Clik here to view.

photo credit to Ko Ye Kyaw Thura
ကွန်မန်ဒိုတိုက်စစ်ကို ကျွဲနားတောက်မှာ သွားတိုက်ရသည်။ တပ်ခွဲတိုက်စစ်ဖြစ်သည်။ ကျောင်းကနေ နံနက်အစောကြီး သေနတ်ထုတ်၍ အမှိုက်ကျင်းရွာမှ မန္တလေး-လားရှိုး ရထားလမ်းကို ဖြတ်ဆင်းပြီး ငါးရံ့ချောင်းမှတဆင့် ဆင်လမ်းရွာကို ချီတက်ရသည်။ ဆင်လမ်းမှာ ခေတ္တအခြေပြုပြီး ကွန်မန်ဒိုတိုက်စစ်မှာ အသုံးပြုမည့် ဆက်စပ် စစ်ဗျူဟာသင်ခန်းစာများကို တပ်ခွဲမှူး ဗိုလ်မှူးစိုးမောင်၊ တပ်စုမှူးများဖြစ်သည့် ဗိုလ်ကြီးထွန်းထွန်း နှင့် ဗိုလ်ကြီးအေးကြူတို့က ပြန်လည်ဆွေးနွေးပေးကြသည်။ ပြီးတော့မှ တပ်ခွဲကို စုဖွဲ့သည်။ တပ်ခွဲမှူးက ဌေးနိုင် (နောင် ချယ်မန်ဒိုတပ်ခွဲမှူးဟု နာမည်ရသူ) ဖြစ်သည်။
တစ်နေ့လုံး သင်ခန်းစာများ ဆွေးနွေးပြီး ညနေစာကို ချက်ကြီးကိုဘိုတင်တို့အဖွဲ့ စီစဉ်ပေးသည့် ငါးသေတ္တာဟင်း၊ ချဉ်ပေါင်ဟင်းရည်တို့ဖြင့် အပြီးစားကာ နေဝင်သည်နှင့် ညအချိန်ချီတက်ခြင်း Night Move နှင့် မြေပုံဖတ်သင်ခန်းစာ Compass March တို့ကို ပေါင်းစပ်အသုံးပြုကာ ကျွဲနားထောက်ရွာသို့ ချီတက်ကြပါသည်။
မချီတက်မီ ကျွန်တော်တို့ ပထမနှစ်က သင်ကြားခဲ့ရသည့် ပုံဖျက်ခြင်း သင်ခန်းစာနှင့် စတင်ရုပ်ဖျက် ကြသည်။ ကိုဘိုတင်တို့ ဖိုကြီးအဖွဲ့ထံမှ အိုးမည်းတွေကို လက်ဝါးဖြင့်သပ်ယူပြီး မျက်နှာတွေကို လိမ်းကြ၏။ သစ်ခက်တွေချိုးပြီး ချပ်ဝတ်တွေမှာထိုးကာ ပုံဖျက်ခြင်း Comouflage ကို စနစ်တကျ ဦးစွာ လုပ်ကြသည်။ အထွေအထူး အိုးမည်းသုတ်ဖို့မလိုသည့် အောင်ကို၊ နေဝင်း (အောင်ဇေယျ)၊ သိန်းဦး နှင့် ခင်မောင်ထွန်းတို့မှာ သူများထက်ဦးအောင် အိုးမည်းတွေ အရင်သုတ်ပြီးကြပြီဖြစ်ရာ မှောင်ရီပျိုးစမှာ မျက်လုံးနှင့် သွားတွေကိုသာ မြင်ကြရသည်။ တပ်စုသုံးစုဖြစ်ပြီး ကျွန်တော်တို့ တပ်စု(၁)က ရှေ့ပြေးပွိုင့်တပ်စု ဖြစ်၏။
ဦးစွာပေးထားသော မြေပုံညွှန်းအတိုင်း အနောက်စူးစူးသို့ စတင်ချီတက်ခဲ့ရာ ည (၁၁) နာရီခန့်မှာ လယ်ပြောင်းပြန်ရွာအနီးက တောင်ကုန်းတစ်ခုကို ရောက်သည်။ လမိုက်ဖြစ်၍ ချီတက်ရာ လမ်းကြောင်းကို ခက်ခက်ခဲခဲ ရှာကြရ၏။ ညချီတက်ခြင်းဖြစ်သောကြောင့် လုံခြုံမှုနှင့် အလစ်အငိုက် ရသော်လည်း အုပ်ချုပ်မှုက ခက်ခဲလှသည်။
လယ်ပြောင်းပြန်မှာ တပ်ကို ပြန်စစ်ပြီး ဆက်လက်ချီတက်ချိန်တွင်တော့ ကျွန်တော်တို့ ကွန်မန်ဒို တပ်ခွဲအဖို့ ကြီးသည့် အုပ်ချုပ်မှု ပြဿနာကြီးနှင့် စတင်ရင်ဆိုင်ရတော့သည်။ ညချီတက်ရာတွင် ရှေ့က ဗိုလ်လောင်း၏ တောဆောင်းဦးထုပ်နောက်မှာ တပ်ဆင်ထားသည့် အဖြူရောင် ညကြည့် တြိဂံ အမှတ်အသားကို ကြည့်၍ ချီတက်ရသည်။ ထိုစဉ်မှာပင် ကျွန်တော်တို့ပွိုင့် တပ်စုကစ၍ လေလည်သံတွေ ကြားလာရပြီး ရှေ့က ညကြည့်အမှတ်အသားတွေ တစ်ခုပြီးတစ်ခု ပျောက်ကုန်၏။ ရှေ့နောက်တစ်ယောက်တန်း ချီတက်နေရာမှ လမ်းဘေးချုံတွေထဲတိုးဝင်ပြီး ဗိုက်ပြဿနာ ရှင်းကြရခြင်း ဖြစ်၏။ ပထမ တစ်ယောက်တလေ တောဝင်တိုင်တာလို့ ထင်ခဲ့သော်လည်း နောက်တော့ တပ်စုတစ်စုလုံးနီးပါး ဖြစ်လာ၏။
ညနေက ကမန်းကတန်း စားခဲ့ကြသော ငါးသေတ္တာဟင်းနှင့် ချဉ်ပေါင်ဟင်းရည်ကြောင့် ဝမ်းပျက်ကြခြင်း ဖြစ်သည်။ ရှေ့က ညကြည့်သင်္ကေတကို မမြင်ရတော့သဖြင့် ဆက်လက်ချီတက်ဖို့ ခက်ခဲသွား၏။ ညချီတက်မှု ဥပဒေသအရ အသံမထွက်ရ၊ လိုအပ်လျှင် ရှေ့လူထံ အသာကပ်သွားပြီး လက်ဖြင့်တို့ကာ အချက်ပေးရ၏။ ထိုသို့အချက်ပေးဖို့လည်း ရှေ့လူကို ရှာလို့မတွေ့။ အသံမထွက်ရ ဆိုသော်လည်း ချီတက်ရာ လမ်းဘေး ချုံပုတ်တွေထဲမှ တဗျတ်ဗျတ် တပျစ်ပျစ် ဝမ်းသွားသံတွေက ဟိုမှသည်မှ အဆက်မပြတ်ထွက်ပေါ်နေ၏။ ပုပ်အဲ့အဲ့ ညှီစို့စို့နှင့် အနံ့အသက်ကလည်း ရွံရှာစဖွယ် ဆိုးဝါးလှပါဘိတောင်း။
ပထမတော့ ကျွန်တော်တို့ တပ်စုတစ်စုတည်းဖြစ်နေတာလို့ ထင်ရသော်လည်း တပ်ခွဲရုံးနှင့် နောက်တပ်စုတွေလည်း ရောက်မလာကြ။ တော်တော်ကြာတော့မှ ခွဲရုံးဆက်သား စောမြသောင်း အပြေးအလွှားရောက်လာသည်။ သူလည်း အမှောင်ထဲမှာ တကျွတ်ကျွတ် ညည်းနေပြီး နောက်တပ်စုတွေ ဝမ်းပျက်နေသဖြင့် ပွိုင့်တပ်စု၏ ချီတက်နှုန်းကို ထိန်းထားရန် လိုက်သတင်းပို့ခြင်း ဖြစ်၏။ သူ့တစ်ကိုယ်လုံးလည်း နံစော်နေ၏။ သူ့ထံမှ ကြားသိချက်အရ တပ်ခွဲမှူး ဌေးနိုင် လည်း ချုံထဲဝင်ထိုင်တာ သုံးကြိမ်ရှိသွားပြီ ဖြစ်ကြောင်း သိရ၏။ မျှော်လင့်မထားသော ကိစ္စဖြစ်သဖြင့် မကြာခင်မှာပင် သန့်ရှင်းရေးစက္ကူ ပြဿနာ ပေါ်လာတော့သည်။
စက္ကူကုန်သွားသဖြင့် အချို့က ချုံပုတ်ထဲမှ သစ်ကိုင်းတွေ ချိုးသုံးကြသည်။ ကိုဖိုးသန့်တချို့ကား သောက်ရေဘူးထဲက ရေဖြင့် သန့်ရှင်းရေးကို ဖြေရှင်းကြသည်။ တပ်ခွဲမှူးကြီး ဌေးနိုင်သည် သုံးကြိမ်မြောက်တောထိုင်စဉ် စိန်နားပန်ကိုင်းတစ်ခုကို ချိုးပြီး ကိစ္စရှင်းမိရာ ဆူးတွေစူးကုန်သဖြင့် လေသံနှင့် စုတ်သတ်ညည်းညူနေပြီး လမ်းလျှောက်ရာတွင် ကွတတဖြစ်နေကြောင်းလည်း ဆက်သားထံကတဆင့် ကြားသိရ၏။
တပ်စု(၃)က အဖွဲ့တွေလည်း တဗျင်းဗျင်း တဗျန်းဗျန်းနှင့် တောဝင်ထိုင်ကြရာ ရှေ့တပ်စုတွေကို အမီမလိုက်နိုင်သေး။ ရန်ကင်းသား သန်းသန်းကား ဘယ်နှစ်ကြိမ်မြောက် ချုံထဲဝင်ထိုင်သည် မသိ။ စက္ကူကကုန် သောက်ရေဘူးထဲမှာလည်း ရေကမကျန်တော့။ သစ်ကိုင်းလည်း ချိုးမသုံးတတ်သဖြင့် နီးရာချုံထဲက သောင်းထွဋ်ကြူကို လေသံဖြင့် လှမ်းအကူအညီတောင်းရာ သောင်းထွဋ်ကြူက မကြားချင်ယောင် ဆောင်နေ၏။ သိန်းသန်းက ကြံရာမရသည့်အဆုံး အမှောင်ထဲမှာ လှမ်းစမ်းပြီး သောင်းထွဋ်ကြူ၏ အီကွစ်မင့်မှာ ချိတ်ထားသည့် ချွေးသုတ်ပုဝါကို လှမ်းဆွဲလိုက်၏။ သောင်းထွဋ်ကြူက အတင်းပြန်ဆွဲသော်လည်း မမီလိုက်တော့။ ဖရိုဖရဲဖြင့် နောက်ထပ် မြေပုံညွှန်းပေးထားရာ တောင်ဘက်စူးစူးရှိ လက်ပံကုန်းရွာ အနောက်က တောင်ကုန်းတွေကို ဖြတ်ဆင်းခဲ့ကြ၏။ တောတိုးချီတက်ရသဖြင့် လမ်းခရီးက ကြမ်းလှ၏။ ဆောင်းတွင်းဖြစ်သဖြင့် ရာသီဥတုက အေးစိမ့်နေပြီး ခိုက်ခိုက်တုန်နေသည်။ ဝမ်းတွင်းမှာ စားထားသမျှ အကုန်ထွက်ကုန် ပြီးဖြစ်၍ ဆာလောင်နေကြသော်လည်း ရေပင်သောက်စရာ မရှိတော့ပေ။
Image may be NSFW.
Clik here to view.

photo credit to Ko Ye Kyaw Thura
အမှောင်ထုအတွင်း ချီတက်ရသဖြင့် လျင်မြန်မှု မရှိသော်လည်း နံနက် ၃ နာရီခန့်မှာတော့ သရက်ပင်ကုန်းကို ကျော်ပြီး စီရပ်ဖြစ်သည့် ကျွဲနားထောက် တောင်ခြေအနီးကို ရောက်လာကြသည်။ စီရပ်အင်္ဂါရပ်နှင့်အညီ တပ်ခွဲမှူးက တပ်တွေကို စုဖွဲ့မှုပြန်ယူသည်။ တပ်စု (၃) ရောက်မလာသေးသဖြင့် သူတို့ရောက်လာသည်ထိ စောင့်နေရ၏။ ရန်သူကို အလစ်အငိုက်ယူ၍ အရုဏ်ဦးမှာ ဟန်ချက်ညီ တိုက်ခိုက်ကြမည်ဖြစ်ရာ စီမံချက်အတိုင်း အံဝင်ခွင်ကျဖြစ်ဖို့ အရေးကြီးသည်။ ကျွန်တော်တို့ တပ်စု(၁) က ညာဘက်မှပန်းပြီး ကာပစ် ပစ်ပေးရ၏။ တပ်ခွဲရုံးနှင့် တပ်စုနှစ်စု ရန်သူ့ခံစစ်စည်းကို ချဉ်းကပ်သွား ကြ၏။
သတ်မှတ်(န)နာရီမှာ တပ်ခွဲမှူး၏ အမိန့်ဖြင့် ရန်သူ့တောင်ကုန်းကို စတင်ပစ်ခတ်သံများ ပေါ်ထွက်လာ၏။ ရန်သူအဖြစ် သရုပ်ဆောင်ထားသည့် နည်းပြအဖွဲ့ထံမှ ကျည်စစ်ဖြင့် ပြန်လည် ပစ်ခတ်သံများ ဟိန်းထွက်လာသည်။ ကျွန်တော်တို့ ကာပစ်တပ်စုကတော့ နုံးခွေနေသည့်ကြားမှပင် အာခေါင်ခြစ်မတတ် ပါးစပ်သေနတ်ဖြင့် ဝိုင်းပစ်ပေးကြသည်။ မကြာမီ ချေမှုန်းရေး တပ်ခွဲဘက်ဆီမှ ‘ဖောင်း’ ခနဲ မြည်သံနှင့်အတူ အစိမ်းရောင် လေထီးမီးကျည်တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတာ တွေ့လိုက်ရသည်။ ရန်သူ့တောင်ကုန်းကို သိမ်းမိပြီဟု အချက်ပြခြင်းဖြစ်၏။ ရန်သူတွေအားလုံး တုံးလုံးပက်လက်။
ကျွန်တော်တို့ တပ်ခွဲကြီးလည်း ဖလက်ပြနေကြပြီ။ တောင်ကုန်းပေါ်မှာတော့ ရန်သူအဖြစ် သရုပ်ဆောင်သည့် နည်းပြများအားလုံး ကျွန်တော်တို့နှင့် အတူပါလာသည့် ပုပ်အဲ့အဲ့ ညှီစို့စို့ အနံ့များကြောင့် နှာခေါင်းတွေ ကိုယ်စီပိတ်၍ မျက်နှာတွေလည်း ရှုံ့မဲ့နေကြတော့သည်။ ဒယိမ်းဒယိုင်နှင့် တပ်ခွဲပြန်လည်စုဖွဲ့ပြီးချိန်တွင် တောင်ခြေမှ လေနုအေးနဲ့အတူ လွင့်ပါလာသော အရုဏ်ဦးလက်ဖက်ရည်ချိုရနံ့က ကျွန်တော်တို့နှာခေါင်းဝကို သင်းပျံ့စွာ ကလူကျီစယ် လိုက်ပါတော့သည်။
ဗိုလ်မှူး ကြိုင်လျှမ်း (ငြိမ်း - တပ်မတော် ရေ)
(စစ်တက္ကသိုလ် အမှတ်တရ ‘လွမ်းငွေ့မပြေ ချယ်ရီမြေ’ စာအုပ်မှ ‘ကွန်မန်ဒို ညတိုက်ပွဲ’ ခေါင်းစဉ်ပါ စာစုထဲက ထုတ်နှုတ်တင်ပြပါသည်။ )