
၂၀၀၈ နှစ်ကုန်ပိုင်းလောက်က အာဖဂန်နစ်စတန်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တခု။
အာဖဂန်မှာ လာရောက်အမှုထမ်းဆောင်တဲ့ အမေရိကန်တပ်ဖွဲ့တခုကို သူတို့အကြီးအကဲဖြစ်သူ ဗိုလ်မှူးချုပ်က စစ်မြေပြင်လုံခြုံရေးတိုးမြှင့်ဆောက်ရွက်ဖို့ အမိန့်တရပ် (သိသာအောင် လွယ်လွယ်ပြောရရင် မဲမဲမြင်တာနဲ့ပစ်) ထုတ်ပြန်လိုက်ပြီးတဲ့အချိန်မှာ အဲ့ဒီတပ်ဖွဲ့က ဒုတပ်ကြပ်တဦး မှားယွင်းပစ်ခတ်မှုကြောင့် ဆိတ်ကျောင်းသား ကလေးငယ်တဦး နဲ့ ဆိတ် ၂ ကောင် သေဆုံးသွားပါသတဲ့။
ဆိတ်ကျောင်းသား ကလေးငယ်က အသက် ၇ နှစ်အရွယ်သာသာလေး။ ကလေးငယ်သေဆုံးသွားတဲ့အခါ ရွာသားတွေက ကလေးငယ်ရဲ့ အလောင်းကို ယူလာပြီး တပ်စခန်းမှာ လာတိုင်ကြားကြတယ်။ အမေရိကန် စစ်သားတွေဟာ အပြစ်မဲ့တဲ့ သူတို့ရွာသားတွေကို ဒီလိုပဲ ပစ်ခတ်သတ်ဖြတ်လေ့ရှိတယ်လို့လည်း တိုင်ချက် ဖွင့်ဆိုကြတယ်။ အမှုသွား အမှုလာအရဆိုရင် ပစ်ခတ်မိတဲ့ ဒုတပ်ကြပ်ဟာ အပြစ်ကနေ ဘယ်လိုမှ ရှောင်လွဲမရနိုင်တဲ့ အခြေအနေရောက်နေပါပြီ။
မှားယွင်းပစ်ခတ်မိတယ်ဆိုတာက ကလေးငယ်ရဲ့ လည်ပင်းမှာ ဆွဲထားတဲ့ အရောင်လက်လက် သတ္တုပြား လေးကို အဝေးကနေ လှမ်းမြင်ရတော့ မသင်္ကာစရာ ဖြစ်ရာကနေ ပစ်ခတ်မိလျက်သား ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူ့ဘက်က ဘယ်လိုပဲ ထုချေတင်ပြချက်တင်တင် အပြစ်ဒဏ် ခံရမယ့်ကိန်း ဆိုက်နေတာပါ။
ပြစ်မှုကျူးလွန်လိုက်တဲ့ ဒုတပ်ကြပ်ဟာ စစ်သက် (၉) နှစ်ပါးရှိပြီးဖြစ်တဲ့ ကလေးတယောက်ဖခင် အိမ်ထောင်သည်။ သူဟာ စစ်သားဘဝကို ခုံမင်နှစ်သက်သူတဦးဖြစ်တဲ့အပြင် တပ်ပျော်စစ်သည်အဖြစ် နှစ်ပေါင်း ၂၀ လောက် တာဝန်ထမ်းဆောင်ပြီးမှ အငြိမ်းစားယူဖို့ ရည်မှန်းထားသူ။ အဲ့ဒီအကြောင်းကို သူနဲ့ နီးစပ်ခင်မင်တဲ့ အရာရှိငယ်တဦးက သိထားတယ်။ အဲ့ဒီအရာရှိငယ်ဟာ လူပျိုစစ်မှုထမ်း (သူက ၅ နှစ် စာချုပ်သက်တမ်း ပြည့်ချိန်ကျရင် အပြင်ထွက် အရပ်သားအလုပ်လုပ်ပြီး အေးအေးချမ်းချမ်းနေချင်သူ) အဲဒီမှာ ဒုတပ်ကြပ် ခံရမယ့်ပြစ်ဒဏ်ကို အရာရှိငယ်က လွှဲပြောင်းခံယူဖို့ ကြိုးစားလိုက်တယ်။
အထက်ကလာတဲ့ အမိန့်စာကို ပတ်ခတ်မှုဖြစ်ပွားတဲ့ ဒုတပ်ကြပ်ရဲ့လက်ထဲကို သူကိုယ်တိုင် ထည့်လိုက်မိပါတယ် လို့ အရာရှိငယ်က အစီရင်ခံစာတင်သွင်းလိုက်တော့ ပစ်ခတ်မှုမှာ တာဝန်အရှိဆုံးလူဟာ အဆိုပါ အရာရှိငယ် ဖြစ်သွားခဲ့တယ်။ ပြစ်ဒဏ်ကတော့ တပ်မှာနေသမျှကာလပတ်လုံး လက်ရှိရာထူးကနေ မတက်စေရ ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော်တို့ဆီမှာ အမှုထမ်းသက်လျှော့ချခံရတဲ့ ပြစ်ဒဏ်မျိုးနဲ့ ခပ်ဆင်ဆင် တူမယ် ထင်ပါတယ်။
သာမန်စဉ်းစားကြည့်လိုက်ရင် အဲ့ဒီဖြစ်ရပ်မှာ အရာရှိငယ်အနေနဲ့ တပ်ကထွက်ဖို့ရည်ရွယ်ထားလို့သာ ခရီးသွားဟန်လွှဲသဘော ကူညီလိုက်တာပဲလို့ တွေးနိုင်ပါတယ်။ သို့သော်လည်း ကိုယ်နဲ့ခင်မင်ရင်းနှီး သံယောဇဉ်တွယ်ရသူ တဦးအပေါ်မှာ ငွေကြေး၊ပစ္စည်း ဥစ္စာတချို့ မျှဝေကူညီဖို့ ဝန်မလေးတတ်သော်လည်း ဘဝနဲ့ရင်းပြီး အကူအညီပေးဖို့ ဝန်လေးတတ်တဲ့ လူ့သဘာဝအရ လူတိုင်းလုပ်ဖို့ ခဲယဉ်းတဲ့ လုပ်ရပ်တခု အနေနဲ့လည်း တွေးကြည့်နိုင်ပါတယ်။ ကိုယ်ရေးရာဇဝင် ပြန်လှန်လိုက်တိုင်း သူ့ဘဝမှာ အမဲစက်အဖြစ် တင်ကျန်နေမဲ့ လုပ်ရပ်မို့လား။ အမေရိကန်စစ်စစ် ဒုတပ်ကြပ်တဦးအပေါ် ကျရောက်လာမယ့် အပြစ်ကို ကိုယ်စားဝင်ခံလိုက်တဲ့ အရာရှိငယ်ဟာ မြန်မာပြည်ဖွား (မြန်မာလူမျိုး) အမေရိကန် နိုင်ငံသား စစ်မှုထမ်းဖြစ်နေတော့ ကျနော့်စိတ်ထဲ ပိုပြီး ထိထိခိုက်ခိုက် ဖြစ်သွားရတယ်။ ဂုဏ်လည်းယူမိတယ်။
ဒီလို ကိုယ်ကျိုးမငဲ့အနစ်နာခံ စွန့်လွှတ်စွန့်စားစိတ် ရှိသူတွေဟာ စစ်ဘက်မှာသာမက အရပ်ဘက်အဖွဲ့အစည်း တွေမှာလည်း ရှိပါတယ်။ မိမိမဟုတ်တဲ့ အခြားသူ တဦးတယောက်အတွက်ကစ အဖွဲ့အစည်း၊ အသိုင်းအဝိုင်း၊ နိုင်ငံနဲ့လူမျိုးအတွက် အနစ်နာခံတတ်သူတွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ဟာ ဂုဏ်ယူနှစ်လိုဖွယ် ကောင်းပြီး အသိအမှတ်ပြုထိုက်ပါတယ်။ ဒါမျိုးဟာ လူတိုင်းမှာရှိနိုင်တဲ့ စိတ်ထားနဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် အစမ်းသပ်ခံကာလတွေမှာ သိသိသာသာ မြင်တွေ့ရတတ်ပါတယ်။ တပ်မတော်မှာတော့ ဒီစိတ်ဓာတ်မျိုးကို “ရဲဘော်စိတ်” လို့ ခေါ်တာပေါ့။ ရဲဘော်စိတ်က လူမျိုးမရွေးဘူး။ နေရာဒေသမရွေးဘူး။ ရာထူးအဆင့်အတန်း ခွဲခြားမှုမရှိဘဲ အခက်အခဲကြားမှာ ရုန်းကန်ရှင်သန်ရင်း သေအတူရှင်မကွာ တိုက်ပွဲဝင်ရင်း ဖြစ်ပေါ်လာတဲ့ မြင့်မြတ်သော တပ်ဖွဲ့ဝင်ကောင်းစိတ်ဓာတ် ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်ရပ်လေးနဲ့ယှဉ်ပြီး မြန်မာ့တပ်မတော်မှာ စွမ်းရည်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူတွေ ထဲက ဖြစ်စဉ်တချို့ကို ဆက်စပ်စဉ်းစားကြည့်မိပါတယ်။
ဒီနှစ်ဆန်းပိုင်းတုန်းက သီဟသူရဘွဲ့ ချီးမြှင့်ပေးအပ်ခြင်းခံရသူ ဒုတပ်ကြပ်အောင်သိမ်း ဟာ တဘက်ရန်သူဆီက ပစ်လွှတ်လိုက်တဲ့ လက်ပစ်ဗုံး ပေါက်ကွဲမှုဒဏ်ကို အနီးအနားမှာ ရှိနေတဲ့ သူရဲ့လုပ်ဖော်ကိုင်ဘက် အရာရှိ အရာခံ အကြပ်တပ်သားတွေ မထိခိုက်စေဖို့ သူ့ကိုယ်လုံးနဲ့ ဖိအုပ်ပြီး အကာအကွယ်ပေးရင်း ကျဆုံးသွားတာ။ သူ့အသက် သေမယ်မှန်းသိလျက်နဲ့ အများအတွက် စွန့်လွှတ်စွန့်စား လုပ်ရပ်ကို ရဲရဲတင်းတင်းလုပ်ချလိုက်တာ။ သူ့အသက် သေမှာကြောက်လို့ မြေကြီးမှာ ပြားပြားဝပ် မှောက်ချလိုက်မယ်ဆိုရင်လဲ ဘယ်သူကမှသူ့ကို အပြစ်တင်လို့ ရမှာမဟုတ်။ လွတ်လွတ်ကျွတ်ကျွတ် ပေါက်ကွဲသွားတဲ့ ဗုံးဒဏ်ကြောင့် သူ့အသက် လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပေမဲ့ အခြားသူတွေအတွက် ထိခိုက်ပျက်စီးနိုင်မှုက မခန့်မှန်းနိုင်။ အလွန့်အလွန် တိုတောင်းလှတဲ့ စက္ကန့်ပိုင်းအချိန်လေးအတွင်းမှာ ရဲရင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ကျန်တပ်ဖွဲ့ဝင်အားလုံးရဲ့ အသက်ကို ဒုတပ်ကြပ်အောင်သိမ်း ကယ်တင်နိုင်လိုက်တယ်။ ဒီအတွက် သူနဲ့ထိုက်တန်တဲ့ သီဟသူရဘွဲ့တံဆိပ် ချီးမြှင့်ခံခဲ့ရတာလို့ မြင်မိပါတယ်။

နောက်ထပ် … ကျနော် ကြားသိခဲ့ဖူးတဲ့ ဖြစ်ရပ်လေးတခု။ မဆလခေတ်က ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတခုမှာ အကျဉ်းအကျပ် ကျရောက်နေချိန် … တပ်ခွဲ ၁ ခုလုံး ဆုတ်ခွာဖို့အခြေအနေ ဖြစ်လာချိန်မှာ … တပ်ခွဲမှူး ဗိုလ်ကြီး ကျော်ဝင်း ဆိုသူက … နောက်ချန်တပ်ဖွဲ့ ရွေးထုတ်လိုက်တယ်။ လူပျိုလူလွတ် စစ်သည်တွေ ဦးစားပေးနေရစ်စေချင်တဲ့အကြောင်း အကြံပြုတယ်။ ပြီးတော့ တပ်စိတ်တခုသာသာ အင်အားရှိတဲ့ နောက်ချန်တပ်ဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်ကျန်ရစ်ခဲ့ပြီး ကျန်တပ်ဖွဲ့အင်အားတွေ လုံခြုံစိတ်ချစွာ ဆုတ်ခွာနိုင်ဖို့ ခုခံတိုက်ပွဲဝင်ပေးခဲ့ရင်း ဗိုလ်ကြီးကျော်ဝင်း အပါအဝင် စစ်သည်တွေ ကျဆုံးသွားခဲ့ရတယ်။ အဲဒီလို အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် ကျန်ရစ်သူတွေ စိတ်ထဲမှာ ဘယ်လိုခံစားကြရပါမလဲ။ သူတို့ရဲ့ တပ်ဖွဲ့ဝင်ကောင်း ပီသတဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေဟာ ကျန်ရစ်သူတွေရဲ့ နှလုံးသားမှာ စွဲထင်ကျန်ရစ်မှာ သေချာပါတယ်။
ရဲဘော်စိတ်ဆိုတာ အမိန့်ပေးပြီး စေခိုင်းလို့ ရှိလာနိုင်တဲ့ အရာမဟုတ်။ ဥပဒေတရပ်အနေနဲ့ အတင်းအကျပ်ပြဌာန်း လုပ်ဆောင်စေလို့ ရတာလည်းမဟုတ်။ စစ်ကျောင်းကြီးတွေမှာ အတိအကျ သင်ကြားပေးလို့ရတဲ့ ဘာသာရပ် မဟုတ်။ ကာယကံရှင်ကိုယ်တိုင်က လွတ်လပ်တဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ လုပ်ဖော်ကိုင်ဖက်ချင်းအပေါ် ရိုင်းပင်းကူညီခြင်း၊ လုပ်ဖော်ကိုင်ဖက်များ အတွက် စွန့်လွှတ်အနစ်နာခံခြင်း။ ဒီထက်ပိုပြီးချဲ့တွေးမယ် ဆိုရင်တော့ နိုင်ငံတော်နဲ့ပြည်သူလူထုအတွက် အမြဲတမ်း စွန့်လွှတ်စွန့်စားစိတ် ထက်သန်ပြင်းပြနေခြင်း လို့ ဆိုနိုင်မှာပါ။
ကမ္ဘာ့နေရာအနှံ့မှာ စစ်ပွဲတွေဖြစ်ကြတယ်။ စစ်ပွဲတပွဲရဲ့ တရားခြင်း မတရားခြင်း ဆိုတာ စစ်ကြေငြာတဲ့ စစ်တိုက်ဖို့ အမိန့်ပေးတဲ့ အုပ်ချုပ်သူတွေ ဖြေရှင်းရမယ့် ပြဿနာပါ။ အမိန့်အတိုင်း တိုက်ပွဲဝင်ရတဲ့ စစ်သားတွေမှာ တာဝန်မရှိဘူးလို့ ယူဆပါတယ် (တိုက်ပွဲအတွင်း ဥပဒေချိုးဖောက်တာက သပ်သပ်ပါ)။ စစ်ပွဲကို သူတို့ ဖန်တီးတာမှ မဟုတ်တာ။ စစ်တိုက်ရင်း တိုက်ပွဲအတွင်းမှာ သူရဲကောင်းတွေ ပေါ်ထွက်လာတယ်။ ဒီသူရဲကောင်းတွေရဲ့ လုပ်ရပ်ဟာ တဘက်ယှဉ်ပြိုင်ဘက် ရန်သူအပေါ် ချေမှုန်း တိုက်ခိုက်နိုင်တဲ့ အရည်အသွေးတခုတည်းအပေါ်မှာ တည်တာမဟုတ်ပါဘူး။ တိုက်ပွဲအောင်မြင်တိုင်းလည်း သူရဲကောင်း ပေါ်ထွက်တာ မဟုတ်ပါဘူး။
စစ်တိုက်တာက စစ်သားဖြစ်တဲ့အလျောက် အမိန့်နာခံမှု တာဝန်ကို ထမ်းရွက်တာ။ ရဲဘော်စိတ်ဆိုတာက စွန့်လွှတ်အနစ်နာခံတဲ့ တပ်မတော်သား ဝတ္တရားကို ကျင့်ဆောင်တာ။ တူသလိုလိုနဲ့ မတူ။ အမြဲတမ်းလည်း ထပ်တူမကျ။ ရဲဘော်စိတ်ပြည့်ဝသူသာ သူရဲကောင်းအဖြစ် ထိုက်တန်တာပါ။ ဒီအတွက် ချီးမြှင့်မြှောက်စား တာလည်း သဘာဝကျတယ်လို့ မြင်ပါတယ်။ စစ်ကျောင်းကြီးတွေမှာ တွေ့ရလေ့ရှိတဲ့ “ခေါင်းဆောင်တိုင်း အထက်အရာရှိဖြစ်တယ်။ အထက်အရာရှိတိုင်း ခေါင်းဆောင်မဟုတ်” ဆိုတဲ့ ဆောင်ပုဒ် အတိုင်းပဲပေါ့။ တပ်မတော်သားဖြစ်တိုင်း ရဲဘော်စိတ်ပြည့်ဝတယ်လို့ မဆိုသာ။ တပ်မတော်မှာ ခေါင်းဆောင်ပီသတဲ့ အထက်အရာရှိတွေ လိုအပ်သလို ရဲဘော်စိတ်ပြည့်ဝတဲ့ တပ်မတော်သားတွေ (အဆင့်အတန်းအားလုံး) များသထက်များဖို့ အရေးကြီးပါတယ်။ ဒီအတွက် လက်တွေ့ စံနမူနာကောင်းတွေ လိုအပ်ပါတယ်။

ဟိုတလောက တပ်မတော်သား သစ္စာ (၄) ချက်ထဲက ဒုတိယအချက်ကို ပယ်ဖျက်ဖို့ တိုက်တွန်းတဲ့ သမ္မတရုံးဝန်ကြီးအနေနဲ့ အဲဒီ ဒုတိယသစ္စာအဓိဌာန်ကို ဘယ်လို သဘောပေါက်တယ် မပြောတတ်။ သူပြန်တောင်းပန်တဲ့ စာထဲမှာလည်း တပ်မတော်သားထုအပေါ် ရည်ညွှန်းတဲ့ အသုံးအနှုန်း မတွေ့မိပါဘူး။ ကျနော် နားလည်တာက အဲဒီ ဒုတိယမြောက် သစ္စာအဓိဌာန်ဟာ တပ်မတော်သားတွေ တန်ဖိုးထားတဲ့ “ရဲဘော်စိတ်” နဲ့ နက်နက်ရှိုင်းရှိုင်း ယှက်နွယ်ပေါင်းစပ်နေတယ် လို့ ယုံကြည်မိပါတယ်။
ရဲဘော်စိတ်ဆိုတာ သူတပါးအပေါ် ရန်လိုပြီး သွေးကြွနေတဲ့ စိတ်မဟုတ်။ အများအတွက် မိမိအမြတ်နိုးဆုံး အသက်နဲ့ ခန္ဓာကိုယ်ကို ပေးလှူစွန့်လွှတ်ရဲတဲ့ တပ်ဖွဲ့ဝင်ကောင်း စိတ်ဓာတ်ဖြစ်ပါတယ်။
ရဲဘော်စိတ်ပြည့်ဝသော တပ်မတော်သားများကို အစဉ်ထာဝရလေးစားလျက် ….
နေမင်းသူ
၃-၇-၂၀၁၄