Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ထောင်ဝင်စာ

$
0
0


 “ဟဲ့ ဆု  နင်က ဒီမှာ မန်ကျည်းရွက်လာခူးနေတာကိုး ရှာလိုက်ရတာ။ ငါတို့ သဘက်ခါ  အဖေ့ကို သွားတွေ့ကြမယ်တဲ့”
အမောတကောနှင့် အပြေးလာပြောသော ဆု၏ညီမ သဲသဲ ကိုကြည့်၍ ဆုအံ့သြရသည်။


“ ဟုတ်လို့လားဟယ် ဟိုတလောက အမေကြီးပြောတုန်းက အဖေ့ဆီကို သွားဖို့ ပိုက်ဆံ စုရဦးမယ်တဲ့။ အခုတလော နင်မြင်တဲ့အတိုင်း ပန်းခင်းကလည်း ကျနေပြီ တကယ်သွားရမှာသေချာလို့လား သွားရမယ်ဆိုရင်တော့ ပျော်စရာကြီး ဟယ် အဖေ့ကို မတွေ့ရတာလည်း သုံးလတောင် ပြည့်တော့မယ်” ဟု ဆု ၏ ညီမအား ပြန်မေးနေမိပါသည်။

“ နင်မယုံရင် သွားမေးကြည့်၊ ငါ အမေကြီးတို့ ပန်းစီးရင်းပြောနေတာ ကြားတာ၊ ငါပျော်လွန်းလို့ နင့်ကို လာပြောတာ” ဟု သဲသဲက ပြန်ပြောလေသည်။
“ အေး အဲ့ဒါဆို ငါအခုပဲသွားမေးကြည့်လိုက်မယ်” ဆုသည် ခူးလက်စ မကျည်းရွက်ထုတ်အား ယူ၍ အမေကြီးထံသို့ ပြေး မိပါတော့သည်။

အမှန်မှာ ဆုတို့ ညီမ လေးယောက်ဖြစ်ပါသည်။ အမေကြီးဆိုသည်မှာ အဖေ့၏ အမေ ဆုတို့၏ အဖွားဖြစ်သည်။ ရွာတွင် အဖွားအား အမေကြီးဟု ခေါ်ကြပါသည်။ ဆုတို့နွေကျောင်းပိတ်၍ အမေကြီးထံသို့ အလည်လာကြခြင်းဖြစ်ပါသည်။ အမေကြီးသည် သူ၏ တူမနှင့်အတူတူ ရွာတွင်နေပါသည်။ စိန်ခြယ်ပန်း၊ သရက်သီးပေါ်ချိန်ဆိုလျှင် ခြံထဲမှသရက်သီး၊ ဇီးသီး စသည်များကို ရောင်း၍ ရသည့်ပိုက်ဆံလေးအား ချွေတာစားကာ ရသမျှကို စုဆောင်းတတ်ပါသည်။
ပိုက်ဆံကလေး အစဉ်ပြေလျှင် ပြေသလို အဖေ့အား ထောင်ဝင်စာသွားတွေ့လေ့ရှိပါသည်။ ဆုတို့ညီအမများမှာ အမေ့အမေ ဆုတို့အဖွားနှင့် အဒေါ်အပျိုကြီးသုံးယောက်ထံတွင် နေကြပါသည်။ ဆု သူငယ်တန်းတက်သည့်အချိန်တွင် အဖေ နိုင်ငံရေးမှုဖြင့် ထောင် ၁၃နှစ် ကျခဲ့ပါသည်။ ထိုအချိန်တွင် ဆုညီမအငယ်ဆုံးမှာ လသားလေးသာ ရှိပါသေးသည်။

သဲသဲမှာ ထိုအချိန်က မူကြိုတက်နေဆဲသာ ဖြစ်ပါသည်။ အဖေ့အား စီရင်ချက်ချသည့်နေ့တွင် ထောင် ၁၃နှစ်ဟု ကြား ကြားချင်း အမေကြီးမှာ ဆယ်ဘီးကားအောက်ပြေးဝင်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြိုးစားခဲ့ပါသည်။ ထို့ နောက် လူများဝိုင်းဆွဲ၍ အသက်မသေခဲ့ပေ။ နောက်ပိုင်း သူ့သားအား ထောင်ဝင်စာပို့ရန် ကြိုးစားခဲ့ရပါတော့သည်။

ဆု၏ အဒေါ်များနှင့် အဖွားများမှာ ဆုတို့ကို အမြဲအားပေးသောစကား ရှိပါ၏။ ထိုသည်မှာ “ အေး နင်တို့အဖေ ထောင်ကျတာ မသမ္မာမှုမဟုတ်ဘူး၊ ဒါကြောင့် ရှက်စရာအကြောင်းမရှိဘူး မှန်ကန်မှုအတွက် ထောင်ကျရလို့ ဒါကိုဂုဏ်တောင်ယူလိုက် ဦး” စသဖြင့် အမြဲအားပေးတတ်ပါသည်။
အစိုးရမှာ ဆုတို့နေသည့်အိမ်ကို သိမ်းသွားသဖြင့် ဆုတို့တွင် နေစရာအိမ်မရှိပါ။ ရွာမှ အဖေ့အမေ အမေကြီးထံတွင် နေမည်ဆိုလျှင်လည်း ကျောင်းတက်ရဝေးသည့်အတွက် အစဉ်မပြေခဲ့ပါ။ ဆုတို့ အိမ်ဌါးရန်မှာလည်း အလွန်ခက်ခဲခဲ့ပါ သည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးမိသားစုဖြစ်သည့်အတွက် ဆုတို့အား အိမ်မဌါးချင်ကြပါ။

ဆု၏ဦးလေး အမေ့မောင်မှာလည်း ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်ကာ ၈၈ အပြီးတွင် တောခိုသွားပါသည်။ ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းပင်မသိ။ အစိုးရဖမ်းမိ၍ နှိပ်စက်ကာ သတ်လိုက်သည်ဟုလည်း ကြားပါသည်။ ထိုသို့သော မိသားစုအား အိမ်မဌါးရဲကြသည်မှာ လူတွေ၏ အပြစ်ဟုလည်း မဆိုသာ။ လူတိုင်းသူတို့အား အမှုပတ်မည်ကို ကြောက်ကြမည်သာ။
ယခုနွေကျောင်းပိတ်၍ အမေကြီးထံသို့ ဆုနှင့် သဲသဲလာလည်ကြပါသည်။ ဆုတို့ညီအမလေးယောက်လုံး လာနေလျှင် အမေကြီးတွင် ဝန်ပိမည်စိုး၍ ဆု၏ အဒေါ်များမှာ တစ်နှစ် နှစ်ယောက်သာ လည်ခွင့်ပေးထားပါ၏။ ယခုနှစ်မှာ ဆုနှင့်သဲသဲ အလှည့်ဖြစ်ပါသည်။
ဆုရွာသို့ လာလည်လျှင် မန်ကျည်းရွက်သော်လည်းကောင်း သရက်သီးကင်းသော်လည်းကောင်း ခူး၍ ဈေးတွင်အမေ ကြီးနှင့် အတူ လိုက်ရောင်းပါသည်။ ကျောင်းဖွင့်လျှင် စာရေးကိရိယာများ ဝယ်နိုင်ရန်အတွက် ဖြစ်ပါသည်။ ဆုတို့ညီမ လေးယောက်အား ကျောင်းထားရသည်ဆိုသည်မှာ လွယ်သည်မဟုတ်။ သူများအိမ်အောက်ထပ် အခန်းလေး တခန်းထဲတွင် ဌါးနေ၍ အိမ်လခပေးဖို့ရန်ပင် အနိုင်နိုင်ကြိုးစားရပါသည်။

သို့ပါ၍ ဆုတို့အတွက် စာအုပ်ဖိုးလေး ဖာမိလည်း မနည်းဟု တွေးကာ ဆုတို့ ယခုကဲ့သို့ပိုက်ဆံစုကြချင်းဖြစ်ပါသည်။ အိမ်၏ စာဝတ်နေရေး၊ ကျောင်းစရိတ်၊ အိမ်လခ၊ ထိုအရာများနှင့် လုံးလည်လိုက်နေချိန်တွင် အဖေ့အားထောင်ဝင်စာ တွေ့ရန်မှာလည်း အလွန်ပင် ကြိုးစား၍ စုရသောကိစ္စဖြစ်သည်။

ဆုတို့အမြဲတမ်း မသွားနိုင်ပါ။ အဖေ့အတွက် အကြော်အလှော်၊ ကွမ်း၊ နောက်အဖေ့လက်ထဲတွင် ပိုက်ဆံနည်းနည်း လည်း ထည့်ပေးချင်သည်။ အဖေ ထောင်ထဲတွင်လိုအပ်သည့်အခါ သုံးရန်ဖြစ်သည်။ ထိုသို့ ပိုက်ဆံထည့် ပေးရန်မှာ လည်းဆုတို့က ၁၀၀ ပေးချင်လျှင် ပေးပေးမည့် ထောင်ဝန်ထမ်းအားလည်း ၁၀၀ ပေးကာ လဒ်ထိုးရပါသေးသည်။ ထို့အပြင် ထောင်ဝင်စာတွေ့ရန် စာရင်းပေးလျှင်လည်း မြန်မြန်တွေ့ရဖို့အရေး လဒ်ထိုးရပါသေးသည်။
ထိုသို့သော အကြောင်းများကြောင့် အဖေ့အား လွမ်းသောလည်း ဆုတို့ တစ်နှစ် နှစ်ခါ သုံးခါလောက်သာ တွေ့ခွင့်ရပါ သည်။ ယခု သဲသဲပြော၍ ဆုတို့ အဖေတို့ သဘက်ခါသွားတွေ့ခွင့် ရမည်ဆိုတော့ ဆုမပျော်လျှင် မည်သူပျော်မည်နည်း။

“ အမေကြီး၊ အမေကြီး၊ အမေကြီးရေ…………………………” အမောတကော ပြေးလာသော ဆုကိုကြည့်၍ ပန်းစီးနေ သော အမေကြီးမှာ လန့်၍
“ ဟဲ့ ဆု ဘာဖြစ်လာတာလည်း လန့်လိုက်တာဟယ်၊ ထီပေါက်လို့လား၊”
“ မဟုတ်ပါဘူး အမေကြီးရယ်၊ သဲသဲပြောတာ သမီးတို့ သဘက်ခါ ထောင်ဝင်စာသွားတွေ့လို့ရပြီဆို ဟုတ်လား အမေကြီး သမီးက အဖေ့ကိုလွမ်းနေတာ အမေကြီးရဲ့၊ အမေကြီးကို မေးရင် စိတ်မကောင်းမှာစိုးလို့ မမေးတာ” ဆုအမေကြီးအား မောမောနှင့် မေးလိုက်ပါသည်။
“ အေး သွားလို့ရမယ်ထင်တယ်။ အမေကြီးမနက်ဖြန် ပန်းရောင်းတဲ့ပိုက်ဆံလေးနဲ့ ဈေးဝယ်ခဲ့မလား စဉ်းစားနေတယ်။ ထောင်ဝင်စာတခါပို့ရတာလည်းအေ ငါ့သားပေးရတာထက် ဒင်းတို့ကို ပေးနေရတာ။ ငါ့သားမျက်နှာလေး ငါးမိနစ် လောက်မြင်ရဖို့အရေး ဒီမှာလုပ်လိုက်ကိုင်လိုက်ရတာ” စိတ်ပျက်လက်ပျက်နှင့် ပြောနေသော အမေကြီးအား ကြည့်၍ ဆုစိတ်မကောင်းဖြစ်မိပါသည်။ မည်သူ့ကို အပြစ်တင်ရမည်နည်း။

“ အမေကြီးရယ် စိတ်မညစ်ပါနဲ့ အဖေ ထောင်ကထွက်တော့ သမီးတို့ပျော်ရမှာပါ လောလောဆယ် သမီးစုထားတဲ့ပိုက် ဆံလေးလည်း နည်းနည်းရှိပါတယ်။ အမေကြီးလိုရင် ယူသုံးလို့ရတာပဲ” ထိုကဲ့သို့ အမေကြီးအား သနားဂရုဏာသက်စွာ မေးမိပါ၏။
“ အေးပါဆုရယ် မလိုပါဘူး လိုတော့ပြောပါ့မယ် နင်တို့ကျောင်းမှာ လိုတာလေးလည်း သုံးရတာပေါ့။ ငါမလောက်ရင် ပန်းကန်လေး နည်းနည်းလောက် သွားပေါင်လိုက်မယ်။” ဟု အမေကြီး ပြန်ပြောလေသည်။
အိမ်တွင်လည်း အဖေ့ဆီသွားခါနီး ရှိသည့်ပန်းကန်လေးများအား ပေါင်လိုက်၊ နောက်စု၍ ပြန်ရွေးလိုက်နှင့် လုံးလည် လိုက်နေပါတော့သည်။ အမေကြီးကိုလည်း သနားလှပါသည်။ ဖြစ်သမျှအကြောင်းအကောင်းချည်းပေါ့။ ဘယ်တတ်နိုင်ပါ့ မည်နည်း။

“ ဟဲ့ ဆု ဘယ်ရောက်နေလည်း သဲသဲရော ရေစောစောချိုးကြ နေမပူခင်သွားမှဖြစ်မယ်။ စောစောသွားမှ စောစောတန်းစီ လို့ရမှာ ငါဒီမှာအထုတ်တွေ စစ်ထည့်ပြီးရင် ရေလာချိုးမယ် ငါမချိုးခင် နင်တို့ ရေချိုးထားကြ” အမေကြီးမှာ မီးဖိုထဲတွင် ကြော်လှော် ချက်ပြုတ်ရင်း အော်နေပါသည်။
“ အမေကြီး ကြက်ကြော်က မွှေးနေတာပဲနော်။ ငါးကြော်လည်း မိုက်တယ်။ အဖေတော့ ဒီအပတ် သေချာစားရတော့မယ် နော်။ တကယ်တော့ အဖေကမှ သုံးလတခါ လေးလတခါပို့ရင် စားရပါသေးတယ် သမီးတို့မှာတော့ အရွက်ကြော်လေး နဲ့ ငပိရည်နဲ့၊ အသားဆိုတာ တခါ့တလေ ဆိုမှ တခါ့တလေမှ စားရတာပါ။ သမီးတို့ ဘယ်တော့များမှ ပိုက်ဆံရှိမလည်း မသိဘူးနော် အမေကြီး” ထိုကဲ့သို့ ရေရွတ်ရင်း ဆုမေးလိုက်မိသည်။
“ အေး လေရှည်မနေနဲ့ဆု ရေချိုးမယ်ဆို သွားချိုး နင့်အဖေ့ကို သွားပို့တယ်သာဆိုရတာ အကုန်လည်း ရမရ ငါတို့က သိတာမဟုတ်ဘူး။ နင်တို့အဖေ စားရော စားရရဲ့လားတောင် သိတာမဟုတ်ဘူး။ လောလောဆယ် ရေချိုးမယ်ဆို သွားချိုး ချေ။ သဲသဲကိုပါ တခါတည်းချိုးခိုင်း။ ပြီးရင် အဝတ်အစားတခါတည်းလည်း။ သနပ်ခါးလည်း ဖွေးဖွေးလေး လိမ်းဦး နင့်အဖေမြင်တော့ စိတ်ချမ်းသာအောင်” အမေကြီးမှာ အကြော်အလှော်များကို ဘူးများနှင့် သေချာထည့်ကာ ထုတ်ရင်း ပြောနေလေသည်။
“ ဟုတ်ကဲ့၊ အခုပဲ သွားပါပြီ အမေကြီးရဲ့ အဖေ့ကို တွေ့ရမယ်ဆိုတော့ သမီးက ပျော်လွန်းလို့ပါ။ သဲသဲရေ အမေကြီးက ရေချိုးတော့တဲ့ဟေ့” အမေကြီးကို ပြန်ပြောရင်း သဲသဲကိုပါ တဆက်တည်း အော်ခေါ်လိုက်လေသည်။
“ အေး အော်မနေနဲ့ ငါက အဖေနဲ့တွေ့ရမယ်ဆိုလို့ ရေစောစောချိုးထားပြီးပြီ ဒီမှာ သနပ်ခါးလိမ်းနေတယ်။ ကိုယ့်ဟာကိုပဲ ပြီးအောင်လုပ်” သနပ်ခါးလိမ်းရင်း သဲသဲ ပြန်အော်လေသည်။
ဒါနဲ့ ဆုလည်း ရေမြန်မြန်ချိုး သနပ်ခါးလိမ်း အဝတ်အစားလည်းကာ အမေကြီးအတွက်ပါ သနပ်ခါးသွေးထားပေးလိုက် သည်။ ထို့နောက် ဆုတို့မြေးအဖွားသုံးယောက် မနက် ၉နာရီတွင် အိမ်မှစထွက်ခဲ့ကြသည်။ ဆယ်နာရီတွင် ထောင်ဝင်  စာတွေ့ဖို့ စာရင်းစကောက်၍ ဖြစ်သည်။ အမေကြီးမှာ ထီးနှင့် ဆုတို့ညီမနှစ်ယောက်မှာ ဦးထုတ်ကိုယ်စီနှင့်။ နေမှာ အလွန်ပူလှသည်။
ထောင်သို့ နာရီဝက်ကျော်ကျော်လမ်းလျှောက်ရသည်။ မြေးအဖွားများ ဆိုက္ကားမစီးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ဆုတို့ဆိုက္ကားစီးမည့်အစား အဖေ့အား ပိုက်ဆံလေး ပိုပေးနိုင်လျှင်လည်း မနည်းဟု တွက်မိသောကြောင့်ဖြစ်သည်။ ထောင်သို့ရောက်သောအခါ ထောင်ဝန်ထမ်းတဦးဦး ပုံစံတဆယ် စာရွက် လာယူရန်စောင့်ရပါသည်။


ဆယ်နာရီတွင် စယူသည်ဟု ဆိုသော်လည်း တခါတရံ  ဆယ့်နှစ်နာရီထိုးသွားတတ်ပါသည်။ ဆုတို့မှာ ထောင်ထိပ်ဝတွင် အရိပ်မရှိ ဘာမရှိနှင့် နေပူထဲတွင် ရပ်စောင့်ရပါသည်။ ထိုထောင်ထဲမှ စာရွက်လာမယူမချင်း စာရင်းလာမကောက်မချင်း ဆုတို့စောင့်ကြရပါသည်။ ယနေ့ ကံကောင်းထောက်မစွာပင် ဆယ့်တစ်နာရီကျော်တွင် ထောင်ဝန်ထမ်းထွက်လာ ပါ သည်။
ထိုသူကိုမြင်သည်နှင့် အားလုံးတိုးဝှေ့၍ သူ့ထက်ငါ ဦးအောင် စာရွက်တင်ကြရပါသည်။ ထိုပုံစံတဆယ်နှင့် အတူ မှတ်ပုံတင်ပါပေးလိုက်ရပါသည်။ သူတို့ပေးသည့်ဖောင်တရွက်အားလည်း ဖြည့်ရပါသေးသည်။ ထို့အပြင် ဖောင် ဖြည့်ခပိုက်ဆံ ၁၅၀ ပေးရပါသည်။ ထိုဝန်ထမ်းအားလည်း ကိုယ့်ကိစ္စမြန်မြန်ဆောင်ရွက်ပေးရန် ရရချင်း ပြန်လာပေးရန် လက်ဖက်ရည်ဖိုးဟု လှလှပပသုံးကာ ၁၀၀ သော်၎င်း၊ ၁၅၀ သော်၎င်း ပေးရပါသေးသည်။

ထိုပိုက်ဆံ ၁၅၀ ရရန် အမေကြီး မည်မျှ အလုပ်လုပ်ရသည်ကို သူတို့သိကြမည်မဟုတ်ပေ။ အမေကြီးရောင်းသည့် စိန်ခြယ်ပန်းတစီးမှ ၁၀ကျပ်သာ ရပါသည်။ ထိုစိန်ခြယ်ပန်းမှာ မစိုက်ခင် ပျိုးရပါသည်။ ထို့နောက် မြေပေါက်ကာ အခင်းလုပ်၍ စိုက်ရပါသည်။ နေ့တိုင်းရေလောင်းရပါသည်။ ပန်းတခါခူးရောင်းရရန် နှစ်လခွဲ သုံးလတိတိ စောင့်ရပါသည်။ ထိုသည်များ ကို သူတို့မသိ။ လက်ဖက်ရည်ဖိုးဟူး၍ ပေးရသည်မှာ နင့်ကနဲပင် မစားရက်မသောက်ရက်။
ထိုထောင်ဝန်ထမ်း ထွက်သွားပြီးသည်နှင့် အဖေ့အား ဆုတို့တွေ့ရသည်မဟုတ် ထပ်စောင့်ရပါသည်။ ခြေထောက်များမှာ ကျင်၍ တောင့်ပင်တောင့်လှပါသည်။ ညနေ သုံးနာရီခွဲခန့်တွင် ထိုဝန်ထမ်းပြန်လာပါသည်။ ထိုသို့ ပြန်လာသည်နှင့် မပြီးသေး ကိုယ့်နာမည် ပါမပါ တွေ့ခွင့်ရမရ ရင်တထိတ်ထိတ်နှင့် စောင့်ရပါသေးသည်။ တခါတခါ အမြဲဖြည့်နေကျဖောင် ကိုပင် ဟိုဟာလိုသည် ဒီဟာလိုသည်ဆိုကာ ရစ်တတ်ပါသေးသည်။

ထို့နောက် လေးနာရီဝန်းကျင်တွင် အဖေ့အား ဆုတို့တွေ့ခွင့်ရခဲ့ပါသည်။ ထောင်တွင်းသို့ဝင်ရန် ဆယ်မိနစ်ခန့် လမ်းလျှောက်ရပါသည်။ ထို့နောက် ထောင်ထဲတွင် အဖေတို့ မလာမချင်း စောင့်ရပါသည်။ ထောင်ဝင်စာတွေ့သည် ဆိုသည်မှာ တမိသားစုတည်း မဟုတ်ပေ။ မိသားစုအများကြီးဖြစ်သည်။

ရုပ်ရှင်ထဲမှ ပါသကဲ့သို့ သံတိုင်ကြားမှ လက်ကိုင်ဖို့ မဆိုထားနှင့် လက်ချောင်းလေးများ ထည့်ရန်ပင်မလွယ်လှပေ။ ဆုတို့ ထောင်ဝင်စာတွေ့သည့် မိသားစုများမှာတခြမ်း၊ ထောင်သားများမှာ တခြမ်း ကြားထဲတွင် အရမ်းကိုစိတ်သော သံဇကာ နှစ်ချပ်ခြားထားပါသည်။ ထိုတချပ်နှင့်တချပ်ကြားတွင် သုံးတောင်ခန့်ကျယ်ပါသည်။ အဖေနှင့် ဆုတို့မှာ အလွန်အလှမ်း ဝေး လွန်းလှပါသည်။  အော်မပြောလျှင် မကြားရသဖြင့် အော်ပြောကြရပါသည်။ အမေကြီးမှာ စကားပင် မပြောနိုင် သူ့သားကြီးအား ကြည့်၍ မျက်ရည် ဖြိုင်ဖြိုင်ကျနေပါသည်။

ဆုတို့မှာလည်း မလာခင်သာ အားခဲရသည် ရောက်လျှင် စကားပြောရန်ရှာမရပေ။ ခံစားချက်များ ပြင်းထန်လာသည့်အခါ စကားလုံးများနှင့် ပြောင်းပြန်အချိုးကျသည်ဆိုသကဲ့သို့ ဆုတို့ရင်ထဲတွင် စကားလုံးများပြည့်နေသော်လည်း စကားရှာရ ခက်လှပါသည်။ သူများ အဖေ၊ အဖေ နှင့် ခေါ်နေချိန်တွင် ဆုတို့မှာ အဖေခေါ်ဖို့နေနေသာသာ မျက်နှာလေးကြည့်ရန်ပင် ခက်ခဲလှပါသည်။
ထိုကဲ့သို့ တနေ့လုံး စောင့်စိုင်းခဲ့သောထောင်ဝင်စာမှာ “အဖေ နေကောင်းလား။ အဖေ ပိန်သွားတယ်နော်။ သမီးတို့ အမေကြီးဆီ လာလည်တာ။ သမီးတို့အားလုံး စာမေးပွဲအောင်တယ်။ အဖေ့အတွက် ပစ္စည်းတွေက ဟိုမှာပေးခဲ့တယ်။ ပိုက်ဆံတရာလည်း ပေးခဲ့တယ်နော်အဖေ့။ အဖေ့သူငယ်ချင်းတွေအတွက် ဆေးလိပ်လည်း ပါတယ်နော်အဖေ့”
အဖေဆေးလိပ်မသောက်သော်လည်း အဖေနှင့်အတူ ထောင်ထဲတွင် အတူကျနေသည့်သူများ အတွက်အဖေ မှာပေး တတ်သည်။ တချို့မှာ ထောင်ဝင်စာဘယ်တော့မှ လာမတွေ့နိုင်သော အရပ်မှဖြစ်သည်။ ထို့ကြောင့် အမေကြီးမှာ သူ့တွင်မရှိသော်လည်း သားသမီးချင်းကိုယ်ချင်းစာကာ သူတတ်နိုင်သည်များကို ထည့်ပေးတတ်သည်။ သူများအတွက် ပါထည့်ကြော် ပေးလေ့ ရှိသည်။
ထိုကဲ့သို့ အဖေနဲ့ စကားဆယ်ကြောင်းမပြည့်ခင် ငါးမိနစ်ခန့်တွင် အချိန်စေ့သွားပါပြီဟု မကြားချင်ဆုံးသောအသံကို ကြားလိုက်ရသည်နှင့် ဆုတို့မှာ ချက်ချင်းဆိုသလို ပြန်ထွက်ခဲ့ကြရပါသည်။ “ အမေကြီးရယ် တနေ့လုံးမောကြီးပန်းကြီး နေပူထဲမှာ စောင့်လိုက်ရတာ အဖေ့ကိုတွေ့ရတော့ ခဏလေးရယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ အေးလေ ဘာဖြစ်ဖြစ် မျက်နှာလေးတော့ မြင်လိုက်ရတာပဲလေ နှော့” စသဖြင့် ကျိတ်မနိုင်ခဲမရ ပြောနေမိသည်။

“အေးလေ နောက်တခေါက်သွားဖို့ မနက်ဖြန်ကစပြီး ပြန်စုရဦးမှာပေါ့ ဆုရယ်” ဟု ပြောသော အမေကြီးအား သနားမိပါ သည်။ ဒါပေမယ့် ဆုဘာများ တတ်နိုင်မည်နည်း။ ဒါဆုတို့မိသားစုသာမဟုတ် အခြားအားလုံးသော ထောင်ဝင်စာတွေ့ ကြရမည့် မိသားစုတိုင်း၏ ကြိုးစားအားထုတ်မှုပင် မဟုတ်ပါလား။
ယခုတော့ အဖေလည်း ထောင်မှလွတ်ပြီ။ အမေကြီးလည်း ဆုံးသွားရှာပြီ။

ယခု နိုင်ငံရေးအတွက် ထောင်ကျသည် ကြား လျှင်  အရင်ဆုံး ပြေးမြင်မိသည်မှာ ကျန်ခဲ့သည့်မိသားစုပင် ဖြစ်သည်။ သောကတွေတသီကြီးနှင့်အတူ ထောင်ဝင်စာတွေ့ ရန်မည်မျှ ခက်ခဲနေမည်နည်း စသဖြင့်တွေးရင်း မျက်ရည်လည်မိသည်။ အမေကြီးကိုလည်း လွမ်းမိသည်။
ကြိုးစားပါဦးမည်။

ချစ်ခင်လေးစားလျှက်

ချစ်ပါးလုံး (Chitpalone)
 https://www.facebook.com/notes/myat-soe/%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%84%E1%80%B9%E1%80%85%E1%80%AC/674576249274842 မှ ကူးယူဖော်ပြပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>