Image may be NSFW.
Clik here to view.
စစ်ပွဲ၏ရည်မှန်းချက်များ၂၆။ ဂျော်ဂျီယာစစ်ပွဲသည် အင်အားကြီးအမေရိကန်နှင့်ရုရှားတို့၏အကျိုးစီးပွားများ ပါဝင်လျက် ဖြစ်ပေါ်လာရသည်။ ဂျော်ဂျီယာသည်ပထ၀ီနိုင်ငံရေးအရ ရုရှားနိုင်ငံ၏အရေးပါသည့် ပင်လယ်နက်ထွက်ပေါက်ဖြစ်သည်။ အထူးသဖြင့်ယူကရိန်းနှင့် ဂျော်ဂျီယာသည် ရုရှား၏ ပင်လယ်နက် ထွက်ပေါက်အား ဘေးတစ်ဖက်စီမှ ကာရံထားသည်။ ယူကရိန်းနှင့်ဂျော်ဂျီယာတို့သည် ရုရှားနှင့် ဆက်ဆံရေးမပြေလည်သောကြောင့် အမေရိကန်က ၄င်းနှစ်နိုင်ငံအား နေတိုးအဖွဲ့ဝင်ဖြစ်စေရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် ဥရောပရှိ ယခင်ဆိုရှယ်လစ်နိုင်ငံဟောင်းများနှင့် ဥရောပနိုင်ငံများကို သိမ်းသွင်းသြဇာချဲ့ရာတွင် ယူကရိန်းနှင့် ဂျော်ဂျီယာတို့ကို ပါဝင်သိမ်းသွင်းခဲ့ခြင်း သည် ရုရှား၏အမျိုးသားအကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်စေနိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် အမေရိကန်အတွက် ဂျော်ဂျီယာသည် ကက်စပီယံပင်လယ်မှရရှိမည့် ရေနံသယ်ယူရေး၊ အထူးသဖြင့် အမေရိကန်၏စည်းရုံးသိမ်းသွင်းယူနိုင်ခဲ့သည့် အဇာဘိုင်ဂျန်မှရေနံအား ဂျော်ဂျီယာကိုဖြတ်သန်း၍ ဥရောပသို့သယ်ယူနိုင်ရေးအတွက် ပဓာနကျသည်။ ၄င်းအပြင် အီရန်အား ရန်ပြုမည်ဆိုက ဂျော်ဂျီယာ ကိုဖြတ်သန်းပြီး အဇာဘိုင်ဂျန်မှတဆင့် တိုက်ခိုက်နိုင်သကဲ့သို့ ရုရှားကိုလည်း တန်ပြန်ထိန်းချုပ် နိုင်သည့်အနေအထားဖြစ်သည်။ ထို့ကြောင့် ဂျော်ဂျီယာသည် အမေရိကန်အတွက် စစ်ရေးအရ အရေးပါသော ရည်မှန်းချက်တစ်ခုဖြစ်ခဲ့သည်။
၂၇။ ဂျော်ဂျီယာ၏ရည်မှန်းချက်မှာလည်း နေတိုးအဖွဲ့ဝင်ဖြစ်ရေးပင်ဖြစ်သည်။ ဂျော်ဂျီယာ အနေဖြင့် အမေရိကန်နှင့်နီးနီးကပ်ကပ်ဆက်ဆံပေါင်းသင်းလျက် ရုရှား-ဂျော်ဂျီယာပဋိပက္ခတွင် နေတိုးမှ ၀င်ရောက်ကူညီဖြေရှင်းပေးနိုင်ရေး ရည်မှန်းထားသည်။ ဂျော်ဂျီယာအစိတ်အပိုင်းဖြစ်သော တောင်အိုဆက်တီးယားပြည်နယ်၏ရည်မှန်းချက်ကလည်း ဂျော်ဂျီယာနိုင်ငံမှခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာနိုင်ရန် ကြိုးစားနေသည်။ ယင်းကြိုးပမ်းမှုကြောင့် တောင်အိုဆက်တီးယားသူပုန်နှင့် ၄င်းကို ကူညီနေသောရုရှားတို့အား နေတိုး၏အကူအညီရယူချေမှုန်းနိုင်ရန် ဂျော်ဂျီယာက ရည်မှန်းလျက် တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။
၂၈။ တစ်ဖက်မှ ရုရှားတို့ကလည်း ဂျော်ဂျီယာမှခွဲထွက်ရန်ကြိုးပမ်းနေသော အက်ခါဇီးယား နှင့် တောင်အိုဆက်တီးယား ခွဲထွက်ရေး တပ်ဖွဲ့များကို တန်ပြန်ပူးပေါင်း ကူညီခဲ့သည်။ ရုရှားအစိုးရအနေဖြင့် တောင်၊ မြောက်အိုဆက်တီးယားပြည်နယ်နှစ်ခုအား ပြန်လည်ပေါင်းစည်းစေလျက် ရုရှား၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အနေဖြင့် သွပ်သွင်းလိုကြောင်း ပြသခဲ့သည်။ ဆိုဗီယက် ပြိုကွဲပြီး နောက်ပိုင်း အမေရိကန်သည် ဆိုဗီယက်နိုင်ငံငယ်များကို ၄င်းဘက်ပါအောင် ထိတွေ့ဆက်ဆံရေးနှင့် ကမ္ဘာ့အရှေ့ခြမ်းဆီ သို့ နယ်ပယ်ချဲ့ထွင်ရေးဝါဒ ချမှတ်ဆောင်ရွက် လာသည်။ ၄င်းနိုင်ငံငယ်များ နေတိုးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်လာကြပြီး ရုရှားကို ထိန်းချုပ်ရန်ရည်ရွယ်သည်။ ကိုဆိုဗို လွတ်လပ်ရေးကို ကုလသမဂ္ဂနှင့် ရုရှားတို့က လက်မခံခဲ့သော်လည်း အမေရိကန်နှင့်အနောက်အုပ်စုက ထောက်ခံခဲ့ သည်။ အနောက်အုပ်စု၏ ရုရှားအားဝိုင်းပတ်ပိတ်ဆို့ရေးမဟာဗျူဟာလည်းဖြစ်သည်။ အီရတ်တွင် ထားရှိသော နိုင်ငံစုံတပ်ဖွဲ့များအနက် ဂျော်ဂျီယာတပ်ဖွဲ့ဝင်များပါဝင်မှုက တတိယအများဆုံးဖြစ်သည်။ ဂျော်ဂျီယာ၏လုပ်ရပ်သည် အမေရိကန်၏ ရုရှားအားပိတ်ဆို့ရေး မဟာဗျူဟာ၏ အစီစဉ်တစ်ရပ်ဟု ရှုမြင်ကာ ရုရှားအနေဖြင့်လည်း ဂျော်ဂျီယာအား ဟန့်တားရေးအခွင့်အလမ်းကို စောင့်စားရည်မှန်း လျက် စစ်ပွဲကိုဆင်နွဲခဲ့ခြင်းဖြစ်သည်။
စစ်ပွဲဖြစ်စဉ်
၂၉။ စတင်ဖြစ်ပွားခြင်း။
၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရာမှ ပေါ်ပေါက်လာခဲ့သော ဆိုဗီယက် ပြည်ထောင် စုဟောင်း ဂျော်ဂျီယာနိုင်ငံသည် အမေရိကန်၊ ဥရောပသမဂ္ဂတို့နှင့် နီးကပ်စွာ ဆက်ဆံပြီး နေတိုးအဖွဲ့သို့ဝင်ရန် ကြိုးပမ်းနေသည်။ တစ်ဘက်ကလည်း ဂျော်ဂျီယာမှ ခွဲထွက်ရန် ကြိုးပမ်းနေသည့် ဒေသများကို အင်အားသုံး နှိမ်နင်းရန် ကြိုးပမ်းလျက်ရှိသည်။ ရုရှား နိုင်ငံကလည်း ဂျော်ဂျီယာမှ ခွဲထွက်ရန် ပြင်ဆင်နေသည့် တောင်အိုဆက်တီးယား နှင့် အက်ခါဇီးယားဒေသတို့အား ထောက်ပံ့ ကူညီ ပေးလျက်ရှိသည်။ ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ ညနေတွင် ဂျော်ဂျီယာတို့က တောင်အိုဆက်တီးယားမြို့တော် တက်စ်ခင်ဗီလီကို မြေပြင်နှင့်လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ရုရှားကတောင် အိုဆက်တီးယားသို့ တပ်ဖွဲ့ များစေလွှတ်ပြီး ဂျော်ဂျီယာကို ဗုံးကြဲတိုက်ခိုက် တုံ့ပြန်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ သြဂုတ်လ ၇ ရက် နေ့တွင် ရုရှားရေတပ်က ဂျော်ဂျီယာကမ်းခြေ ကိုပိတ်ဆို့ပြီး ကမ်းတက်တပ်ဖွဲ့များနှင့် လေထီး တပ်ဖွဲ့များဖြင့် ဂျော်ဂျီယာကမ်းခြေကို ၀င်ရောက် ခဲ့သည်။ ရုရှားနှင့် အက်ခါဇီးယားတပ်ဖွဲ့များသည် ဂျော်ဂျီယာသိမ်းပိုက်ထားသော ဂိုရီမြို့ကို ဒုတိယ စစ်မျက်နှာဖွင့်၍ တိုက်ခိုက်ခဲ့ပြီး ဂျော်ဂျီယာ အနောက်ပိုင်းသို့ ၀င်ရောက်ခဲ့ရာမှ စစ်ပွဲအရှိန်မြင့် လာခဲ့သည်။
၃၀။ တက်စ်ခင်ဗီလီမြို့အား တိုက်ခိုက် မှု။ ဂျော်ဂျီယာတပ်ဖွဲ့များသည် တောင်အိုဆက် တီးယားသို့ ၀င်ရောက်ခြင်းမပြုမီ ၂၀၀၈ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ နေ့လည်(၂)နာရီ အချိန်တွင် ဂျော်ဂျီယာတပ်ဖွဲ့များမှ အမြောက်များဖြင့် တောင်အိုဆက်တီးယားသို့ စတင်တိုက်ခိုက်ခဲ့သည်။ ညနေ(၇) နာရီတွင် ဂျော်ဂျီယာသမ္မတ စကပ်ဗီလီက တစ်ဖက်သတ် အပစ်အခတ်ရပ်ဆဲရေး ကြေညာခဲ့ သည်။ သို့သော်လည်း ဂျော်ဂျီယာတပ်ဖွဲ့များက အမြောက်များဖြင့် ဆက်လက်ပစ်ခတ်ခဲ့သည်။ ဂျော်ဂျီယာက အပစ်အခတ်ရပ်စဲရေးကြေငြာမှုသည် အီရတ်သို့ စေလွှတ်ထားသော ဂျော်ဂျီယာ တပ်ဖွဲ့များ ဂျော်ဂျီယာသို့ဝင်ရောက်မှု အချိန်အလုံအလောက်ရရန် ဆောင်ရွက် ခြင်းဖြစ်သည်ဟု ရုရှားနှင့် တောင်အိုဆက်တီးယားအစိုးရတို့က ဖော်ပြခဲ့သည်။ ည(၁၁)နာရီအချိန်တွင် ဂျော်ဂျီယာ ကျေးရွာများ ပစ်ခတ်ခံနေရ သည်ဟု သတင်းများ ထုတ်လွှင့်၍ ည (၁၁)နာရီ (၃၀)မိနစ် အချိန်တွင် တက်စ်ခင်ဗီလီမြို့ကို အမြောက်များဖြင့် ပစ်ခတ်ချေမှုန်းခဲ့သည်။ ည (၁၁)နာရီ (၄၅)မိနစ်တွင် တက်စ်ခင်ဗီလီမြို့သည် ပြင်းပြင်းထန်ထန် ပစ်ခတ်ခံရပြီး အမြောက်ကျည်တစ်တောင့်နှင့် တစ်တောင့်ကြား (၁၅)စက္ကန့်မှ(၂၀) စက္ကန့်သာခြားသည်ဟု ဆိုသည်။ ထိုသို့ တိုက်ခိုက်မှုသည် ရုရှားတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ် သည်ဟု ဂျော်ဂျီယာက ပြောကြားခဲ့သည်။ ၎င်းင်းအချိန်တွင် ရုရှား၏အမှတ်(၅၈) ကြည်း တပ်တော်သည် ရော့ကီးဥမင် လှိုဏ်ခေါင်းမှတစ်ဆင့် တောင်အိုဆက်တီးယားသို့ ၀င်ရောက်လျက်ရှိသည်ဟု ဂျော်ဂျီယာ ထောက်လှမ်းရေးသတင်းက ဖော်ပြခဲ့သည်။
၃၁။ တက်စ်ခင်ဗီလီမြို့တိုက်ပွဲ။ သြဂုတ် လ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျော်ဂျီယာက တက်စ်ခင်ဗီလီမြို့ကို သိမ်းပိုက်ရန် အတွက် Operation Clear Field စစ်ဆင်ရေးကို ဆင်နွှဲခဲ့ သည်။ ဂျော်ဂျီယာတပ်ဖွဲ့များက တောင် အိုဆက် တီးယားတို့ထိန်းချုပ်သည့် မြို့တော်ဝန်းကျင်ရှိ ကျေးရွာများကို သိမ်းပိုက်ခဲ့သည်။ (၁၂)နာရီ (၁၅)မိနစ် အချိန်တွင် တောင်အိုဆက်တီးယားရှိ ပူးတွဲငြိမ်းချမ်းရေးတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မာရက်အမ်ကူလာမိတော့ဗ် က တောင်အိုဆက်တီးယားရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့များ တိုက်ခိုက်ခံနေရကြောင်း၊ ရုရှား ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် (၁၃)ဦးသေဆုံးပြီး (၃၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီရင်ခံခဲ့သည်။ တက်စ်ခင် ဗီလီမြို့ရှိ ဆေးရုံသည်လည်း တိုက်ခိုက်ခံရပြီး (၁၈)နာရီ ကြာမျှ မီးလောင်နေခဲ့သည်။ ဂျော်ဂျီယာတို့၏ Grad အတွဲလိုက် ဒုံးပစ်လောင်ချာဖြင့် ပစ်ခတ်မှုကြောင့် ဆေးရုံသည် ဆိုးဆိုး ၀ါးဝါးပျက်စီးခဲ့သည်။ ယင်းနေ့ နံနက်ပိုင်းတွင် မြို့တော်နှင့်အတူ ကျေးရွာ(၈)ရွာကို သိမ်းပိုက်ရရှိခဲ့ကြောင်း ဂျော်ဂျီယာက ကြေငြာခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီဝက်အတွင်းတွင် ရုရှားနိုင်ငံမှ တိုက်လေယာဉ် ၃ စင်းသည် ဂျော်ဂျီယာလေပိုင်နက် အတွင်းသို့ဝင်ရောက်ခဲ့ပြီး Kareli မြို့ အနီးရှိ ရဲစခန်းတစ်ခုအား ဗုံး ၂ လုံး ကြဲချခဲ့ကြောင်း ဂျော်ဂျီယာသတင်းဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ ရုရှားအာဏာပိုင်များက ၎င်းင်းထုတ်ပြန်ချက်ကို ငြင်းဆို လျက်ရှိပါသည်။ ဂျော်ဂျီယာတပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တက်စ်ခင်ဗီလီမြို့တော်ရှိ ရုရှားစစ်သည်များ၏ အိပ်ဆောင်ကို တိုက်ရိုက်ထိမှန်ခဲ့ရာ ရုရှားစစ်သည် ၁၂ ဦး သေဆုံး၍ ၃၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယင်းနေ့နံနက်(၁၀)နာရီတွင် ဂျော်ဂျီယာတပ်ဖွဲ့ဝင် (၁၅၀၀)သည် မြို့တွင်းသို့ ၀င်ရောက်ခဲ့သော်လည်း ရုရှားတပ်များ၏ အမြောက်နှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။
၃၂။ ယင်းနေ့နံနက်(၁၀)နာရီတွင် ဂျော်ဂျီယာအား ရုရှားစစ်လေယာဉ်များက ဂျော်ဂျီ ယာ ပိုင်နက်အတွင်းသို့ ၀င်ရောက်တိုက်ခိုက် သကဲ့သို့ တင့်ကားများကလည်း ရော့ကီး တောင်တန်းလှိုဏ်ခေါင်းမှ ဖြတ်သန်း ၀င်ရောက် ခဲ့သည်။ ၎င်းင်းရုရှားတပ်ဖွဲ့တွင် တင့်ကား ၁၅၀ စီး၊ သံချပ်ကာ လူသယ်ယာဉ်များနှင့် အခြားလက်နက် ပစ္စည်းများပါဝင်ကြောင်း သိရှိရပါသည်။ တိုက်ပွဲ ဖြစ်ပွားရာနေရာသို့ ရုရှားတင့်ကား များ၊ ခြေလျင်တိုက်ခိုက်ရေးတိုက်ယာဉ်များနှင့် ၁၅၂ မီလီမီတာဟောင်ဝစ်ဇာတင်ယာဉ်များ ရွှေ့ပြောင်းလျက် ရှိကြောင်း သိရှိရပါသည်။ သြဂုတ်လ ၈ ရက်နေ့ အရုဏ်တက်ချိန်တွင် ရုရှား၏ အမှတ်(၁၃၅) တပ်ရင်းအား တက်စ်ခင်ဗီလီမြို့သို့ ချီတက်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသည်။ ၎င်းင်းတပ်ရင်းသည် နေ့လည် (၂)နာရီ (၃၀)ချိန်တွင်ရော့ကီး ဥမင်လှိုဏ်ခေါင်းကိုဖြတ်သန်းခဲ့ရာ ညနေတွင် တက်စ်ခင်ဗီလီမြို့သို့ ရောက်ရှိပြီး ဂျော်ဂျီယာတပ်ဖွဲ့ များနှင့် ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် တောင်အိုဆက်တီးယား ပြည့်သူ့စစ်၊ စေတနာ့ဝန်ထမ်းများနှင့် ရုရှားတပ်ဖွဲ့များကတစ်ဘက် ဂျော်ဂျီယာတပ်ဖွဲ့များကတစ်ဘက် တိုက်ခိုက်ခဲ့သည်။ ရုရှားမြေပြင်တပ်ဖွဲ့ များက ဂျော်ဂျီယာ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဦးနှိမ် တိုက်ခိုက်ပြီး ရုရှားလေတပ်များကဂျော်ဂျီယာ၏အခြေခံအဆောက်အဦများကို ဦးတည် တိုက်ခိုက်ခဲ့သည်။ ရုရှားအထူးတပ်ဖွဲ့များကလည်း ရော့ကီးဥမင်လှိုဏ်ခေါင်းအား ဂျော်ဂျီယာတို့မှ ဖျက်ဆီးရန် ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့သည်။ ဥမင်လှိုဏ်ခေါင်းသည် ကျဉ်းမြောင်းမှုကြောင့် ရုရှားတပ်ဖွဲ့များသည် တပ်ရင်း ၁ ရင်းစီသာ ၀င်ရောက်လာနိုင်ပြီး အလုံးအရင်းဖြင့် ၀င်ရောက်ရန် အခက်တွေ့နေခဲ့သည်။ ထို့ကြောင့် ၎င်းင်းဥမင် လှိုဏ်ခေါင်းဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့၌ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ဆက်ရန်