ”……. လို့ ဖြေပါတယ် ။

ဟုတ်တော့လဲ ဟုတ်ပါတယ်။ ကျမတို့ ရင်းနှီးလာခဲ့တဲ့ လေးနှစ်ကျော်ကာလအတွင်းမှာ နေ့စဉ် ကျောင်းဝတ်စုံ အဖြူအစိမ်းနဲ့ပဲ တွေ့မြင်နေကြရာက အခုလို အပြင်ဝတ်နဲ့ တွေ့ကြရတဲ့အခါ စိတ်ထဲမှာ ပြောင်းလဲမှုတစ်ခုကို ခံစားရတာတော့ အမှန်ပါပဲ ။ မနက်က ကိုသန့်ဇင် ကျမဘေးမှာ ရှိနေစဉ်ကလို စိတ် ရှုပ်ထွေးမှုတွေ မခံစားရပဲ လွတ်လပ်ပေါ့ပါးတဲ့ ၊ နှစ်သက်လိုလားတဲ့ ခံစားချက် ဖြစ်နေတာကို ကျမ သိလိုက်ရတယ်။ ပြီးတော့ မောင်က ကျမဘေးမှာ ထယ်ဝါတဲ့ တံတိုင်းကြီး တစ်ခု ဖြစ်လာသလိုလဲ ခံစားလိုက်မိပါတယ် ။

ဘေးမှာ ပါလာတဲ့ ကျမကို စောင်းငဲ့ကြည့်လိုက်တဲ့ မောင့်မျက်ဝန်းအစုံမှာလဲ ရွှင်မြူးရိပ်တွေကို တွေ့ရပြီး နှစ်ယောက်သား ပြိုင်တူ ရီမိပါတယ် ။

ကျမတို့ နှစ်ယောက်တော့ လေပေါ်ကို အတူတူ ပျံဖြစ်တော့မယ် ထင်ပါရဲ့ ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


Khin Chowar Win

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...