စင်္ကာပူရောက်စမှာ ထူးခြားတဲ့ဝိသေသတစ်ခုကို သတိပြုမိတယ်။ မြန်မာပြည်က ဘုရားသွား ကျောင်းတက် သက်ကြီးရွယ်အိုအရွယ် စင်္ကာပူလူမျိုး ဘိုးဘွားတွေဟာ စားသောက်ဆိုင်မှာ သန့်ရှင်းရေး၊ အမှိုက်လှည်း၊ စားပြီးသားပန်းကန်တွေသိမ်းတဲ့အလုပ်ကို လုပ်နေကြတာ သတိထားမိတယ်။ တစ်ချို့တွေက သူများသောက်ပြီးသား ဘီယာ၊ အချိုရည် သတ္တုဗူးခွံတွေလိုက်ကောက်တယ်။ အသိတစ်ယောက်ကတော့ စပ်စပ်စုစုမေးလို့ သူတို့တစ်နေ့ဝင်ငွေဟာ စားနိုင်သောက်နိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုတယ်။
ကိုယ့်မျက်စိထဲမှာ မြင်နေမကျဘူး။ မြန်မာပြည်မှာလည်း သက်ကြီးရွယ်အိုတွေ ချို့ချို့ငဲ့ငဲ့ အလုပ်လုပ်နေကြတာ ရှိပါတယ်။ စင်္ကာပူမှာ ကြောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုများဟာ ကွန်မြူနတီစန်တာတွေမှာ အလုပ်လျောက်နိုင်တယ်။ စားသောက်ဆိုင်၊ အိမ်ယာသန့်ရှင်းရေး စတဲ့ လစ်လပ်နေရာများကို စင်တာက ရှာပေးတယ်ဆိုတယ်။ တစ်ချို့သိတတ်တဲ့ တတ်နိုင်တဲ့ သားသမီးများက သက်ကြီးစောင့်ရှောက်ရေး ဌာနတွေကို ပို့ပေး၊ လစဉ်ထောက်ပံ့ကြေး ပေးတတ်ကြတယ်။
စင်္ကာပူလို ချမ်းသာတဲ့၊ ပညာတတ်တဲ့နိုင်ငံမှာ နိုင်ငံသား သက်ကြီးရွယ်အိုတွေ ဘာကြောင့်များ ဒုက္ခရောက်နေရသလဲ စဉ်းစားမိတယ်။ သူတို့ဘာလို့ ဒီလိုဖြစ်နေရသလဲ။ ပညာမတတ်ခဲ့လို့လား။ မချိုးမချန် မိုက်ဇာတ်ခင်းခဲ့လို့လား။ တစ်သက်လုံး အလုပ် လုပ်ခဲ့သမျှ စားနိုင်သောက်နိုင်ရုံ အပြင်မပိုလျံလို့လား။ သားသမီးတွေကရော မထောက်ပံ့လို့လား။ သံယောဇဉ် မေတ္တာတရားခေါင်းပါးလို့လား။ စသည့် အကြောင်းအရာအားလုံး တစိတ်တဒေသ ပါဝင်နိုင်ပါတယ်။ စင်္ကာပူဟာ စာရိတ်ကြီးတယ်။ ဝင်ငွေထွက်ငွေ မျှတရုံပဲရှိတယ်။ ပညာမတတ်ရင် အလုပ်မကောင်း၊ အလုပ်မကောင်းရင် ဝင်ငွေမကောင်းနိုင်။ တိုးတက်တဲ့နိုင်ငံဖြစ်တာနဲ့အညီ လိုအပ်တဲ့၊ လိုချင်တဲ့ ရုပ်ဝတ္ထုပစ္စည်းပေါင်းများစွာ၊ အသုံးချချင်စဖွယ် ငွေထွက်လမ်းတွေလည်း လက်တစ်ကမ်းမှာ၊ မဖြစ်မနေကုန်ကျနေမယ့် စရိတ်တွေကလည်း လစဉ်တောင်းခံနေမှာပါ။ ရေတွင်းက ရေငင်စရာမလို၊ တုံငင်လည်း ဆွဲစရာမလို၊ ဖရောင်းတိုင်၊ ဆီမီးလည်း ထွန်းစရာမလို၊ ထင်းခွေစရာလည်းမလို၊ ဥယာဉ်လည်းပျိုးစရာမလိုတဲ့ နိုင်ငံပါ။ ဗားလှည့်လိုက်ရင် ရေကျလာမယ်။ ခလုပ်နှိပ်လိုက်ရင် မီးလင်းလာမယ်။ မက်ဂနက်ထောက်လိုက်ရင် ဂစ်မီးတောက်မယ်။ အိမ်ယာသန့်ရှင်းရေး၊ မြက်ဖြတ်ပန်းစိုက်မယ့်သူတွေ အဆင်သင့်။ အတော်အထင်ကြီးစရာကောင်းတဲ့ မြို့ပြလူနေမှုစနစ်နဲ့ စီမံခန့်ခွဲမှုကောင်းတွေပါပဲ။ အဲ့ဒီအတွက် ကိုယ်ပြန်ပေးဆပ်ရမှာကတော့ ငွေကြေးပါပဲ။ ငွေပေးနိုင်ဖို့ အလုပ်ရှိရမယ်။ သို့မဟုတ် ဝင်ငွေရလမ်း၊ စုဆောင်းငွေ တစ်မျိုးမျိုးရှိနေရမယ်။
ဒီဝင်ဆောင်မှုတွေမလိုချင်ဘူး၊ ငွေလည်းမရှိဘူးဆိုလို့ နေစရာအခြားမရှိ၊ တောထဲနေထိုင်ခွင့်လည်းရမှာမဟုတ်သလို၊ ထင်းခွေရေခပ် လုပ်စရာလည်းမရှိပါဘူး။ ဒါကို မြို့ပြရောဂါခေါ်မလားမပြောတတ်ဘူး။
အခုသက်ကြီးရွယ်အိုဆိုတာ စင်္ကာပူခေတ်ဦးက လူသားတွေတဲ့။ အဲ့ခေတ်က နိုင်ငံတစ်ခုထူထောင်ကာစ၊ တိုင်းပြည်လည်း မချမ်းသာသလို၊ ပညာမတတ်တဲ့ လူတန်းစားလည်းများခဲ့တယ်။ အဲ့ဒီအတွက် သူတို့ တစ်သက်တာမှာ အလုပ်အကိုင်ကောင်းတွေလည်း မရခဲ့ဘူး။ တိုးတက်လာတဲ့ခေတ်နဲ့ အညီ သားသမီးတွေကို လူတန်းစေ့ထားနိုင်ဖို့ အသည်းအသန်လုပ်ခဲ့ကြရသေးတယ်။ သူတို့ရဲ့ ဒုတိယမျိုးဆက်ကြပြန်တော့လည်း သူတို့ထက်သာတာမှန်ပေမယ့် ခေတ်နဲ့အညီ တိုးလာတဲ့ အသုံးစရိတ်တွေ၊ သူတို့ရဲ့ တတိယမျိုးဆက်ကို အဆင့်မြင့်အောင် ပျိုးထောင်ရတာတွေနဲ့ လုံးခြာလိုက်ခဲ့ပုံရပါတယ်။ ဒီလိုနဲ့ ပထမမျိုးဆက် ပညာသိပ်အများကြီးမတတ်တဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဘဝဟာ အခုအချိန်မှာ ထောက်ပံ့ခံမဖြစ်ဘဲ တစ်ရှုးရောင်း၊ အမှိုက်ကောက်၊ စားပွဲသိမ်း၊ သန့်ရှင်းရေးအလုပ်တွေနဲ့ ကိုယ့်ဘဝရပ်တည်ရေးအတွက် ရုန်းကန်နေရတာဖြစ်ပါလိမ့်မယ်။ သူတို့နိုင်ငံမှာ မရှိလို့ တောင်းစားခွင့်လည်း မရှိပါဘူး။ ဝန်ဆောင်မှု တစ်ခုခု လုပ်ရပါတယ်။ စွံ့အ၊ နားမကြား၊ ဒုက္ခိတ တစ်မျိုးမျိုး ဖြစ်နေသူတောင် တတ်သလောက် ဖျော်ဖြေမှု တစ်ခုခု လုပ်ရပါတယ်။ နေရာတိုင်းလည်း လျောက်လုပ်လို့ မရပါဘူး။ ခွင့်ပြုချက်တောင်းရပါသတဲ့။ သတ်မှတ်နေရာမှာ ခွင့်ပြုချက်ရတဲ့နေ့ အလှည့်ကျလုပ်ရပါသတဲ့။ လူကောင်း၊ လူငယ်၊ ကလေးသူတောင်းစားမရှိတာလည်း သတိထားမိတယ်။
သူတို့လူမျိုးတွေရဲ့ မိဘအပေါ်မေတ္တာတရားကို အလွန်စောကြော မဝေဖန်ချင်ပါဘူး။ တရုတ်စာရေးမတစ်ယောက်က သူမစားချင်တဲ့ မုန့်၊ မလိုချင်တဲ့ အိတ်ကို သူ့မိဘတွေ ပေးလိုက်တာကို မိဘကို သိတတ်တယ်ဆိုပြီး ဂုဏ်ယူဝံ့ကြွားပြောတာကို မြန်မာအမျိုးသမီး လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အလိုမကျအပြောနဲ့ ဖောက်သည်ချလို့ သိလိုက်တယ်။ တစ်ခါလည်း အခန်းငှားဖို့ အေးဂျင့်နဲ့သွားကြည့်တဲ့အခါ စင်္ကာပူနိုင်ငံသား အိန္ဒိယအနွယ်ဖွားအိမ်ပါ။ ထုံးစံအတိုင်း သူများအိမ်မှာ အိပ်ခန်းတစ်ခန်းငှားနေဖို့ပါ။ ကိုယ်နဲ့ အပြိုင်လာငှားတာက နိုင်ငံသားတရုတ်မပါ။ သူ့အဖေနေဖို့ပါတဲ့။ သူ့တို့အိမ်က တစ်ဘလောက်ပဲ ဝေးတယ်။ အိမ်ပိုင်နဲ့ပဲ။ အိမ်မှာ မြေးတွေနဲ့ ဆူဆူညံညံဆိုတော့ လူကြီး စိတ်အနှောက်အယှက်ဖြစ်မှာ စိုးလို့ အခန်းငှားထားမလို့တဲ့။ အသက် ခုနှစ်ဆယ်ကျော်၊ ကျန်းကျန်းမာမာမို့ မပူပါနဲ့ သူဖာသာ ထသွားထလာ၊ စားနိုင်သောကနိုင်ပါတယ်တဲ့။ မြေးတွေက ဆယ်ကျော်သက်တွေ အိမ်မှာ သူငယ်ချင်းတွေလာမယ်။ ပါတီတွေလုပ်မယ်။ ဒါကြောင့် သူ့အဖေကို နားအေးပါးအေးနေစေချင်လို့ပါတဲ့။ ဒါလည်း ကိုယ့်အတွက်အဆန်းတကြယ်။ နောက်ရော မြန်မာပြည်မှာ ဘယ်တော့ ဖြစ်မလဲ၊ ဖြစ်ရောဖြစ်နေပြီလား မချင့်မရဲဖြစ်တာနဲ့ ဝေဖန်လိုစိတ်ကို ချိုးနှိမ်ခဲ့ရတယ်။
ဒါဖြင့် ဘဝတွေသိပ်ဆိုးနေပါလား။ အဲ့လိုကြီး အဆုံးစွန်တော့ မထင်လိုက်ပါနဲ့။ စင်္ကာပူမှာ အိမ်ယာအများစုက နိုင်ငံပိုင်တွေဖြစ်ပြီး နိုင်ငံသားတွေဟာ ဝင်ငွေရလမ်းနဲ့ အသက်အရွယ်၊ အိမ်ထောင်ရှိ/မရှိ စတဲ့သက်မှတ်ချက်တွေနဲ့အညီ နှစ် နှစ်ဆယ်၊ သုံးဆယ် နှစ်ရှည် အရစ်ကျ ပေးငွေနဲ့ အိမ်ဝယ်ခွင့်ရနေတာလည်း မြန်မာပြည်နဲ့ မတူတဲ့အချက်တွေပါဘဲ။ ဒါကြောင့်အိုးပိုင်အိမ်ပိုင်နေနိုင်တယ်။ သက်ကြီးရွယ်အိုတွေလည်း သားထောက်သမီးခံမရှိရင် အစိုးရဆီမှာ တစ်လ ဒေါ်လာ နှစ်ရာ၊ သုံးရာ (သူ့နိုင်ငံအနေနဲ့ နည်းပါးတဲ့ငွေပါ) ပေးရုံနဲ့ နေစရာအိမ်ပေးပါတယ်။ နောင်အရှည်မှာ သက်ကြီးရွယ်အိုတွေ ဒုက္ခမရောက်အောင် အလုပ်စလုပ်တည်းက နိုင်ငံသားတိုင်း လစာရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကို လူမှုဖူလုံးရေး ရံပုံငွေအဖြစ် မစုမနေရ စုရတယ်။ အလုပ်ရှင်က ထပ်ဆောင်း တစ်ဆယ့်ငါးရာခိုင်နှုန်း ထည့်ဝင်ရတယ်။ အနာဂတ်ကာလမှာ လူမှုရေးဒုက္ခတွေမကျရောက်အောင် ဥပဒေပြဒါန်းပြီး အကောင်အထည်ဖော်ထားတာလည်း အတုယူဖို့ကောင်းပါတယ်။ အဲ့ငွေထဲက ဆေးကုခွင့်၊ အိမ်စရိတ်ပေးခြေခွင့်၊ ထုတ်ယူမှုသတ်မှတ်ချက်တွေ အသေးစိတ်ရေးရင် အကြောင်းအရာချော်သွားမှာမို့ ချန်လှပ်ခဲ့ပါတယ်။ ပထမမျိုးဆက်တွေက သူတို့လူမျိုးကို တွန်းတင်ခဲ့တယ်။ ဒုတိယမျိုးဆက်က ရုန်းကန်နေတယ်။ တတိယမျိုးဆက်က ကြိုးစားနေတယ်။ တိုင်းပြည်ရဲ့ အခြေခံကောင်း၊ စနစ်ကောင်းတွေ တည်ဆောက်ပြီးချိန်မှာ စတုတ္ထမျိုးဆက်တွေ ပညာသင်လေ့ကျင့်နေကြတယ်။ သူတို့နိုင်ငံမှာ သူတောင်းစားမျိုးဆက် မရှိတော့ဘူး။
ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံက နိုင်ငံသားတစ်ယောက်မျက်စိနဲ့ မြန်မာပြည်ကို ပြန်ကြည့်တဲ့အခါ ထူးခြားတဲ့ ဝိသေသကို သတိထားမိပြန်တယ်။ ဒါဟာ အဲ့ဒီလိုနိုင်ငံသားတွေအတွက် အဆန်းတကြယ်ဖြစ်စေတဲ့၊ သူတို့မတွေ့လိုတဲ့၊ နိုင်ငံပုံရိပ်ကို ထိခိုက်စေတဲ့၊ ကုလသမဂ္ဂ ပဋိညာဉ်တွေနဲ့ မကိုက်ညီတဲ့၊ သူတို့မီဒီယာတွေမှာ ရှုံ့ချသလိုသနားသလို ဖော်ပြနေတဲ့၊ နိုင်ငံအနာဂတ်ကို မတောက်ပစေမယ့် ကလေးအလုပ်သမားတွေပါပဲ။ နေ့စားအလုပ်တွေ၊ ဆိပ်ကမ်းကုန်ထမ်းတွေ၊ လမ်းဖောက်၊ တိုက်ဆောက်လုပ်ငန်းခွင်တွေ၊ သတ္တုတူးဖော်ရေးတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ လမ်းဘေးဈေးဆိုင်၊ အိမ်အကူအလုပ်မှအစ လက်နက်ကိုင်တပ်ဖွဲ့အဆုံး ဆယ့်ရှစ်နှစ်မပြည့်ရုံသာမက ဆယ်နှစ်ဝန်းကျင် ကလေးငယ်တွေကိုပါ မြင်တွေ့နေရတာဟာ နာကျင်ခံခက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမျိုးသားရေး၊ ကိုယ့်မိသားစုအရေးလို ဖြေရှင်းရမယ့် ရေရှည်ဆင်းရဲမယ့် ရောဂါတွေပါပဲ။
အနောက်နိုင်ငံအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေရတဲ့ မီဒီယာတွေက မကြာခဏ ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးဖြန့်ချီပါတယ်။ လမ်းဘေးကွမ်းယာဆိုင်မှာ ကျေးလက်က မိန်းကလေးငယ်တစ်ယောက် အလုပ်လုပ်တယ်။ သူကျောင်းတက်ချင်တယ်။ မိသားစုက ဆင်းရဲတယ်။ သူဈေးရောင်းရတဲ့ဘဝက ပင်ပန်းဆင်းရဲ နိမ့်ကျ ကျောင်းမတက်ရပေမယ့် စားရသောက်ရသေးတယ်။ ကျေးလက်က သူ့မောင်နှမတွေဘယ်လိုနေမလဲ ပြောရင်း မျက်ရည်ကျတဲ့ ပြကွက်၊ ဆရာဝန်ဖြစ်ချင်တယ်၊ ဘဝအခြေအနေက မပေးဘူး၊ ကျောင်းတောင်မတက်နိုင်ဘူးစသဖြင့် ဒုက္ခတွေနဲ့ ရုန်းကန်နေတဲ့ ဆယ်ကျော်သက်အရွယ် လက်ပတောင်းတောင်နားက ကြေးချက်တဲ့ ကလေးငယ်တစ်ဦး ဘဝဒဿန အနည်းငယ်ဖွင့်ဟသွားတဲ့ ပြကွက်၊ လမ်းတကာလှည့် အမှိုက်ကောက် တခါတလေ သူများစွန့်ပစ်ထားတဲ့ စားကြွင်းစားကျန်ကောက်စားတဲ့ ကလေးငယ်တစ်ဦးရဲ့ သနားစဖွယ် ပြကွက်။ သဏ္ဍန်လုပ် သရုပ်တူ ရုပ်ပြဇာတ်လမ်းတွေ မဟုတ်တာတော့ ယုံကြည်ပါတယ်။ တကယ်တော့ ဘဝတွေဟာ ဒီထက်ဆိုးပါတယ်။ ဒီ့ထက်လည်းများပါလိမ့်မယ်။ စုံစမ်းဖော်ထုတ် မှတ်တမ်းတင်ရင် သန်းချီပြီး ထွက်လာနိုင်ပါတယ်။
အမေရိကမှာ တစ်ချိန်က ကြေးပိုင်ကျွန်ပိုင်စနစ်နဲ့ ယဉ်ပါးနေလို့ လူကျွန်မပြုဖို့ ဥပဒေပြဒါန်းရ ခက်လိုမျိုး မြန်မာပြည်မှာ ကလေးအလုပ်သမားတွေကို ယဉ်ပါးနေပါတယ်။ လက်ဖက်ရည်၊ စားသောက်ဆိုင်မှာ ကလေးသူငယ်စားပွဲထိုး အလုပ်သမားလုပ်တာ ခိုင်းတဲ့အလုပ်ရှင်ရော၊ ခွင့်ပြုတဲ့မိဘကိုရော အပြစ်မမြင်ကြပါဘူး။ အလေ့အထ တစ်ခုလိုလည်း ဖြစ်နေပါတယ်။ ဆောက်လုပ်ရေး နေ့စားလုပ်ငန်းတွေမှာလည်း လစာအများကြီးမပေးရလို့ ဖောဖောသီသီ သုံးပါတယ်။ အိမ်အကူဆိုလည်း ဇယားမကပ်တဲ့ ခိုင်းကောင်းတဲ့ ကလေးငယ်များကိုသာခေါ်ချင်တာ အလေ့အထလိုဖြစ်နေပါပြီ။ တရုပ်လူမျိုးတွေ၊ အနောက်နိုင်ငံသားတွေမှာ ကလေးကို အလုပ်ခိုင်းတာ၊ ဈေးရောင်းခိုင်းတာ၊ ပေါ့ပါးတဲ့အလုပ်တွေခိုင်းတာ ငယ်စဉ်တည်းက အလုပ်တန်ဖိုး၊ အလုပ်အကြောင်း၊ ငွေတန်ဖိုး၊ ဘဝသင်ခန်းစာအဖြစ် မြည်းစမ်းခိုင်းတယ်လို့ သဘောပိုက်ပါတယ်။ ခြွင်းချက်အချို့တော့ရှိနိုင်ပေမယ့် သူတို့နိုင်ငံတွေမှာ ခိုင်မာတဲ့ လူမှုစရိုက်၊ ဥပဒေတွေတည်ရှိလို့နေပါပြီ။ ကလေးလုပ်စာထိုင်စားဖို့၊ သူ့ဘဝသူကျောင်းဖို့၊ မိဘကိုယ်တိုင်ဖြစ်စေ၊ သူများကလေးခိုး၍ဖြစ်စေ၊ တောင်းစားခိုင်းတာ၊ သင်္ကန်းရုံတောင်းခိုင်းတာ၊ ခိုးဂုဏ်းထောင်တာတွေတောင် ဖြစ်နေပါပြီ။
မြန်မာ့ ဓလေ့ဘူးညွန့် ပြုတ်တို့တာ၊ သရက်ကင်းတို့တာ ကြိုက်နှစ်သက်ကြတယ်။ သရက်ကင်းတို့ချင်ရင် အကြွေစောင့်သင့်ပါတယ်။ အပင်ချိုင်ရင် ချိုမြိုန်တဲ့ သရက်သီးမှဲ့ စားဖို့အခွင့်အရေး ဆုံးရှုံးရသလို ကလေးငယ်များကို မတွန်းတင်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝထဲတွန်းပို့ အသုံးချတာများနေလို့ လူ့အဖွဲ့အစည်းတရပ်လုံး အကင်းသတ်ခံရသလို ဖြစ်နေပါပြီ။ တနည်းပြောရရင် သူတောင်းစားလူမျိုးကနေ တက်လာမှာမဟုတ်တော့ပါဘူး။
တိုင်းပြည်ဆင်းရဲတာ၊ အလုပ်အကိုင်မရှိတာ၊ ပညာမတတ်တာ အားလုံးရဲ့ ပြစ်တွေမှန်သမျှ အစိုးရအဆက်ဆက်က ကိုလိုနီအမွေဆိုးလို့ ဆိုတယ်။
စစ်အစိုးရက နိုင်ငံရေးသမားတွေကြောင့်လို့ ပြောတယ်။ နိုင်ငံရေးသမားတွေက စစ်အစိုးရကြောင့်လို့ အပြစ်တင်တယ်။ အရင်အစိုးရက စီးပွားရေးပိတ်ဆို့မှုကြောင့်လို့ အကြောင်းဖော်တယ်။ ကျွန်တော်မြင်တဲ့ အကြောင်းကတော့ အနုကြိုက်၊ အကင်းစားသလို ကလေးသူငယ်တွေအသုံးချတာနဲ့ အလေ့အထဖြစ်နေတဲ့ လူ့အဖွဲ့အစည်း၊ တာဝန်မယူတတ်တဲ့ မိဘတွေများနေတဲ့ လူ့အသိုင်းအဝိုင်းဖြစ်နေတာလည်း အကြောင်းတစ်ခုပါဗျာ။
ကလေးငယ်တွေမခိုင်းဖို့ ဥပဒေမပြဒါန်းနိုင်တောင် အသုံးမချဖို့၊ အတတ်နိုင်ဆုံးမခိုင်းဖို့၊ မဖြစ်မနေခိုင်းနေရတောင် ပညာသင်ပေးဖို့၊ ကျောင်းထားမပေးနိုင်တောင် စာသင်ပေးဖို့၊ ဘဝအသိပညာပေးဖို့၊ အသက်မွေးမှု အတတ် တစ်ခုခု သင်ပေးဖို့၊ တာဝန်ယူတတ်တဲ့ မိဘတွေများလာဖို့ တိုက်တွန်းရင်း ဖက်ခွက်စားကင်းတဲ့ လူ့ပတ်ဝန်းကျင်ဖြစ်အောင်လုပ်ကြပါစို့ဗျာ။
Thet Htwe Aung
၃-၁၁-၂၀၁၃ (၀၂း၂၁)