Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

အီးပါတဲ့ယောက်ျားနှင့် ထူးဆန်းသည့် စားပိုးနင့်ရောဂါ

$
0
0



ဘုရင့်နောင်တပ်ခွဲမှ သန်းနိုင်မြင့်(မြင့်ကြူနိုင်- မုံရွာ) ကတော့ စစ်ဗျူဟာဘာသာရပ်မှာဖြစ်ဖြစ်၊ စာပေသင်တန်းမှာဖြစ်ဖြစ် နည်းပြဆရာများ မေးတိုင်း အရင်ဦးဆုံး ထထဖြေတတ်သူဖြစ်သည်။ ကျွန်တော်တို့အပတ်စဉ်တွင် အင်္ဂလိပ်စာ ထူးချွန်သူတစ်ဦးလည်းဖြစ်၏။ သူသည် သူများထက် ဦးအောင်ဖြေရမှ ကျေနပ်သူဖြစ်လေရာ တစ်ခါက ကျောက်တောင်အနီး ယူကလစ်တောစပ်တွင် စစ်ဗျူဟာဘာသာ ကိုယ်စီတိုက်ပွဲ ထိုင်လျက်သင်ခန်းစာ ပို့ချနေစဉ် အိပ်ငိုက်နေသဖြင့် ဆရာမေးတာကို သေချာမကြားဘဲ ဦးအောင်ခုန်ထပြီး တလွဲဖြေလိုက်ရာ သေနတ်ကို မြှောက်ကိုင်လျက် Squad ကို ပတ်ပြေးရရှာသည်။ နောက်တော့မှ သူအိပ်ငိုက်နေစဉ် အိပ်မက်ထဲမှာ ကြားရသော မေးခွန်း၏အဖြေကို ဖြေကြားလိုက်ခြင်းသာဖြစ်ကြောင်း ကျွန်တော်တို့ကို ရှင်းပြလေသည်။


သူသည် တပ်ခွဲဝင်ဖို့ ဆေးစစ်တုန်းက ပေါင် (၁၀၀) ပြည့်အောင် ဖီးကြမ်းငှက်ပျောသီး သုံးလုံးစားပြီး ရေမတ်ခွက် နှစ်ခွက် အပြည့်သောက်ကာ ဝိတ်ချိန်ခဲ့ရသူဖြစ်၍ ပထမနှစ်မှာ ပင်ပင်ပန်းပန်း လေ့ကျင့်ရသော်လည်း ဝိတ်တက်မလာဘဲ အတော်ပိန်သူဖြစ်သည်။ သို့သော် သူတာဝန်ကျ ဗိုလ်လောင်း Duty Cadet အလှည့်ကျစဉ် လက်ပတ်အပြာရောင်ကို ပတ်၍ သူ့ရင်ဘတ်ကို ကြက်ရင်အုပ်ကဲ့သို့ အတင်းမောင်အောင် Chest out လုပ်ကာ စစ်မိန့်ပေးရာမှာ အားနှင့်မာန်နှင့် အာခေါင်အာရင်းခြစ်အောင် အော်တတ်သဖြင့် သူ့ကို မိုကြောင်ဟု ခေါ်ကြပါသည်။ ဗိုလ်လောင်းဘဝတွင် ဘာလုပ်လုပ် ရေသာမခိုတမ်း အားကြိုးမာန်တက် လုပ်တတ်သူကို စိတ်ဓာတ် Morale ကောင်းသည်၊ တက်ကြွသည်ဟုဆိုကာ “မိုကြွသူ” ဟု ခေါ်ဆိုကြသည်။ သူ့အမည်ပြောင်မှာ ကာလရွေ့လျောသွားသဖြင့် မိုကြွ မှ မိုကြောင် ဖြစ်သွားလေသည်။

တပ်ခွဲဝင်ခါစ တစ်ရက်တွင် စကင်းရီးယား LC က ရက်လွန်နေသော ယင်ကောင်အခြောက်တွေ အပ်သည်ဟုဆိုကာ ကျွန်တော်တို့ ပထမနှစ်အားလုံး တပ်ခွဲတန်းစီကွင်းမှာ အပြစ်ပေးခံရသည်။ လက်ထောက်မှောက် လုပ်ခိုင်းရာ တင်မောင်မြင့် (ယခု ကျောင်းအုပ်ကြီး၊ ခြေလျင်အကူ လက်နက်ကြီးသင်တန်းကျောင်း) သည် ဗျူဟာဆိုင်က မုန့်တွေ မဆန့်မပြဲ ဝယ်စားထားသဖြင့် အခေါက် နှစ်ဆယ်အရောက်မှာ သူ့ဗိုက်ကို မ,မတင်နိုင်တော့ဘဲ လက်မောင်းကြီးသာ တက်လာတော့ သည်။ ထိုအခါ စကင်းရီးယား LC က တင်မောင်မြင့်အား ‘ဖတ်စ်ရီးယား သေချာလုပ်စမ်း မင်းယောက်ျား မဟုတ်ဘူးလား’ ဟု မေးရာ ‘မဟုတ်’ ဟု ဖြေလိုက်၏။

‘ဟေ  မဟုတ်ဘူး   ဟုတ်လား’

‘ဟုတ်’

‘အာ  မင်းနဲ့တော့ ရှုပ်ကုန်ပါပြီ။ ဒါဆို အရှည်ပဲပြောတော့။ ကဲ ဘာယောက်ျားလဲ’


ကျွန်တော်တို့ ဟုတ်မဟုတ်ဘာသာစကားမှာ အလွန်ရိုးရှင်းသော်လည်း တစ်ခါတလေ မေးသူနှင့် ဖြေသူကြားမှာ နားလည်မှုလွဲပြီး လည်ထွက်သွားတတ်ပါသည်။ စစ်သားဖြစ်ကာစ တင်မောင်မြင့် ကလည်း ဟုတ်ပါတယ်ဆိုကာမှ ဘာယောက်ျားလဲလို့ မေးနေခြင်းသည် စစ်သားပီပီ အမှန်ကို တဲ့တိုး ပြောစေချင်သောကြောင့် ဖြစ်မည်ဟု တွေးလိုက်ပြီး ..

‘ဟုတ်  အီး … အီး (နေရာအနည်းငယ်လွှဲထား) အီးပါတဲ့ ယောက်ျားပါ ခင်ဗျ’
ဟု သံကုန်ဟစ်ဖြေလိုက်ရာ  အပေါ်ဆုံးထပ် ဝရံတာမှ ကျွန်တော်တို့ လက်ထောက်မှောက် လုပ်နေတာကို ကြည့်နေသော ဖိုင်နယ်ရီးယား အချို့၏ ရယ်သံများကြားလိုက်ရပြီး ကျွန်တော်တို့လည်း  တင်မောင်မြင့် အဖြေကောင်းမှုကြောင့် နောက်ထပ် လေထီးခုန် အခါနှစ်ဆယ် ထပ်ခုန်ပြီးမှ တန်းဖြုတ်ကြရပါသည်။

သူသည် ကဗျာဝါသနာပါသဖြင့် သူ့ရည်းစားထံ ဗိုလ်လောင်းအတွေ့အကြုံများကို ကဗျာစပ်၍ စာရေးခဲ့သူလည်း ဖြစ်သည်။ ထိုသို့ရေးတာကို သူ့ကုတင်ဘေးမှ ညီညီကျော်နှင့် တင်မောင်တို့က ခိုးဖတ်ပြီး သူ့ချွဲချွဲနွဲ့နွဲ့ စာသားတွေကို ကျက်ထားကာ လူစုံပြီဆိုမှ ရွတ်ပြတတ်ကြသည်။ စစ်တက္ကသိုလ် နံရံကပ်စာစောင်ဖြစ်သော သီဟစာစောင်မှာလည်း ပြောင်မြောက်သည့် ကဗျာ၊ စာညွန့်တွေ ဝင်ရေးခဲ့သူ ဖြစ်သည်။ သူသည် ဝါသနာကို မတားနိုင်ဘဲ ယခုအချိန်ထိ တေးရေး ‘အနက်နုရောင်’ အမည်ဖြင့် နိုင်ငံကျော် ဟစ်ဟော့အဆိုတော်များအတွက် ဟစ်ဟော့သီချင်းများနှင့် ရက်ပ်သီချင်းများ ရေးသားလျက်ရှိပါသည်။

တင်မောင်မြင့်နှင့် အေးဝင်းမှာ အညာသားများဖြစ်ကြပြီး အသားအရောင်မှာ သူ့ကလောင်နာမည် အတိုင်း အနက်ရောင်နုနုဖြစ်ရာ လယုန်ဓာတ်ပုံတိုက်က ကိုအာသာကို သူတို့ဓာတ်ပုံများအား နဂ္ဂတစ်ခဲထိုးပြီး အသားဖြူဖြူနုနုလေးဖြစ်အောင်  ကူးပေးဖို့ အတင်းရစ်ကြသောကြောင့် ကိုအာသာက သူတို့နှစ်ယောက် ဆိုင်ထဲဝင်လာလျှင် ဆိုင်နောက်ဘက်ကို ဝင်ပုန်းနေလေ့ရှိသည်။ လယုန်ဓာတ်ပုံတိုက်မှာ မန္တလေး-လားရှိုးလမ်းမကြီးဘေးမှာ ကပ်လျက် နာရီစင်ကြီးနှင့် မလှမ်းမကမ်းမှာ ရှိပါသည်။ လယုန်ဓာတ်ပုံတိုက်ပိုင်ရှင် ကိုအာသာတို့မိသားစုသည် အလွန်ကြေးများသော ကျွန်တော်တို့ ဗိုလ်လောင်းများကို အနွံတာခံ၍ စိတ်ရှည်သည်းခံစွာ ဓာတ်ပုံကူးပေးသောကြောင့် ဗိုလ်လောင်းများက ခင်မင်ကြပါသည်။

အသားညိုသည့် အညာသားနှင့် မြေလတ်သားများ သူ့ကို ပိုမိုခင်ကြသည်။ ဣန္ဓိလှ ( ယခု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန) မှာ ဗိုလ်လောင်းဘဝက မျက်နှာပေါ်တွင် ဝက်ခြံများ ထူပိန်းပြီး ပေါက်နေရာ သူ့ရည်းစားထံပို့ပေးဖို့ ကိုအာသာကို ရိုက်ခိုင်းသော ဓာတ်ပုံတွင် ဝက်ခြံများ မပေါ်အောင်ကူးပေးဖို့ ကိုအာသာကို ဂျီကျတာ ကြားခဲ့ရကြောင်း ရိပ်သာမှာ တစ်ဝိုင်းတည်း ထမင်း ငါးပန်းကန် ကုန်အောင်စားနိုင်သဖြင့် Five Plate ဘွဲ့ရသူ အောင်မြင့်ဦးက တီးတိုး သတင်းဖြန့်လေသည်။ ဣန္ဓိလှ ၏ ဖခင်မှာ ရန်ကုန်မြို့က ဆရာဝန်ကြီးတဦးဖြစ်ပြီး ၄င်းအတွက် လစဉ်အားဆေးများ ပို့ပေးပါသည်။ သူသည် သူစားမည့် အားဆေးများထဲမှ အချို့ကိုခွဲ၍ သူ့ကို ဓာတ်ပုံလှပအောင်ရိုက်ပေးသော ကိုအာသာကို လက်ဆောင်သွားပေးကြောင်း အပ္ပနား  နှင့် သောင်းထွဋ်ကြူတို့က အခြားသူများကို လိုက်ပြောပြလေသည်။

အောင်မြင့်ဦးက တစ်ထိုင်တည်းနှင့် ထမင်း ငါးပန်းကန် စားနိုင်သော်လည်း နေဝင်းကတော့ ထမင်းစားနည်းသူ ဖြစ်သည်။ သူသည် ဂါဒီယံကျွေးပွဲနေ့မှာ နောင်တော်များက ကိုရောဘတ်၏ စိန်ပေါက်ခေါက်ဆွဲဆိုင်မှာ တရုတ်စာထမင်းကျွေးရာ အနည်းငယ်သာစားသဖြင့် စကင်းရီးယား ကိုနေလင်းနှင့် ကိုဟီဟတို့က ‘နေဝင်းရာ မင်းက အားနာလို့လား၊ ထမင်းစားတာ မိန်းခလေးကျနေတာပဲ  ဝအောင်အားရပါးရ စားစမ်းပါ။ ဘာလဲ ကိုရောဘတ်ချက်တာ မကောင်းလို့လား။ ဒါဆို လေငွန်မှာ သွားစားမလား’  လို့ မေးလေ၏။ နေဝင်းက သူ့ကို မိန်းခလေးကျနေတာပဲလို့ ပြောတာ  မခံချင်သဖြင့် လေးပန်းကန်လောက်ကုန်အောင် ဆက်တိုက်စားရာ ကိုရောဘတ်က သူချက်တာ ကောင်းလို့အားပေးတယ်ထင်ပြီး နေဝင်းအတွက် ဝက်စတူးများ အဆစ်ထပ်ထည့် ပေးလေ၏။ ကိုရောဘတ်နှင့် ဓာတ်ပုံပိုင်ရှင် ကိုအာသာတို့မှာ ညီအစ်ကိုတော်ကြပါသည်။

နေ့လည်ပိုင်း မြို့မရုံမှာ ရုပ်ရှင်ကြည့်ကြပြီး Out pass ပြန်မဝင်မီ ဆရာချစ်ဆွေ (မေမြို့ချစ်ဆွေ) ၏ စခန်းသာ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်နှင့် ပေါင်မုန့်ထောပတ်သုတ်များလည်း ဝင်ကြိတ်ကြသေးရာ နေဝင်းသည် ညဘက်မှာ ဗိုက်ကယ်ပြီး တစ်ညလုံးအိပ်မရ ဖြစ်တော့သည်။ နောက်တစ်နေ့မနက်တွင် သင်တန်း မလိုက်နိုင်ဘဲ ဆေးခန်းလိုက်ရတော့၏။ ညနေသင်တန်းပြန်ချိန်တွင် တပ်စု (၁၀) ဖိုင်နယ်ရီးယား တပ်စုမှူး ကိုစိုးဝင်းက နေဝင်း၏ ကျန်းမာရေးအခြေအနေကို သိလိုသဖြင့် ‘ဘာရောဂါနဲ့ ဆေးခန်းလိုက်တာလဲ’ ဟုမေးရာ Line Sick form က ဆေးမှတ်ချက်နှင့် ရောဂါကို သူမဖတ်တတ်သဖြင့် ‘ဟုတ်  ဂါဒီယံကျွေးပွဲ အဝအပြဲစား၊ စားပိုးနင့်ရောဂါဖြစ်’ ဟု ဖြေလိုက်ပါတော့သည်။


သူများတွေ အကြောင်းချည်း လွမ်းပြနေလို့ ကျွန်တော်ကတော့ လွတ်သည်ဟု မထင်စေချင်ပါ။ ကျွန်တော်တို့ တပ်ခွဲ ပထမနှစ်မှာ  ကျွန်တော်၊ နေဝင်းနှင့် ဇော်မြင့်စန်းတို့မှာ နံနက်တန်းစီ BRC တွင် ဖိုင်နယ်ရီးယား တပ်ခွဲမှူးများနှင့် တပ်စုမှူးများ ယူနီဖောင်း ဝတ်စားဆင်ယင်မှုစစ်ဆေးရာတွင် ဝတ်စားဆင်ယင်မှု အကောင်းဆုံး Best Turnout  ပထမ၊ ဒုတိယ နှင့် တတိယ အလှည့်ကျ ရလေ့ရှိပါသည်။ အပတ်စဉ် တနင်္လာနေ့ နံနက် တန်းစီတိုင်း ထိုဆုကို သတ်မှတ်ပေးလေ့ရှိပါသည်။ ကျွန်တော်သည် ကျွန်တော်တို့တပ်ခွဲက မိုကြွသူများထဲမှ တစ်ယောက် အပါအဝင်ဖြစ်ရာ ယူနီဖောင်းကို သပ်သပ်ယပ်ယပ် ဖြစ်အောင် ကြိုးစားဝတ်ပါသည်။ ယူနီဖောင်း တစ်ခုတည်း သပ်ယပ်နေရုံနှင့် မလုံလောက်ပါ။ ဆံပင်ကို ဆီလိမ်းပြီး သေသပ်အောင်ဖြီး၍ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများ ပြောင်အောင် ရိတ်ရသလို ခါးပတ်ကြေးပြောင်အောင်နှင့် စစ်ဖိနပ်ကြီးကိုလည်း ပြောင်လက်အောင် တိုက်ရပါသည်။ ဤအချက်များအပြင် စစ်ရေးပြ ပုံစံ မှန်ကန်အောင် ခါးဆန့် ရင်ဖွင့် ဗိုက်ကိုရှပ်၍  Military bearing အပြည့်ဖြင့် တန်းစီရပါသည်။

တစ်ရက်မှာတော့ ကျွန်တော်တန်းစီဖို့ ယူနီဖောင်းအမြန်ဝတ်၊ စစ်ဖိနပ်ကြီးကို ကမန်းကတန်း ကောက်စွပ် ကြိုးချည်ပြီး ပြေးဆင်းသွားကာ တန်းစီပါသည်။ တန်းစီပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများကို အလေးပြု၍ သစ္စာလေးချက်  ဆိုရပါသည်။ သစ္စာဆိုနေစဉ် ကျွန်တော်၏ ညာဘက် စစ်ဖိနပ်ကြီးအတွင်း ခြေဖဝါးအောက်မှာ လှုပ်စိလှုပ်စိဖြစ်နေတာ သတိပြုလိုက်မိသည်။ ပထမတုန်းက ခိုးလိုးခုလု ဖြစ်နေတာ ခြေအိတ်ဟောင်း မေ့ကျန်ခဲ့လို့ ခုနေတာဟု ထင်ခဲ့သည်။ သစ္စာဆိုပြီး၍ ဗိုလ်လောင်း တပ်ခွဲမှူး စကားပြောနေစဉ် ကျွန်တော့ ခြေထောက်အောက်က လှုပ်စိလှုပ်စိကြောင့်  ခြေဖဝါးကို ကလိထိုးသလို ဖြစ်နေပြီး ကျွန်တော်လည်း မြွေတစ်ကောင်ဝင်နေသည်ထင်၍ ဇောချွေးများ ပြန်လာတော့၏။ တပ်ခွဲမှူးဖြစ်သူ ကိုခင်မောင်ဝေက ကျွန်တော် ဂနာမငြိမ် ခြေထောက်လှုပ်နေတာ မြင်သွားပြီး ‘ဖတ်စ်ရီးယား ဘာဖြစ်နေတာလဲ’ ဟု မေးပါသည်။ ကျွန်တော်လည်း ကြောက်ကြောက်ဖြင့် ‘ဟို ဟို  ကျွန်တော့ဖိနပ်ထဲမှာ မြွေ မြွေကြီး ရောက်နေလို့’ ဟု ဖြေလိုက်ပါသည်။

တပ်ခွဲမှူးက ကျွန်တော့်ကို တန်းထဲကထွက်ခိုင်းပြီး  ဖိနပ်ကို အမြန်ချွတ်စေပါသည်။  စကင်းရီးယားအချို့လည်း နီးရာ ပန်းဘောင် ကာထားသော အုတ်ခဲနှင့် ဝါးလုံးများ ပြေးဆွဲပြီး ကျွန်တော့ဘေးမှာ အသင့်အနေအထားနှင့် ဝိုင်းထားကြပါသည်။ ကျွန်တော်က  ဖိနပ်ကြီးကို ဆွဲချွတ်လိုက်ပြီး ပစ်လိုက်ရာ အနားရှိသူများလည်း ရှဲသွား တော့သည်။

စီနီယာတစ်ယောက်က ကျွန်တော့ဖိနပ်ကြီးကို ဝါးလုံးဖြင့် ထိုးလှန်လိုက်ရာ ဖိနပ်ထဲက ထွက်လာသည်ကား လက်သီးဆုပ်အရွယ်ခန့် ဖောင်းနေသော ဖားပြုတ်ကြီးတစ်ကောင် ဖြစ်နေပါတော့သည်။ ကျွန်တော်လည်း နောက်ကို ဖိနပ်မစီးခင် သေချာစစ်ဆေးပြီးမှ စီးဖို့ တပ်ခွဲမှူးက သတိပေးတာ ခံလိုက်ရသည်။ ထိုနေ့က ဝတ်စားဆင်ယင်မှု စစ်ဆေးရာ  ဖားပြုတ်ကြီး နှိပ်စက်ထားသော ဖိနပ်အပေကြောင့် ကျွန်တော် Best Turnout နှင့် လွဲသွားရပါသည်။

တကယ်တော့ အဆိုပါ ဖားပြုတ်ကြီးကို ကျွန်တော်သေချာ ပြောင်လက်အောင် တိုက်ထားသည့် ဖိနပ်ထဲ ထည့်ခဲ့သည့် လက်သည်တရားခံမှာ ကျော်ထွန်း(အော်လီဗာစတုန်း) နှင့် စောထွန်းချိုတို့ ဖြစ်ကြောင်း ကျောင်းဆင်းပြီး အနှစ်နှစ်ဆယ်ကျော် ကြာတော့မှ အော်လီဗာစတုန်းက ကျွန်တော့ကို ဖြောင့်ချက် ပေးခဲ့ပါတော့သည်။

ဗိုလ်မှူး ကြိုင်လျှမ်း (ငြိမ်း) ရေးသားသော  ‘လွမ်းငွေ့မပြေ ချယ်ရီမြေ’  စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝ အမှတ်တရ စာအုပ်မှ  ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>