(ပါဝါကော်ရစ်ဒါမှ ငေးကြည့်နေရသူ တစ်ယောက်၏ စိုးရိမ်သောကများ)(ကျော်ဝင်း)-----------------------------------------------------------------------------------------------------------------------------စကားပလ္လင်မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်သည်များကိုရေးတိုင်း၊ စာရေးသူအနေနှင့် “ဘေးမှ ရပ်ကြည့်သူတစ်ယောက် ၏ …” အစချီသော ဒုတိယခေါင်းစဉ်ကို တပ်ခဲ့ဘူးပါသည်။ ယခု ပါဝါ ကော်ရစ်ဒါပေါ်ရောက်သွားရာ၊ မြင်ကွင်းကို ပို၍ နီး နီး ကပ်ကပ် မြင်ခွင့်ရသလိုရှိသည်။ တစ်ပြိုင်နက်တည်း စိုးရိမ်မကင်းဖြစ်စရာတွေလည်း ပိုများလာသည်။ သို့တစေ.. စာ ရေးသူမှာ ဘာမှ မတတ်နိုင် ။ ငေးလို့သာကြည့်နေရသည်။ “ ပါဝါကော်ရစ်ဒါ မှငေးကြည့်နေရသူတစ်ယောက်၏ စိုးရိမ် သောကများ” ဆိုပါစို့..။------------------------------
------------------------------
------------------------------
------------------------------
--
အရေးကြီးသည့်ချိန်ခွင်လျှာ
သုံးနှစ်ကျော်သက်တမ်းထဲသို့ ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ တာ ထွက်ခါစ ကနဦးနှစ်များကလို ညင်သာသိမ်မွေ့မှု သိပ်မရှိလှတော့….။ ၂၀၁၃ ကုန်ခါနီးလောက်မှစ၍ အလှုပ်အရမ်း တွေများလာရာ၊ ယခု ၂၀၁၄ ခုနှစ်လည်တွင် လှုပ်ရုံ ရမ်းယုံသာမက အန္တရာယ်လမ်းသို့ပင် ဦးတည်မိသလိုရှိလာချေပြီ။ ဥပမာ စကားနှင့်တင်စားဆိုရလျှင်၊ လွန်ခဲ့သော သုံးနှစ်ကျော်က မနည်းကုပ်ကပ်တက်ခဲ့ရသော ချောက်ကမ်းပါးကြီးဆီသို့ ဦးတည် ပြေးနေသည့် ဘတ်စ်ကားကြီးတစ်စီးလိုဖြစ်နေသည်
။ ဘတ်(စ)ကားအိုကြီးမှာ အင်ဂျင်ကဒေါင်းနေရသည့်အထဲ ဘရိတ် ကမမိ။ ဒရိုင်ဘာနှင့် စပယ်ယာတို့ အချင်းများလို့ကောင်းနေစဉ်မှာပင
်၊ လိုက်ပါလာကြသော ခရီးသည်တွေက အချင်းချင်း ရန်ဖြစ်နေကြသည်။ သို့တိုင်အောင် ‘ စပိ’ ကမလျှော့ ။ သည်လိုနှင့် ချောက်ကမ်းပါးကြီးနှင့် နီးသထက်နီးလာချေပြီ။ ဘုရား…ဘုရား ။
ဇတ်၏အစမှာ အခြေခံဥပဒေ ဟုဆိုရမလိုရှိသည်။ ပြောရလျှင်၊ ဤကိစ္စမတိုင်မီကပင် စိန်ခေါ်ချက်တွေက မနည်းမနော။ ရခိုင်အရေး ၊ လက်ပံတောင်းအရေး..အရေး…အရေး…။ အခြေခံဥပဒေ.. သစ်ရေးလား- ပြင်ရေးလား တွင် အရှိန်တက်လာသည်။ ပြင်ရေးက အသာစီးရတော့ ၂၅% ကိစ္စထိပ်တက်လာသည်။ နောက် ၅၉(စ) ….။ နောက်ဆုံး ၄၃၆ တွင်အမြင့်ဆုံး စခန်းဆင့်သို့ ရောက်လာလေတော့သည်။
စာရေးသူအနေနှင့်မူ ၂၀၀၈ အခြေခံဥပဒေကို ယခင်အစိုးရ၏ “ ထွက်ပေါက်မဟာဗျူဟာ” (Exit strategy) အဖြစ်ကြည့်မြင်လိုသည်။ အပြောင်းအလဲ အတွက်လမ်းဖွင့်ပေးသော “ လှုပ်ရှားခွင်” ( Space ) များပါသလို၊ စိုးရိမ်သော ကများမှလာသော “ အကန့်အသတ်” ( Limit ) တွေလည်းရှိသည်။ အဆိုပါ Space နှင့် Limit များ ချိန်ခွင်လျှာမျှထား နိုင်ခြင်းကြောင့်ပင်၊ ရာစုဝက်မျှ နိုင်ငံတော် အာဏာထိန်းချုပ်ထားခဲ့သော တပ်မတော်ကိုယ်တိုင်က အပြောင်းအလဲကို လက်ခံလိုက်ပါခဲ့ခြင်းဖြစ်သည်။ ရေရှည်တွင် စိုးရိမ်မှုများကို လျှော့ချနိုင်သည်နှင့်အမျှ Limit များနည်းပြီး Space များ ကျယ်လာနိုင်စရာရှိပါလိမ့်မည်။ ဤအလားအလာကိုချိန်ရွယ်ပြီး မဟာဗျူဟာ ချမှတ်ဆောင်ရွက်ဖို့လိုလိမ့်မည်ဟုသဘော ရသည်။ ယခုလိုစိုးရိမ်မှုများ ထိပ်တက်နေဆဲ အချိန်မျိုးတွင်၊ ချိန်ခွင်လျှာပျက်သွားပါက အပြောင်းအလဲအတွက် အန္တ ရာယ်ကြီးသည်ဟုမြင်သည်။ အခြေခံဥပဒေ အခန်း (၁၁) ၊ ပုဒ်မ ၄၁၇ ကိုသတိပြုကြဖို့လိုမည်ထင်ပါသည်။
သတိပြုရမည့်အကန့်အသတ်
နိုင်ငံတကာအတွေ့အကြုံများအရ၊ ဒီမိုကရေစီအပြောင်းအလဲတွင် ရွေးချယ်စရာလမ်းနှစ်သွယ်ရှိသည်။ ပူးပေါင်း ဆောင်ရွက်ရေးလမ်းကြောင်းနှင့် ထိတ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်း ။ အပြောင်းအလဲကို အေးအေးငြောင်းငြောင်းဖြတ် သန်းနိုင်ခဲ့သည့် နိုင်ငံအားလုံးလောက်ပင် ပထမလမ်းကြောင်းကိုရွေးခဲ့ကြပါသည်။ ဒုတိယလမ်းကြောင်းကား အန္တရာယ် လမ်း…။ မကြာသေးမှီကပင် အီဂျစ်က သင်ခန်းစာပေးခဲ့သည်။ ယခု-ထိုင်း…..။ သို့တိုင်အောင် မင်္ဂလာလမ်းဟုဆိုရမည့် “ ပူးပေါင်းဆောင်ရွက်ရေး” လမ်းပွင့်ဖို့ဆိုလျှင်စေ့စပ်ညှိနှိုင်းအဖြေရှာကြဖို့လိုပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လေးပွင့်ဆိုင်ဆွေးနွေးဖို့ တရားဝင်တောင်းဆိုခဲ့သည်။ ဖြစ်မလာ…။ သမ္မတနှင့် တော့ တွေ့ခွင့်ရသည်။ ပြေလည်ဟန်မရှိပါ။ သည်တွင်မူလအထိုင်သို့ ပြန်သွားတော့သည်။ အာဏာမဲ့အတိုက်အခံ ဘဝတွင် လူထုအားနှင့် နိုင်ငံတကာသာအားကိုးဖို့ရှိလေရာ၊ သူမရွေးချယ်မှုကို တစ်ဘက်သတ်အပြစ်တင်ဖို့ခက်ပါသည်။ သို့တစေ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာ ယခုအချိန်ထိ “ လွှတ်တော်လမ်းကြောင်းမှ ပြင်ရေး” ဆိုသည်တွင်သာ ခြေမြဲလက်မြဲရပ်တည်ထားဆဲဖြစ်သည်။ NLD နှင့်လက်တွဲလာသော ရှစ်ဆယ့်ရှစ်ခေါင်းဆောင် ဦးကိုကိုကြီးကလည်း “ ပေါင်းပြင်ဖို့ပါ၊ တိုက်ပြင်ဖို့မဟုတ်” ဟု အခိုင်အမာပြောထားသည်။
နိုင်ငံရေးသိပ္ပံပညာတွင်၊ ဥပဒေတွင်းလှုပ်ရှားမှုနှင့်ပတ်သက်သော “ က သုံးလုံး” ဆိုသည့်အယူအဆရှိသည်။ “ အကြောင်းအကျိုးရှိရမယ်။ အကျိုးအမြတ်ရှိရမယ်။ အကန့်အသတ်ရှိရမယ်” ဆိုသောသတ်မှတ်ချက်များဖြစ်သည်။ အ ကြောင်းအကျိုးခိုင်ရုံနှင့် မပြီး။ အကျိုးအမြတ်ရဖို့လည်း လိုပါသည်။ ဤသို့ အကျိုးအမြတ်ရဖို့ဆိုလျှင် ‘ အကန့်အသတ်’ က အရေးကြီးသည်။ သို့တစေ စစ်ဓလေ့ကဲသော မြန်မာ့နိုင်ငံရေးတွင် ‘ အကန့်အသတ်’ ကိုထိန်းနိုင်ရေးမှာ အခက်ဆုံး လည်းဖြစ်နေသည်။ အကန့်အသတ်ကျိုးလျှင် ချေမှုန်းခံရနိုင်သည့် အန္တရာယ်ရှိသည်။ ( သာဓက ပြရလျှင် ၊ စာရေးသူတို့ ကျောင်းသားဘဝက ကြုံခဲ့ရသော ‘ ၁၉၇၄ ဦးသန့်အရေးအခင်း’ ။ စာရေးသူလူလားမြောက်မှ ကြုံခဲ့ရသော ၁၉၉၀ အာ ဏာဖီဆန်ရေးလှုပ်ရှားမှု…။) ထို့ထက်၊ အကန့်အသတ်မကျိုးကျိုးအောင် ရည်ရွယ်ချက်ရှိရှိ တွန်းပို့ကြမည့် အစွန်းရောက် အင်အားစုများရှိနေသည်ကိုလည်း သတိချပ်ဖို့လိုပါလိမ့်မည်။
တင်းလွန်းလျှင်ပြတ်
တစ်ခုတော့ရှိသည်။ တစ်ဘက်ဘက်က လိုအပ်သည်ထက်တင်းမာနေလျှင်လည်း အကန့်အသတ်ကျိုးတတ်ပါ သည်။ အကန့်အသတ်ကျိုးလျှင် နှစ်ဘက်လုံးရှုံးပါလိမ့်မည်။ တိုင်းပြည်၏ ကံကြမ္မာကိုပင် စတေးရဖို့ရှိသည်။ ဤအန္တ ရာယ်ဆိုးကြီးကို နှလုံးသွင်းပြီး၊ နှစ်ဘက်လုံးမှ အလေးထားစဉ်းစားပေးစေလိုသည်။
တစ်ဘက်မှ ပုဒ်မ ၄၃၆ ကိုဘာကြောင့်မပြင်လိုပါသနည်း။ ဘာတွေစိုးရိမ်မကင်းဖြစ်နေပါသနည်း။ ဤအချက် ကိုအတိုက်အခံဘက်မှ သိဖို့လိုပါသည်။ စိုးရိမ်မှုများလျော့ပါးသက်သာစေရန်၊ လိုအပ်သောကတိကဝတ်များပေးဖို့လည်း လက်မနှေးသင့်ပါ။ အလားတူ၊ တာဝန်ရှိသူများဘက်မှလည်း ‘ မလျှော့မတင်း ၊ စောင်းကြိုးညှင်း’ ဖြစ်ဖို့လိုပါလိမ့်မည်။ စာ ရေးသူအနေနှင့်ဆိုရလျှင်၊ အမျိုးသားနိုင်ငံရေးတွင် တပ်မတော်ပါဝင်မှုကို အချိန်ကာလတစ်ခုထိ လက်ခံနိုင်ပါသည်။ ပဋိ ပက္ခများ အနှံ့အပြားသဘောဆောင်သောအဖွဲ့အစည်းများတွင် မလွဲမရှောင်သာကျင့်သုံးရသော ‘ ဗီတို’ သဘောဟုမြင် ပါသည်။ ( ဥပမာ ကုလသမဂ္ဂ၊ အမေရိက မှ သမ္မတ၏ ဗီတိုအာဏာ) ။ သို့တစေ နိုင်ငံတကာကျင့်ထုံးများအရ သုံးပုံနှစ်ပုံမဲ ဆန္ဒဖြင့် ဗီတိုကိုကျော်ခွင့်ပေးရစမြဲဖြစ်ပါသည်။ ၄၃၆ ကိုတည်ဆဲအတိုင်းတင်းခံနေလျှင်၊ အကန့်အသတ် ကျိုးနိုင်သည့် အန္တရာယ်ရှိသည်။
သမ္မတကြီး မကြာခဏဆိုသလို ညွှန်းဆိုလေ့ရှိသော ‘ ယဉ်ကျေးမှု သစ်’ ထွန်းကားစေရေးအတွက် စေ့စပ်ညှိနှိုင်းရေးတံခါးကို ဖွင့်ပေးဖို့လိုပါလိမ့်မည်။ ဤသို့မဟုတ်ဘဲ၊ မူလအထိုင်များသို့ပြန်သွားလျှင် သမ္မတကြီးမဖြစ် စေချင်သော ‘ ယဉ်ကျေးမှုဟောင်း’ ထဲသို့ပြန်ရောက်သွားပါလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင်၊ ဤသို့သော အရိပ်လက္ခ ဏာ အချို့ကိုတွေ့သလောက် တွေ့နေရရာ အမှန်ပင်စိုးရိမ်မိသည်။ ဥပမာ သန္တိသုခ အရေးကိုင်တွယ် ပုံမျိုး…။ ယခုလော လောဆယ် ရခိုင်ပြည်နယ်မှတင်းမာမှု….။
ဈေးဆစ် တိုကင်
၄၃၆ ကိစ္စ အရှိန်တက်နေဆဲမှာပင်၊ တစ်ကျော့ ပြန် PR ( အချိုးကျ ကိုယ်စားပြုစနစ် ) ကထိပ်တက်လာ သည်။ အမှန်စင်စစ် PR ကိုတင်ခဲ့သည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးခါစ ကတည်းကဖြစ်သည်။ ထိုစဉ်ကတော့ အာဏာရ USDP မှာ စိတ်ဝင်စားဟန်မရှိပါ။ တပ်မတော်ကမူ ထိုစဉ်ကရော ယခုထိပါ ခံတွင်းတွေ့ဟန်မရှိ ။ စာရေးသူ ကိုယ်တိုင်သည်လည်း ထိုစဉ်ကာလက PR ကိုဘဝင်မကျလှပါ။ PR နှင့်ဆိုလျှင် ခိုင်မာအားကောင်းသော အစိုးရဖြစ်ဖို့ ခက်နိုင်၍၊ အပြောင်းအလဲနှေးကွေးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်ပါသည်။ သို့တစေ၊ ယခုလို အပြန်အလှန်မယုံ ကြည်မှုနှင့် ထိပ်တိုက်တိုးနိုင်မှုများသည်းသန်ပြင်းထန်လာသော အခြေအနေသစ်တွင်မူ၊ PR သည်ပင် ‘ဖြေဆေး’ ဖြစ် လေမည်လား တွေးစရာရှိပါသည်။ သို့တိုင်အောင်၊ PR ကြောင့် နောက်ထပ် နိုင်ငံရေးအကျပ်အတည်း ဖြစ်နိုင်သည် ကိုကား တွေးပူမိသည်။
ယခုလောလောဆယ် ရခိုင်တွင်ကြုံနေရသော၊ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေးမှာလည်း အခြေခံဥပဒေနှင့် ဆက်စပ်နေသည်။ ပုဒ်မ ၂၆၁ (ခ) ဖြစ်သည်။ တိုင်းရင်းသားပါတီများက သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင် ရာပြည်နယ်လွှတ်တော်မှ ခန့်အပ်လိုသည့် ဆန္ဒရှိသည်။ သို့နှင့်တိုင် အဆိုပါပုဒ်မအရ သမ္မတက ခန့်ရမည်ဖြစ်သည်။ ( အ မှန်တော့ ကြားအဖြေရှိနှိုင်ပါသည်။ “ လွှတ်တော်က ဝန်ကြီးချုပ်လောင်း သုံးဦးရွေး ၊ သမ္မတက နှစ်သက်သူတစ်ယောက် ကိုခန့် - ဆိုသည်မျိုး ) လူမျိုးစုပြဿနာနှင့်ဆက်စပ်နေသော ဇယား ၁ ၊ ၂ ၊ ၃ နှင့် ၅ တို့မှာ အခြေခံဥပဒေပြင်ဆင်ရေး တွင် အလားအလာ ကောင်းလိမ့်မည်ဟု မှန်းဆရသော်လည်း၊ ဆိုခဲ့ပါ ပုဒ်မမှာ အဖုအထစ်ဖြစ်နိုင်ပါသည်။ ယခုပင် ရခိုင် တွင်ကြုံနေရပြီ။
ထားတော့ ၊ နှစ်ဘက် ဘာတွေကွဲလွဲနေကြပါသနည်း။ ပွင့်ပွင့်လင်းလင်းစာရင်းချကြည့်ဖို့ လိုပြီထင်ပါသည်။ NLD ၏လိုလားချက်မှာ ၅၉(စ) နှင့် ၄၃၆ ပြင်ရေး ။ တိုင်းရင်းသားပါတီများက ၂၆၁ (ခ) ။ အာဏာရပါတီက PR ။ တပ် မတော်က အမျိုးသားနိုင်ငံရေးဦးဆောင်မှု ။ အလွန်သဘာဝကျသော ကွဲလွဲမှုများဟု မြင်ပါသည်။ ဤကွဲလွဲချက်များကို မလျှော့တမ်း တင်းခံနေကြလျှင် တိုင်းပြည်နာဖို့ပဲ ရှိပါလိမ့်မည်။ ‘ ရန်ဖြစ်တိုကင်’ ( Quarrelling Chip ) အဖြစ် သဘော မထားဘဲ ‘ ဈေးဆစ် တိုကင်’ ( Bargaining Chip ) အဖြစ် အသုံးပြုကြလျှင်ကော….။ ဥပမာ PR နှင့် ၅၉ (စ) ..။ အမျိုး သားနိုင်ငံရေး ဦးဆောင်မှုနှင့် ၄၃၆ … စသဖြင့်၊ အလဲအထပ် လုပ်ကြည့်လျှင် အဖြေမထွက်နှိုင်ပါသလော…။ အမျိုးသား ရေးအင်အားစုအချင်းချင်း ‘ သမီးပေး သမက်ရ’ ဖြစ်စေချင်သည်။ သို့မှသာ ရိုမီယို - ဂျူးလိယက်လို အလွမ်းဇတ်တွေ ဝေးပါလိမ့်မည်။ ကျွနုပ်တို့ ဘတ်(စ) ကားကြီးကား ချောက်ကမ်းပါးကြီး ဆီသို့ဦးတည်ပြေးနေချေပြီ ။ အမြန်ဆုံး ‘ စပိချ’ ဖို့ အရေးကြီးသည်။ အချိန်ဆွဲမနေကြပါနှင့်တော့…..။
ကျော်ဝင်း
၂၇ ၊ ဇွန် ၊ ၂၀၁၄ ။