(၁)
"ဘာလဲဟဲ့ ဥပဒေ "
"ဘာလဲဟဲ့ လောကဓံ "လို ဥပဒေကို ခပ်မာမာ စိန်ခေါ်လိုက်တာ မဟုတ်ပါဘူး။ ဥပဒေဆိုတာ ဘာလဲလို့ မေးလိုက်ခြင်းပါဗျာ။ မသိနားမလည်လို့လဲ မေးလိုက်ရတာပါ။ ဟုတ်တယ် ခုတလော ဥပဒေဆိုတာကြီးက အသံတွေ ခဏခဏ ထွက်နေတာ မဟုတ်လား။ ဒီတော့ ဥပဒေဆိုတာ ဘာလဲလို့ ကျွန်တော်လဲ စပ်စုကြည့်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ စပ်စုလိုက်တယ်ပေါ့ဗျာ။
ပြီးတော့ ပတ်ဝန်းကျင်နယ်ပယ်မှာ ဂွကျကျ မတော်တရော်၊ မတော်မတည့်တွေ မြင်တွေ့လာရတော့ ဒါဟာ ဥပဒေနဲ့များ ဆက်စပ်နေသလားဆိုပြီး ဖွင့်ချကြည့်လိုက်တာပါ ခင်ဗျာ။
(၂)
ပါဋ္ဌိမှာတော့ ဥပ-ချဉ်းကပ်၍၊ ဒေသ-ရွတ်ဆိုခြင်း၊ ဥပဒေသ-ကောင်းသောနည်းညွှန်ချက်လို့ ဆိုပါတယ်။ ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်မှာလဲ "ကောင်းသောနည်းညွှန်ချက်၊ အတည်ပြုထားသော စည်းမျဉ်း "လိုဆိုထား ပါတယ်။
ဆိုတော့ကာ ဥပဒေဆိုတာ စည်မျဉ်း၊ ကောင်းသာအရာတွေ၊ ကောင်းသော လုပ်ဆောင်ချက်တွေဖြစ်ဖို့ ထိန်းချုပ်လမ်းညွှန်ချက်ပေါ့။
စည်းမျဉ်းဆိုရာကရော ဘယ်သူတွေထုတ်လို့ ဘယ်သူတွေ လိုက်နာရပါသလဲ။ ထုတ်တဲ့သူတွေက စည်းမျဉ်းကို လိုက်နာပါရဲ့လား။ တခြားသူလိုက်နာဖို့ ထုတ်တဲ့ စည်းမျဉ်းတွေများ ဖြစ်နေရော့သလားလေ။
မြန်မာ့ရာဇ၀င်ကို လှန်လောကြည့်လိုက်တော့ ဘုရင်မြတ်တစ်ပါးကို သွားတွေ့မိတယ်။ ရခိုင်ဘုရင်မြတ်တစ်ပါးပေါ့။ နန်းတော်ထဲမှာ ကွမ်းစားတဲ့ မှူးကြီးမတ်ရာတွေ များလေသတဲ့။ သူတို့ ကွမ်းစားတဲ့အခါ ကွမ်းရွက်ကို ထုံးတို့ပြီးစားသတဲ့။ လက်မှာပေနေတဲ့ ထုံးတွေကို နန်းတော်ရဲ့ တိုင်လုံးတွေမှာ သုတ်သတဲ့လေ။ ဒီတော့ နန်းတော်နဲ့ ထုံးပေရာတွေက ဘယ်လိုမှ အမြင်မတင့်တော်တော့ဘူး။
ဒီအခါ ဘုရင်မင်းမြတ်က ထုံးမသုတ်ရ(အမိန့်(သို့) စည်းမျဉ်း) လို့ထုတ်တယ်။ ထုံးသုတ်တဲ့သူ၊ ထုံးသုတ်တဲ့ လက်ညှိုးက ဖြတ်စေ(ပြစ်ဒဏ်)ဆိုပြီး အမိန့်ထုတ်တယ်။ (ယနေ့ခေတ်ကာလမှာလဲ ဒီလိုအမိန့်များတောင် ထုတ်ဖို့သင့်လေရဲ့။ စည်းမဲ့ ထွေးတဲ့ ကွမ်းတံတွေး ပါးစပ်တွေကို တစ်လတိတိ ပါးစပ်ကိုချုပ်ပစ်တဲ့ ပစ်ဒဏ်ပေးဖို့ သင့်တယ်။ ကိုယ်မစားတော့ ပြောအား ရှိတာပေါ့)။
တစ်နေ့ ဘုရင်ကိုယ်တော်မြတ်ကိုယ်တိုင် ကွမ်းယာစားစဉ် ယောင်မှားပြီး တိုင်ကို ထုံးသုတ်မိလေ တယ်။ အဲဒီမှာတင် ဘုရင်မင်းမြတ်က သူထုတ်တဲ့ အမိန့်(စည်းမျဉ်း)ကို သူအမှတ်ရပြီး သံလျက်နဲ့ မိမိလက်ညှိုးကို ဖြတ် (ပြစ်ဒဏ်ခံ)လေသတဲ့။ တကယ့်လေးစားစရာ ဘုရင်ကိုယ်တော်ပါပဲ။
(၃)
"ဆိုင်ကယ်စီးလျှင် နှစ်ဦးထက်ပိုမစီးရ၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းပါ "
ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စည်းကမ်းပါပဲ။ ကိုယ့်အသက်အန္တရာယ်အတွက် လိုအပ်လို့ထုတ် ထားတဲ့ အမိန့်ဆိုလျှင်လည်း မှားမယ်မထင်ပါဘူး။ အဲ ဒီအမိန့်ကို မလိုက်နာရင်တော့ လောလောဆယ် ကိုယ့် အသက်အန္တရာယ်ကို ထိခိုက်မှာ ဖြစ်သလို ဥပဒေချိုးဖောက်ခြင်းရဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်က ပါလာတော့မှာ ပါပဲ။
သို့သော် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါဆိုတာက ဆိုင်ကယ်စီးသူ အားလုံးကို ဆိုလိုတာပါ။ ဥပဒေကို မလိုက်နာတဲ့သူတွေကို ဖမ်းတဲ့ ယာဉ်ထိန်းရဲလဲ ပါဝင်ပါတယ်။ ယာဉ်ထိန်းရဲလဲ ဦးထုပ်ဆောင်းရပါ တယ်။
ထို့အတူ ကြီးကြပ်ကန့်သတ်ထားတဲ့ နေရာ တစ်ခုဆိုပါစို့။ ထိုနေရာကို ၀င်တဲ့ အပေါက်(ဂိတ်)မှာ ၀င်၊ ထွက်သွားလာတဲ့သူတွေကို စစ်ဆေးနိုင်ဖို့ ပြုလုပ်ကြရပါတယ်။ ပြီးတော့ "ဆိုင်ကယ်မစီးရ၊ ဆင်းတွန်းပါ"ဆိုတာမျိုးကို တွေ့ရတတ်ပါတယ်။ ဒါမှလဲ စစ်ဆေးရလွယ်ကူမှာပါ။
သို့သော်ငြားလည်း ထိုဥပဒေစည်းမျဉ်းဟာ ရာထူးသေးငယ်တဲ့သူတွေကို ရည်ရွယ်ပြီး ထုတ်ထားတဲ့ ဥပဒေမဖြစ်ရပါဘူး။ ရာထူးသေးငယ်တဲ့ သူတွေက ဂိတ်မှာ ဆိုင်ကယ် ဆင်းတွန်းပြီး သွားလာချိန် ရာထူးခပ် ကြီးကြီးသမားကို "၀ရော.."ဆိုပြီး ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ အဖြစ်မျိုးကို ကျွန်တော့် ပတ်ဝန်းကျင်မှာ တော့မြင်တွေ့ နေရတတ်ပါတယ်။
ဥပဒေဆိုသည်မှာ အားလုံး(အားလုံး)အတွက် သာပါ။ ဒီတော့ကာ အားလုံး လိုက်နာရမှာပါ။
မီးပေါ့ဆမှုကြောင့် မီးလောင်ပြီဆိုရင် ပေါ့ဆတဲ့သူကို ဥပဒေအရ အရေးယူနိုင်ပါတယ်။ မီးပေါ့ဆသူဟာ လယ်သမားဖြစ်ဖြစ်၊ ၀န်ထမ်းဖြစ်ဖြစ်၊ သူဌေးကြီးဖြစ်ဖြစ်၊ တရားသူကြီးဖြစ်ဖြစ်၊ ၀န်ကြီးဖြစ်ဖြစ် ပေါ့လေ။ ဒီအတိုင်းပါပဲ အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို ပါးရိုက်လဲ လက်ရောက်မှုပါပဲ၊ (အဲ ကိုယ့်ဘက်က မှန်ရဲ့သားနဲ့ ခံရတာကို ဆိုလိုတာပါ)။ အထက်လူကြီးက အောက်လက်ငယ်သားကို ပါးရိုက်တာ လဲ လက်ရောက်မှုပါပဲ။ (မသိနားမလည်လို့ ဆုံးမတာလို့ ပြောလို့မရပါ)။
(၄)
မြို့နယ်တစ်ခုရဲ့၊ ရပ်ကွက်တစ်ခုမှာ မီးလောင်မှုဖြစ်ပါတယ်။ မီးငြိမ်းသတ်ပြီး မီးစလောင်တဲ့ အိမ်က ပိုင်ရှင်ကို တရားစွဲပါတယ်။ ပိုင်ရှင် ထောင်ကျပါတယ်။ သို့သော် ပိုင်ရှင် ထောင်ထဲမရောက်ပါဘူး။ သူ့အိမ်က အလုပ်သမားသာ ထောင်ထဲရောက်ပါတယ်။
သူပြောတာကတော့ "ကိုယ်စား "တဲ့လေ။
ကျွန်တော်တို့ရဲ့ ဘာသာတရားမှာတော့ ကုသိုလ်အမှု၊ အကုသိုလ်အမှုကို ပြုသူကိုယ်တိုင်သာလျှင် ခံကြရတာပါ။ ကိုယ်စား ခံခိုင်းတယ်၊ ခံရတယ်လို့ မရှိပါဘူး။ ဒါဟာ မှန်ကန်သော သစ္စာတရားကြောင့်ပါ။
မှန်ကန်တဲ့ ဥပဒေ၊ နည်းလမ်းကြတဲ့ ဥပဒေတွေမှာ ကိုယ်စား ဆိုတာ မရှိသလို၊ ကျောသားရင်သား ခွဲခြားခြင်းဆိုတာမရှိပါဘူး။ သို့သော်လည်းပဲ လူတွေရဲ့ ကလိန်ကကျစ်ဥာဏ်တွေကြောင့် ဥပဒေဟာ လက်တစ် လုံးခြားလုပ်ခံရတယ်၊ ဥပဒေဟာ အသုံးချခံရတော့တာပါပဲ။
တစ်ခါတခါမှာလဲ ဥပဒေဟာ နာမည်ကိုအလွှဲသုံးစားလုပ်ခံရုံသာမက အမည်ပြောင်းခြင်းကိုပါ ခံလိုက်ရ ပါတယ်။
တစ်ခါတုန်းက အင်ဂျင်နီယာတစ်ယောက်ဟာ ငွေအလွှဲသုံးစားမှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရ ပါတယ်။ သို့သော်လည်း သူ့ကို ထောင်ထဲမှာ မြင်ရခဲလှပါတယ်။ အပြင်လောကမှာပဲ ကျင်လည်ကျက်စားနေ တာကို မြင်တွေ့ရပါတယ်။ အပြင်လောကမှာ ကြားသိရတာကတော့ သူက ပိုက်ဆံရှိတယ်။ ထောင်ပိုင်ကို ပေးကျွေးထားတယ်။ ထောင်ထဲမှာ နေစရာမလို၊ အလုပ်လုပ်စရာမလို၊ အပြင်လောကမှာသာလျှင် စီးပွားရေး လုပ်တယ်။ ပြီးတော့ ထောင်ကို ပြန်ကြည့်တယ်ပေါ့လေ။ လိုအပ်တာတွေကူညီဖြည့်ဆည်းပေးတယ်ပေါ့။
ဒီဖြစ်စဉ်ကိုကြည့်ရင်း ကျွန်တော်စဉ်းစားမိတာက ဥပဒေဟာ အမည်ပြောင်းသွားတယ် ဆိုတာပါပဲ။ ဥပါဒ်-ကျရောက်လာတဲ့ ဥပါဒ်ဘေးအန္တရာယ်တွေကို၊ ထေ-ကာလိုက်ခြင်း၊ ဖာထေးလိုက်ခြင်း၊ ပြုပြင်လိုက်ခြင်း ဖြစ်တဲ့ "ဥပထေ "အဖြစ် ပြောင်းသွားတာပါ။
ဒါကတော့ ကျွန်တော်ဥာဏ်မိသလောက်ကလေး တွေးကြည့်မိတာပါ။
(၅)
ဥပဒေကို ကျွန်တော်နားလည်သလို ပြောရရင်တော့ စောင့်ထိန်းမှု၊ အများအတွက် မထိခိုက်စေလိုမှု အတွက် ထုတ်ပြန်ထားတဲ့ စည်းမျဉ်းလို့ ထင်ပါတယ်။
ဆိုပါစို့ အရက်မူးသမားတစ်ယောက်။ သူ့ပိုက်ဆံရှိလို့ သူပါးစပ်နဲ့ သူသောက်တာ ပြဿနာမရှိပါဘူး။ ပြီးတော့ ကိုယ့်အခန်းထဲမှာကိုယ် မူးလို့ အန်ချင်အန်မယ်၊ ဆဲချင်ဆဲမှာပေါ့ ဒါလဲ ပြဿနာ မရှိပါဘူး။ သို့သော် ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်ပြီး ရပ်ကွက်ထဲ မူးပြီး ရစ်မယ်၊ ရန်စမယ်၊ ဆဲမယ်ဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘာလို့လဲဆိုရင် ဒါဟာ အများကို နှောင့်ယှက်ထိခိုက်လာလို့ပါပဲ။
ဒီတော့ မူးယစ်ရမ်းကားမှုဆိုတဲ့ ဥပဒေနဲ့ ညှိစွန်းသွားပါပြီ။ ဥပဒေရဲ့ နောက်မှာ ပြစ်ဒဏ်ဆိုတာကလဲ ပါလာပြီးသားဆိုတော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရတော့မှာပါပဲ။
ဟုတ်ပါတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်သာပင် ဖြစ်ပါတယ်။
တစ်ခါတခါမှာ အပြစ်နဲ့ ပြစ်ဒဏ်မမျှတာတွေကို တွေ့မြင်ကြရမှာပါ။ ဒါဟာ ဥပဒေဆိုတာနဲ့ ကိုင်ပေါက် ပြီး မတော်မတရား ခံစေတာ၊ ဥပဒေကို လက်တစ်လုံးခြားလုပ်၊ ဥပဒေပေါ် ခွစီးပြီး လုပ်ကြံလိုက်တဲ့ ပြစ်ဒဏ်တွေသာ ဖြစ်ပါတယ်။ ဒီအခါ ဥပဒေဟာ မျှတခြင်း မရှိတော့သယောင်ဖြစ်သွားပါတယ်။ တကယ်တမ်း ကတော့ ဥပဒေကို ကြိုးကိုင်တဲ့ သူတွေရဲ့ စိတ်အားနည်းချက်လို့ ဆိုရမှာဖြစ်ပါတယ်။
ပြီးတော့ ဥပဒေလို့ ဆိုလိုက်တာနဲ့ တရားသူကြီးတွေ၊ ရှေ့နေတွေကို ပြေးပြီးမြင်ယောင်မိပါတယ်။ ရှေ့နေတွေ၊ တရားသူကြီးဆိုတာ ဥပဒေကို နောကျေအောင် လေ့လာထားရသူတွေ မဟုတ်လား။ ဒီတော့ ရှေ့နေတွေ၊ တရားသူကြီးတွေရဲ့နှုတ်ဖျားမှာ တစ်ခါတခါ ဥပဒေဆိုတာ တည်နေတတ်ပါသေးတယ်။
ရှေ့နေတစ်ဦးရဲ့ လျှောက်တင်ချက်ဟာ အမှန်ဖြစ်ရဲ့လား။ ဥပဒေရဲ့ညီရဲ့လား။ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကရော မျှတမှုရှိရဲ့လား၊ သမာသမတ်ဖြစ်ရဲ့လား။ အရေးကြီးတာက ထိုသူတွေရဲ့ စိတ်တွေဟာ ဥပဒေအတိုင်း ဖြေင့်မတ်နေပါရဲ့လား။
နောက်ဆုံးတော့ ဥပဒေကို ထုတ်ပြန်တဲ့သူတွေရယ်၊ ဥပဒေကို လိုက်နာနေထိုင်ရသူတွေရယ်၊ ဥပဒေအတိုင်း ဆုံးဖြတ်ပေးနေရသူတွေရယ် အားလုံး အားလုံးဟာ စည်းကမ်း၊ စည်းမျဉ်းတွေကို အလေးထား ရမှာဖြစ်သလို၊ ကိုယ့်ဥပဒေကိုယ်လဲ ပြဋ္ဌာန်းရဲရမှာပေါ့။ စိတ်ရဲ့ ကောင်းသောလမ်းညွှန်ချက်တွေ မှန်ကန်နေရ မှာပေါ့။
(၆)
ခေတ်တွေ စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေ လူတွေဟာလဲ ပြောင်းလဲလာကုန်ကြပါတယ်။ ဒီလိုပြောင်းလဲခြင်းဟာ ကောင်းသောဘက်ကို ဦးတည်နေတယ်ဆိုရင်တော့ ကိစ္စမရှိလှပေမယ့် မှားယွင်းသော လမ်းကြောင်းဘက် ပြောင်းလဲပြီဆိုရင် ဆိုးခေတ်၊ ဆိုးစနစ်တွေကို ခံစားရတော့မှာပါ။
ဒီလို ခေတ်ဆိုး၊ စနစ်ဆိုးတွေကို ထိန်းသိမ်းဖို့ဆိုရာမှာ ဥပဒေက အရေးပါလှပါတယ်။ အရေးပါလှတဲ ဥပဒေကိုယ်တိုင် မှားယွင်းနေပြီဆိုရင်တော့ ဥပဒေဆိုတာကို ကျွန်တော်ပြောလိုက်ချင်ပါတယ်။
"ဗျို့ ဥပဒေကြီး ခင်ဗျားလဲ အမျိုးသမီးတွေလို လှဖို့ ပဖို့အတွက် မှန်တင်ခုံရှေ့ထိုင်သလို ခင်ဗျားလဲ မှန်တင်ခုံရှေ့ ထိုင်ဖို့ လိုနေပြီ။ ခင်ဗျား မျက်နှာကို လှပအောင် ပြင်ဆင်လိုက်ဦးဗျာ "လို့သာ။
******************
မောင်ပိုင်
၁၂-၆-၂၀၁၄။ — with Khin Soe Lwin and 28 others.