
အပြောင်းအလဲ လှုပ်ရှားမှုတွေနဲ့ လူးလွန့်ရုန်းကြွနေတဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ ဖြစ်ရပ်တွေအကြောင်း ပုံနှိပ်မီဒီယာတွေ ဆိုရှယ်နက်ဝပ် မီဒီယာတွေပေါ်မှာ ရေးကြာတာတွေကို လိုက်ဖတ်မိရာက ကိုယ်လက်လှမ်းမီသလောက် နည်းနည်း စဉ်းစားကြည့်မိတာပါ။
သတင်းမီဒီယာ အထိုက်အလျောက် လွတ်လပ်မှုရှိလာပြီးနောက် ပြည်တွင်းထုတ် သတင်းဂျာနယ်တွေမှာ တပ်မတော်ခေါင်းဆောင်များရဲ့ အတွင်းရေးတွေ၊ အစိုးရ (ယခင်/လက်ရှိ) လုပ်ဆောင်တဲ့ ပွင့်လင်းမြင်သာမှု မရှိသော စီမံကိန်းလုပ်ငန်း တချို့နဲ့ ပတ်သက်ပြီး ဖွင့်ချရေးသားတဲ့ ဆောင်းပါးတွေ လူကြိုက်များပါတယ်။ တချို့သတင်းတွေက ဆိုရှယ်နက်ဝပ် ခေါ် အင်တာနက် အွန်လိုင်းပေါ်က ရေးသားချက်တွေကို ကူးယူဖော်ပြတာတွေလည်း ရှိပါတယ်။ အဲ့ဒါဟာ မြန်မာပြည်မှာ တပ်မတော်က နိုင်ငံ့အာဏာအရပ်ရပ်ကိုယူပြီး စစ်ခေါင်းဆောင်တွေ အုပ်ချုပ်ခဲ့တဲ့ ရာစုနှစ် တဝက်ဝန်းကျင် ကာလအတွင်း တိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ အခြေအနေတွေ လျှောကျနိမ့်ဆင်း သွားခဲ့ရတဲ့ လက်တွေ့ဖြစ်ရပ် က လူထုအာရုံကို ဖမ်းစားထားတာ ဖြစ်ပုံရပါတယ်။
စစ်အုပ်ချုပ်ရေး ကာလအတောအတွင်း တပ်မတော်ခေါင်းဆောင်တချို့ အာဏာနဲ့လုပ်ပိုင်ခွင့်ကို ခုတုံးလုပ်ပြီး မသမာတဲ့နည်းလမ်းနဲ့ ကိုယ်ကျိုးစီးပွားတွေ အဆမတန် ရှာဖွေစုဆောင်းမှုတွေရှိခဲ့တာ ငြင်းမရတဲ့အချက်ပါ။ ဒါ့အပြင် အပြန်အလှန် အထိန်းအကွပ်မရှိတဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ကိုယ်ထင်ရာစိုင်း လုပ်တတ်သူတွေ အခွင့်သာခဲ့ပြီး ကိုယ်နဲ့နီးစပ်ရာ မြှောက်စားတဲ့ ဆရာမွေးတပည့်မွေး အလေ့အထကို ကြီးထွားရင့်သန် စေခဲ့ပါတယ်။ လုပ်ငန်းတခုလုပ်တော့မယ် စီမံကိန်းတခု အကောင်အထည်ဖော်တော့မယ်ဆိုရင် လူမှန်နေရာမှန် ထိုက်ထိုက်တန်တန် အရည်အချင်းရှိသူတွေကို တာဝန်ပေးရမယ့်အစား အထက်လူကြီးနဲ့ နီးစပ်သူ ပနာစားသူ တွေသာ လုပ်ပိုင်ခွင့်များတဲ့ စီမံခန့်ခွဲမှုအလွဲကြောင့် ဆုံးရှုံးနစ်နာခဲ့တဲ့ လုပ်ငန်းပေါင်းလည်း မနည်းလှပါ။
စစ်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေး ယန္တရားထဲက လူတွေအားလုံး အကျင့်စာရိတ္တယိုယွင်းတာ ၊ အရည်အချင်းညံ့တာ မဟုတ်ခဲ့သော်လည်း လုပ်ပိုင်ခွင့်နေရာအရ လုပ်ငန်း အကျိုးသက်ရောက်မှုရလဒ်တွေ မကောင်းတဲ့အခါ မကြည်လင်မနွေးထွေးတဲ့ပုံရိပ်က သက်ဆိုင်ရာ အဖွဲ့အစည်းတရပ်လုံးအပေါ် ရိုက်ခတ်ခံရတယ်လို့ ယူဆပါတယ်။ လက်တွေ့လုပ်ဆောင်နေရတဲ့ ယန္တရားအတွင်းမှာကို ခံစားခွင့်တွေ မညီမမျှ ဖြစ်ပေါ်နေတော့ လုပ်ငန်းအပေါ် အာရုံထားမှုတွေ လျော့ကျလာတယ်။ စေတနာ နည်းပါးသူတွေလည်း ရှိလာတယ်။ သူများလိုမရရင် ရတဲ့နေရာက ရတာကိုယူမယ်ဆိုတဲ့ စိတ်တွေ ဝင်လာကြပါတယ်။ ရေတပ် စစ်သင်္ဘောတွေမှာတပ်ဆင်ထားတဲ့ ရေလုံတံခါးပတ်တာက ကြေးမူလီတွေ ဖြုတ်ယူရောင်းစားပြီး သံမူလီတွေနဲ့ အစားထိုးတပ်ဆင်တဲ့ လုပ်ရပ်ကိုကြည့်ရင် တော်တော်တုန်လှုပ်စရာ ကောင်းလှပါတယ်။ လူတွေဟာ အများပိုင်ပစ္စည်း နိုင်ငံပိုင်ပစ္စည်းဆိုတဲ့ အရာတွေအပေါ် တန်ဖိုးထားရကောင်းမှန်း မသိတဲ့ အဖြစ်ကို ရောက်လာရပါတယ်။ ဆိုဗီယက်ယူနီယံ မပြိုကွဲမီက စက်ရုံအလုပ်ရုံတွေမှာ ပြည်သူပိုင်ပစ္စည်းတခုခု ပျက်စီးချွတ်ယွင်းသွားတဲ့အခါ အလုပ်သမားတွေ ပျော်ရွှင်အော်ဟစ်ကြတယ် ဆိုတဲ့ အကြောင်း ရေးထားတာ ဖတ်ဖူးပါတယ်။ ဒီလို စနစ်ရဲ့ ဆိုးကျိုးဒဏ်တွေကို မျှဝေခံစားကြရတဲ့ ပြည်သူလူထုရင်ထဲမှာလည်း အစိုးရ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သက်လာရင် ခံစားမှုမကောင်းနိုင်တော့ပါ။
အဆိုးဆုံးက ပြည်သူတွေရဲ့ အမြင်မကြည်လင်မှုတွေထဲမှာ တိုင်းပြည်အတွက် လိုအပ်ချက်အရ ရေရှည်မြော်မြင်လုပ်ဆောင်ထားတဲ့ စီမံကိန်းတချို့အပေါ် ထင်ယောင်ထင်မှား သံသယအဖြစ်ခံရတဲ့ ကိစ္စပါ။ စစ်အစိုးရရဲ့ ထုံးစံအတိုင်း ပွင့်လင်းမြင်သာမှုမရှိ လျှို့ဝှက် လုပ်ဆောင်တတ်တဲ့ သဘောအရ လုပ်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ ကာကွယ်ရေးဆိုင်ရာ စီမံချက်တွေလည်း ပါခဲ့တာကိုး။ လတ်တလော ပေါ်ပြူလာအဖြစ်ဆုံး ယူနတီဂျာနယ်ရဲ့ ဓာတ်ပုံသတင်းဖော်ပြချက် အကျိုးဆက်တွေက ထင်ထင်ရှားရှား ပြသနေပါတယ်။ အခုတော့ ဓာတ်ပုံသတင်းရအောင် ယူမိတဲ့ သတင်းအဖွဲ့သားတွေ နှစ်ရှည် ထောင်နန်းစံရလို့ သတင်းမီဒီယာလောကမှာ မကျေမနပ် အုတ်အော်သောင်းတင်း ဖြစ်နေသလို တဖက်မှာလည်း အဲ့ဒီကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ကျတဲ့ ကာကွယ်ရေး ဝန်ထမ်းအဆင့်ဆင့် အပြစ်စက်ကွင်းက မလွတ်ကြပါဘူး။ စစ်သားဘဝမှာ လက်နက်ပိုင်းဆိုင်ရာကို တာဝန်ယူရတဲ့ အလုပ်မျိုး ဘယ်စစ်သားမှ မလုပ်ချင်ကြပါဘူး။ တာဝန်ပေးလို့သာ မဖြစ်မနေ ထမ်းဆောင်ကြရတာပါ။ ကျနော်ကိုယ်တိုင် လက်နက်ခဲယမ်းတပ်မှာ တာဝန်ကျဖူးလို့ ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီကြားထဲ နိုင်ငံတကာသတင်း စာမျက်နှာမှာပါ ဓာတ်ပုံသတင်းရဲ့ နောက်ဆက်တွဲ ဖော်ပြချက်တွေ ဝေဝေဆာဆာ ပေါ်ထွက်လာနေပြီး ဒီအပေါ်မှာ နှစ်ဘက် ခံစားချက်နဲ့ အမြင်တွေ သိသိသာသာ ဆန့်ကျင်ဖီလာ ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။

ဒီနေရာမှာ တခုစဉ်းစားမိတာက အစိုးရလုပ်တဲ့ လုပ်ငန်းတိုင်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါတွေကို ရအောင် ဖော်ထုတ်ရမယ်ဆိုတဲ့ နေရာမှာ လုပ်ငန်းအနေအထားအရ တစုံတဦး အဖွဲ့တခုရဲ့ အကျိုးစီးပွားကို ရှေ့ရှုတဲ့ လုပ်ငန်းလား … နိုင်ငံအတွက် အကျိုးရှိစေမယ့်လုပ်ရပ်လား ဆိုတာကို အရင်ခွဲခြားလေ့လာသုံးသပ်ပြီးမှ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ကြရင် တိုင်းပြည်နဲ့ လူထုအတွက် အကျိုးများမယ်ထင်ပါတယ်။ ဥပမာ - မြစ်ဆုံစီမံကိန်း ၊ လက်ပံတောင်းစီမံကိန်း၊ ရွှေဂက်စ် စီမံကိန်းတွေလို လူထုအကျိုးစီးပွားနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ ကိစ္စမျိုးတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့တာကို ဆန့်ကျင်လှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် ရပိုင်ခွင့်တွေ တောင်းဆိုပေးတာ၊ လုပ်ငန်း ရပ်ဆိုင်းထားအောင် လုပ်နိုင်ခဲ့တာတွေဟာ ကောင်းပါတယ်။ ဒေသခံပြည်သူလူထုနဲ့ တိုင်းပြည်အတွက်လည်း အကျိုးရှိပါတယ်။ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အာဏာပိုင်အသိုင်းအဝိုင်းထဲမှာကို အဲ့ဒီလုပ်ငန်း တွေနဲ့ပတ်သက်ပြီး မနှစ်မြို့သူတွေလည်း ရှိနေတာကြောင့် လှုပ်ရှားမှု အားကောင်းလာတာနဲ့အမျှ ထောက်ခံပါဝင်မှုလည်း ပိုမိုရရှိ လာတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ တစုံတရာ အလျှော့အတင်းတော့ လုပ်နိုင်ကြတာပါပဲ။
သို့သော် ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စီမံချက်လုပ်ငန်းတချို့မှာ တိုင်းပြည်အတွက် ရည်ရွယ်တာ မှန်သော်လည်း အားလုံးသိအောင် ထုတ်ပြန်လို့မရတဲ့ အပိုင်းတွေ အတော်များများရှိပါတယ်။ ပြည်သူလူထု အားလုံး မဆိုထားနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းဝင်တွေတောင်မှ သိသင့်သိထိုက်သူကလွဲပြီး ကျန်သူတွေ မသိအောင် လျှို့ဝှက်ထားရတဲ့ လုပ်ငန်းတွေ အများကြီးပါ။ ဒါက နိုင်ငံတိုင်းမှာ ရှိပါတယ်။ တိုင်းပြည်ရဲ့ အမျိုးသားအကျိုးစီးပွားမို့ ဒီမိုကရေစီ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီတာတွေ ရှိနိုင်ပါတယ်။ အဲ့လို ဟာမျိုးတွေမှာ ပြည်သူလူထုအနေနဲ့ လုပ်ရပ်အကျိုးဆက်ကိုကြည့်ပြီး ပွင့်လင်းမြင်သာမှုမရှိတာကို နားလည် ပေးနိုင်ဖို့ လိုမယ်ထင်ပါတယ်။
ဥပမာ …. လက်ရှိ ကျနော်တို့နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ နိုင်ငံတော် ဘတ်ဂျက်တခုလုံးရဲ့ ၂၁ ရာခိုင်နှုန်း ၊ အမေရိကန် ဒေါ်လာ ၁.၁၅ ဘီလီယံ (သန်းပေါင်း ၁၁၅၀) ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအသုံးစရိတ်ကို ခွဲဝေ အသုံးပြုရာမှာ ရေတပ် စစ်သင်္ဘောတွေအတွက် ဒေါ်လာ ၉၃ သန်း သတ်မှတ်တယ်လို့ ဆိုပါတယ်။ ကျနော် တပ်မတော်နဲ့ ကင်းကွာလာတဲ့ ၈ နှစ်တာ ကာလအတွင်း ရေတပ်အတွက် ဖရီဂိတ် အပါအဝင် စစ်ရေယာဉ် ၁၀ စီးကျော် တည်ဆောက် ထုတ်လုပ်ပြီး ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ အခုထိတိုင်လည်း အဆက်မပြတ် တည်ဆောက်နေဆဲပါ။ စစ်ရေယာဉ် တစီးချင်းရဲ့ တည်ဆောက်ကုန်ကျမှုစရိတ်ကို ခန့်မှန်းတွက်ချက်ကြည့်ရင် ငွေဘယ်လောက် ကုန်ကျမလဲ မှန်းကြည့်လို့ရနိုင်ပါတယ်။ ဒီငွေတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ဘယ်စစ်ခေါင်းဆောင်ရဲ့ အိတ်ထဲကမှ စိုက်ထုတ် အသုံးပြုခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော် သယံဇာတ ရောင်းချလို့ရတဲ့ငွေတွေ စီမံကိန်းကြီးတွေက ရတဲ့ဝင်ငွေတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ နောက်ပြီး ဒီစစ်ရေယာဉ်တွေကို ဘယ်စစ်ခေါင်းဆောင်ကမှ ကိုယ်ပိုင်အဖြစ် လက်လွှဲရောင်းစားလို့ မရနိုင်ပါဘူး။ ရေယာဉ်သက်တမ်းကုန်တဲ့ အထိ အစိုးရအဆက်ဆက် အသုံးပြုသွားရမယ့် ဟာတွေပါ။ (ကျနော် ပြောပြတာဟာ ရေတပ်တခုအတွင်းက တချို့ဟာတွေလောက်ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ဖော်ထုတ်ပြသခဲ့တဲ့ ယာဉ်တွေ လက်နက်တွေကို ကြည့်ရင်သိနိုင်ပါတယ်။ ဒါတောင် အားလုံးအကုန်အစင် မဟုတ်နိုင်သေးတာ သေချာပါတယ်။ )
ပြီးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလအတွင်း တပ်မတော် ခေါင်းဆောင်ကြီးတချို့ ကိုယ်ကျိုးရှာ အကျင့်ပျက်ခြစားမှုတွေ ရှိခဲ့တာ မှန်ပါတယ်။ သို့သော် တချို့နေရာတွေမှာ ကိုယ်ကျိုးရှာ အကျင့်ပျက်မှုနဲ့ တိုင်းပြည်အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့အရာတွေ အကြား ပွင့်လင်းမြင်သာမှုမရှိ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ ပူးတုံခွာတုံ ဆက်စပ်ယှက်နွယ်နေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ- နိုင်ငံခြားက စစ်လက်နက် ပစ္စည်းမှာယူတင်သွင်းရာမှာ တာဝန်ယူရတဲ့ လက်နက်ပွဲစား အရာရှိကြီးက အကျင့်ပျက် လာဘ်စားတာ ရှိနိုင်ပေမဲ့ ဝယ်တဲ့လက်နက်က တိုင်းပြည်အတွက် ဖြစ်နေတာမျိုးပေါ့။ ပေါက်မြို့နယ်က ကာကွယ်ရေးစက်ရုံတွေဟာ ငွေကြေးမြောက်များစွာ ရင်းနှီးမတည်ထားသလို အလွယ်တကူ ပြန်ဖျက်ဖို့ ခဲယဉ်းတဲ့ စီမံကိန်း အမျိုးအစား ထဲမှာ ပါဝင်မယ်လို့ ယူဆပါတယ်။
တိုင်းပြည်တခု တည်ရှိနေသရွေ့ ပြည်ပစစ်ဆိုတာ အချိန်မရွေး ဖြစ်ပေါ် လာနိုင်ပါတယ်။ ကျနော်တို့တိုင်းပြည်ရဲ့ အနေအထားကိုက နိုင်ငံကြီးတွေရဲ့ အင်အားပြိုင်ဆိုင်မှု မဟာဗျူဟာ စက်ကွင်းအတွင်းမှာ ကျရောက်နေသလို အိမ်နီးချင်းနိုင်ငံတွေကလည်း သူလိုကိုယ်လို အလှုပ်အရမ်း ခပ်များများ နိုင်ငံတွေဆိုတော့ စစ်ရေးသတိ အမြဲရှိနေရအုံးမယ့် အနေအထားပါ။
ကမ္ဘာ့နိုင်ငံကြီးတွေကိုယ်တိုင်က နိုင်ငံခြားရေး ပေါ်လစီတွေချမှတ်ရာမှာ မိမိနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး စံနှုန်းတွေကို ချိန်ခွင်တဖက်စီမှာထည့်ပြီး အခြေအနေ အချိန်အခါ လိုက်ပြီး ဘယ်သာညာယိမ်း လိုအပ်သလို အလေးတင်းလုပ်ဆောင်ကြပါတယ်။ နိုင်ငံတကာကျင့်ဝတ်တွေနဲ့ ပတ်သက်လာရင် ကျယ်ကျယ်လောင်လောင် ပြောဆိုတတ်ကြပေမဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဆိုရင်တော့ တိုးတိုးကျိတ်ကျိတ်ပဲ အကောင်အထည်ဖော်လေ့ရှိပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ တာဝန်ပြီးဆုံးချိန်မှာ ပြောသွားတဲ့ စကားလေးတခုရှိပါတယ် “အစိုးများအနေနဲ့ နိုင်ငံခြားရေးပေါ်လစီချမှတ်ရာမှာ အမျိုးသားအကျိုးစီးပွားကို အလေးပေးသင့်တယ် … ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် ဦးစားပေးရပ်တည်သင့်တယ် ဆိုတဲ့ အယူအဆ နှစ်ခုအကြား ကွဲပြားမှု နယ်နိမိတ်စည်းဟာ ပါးပါးလေးပဲ ရှိပါတယ်” ဆိုတဲ့ သဘောမျိုး ပြောခဲ့ဖူးပါတယ်။
နောက်ပြီး အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီ မှာလည်း နိုင်ငံတကာကျင့်ဝတ်ဝတ်ကို အလေးပေးရပ်တည်တဲ့ကာလနဲ့ မိမိနိုင်ငံအကျိုးစီးပွားအတွက် ရပ်တည်တဲ့ ကာလတွေ အချိန်အခါလိုက်ပြီး တလှည့်စီ ဖြစ်ပေါ်ခဲ့ကြောင်း မှတ်သားဖူးပါတယ်။ အီရတ် နိုင်ငံမှာ တကယ်မရှိတဲ့ WMD လက်နက်တွေကို အကြောင်းပြုပြီး တကိုယ်တော်ကျိတ် စစ်ပွဲဆင်နွှဲခဲ့တဲ့ အမေရိကန်တို့ရဲ့ တိုက်စစ်မှာ အမေရိကန်အတွက် အကျိုးစီးပွားနဲ့ အမေရိကန်ရဲ့ ပုံရိပ်တို့ ယှက်နွယ်ပါဝင်နေတယ်လို့ တွေးမိပါတယ်။ အီရတ်က ရေနံသိုက်တွေကို ရယူလိုတဲ့ အတွက် ရမယ်ရှာတိုက်ခိုက်တယ်လို့ ဝေဖန်သူတွေရှိသလို အရှေ့အလယ်ပိုင်းဒေသအတွင်း ဒီမိုကရေစီ အမြစ်တွယ်ဖို့ ကြိုးပမ်းရာမှာ ခေါင်းအမာဆုံး အခုအခံဖြစ်နေတဲ့ အီရတ်အစိုးရကို အရင်ဆုံးဖြိုပစ်ရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲအကျိုးဆက် အနေနဲ့ အီရတ်မှာ အာဏာရှင် ဆတ်ဒမ်ဟူစိန် ပြုတ်ကျသွားပြီး မတည်ငြိမ်နိုင်သေးတဲ့ အကူးအပြောင်း ကာလကို ယနေ့တိုင် ဖြတ်သန်းနေရဆဲဖြစ်တာ အားလုံးအသိပါ။ အာဖဂန်နစ်စတန်မှာရော အလားတူ အခြေအနေ ရင်ဆိုင်နေရ တုန်းပါ။ အီရတ်၊ အာဖဂန်စစ်ပွဲကြောင့် ကမ္ဘာမှာ အမေရိကန် အစိုးရရဲ့ ပုံရိပ် ညှိုးမှိန်သွားစေခဲ့တာတော့ အမှန်ပါပဲ။
အမေရိကန်နဲ့ ဆက်ဆံရင်တော့ အမေရိကန် ယဉ်ကျေးမှုကိုလည်း လုံးဝငြင်းပယ်လို့ မရနိုင်ပါဘူး။ အီရတ်နဲ့ အာဖဂန်မှာ အမေရိကန် ယဉ်ကျေးမှု သရုပ်ဖြစ်တဲ့ နိုက်ကလပ်လိုနေရာမျိုးတွေဟာ အဲ့ဒီနိုင်ငံက အစ္စလာမ် ဘာသာရေးအစွန်းရောက်တွေရဲ့ အဓိက ပစ်မှတ်သဖွယ် အရပ်သားလူနေရပ်ဝန်းတွေ ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ကျနော်တို့ နိုင်ငံမှာလည်း အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုနဲ့ ပတ်သက်ပြီး ကြိုဆိုတဝက် စောင့်ကြည့်တဝက်နဲ့ စခန်းသွားရမယ့် အနေအထားဖြစ်ပါတယ်။ စစ်အေးကာလအတွင်း အင်ဒိုချိုင်းနား စစ်ပွဲမှာ အမေရိကန်နဲ့ အလွမ်းသင့်တဲ့ အရှေ့တောင် အာရှနိုင်ငံတချို့ ဒေါ်လာစီးကြောင်းတွေ ရခဲ့ဖူးတဲ့ သွားရည်ယိုစရာ မက်လုံးတွေရှိသလို ကိုယ့်ရေခံမြေခံနဲ့ အသွင်မတူတဲ့ ယဉ်ကျေးမှုတခုရဲ့ ဖိစီးမှုဒဏ်နဲ့ သူတို့လူလည်ကျမှုတွေကိုလည်း ထည့်တွက်ထားရမှာပါ။ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို ကိုယ့်နိုင်ငံသားတွေကပဲ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အဓိက တာဝန်ရှိပါတယ်။
ထို့အတူ ထိုင်းနိုင်ငံက ငါးခိုးလှေတွေကို မြန်မာရေတပ်က ဖမ်းဆီးတဲ့ ကိစ္စမှာ မြန်မာရေတပ်ရဲ့ လုပ်ဆောင်မှု မှားယွင်းတဲ့သဘော ဆောင်းပါးရေးထားတာ တွေ့ရတော့ စိတ်မကောင်းမိပါဘူး။ အဲ့ဒီမှာလည်း အမျိုးသားအကျိုးစီးပွားကာကွယ်မှုနဲ့ အကျင့်ပျက်ခြစားမှု ဒွန်တွဲနေတဲ့ ဖြစ်ရပ်လို့ မှတ်ယူပါတယ်။ သူတပါး ရေပိုင်နက်အတွင်း ငါးခိုးဖမ်းတဲ့ဖြစ်စဉ်က နိုင်ငံတကာမှာ ကြုံတွေ့ရပါတယ်။ နော်ဝေနိုင်ငံရဲ့ ရေပိုင်နက် အတွင်းက ဝေလငါးတွေကို ဂျပန်ရေလုပ်ငန်းကျွမ်းကျင်သူတွေက ခိုးဖမ်းလို့ နော်ဝေအစိုးရက ဝေလငါးတွေ ကြိုက်တတ်တဲ့ နည်းပညာသုံးအနံ့တမျိုးကို ဖော်စပ်ကာ ရေထဲပျော်ဝင်စေခြင်းဖြင့် ဝေလငါးတွေကို လုံခြုံစိတ်ချလောက်တဲ့ ကမ်းခြေနေရာတွေမှာ နေရာပြောင်းရွှေ့ထားရတယ် လို့ သိရဖူးပါတယ်။ အဲ့ဒီလို အဆင့်မြင့်နည်းပညာတွေ မပိုင်ဆိုင်နိုင်သေးတဲ့ ကျနော်တို့နိုင်ငံမှာတော့ ဖမ်းတဲ့ ဆီးတဲ့ လုံခြုံရေးဟန့်တားမှု စနစ်နဲ့ပဲ စခန်းသွားနေရအုံးမှာပါ။ ဖမ်းလို့ရတဲ့ လှေတွေပေါ်က ပစ္စည်းရောင်းပြီး ကိုယ်ကျိုးရှာတဲ့ သူခိုးပေါ်သူဝှက်မှောက်ကိစ္စက သပ်သပ်ဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ဝန်ထမ်းအများစုအဖို့ အကျင့်ပျက် လာဘ်စားတယ် ဆိုတာ လျော့ရဲတဲ့အုပ်ချုပ်ရေးယန္တရားနဲ့ လစာစရိတ် ဝင်ငွေ မလုံလောက်မှု တွေက အခြေခံကျမယ် ထင်ပါတယ်။
ဒီတော့ တိုင်းပြည်အပြောင်းအလဲအတွက် တွန်းအားဖြစ်စေမယ့် ဝေဖန်ထောက်ပြမှုတွေ ပြုလုပ်ကြတဲ့ အခါမှာ တကိုယ်ရေ အကျင့်ပျက်ခြစားမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ကိစ္စရပ်တွေကို ဖွင့်ချရင်း အမျိုးသားအကျိုးစီးပွား အတွက် လိုအပ်ချက်တွေ ပဲ့ပါမသွားဖို့ ခွဲခွဲခြားခြား ချင့်ချင့်ချိန်ချိန် ရေးသားကြရင်ဖြင့် ထိရောက်မှုအတိုင်းအတာ ပိုမိုမြင့်မားလာမယ့်အပြင် ပူးပေါင်းဆောင်ရွက်မှုအားလည်း ပိုကောင်းလိမ့်မယ်လို့ ယူဆမိတဲ့ အကြောင်း ရေးသားအကြံပြုအပ်ပါတယ်။
(ဆက်ရေးချင်တာလေးတွေ ရှိနေသေးပေမဲ့ စာရှည်တာသာ အဖတ်တင်ပြီး ဆိုလိုရင်းအချက်နဲ့ ပိုပိုဝေးသွားမှာစိုးလို့ ဒီမျှနဲ့ ရပ်နားလိုက်ပါတယ်)
ကျေးဇူးပါ ….
နေမင်းသူ
၁၅- ၇-၂၀၁၄