Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ချယ်ရီရိပ်က မြတ်ဆရာများ

$
0
0


စစ်သမိုင်းဘာသာရပ်ကိုတော့ လေ့ကျင့်ရေးဌာနမှ ဗိုလ်ကြီး ဝင်းထွဋ်ကျော်(ရေ) က သင်ကြားပေးပါသည်။ ဗိုလ်ကြီး ဝင်းထွဋ်ကျော်သည် စစ်တက္ကသိုလ် အပတ်စဉ် (၁၇)မှ ဆင်းသော အရာရှိတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်၏ ပထမဦးဆုံး ကျောင်းအုပ်ကြီး ဒေါက်တာ ဦးလှကျော်နှင့် နိုင်ငံကျော် စာရေးဆရာမကြီး ဒေါ်ရီကြိန်တို့၏ သားတစ်ဦးလည်း ဖြစ်သည်။ ကျွန်တော်တို့ ဗိုလ်လောင်းဘဝက
စစ်တက္ကသိုလ်လေ့ကျင့်ရေးဌာနတွင် ရေတပ်နှင့် လေတပ်မှ အရာရှိတစ်ဦးစီ တာဝန် ထမ်းဆောင်လျက်ရှိပါသည်။ ပထမနှစ် ရောက်ခါစက ရေတပ်မှ အရာရှိမှာ ဗိုလ်ကြီးလှမြင့် (စစ်တက္ကသိုလ် အပတ်စဉ် ၁၀) ဖြစ်သည်။ ဗိုလ်ကြီးလှမြင့် ပြောင်းသွားပြီး ဗိုလ်ကြီး ဝင်းထွဋ်ကျော် ရောက်ရှိလာပါသည်။ ဗိုလ်ကြီး ဝင်းထွဋ်ကျော်ပြီး ရောက်လာသူမှာ ဗိုလ်ကြီးသိန်းဌေး (အပတ်စဉ် ၁၈) ဖြစ်သည်။

ဗိုလ်ကြီး ဝင်းထွဋ်ကျော်က စစ်သမိုင်းသင်ရာ၌ သင်ရိုးမှတ်စုများ ယူလာခြင်းမရှိဘဲ ကျွန်တော်တို့ ဗိုလ်လောင်း တစ်ယောက်ယောက်အား စစ်တက္ကသိုလ် စာကြည့်တိုက်မှ အင်္ဂလိပ်လိုရေးထားသည့် War History စာအုပ်များ သွားယူခိုင်းပြီး လက်တန်းဖတ်၍ မြန်မာလို တစ်ခါတည်း ရှင်းပြလေ့ရှိသည်။ ကမ္ဘာ့စစ်ပညာရှင်များ ဖြစ်သော ဆွန်ဇု နှင့် လစ်ဒယ်ဟတ်တို့၏ စစ်ပညာအယူအဆများအကြောင်းကို စိတ်ဝင်စားအောင် ရှင်းပြပါသည်။ ကမ္ဘာကျော် စစ်ပညာရှင်ကြီး အလက်ဇန္ဒားသဂရိတ်အကြောင်း သင်ကြားစဉ် ရန်သူကို မိမိအား နောက်တစ်ခါ ပြန်တိုက်ခွင့် မပေးသင့်ကြောင်း He who fights and run away may live to fight another day ဆိုတာ ရှင်းပြပါသည်။ ဗိုလ်ကြီး၏ အင်္ဂလိပ် ထူးချွန်မှုကို ကျွန်တော်တို့ ဗိုလ်လောင်းများ အလွန်အားကျပါသည်။ ယခုအခါ အငြိမ်းစားယူပြီးနောက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ပညာရေးကျောင်း (ISY) ၌ အင်္ဂလိပ်စာ ဆရာကြီး တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။

ကျွန်တော်တို့က ဗိုလ်ကြီး အင်္ဂလိပ်စာသင်တာ အားကျသလို ဗိုလ်ကြီးကလည်း ကျွန်တော်တို့အား အင်္ဂလိပ်စာ လေ့လာနည်းများ သင်ပေးပါသည်။ စာကြည့်တိုက်များကို အားလပ်ချိန်များမှာ အကျိုးရှိရှိ အသုံးချဖို့ လမ်းညွှန် ပါသည်။ နောက်ပိုင်း ကျွန်တော်တို့ စာကြည့်တိုက်မှ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသောစာအုပ်များ ငှားဖတ် ဖြစ်ပါသည်။ စစ်တက္ကသိုလ်စာကြည့်တိုက်ကို ဗိုလ်လောင်းများ စာပေပညာနှင့် စစ်ပညာသင်ကြားလေ့လာမှု၌  အထာက်အပံ့ဖြစ်စေရန်၊ ဆရာနှင့် ဗိုလ်လောင်းများ မှီငြမ်းကိုးကားရန်၊ ဗဟုသုတ ရရှိစေရန်အတွက် တက္ကသိုလ်အင်္ဂါရပ်များနှင့်အညီ ၁၉၅၅ ခု ဖေဖော်ဝါရီ (၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခါစ က အင်္ဂလိပ်ဘာသာဖြင့် စာအုပ် (၂၉၇၇) အုပ်၊ မြန်မာဘာသာဖြင့် (၇၆၄) အုပ်သာ ရှိခဲ့ရာမှ ယခုအခါတွင် အထက်မြန်မာပြည်၌ အစုံလင်ဆုံး စာကြည့်တိုက်ကြီး တစ်ခု ဖြစ်၍နေလေပြီ။ ထိုစဉ်က စာကြည့်တိုက်မှူးမှာ အရာခံဗိုလ် စိုးမြင့်ဖြစ်ပြီး စာကြည့်တိုက်လုပ်ငန်း အတတ်ပညာ ကျွမ်းကျင်သူဖြစ်သည်။ ကျွန်တော်တို့ ကတ်တလောက်အသုံးပြု၍ မိနစ်ပိုင်းအတွင်း လျင်မြန်စွာ ရှာပေးနိုင်ပါသည်။

ဗိုလ်ကြီး ဝင်းထွဋ်ကျော်သည် လေ့ကျင့်ရေးဌာနမှဖြစ်ပြီး စာပေလည်း သင်ကြားပေးသည်။ အခါအားလျော်စွာ ရေတပ်ဆိုင်ရာ သင်ခန်းစာများလည်း ပို့ချပေးသည်။ နောင် ကျွန်တော်တို့ ကျောင်းဆင်းပြီးနောက် အင်္ဂလိပ်စာ ဌာနသို့ ဆရာအဖြစ်နှင့် နောက်တစ်ကြိမ် ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရှိရပါသည်။ ကျွန်တော်တို့ ဒုတိယနှစ် အင်္ဂလိပ်စာအတန်းခွဲ(က)ကို တာဝန်ခံသင်ပေးသော ဆရာများမှာ ဗိုလ်ကြီးသန်းအေး (ဒုဗိုလ်မှူးကြီး- ငြိမ်း၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇) ဖြစ်ပြီး နောက်တစ်ဦးကတော့ ဗိုလ်ကြီးအောင်နိုင် (ဗိုလ်မှူး-ငြိမ်း၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆) ဖြစ်ပါသည်။ ဗိုလ်ကြီး အောင်နိုင် မှာ “သားမောင်စစ်သည်သို့” စာအုပ်ရေးသားသူ ဒေါက်တာမောင်မောင် (နိုင်ငံတော်သမ္မတ-ငြိမ်း) ၏ သားဖြစ်ပါသည်။ ဗိုလ်ကြီးသန်းအေး နှင့် ဗိုလ်ကြီးအောင်နိုင်တို့ နှစ်ဦးမှာ ဗိုလ်လောင်းဘဝတွင် Gardian Brother များ ဖြစ်ကြပြီး နှစ်ဦးစလုံး အင်္ဂလိပ်စာ အသင်အပြကောင်းကြသူများ ဖြစ်၏။

ဗိုလ်ကြီးသန်းအေးမှာ ကြည်းတပ်မှဖြစ်သော်လည်း ကမ္ဘာ့လေတပ်များနှင့် တိုက်လေယာဉ်ပျံများ၊ လေကြောင်း ဗိုလ်ချုပ်ကြီးများ နှင့် လေကြောင်းချီ တိုက်ပွဲကြီးများအကြောင်းတို့ကို နှံ့နှံ့စပ်စပ် သိရှိသူတစ်ဦးဖြစ်လေရာ လေတပ် စစ်လက်ရုံး ဖြေဆိုမည့် ဗိုလ်လောင်းများအား လေတပ်ဆိုင်ရာ ဗဟုသုတများအကြောင်း စုံစေ့အောင် ပြောပြတတ်သည်။ ဆရာသည် ဗိုလ်လောင်းဘဝက လေတပ်စစ်လက်ရုံး လျှောက်ထားသော်လည်း ဝင်မဖြေ ဖြစ်ခဲ့ကြောင်း ကျွန်တော်တို့ကို ပြန်ပြောပြဖူးသည်။ ယခုအချိန်ထိ မျက်မှောက်ရေးရာများနှင့် စစ်ပညာစာပေများ ရေးသားနေဆဲ ဖြစ်ပါသည်။ တပ်မတော်လေမှ လေ့ကျင့်ရေးအရာရှိဖြစ်သူကတော့ ဗိုလ်ကြီးမင်းသိန်း (အပတ်စဉ် ၁၈) ဖြစ်ပါသည်။ ဗိုလ်ကြီးအောင်နိုင်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး စာသင်ရင်း ကျွန်တော်တို့ ဗိုလ်လောင်းများ အိပ်ငိုက်လျှင် ကချင်ပြည်နယ်က စစ်ဆင်ရေးအတွေ့အကြုံများ အကြောင်း စိတ်ဝင်စားဖွယ် ပြောပြပါသည်။ ခင်မောင်ဆင့်တို့ ဇော်ထွန်းတို့ကတော့ (၅)မိနစ် တန်းဖြုတ်ချိန်၌ပင် ဆရာ့နား မယောင်မလည်သွားပြီး ပူတာအိုဘက်က ရိုးရာပွဲများအကြောင်း မေးနေတတ်ကြလေသည်။ အင်္ဂလိပ်စာ ဌာနမှူးက ဒုဗိုလ်မှူးကြီး ဘမြင့် ဖြစ်ပြီး ဗိုလ်မှူးဒေးဗစ်၊ ဗိုလ်ကြီးဝဏ္ဏမောင်လွင်တို့အပြင် ဆရာမကြီး ဒေါ်ရှီလာ နှင့် ဆရာမကြီး ဒေါ်ဒင်းနိစ်တို့လည်း ကျွန်တော်တို့ကို သင်ကြားပေးခဲ့ကြပါသည်။

ဗိုလ်ကြီးဝင်းထွဋ်ကျော်သည် စစ်တက္ကသိုလ် ရေကူးအသင်း Swimming Club ၏ တာဝန်ခံအရာရှိဖြစ်ပြီး ရေကူးနည်းပြတစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ကြီးက ကျွန်တော်တို့ ဗိုလ်လောင်းများအား ဘီတီဘရားသား ရေကူးကန်တွင် ကျောင်းပိတ်ရက်များ၌ ရေကူးသင်ပေးပါသည်။ ကျွန်တော်တို့တုန်းက အောင်စစ်သည်တပ်ခွဲ ပြိုင်ပွဲတွင် ရေကူးပြိုင်ပွဲမပါဝင်သေးဘဲ ကလပ်အသင်းများသာ ဝါသနာအလျောက် ရေကူးကြသည်။ အခြားသော အားကစား ကလပ်အသင်းများ၊ စာပေနှင့် အနုပညာအသင်း၊ ပန်းချီအသင်း၊ ဓာတ်ပုံအသင်း၊ မျက်မှောက်ရေးရာ အသင်းများလည်း ရှိသည်။ Current Affair Club ဥက္ကဌမှာ သမိုင်းဌာနမှ ဒုဗိုလ်မှူးကြီး ဝင်းဟန်ဖြစ်ပြီး ကျွန်တော်တို့ အပတ်စဉ်က မျက်မှောက်ရေးရာ အသင်းတာဝန်ခံမှာ အနော်ရထာတပ်ခွဲက ကိုနေဝင်း (ယခု MD, A Lister Co.) ဖြစ်ပါသည်။ ကိုနေဝင်းသည် အင်္ဂလိပ်စာထူးချွန်သူဖြစ်ပြီး မျက်မှောက် ရေးရာ အသင်းကိစ္စများကို စိတ်ဝင်တစားဖြင့် တက်ကြွစွာ ဆောင်ရွက်သူတစ်ဦးလည် ဖြစ်သည်။

ရူပဗေဒဌာနမှာတော့ ဌာနမှူးက ဒုဗိုလ်မှူးကြီး လှငြိမ်း (ယခု စာပေညွှန်ကြားရေးမှူး-ငြိမ်း) ဖြစ်ပြီး ဗိုလ်မှူး ခင်သောင်း၊ ဗိုလ်မှူးမျိုးညွန့်၊ ဗိုလ်ကြီးတင်လှိုင်နှင့် ဗိုလ်ကြီးထွန်းမြင့်တို့ ရှိပါသည်။ ဌာနမှူးဖြစ်သူ ဆရာ ဗိုလ်မှူးကြီး လှငြိမ်းသည် ကျွန်တော်တို့ကို စာပေသင်ရာတွင် သားသမီးများသဖွယ် နူးညံ့စွာဆက်ဆံ၍ နားလည်အောင် အထူးစေတနာထား သင်ကြားပေးသူဖြစ်ရာ ကျေးဇူးကြီးလှပါသည်။ ဆရာ ဗိုလ်မှူး ခင်သောင်းကိုမူ ကျွန်တော်တို့အား ဗာနီယာနှင့်လီနီယာ စကေးများအကြောင်း အထပ်ထပ်အပြန်ပြန် ကျက်စရာမလိုဘဲ အလွတ်ရသည်ထိသင်ပြီး ပြန်ပြန်ရွတ်ဆိုခိုင်းသဖြင့် ကျွန်တော်တို့က ဆရာ့ကို ကွယ်ရာမှာ ချစ်စနိုးဖြင့် ဗာနီယာဟု ခေါ်ကြပါသည်။ ယခုတော့ ဆရာကွယ်လွန်သွားရှာပြီ ဖြစ်သည်။

နယ်ဘက်ဆရာများကတော့ ဆရာဦးလှတိုး၊ ဆရာဦးသန့်စင်၊ ဆရာဦးထွန်းအောင်၊ ဆရာမဒေါ်မြမြသန်း၊ ဆရာမဒေါ်မြနှစ်တို့ ရှိကြပြီး အားလုံးစာအသင်အပြ ကောင်းကြပါသည်။ ဆရာဦးထွန်းအောင်ကား ကျွန်တော်တို့ ဒုတိယနှစ်ရောက်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး ကျူတိုရီရယ်မေးခွန်းများ ထုတ်ရာ၌ ဥာဏ်စမ်း ပုစ္ဆာခက်ခက်များ မေးတတ်သူ ဖြစ်ပါသည်။ ဆရာ့မေးခွန်းကို မဖြေနိုင်သည့်အခါ အတန်းထဲမှာ သေချာဂရုစိုက် နားမထောင်ကြလို့ဟု ပြုံးစစနှင့် ပြောတတ်ပါသည်။ ဆရာမ ဒေါ်မြနှစ်က ကျွန်တော်တို့အား လက်တွေ့ Practical သင်ကြားပါသည်။ ဆရာမ ဒေါ်မြမြသန်း (ပါမောက္ခ-ငြိမ်း၊ ရူပဗေဒဌာ၊ မန္တလေးတက္ကသိုလ်) ကတော့ Nuclear Physics သင်ပါသည်။ ဆရာမသည် အလွန်စိတ်ရှည်သူဖြစ်ပြီး စာကို နားမလည်မချင်း ရှင်းပြကာ အစဉ်အမြဲ ပြုံးနေတတ်ပါသည်။

ဆရာမက ကျွန်တော်တို့ ဗိုလ်လောင်းများကို အလွန်ထူးချွန်စေချင်သူဖြစ်၏။ ဆရာမသာမက ဆရာမ၏ အစ်ကိုကြီးဖြစ်သူ ဆရာဦးတင်စိုးနှင့် ဆရာမ၏ ညီမဖြစ်သူ ဆရာမ ဒေါ်စန်းစန်းရီတို့မှာ ကျွန်တော် အလယ်တန်းကျောင်းသားဘဝကတည်းက ကျွန်တော်၏ ငယ်ဆရာများ ဖြစ်ကြပါသည်။ ကျွန်တော် ကျောင်းဆင်းချိန်မှာ ဆရာမ လက်ဆောင်ပေးလိုက်သော ရုရှား ကဗျာဆရာ Rasul Gamzatov ၏ Selected Poems ကဗျာစာအုပ်ကို ယနေ့တိုင် သိမ်းဆည်းထားပြီး ပြန်လည်ဖတ်ရှုဖြစ်ပါသည်။

မြန်မာစာဌာနမှူးက ဒုဗိုလ်မှူးကြီး တင်ခ (ဆရာတက္ကသိုလ်တင်ခ) ဖြစ်ပြီး အခြားဆရာများမှာ ဗိုလ်မှူး အုန်းကြွယ်၊ ဗိုလ်ကြီးစိန်ဝင်း၊ ဗိုလ်ကြီးမင်းနိုင်၊ နယ်ဘက်က ဆရာဦးစိန်ဝင်း၊ ဦးမြင့်အောင်၊ ဦးမျိုးချစ်တို့ ရှိပါသည်။ သင်္ချာဌာနမှူးက ပါမောက္ခ ဆရာကြီးဦးဟီတင်ဖြစ်ပြီး ကထိက ဒုဗိုလ်မှူးကြီးခင်ရွှေ၊ ဗိုလ်ကြီး မြင်အောင် (နောင် - ဗိုလ်မှူးကြီး စစ်တက္ကသိုလ် အကြံပေးအရာရှိ)၊ ဗိုလ်ကြီးတိုးတိုး (နောင်- ဒုဗိုလ်မှူးကြီး ဇော်ထက်)၊ ဗိုလ်ကြီးတိုက်စံ (နောင်- ဗိုလ်မှူးကြီး တပ်မတော် အင်ဂျင်နီယာတက္ကသိုလ်) နှင့် နယ်ဘက် ဆရာများဖြစ်သည့် ဦးမင်းအောင် (နောင်- ဒေါက်တာမင်းအောင် ABAC University, Bangkok) နှင့် ဆရာ ဦးဌေးလှိုင် တို့ သင်ကြားပေးပါသည်။

ဓာတုဗေဒဌာနမှူးမှာ ပါမောက္ခဆရာကြီး ဦးချိုချို ဖြစ်ပါသည်။ ဆရာကြီးမှာ ကျွန်တော်တို့အား ကျောင်းဆင်းပွဲ၌ ကဇာတ်အတွက် အကသင်ပေးသည့် ဘောဂဗေဒဌာနမှ ဆရာမကြီး ဒေါ်လှလှညွှန့်၏ ခင်ပွန်းဖြစ်ပါသည်။ ဆရာမကြီးလိုပင် ဆရာကြီးကိုလည်း ကျွန်တော်တို့က မိဘသဖွယ် ဒက်ဒီလို့ ခေါ်တတ်ကြသည်။ ဆရာသည် ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် ကော်ကိုင်းမျက်မှန်ကြီးကို တပ်ထားလေ့ရှိပြီး လမ်းလျှောက်ရာ၌ ရင်ကိုချီ၍ ဝင့်ဝင့်ထည်ထည် လျှောက်တတ်သည်။ ဘယ်အချိန်ကြည့်ကြည့် ပြုံးနေတတ်ပြီး အမြဲလန်းဆန်းတက်ကြွနေ သဖြင့် ဆရာ့ကို မြင်ရသည်မှာ စိတ်ချမ်းသာစရာ ကောင်းလှသည်။ ဆရာသည် ကျွန်တော်တို့အပေါ် သားသမီးသဖွယ် နူးညံ့စွာဆက်ဆံပြီး စာအသင်အပြလည်း အလွန်ကောင်းသည်။ ဓာတုဗေဒဌာနမှ အခြားဆရာများကတော့ ဗိုလ်မှူးကျော်ဝင်း၊ ဗိုလ်ကြီးဝင်းထိန်၊ ဗိုလ်ကြီးချစ်သိန်း၊ ဦးကျော်မြင့်၊ ဦးသောင်းဝင်း၊ ဦးအေးမင်းနှင့် ဆရာမ ဒေါ်စန်းစန်းဝေတို့ ဖြစ်ပါသည်။ ဒေါ်စန်းစန်းဝေမှာ ကျွန်တော်တို့ ပထမနှစ် ဗိုလ်လောင်း ဝင်ခါစမှ စစ်တက္ကသိုလ်သို့ သရုပ်ပြအဖြစ် စတင်ခန့်အပ်ခံရသူဖြစ်ပြီး အသက်ငယ်ငယ်နှင့် မြန်မာဆန်ဆန် ချောမောလှပသူဖြစ်၍ ကျွန်တော်တို့လူငယ်များက ဓာတုကလျာဟု အမည်ပေးလိုက်ကြပါသည်။ ယခုတော့ ဆရာမသည် ဓာတုဗေဒပါမောက္ခ ဆရာမကြီးတစ်ဦးဖြစ်နေပြီဟု သိရပါသည်။

ဗိုလ်ကြီးချစ်သိန်းက ကျွန်တော်တို့ကို ဒုတိယနှစ်မှာ အော်ဂဲနစ်ဓာတုဗေဒ သင်ပေးပါသည်။ ဗိုလ်ကြီးက စာကို တစ်လုံးချင်းနားလည်အောင် အေးဆေးစွာသင်ပေးသည်။ စကားပြောရာတွင် တိုးညင်စွာ ပြောလေ့ရှိသည်။ ဗိုလ်ကြီးချစ်သိန်း (ဒုဗိုလ်မှူး-ငြိမ်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန) နှင့် ရူပဗေဒဌာနမှ ဆရာ ဗိုလ်ကြီးတင်လှိုင်တို့သည် တစ်နယ်တည်းသားများဖြစ်ပြီး စစ်ကိုင်းဘက်ကဖြစ်ပါသည်။ ဗိုလ်ကြီးဝင်းထိန် (အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်-ငြိမ်း) ကတော့ အင်အော်ဂဲနစ် သင်ပါသည်။ ဆရာသည် အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် စစ်သားပီသသူတစ်ဦးဖြစ်သလို အသင်အပြလည်း ကောင်းလှ၏။ ဆရာက စာကို အတန်းထဲ၌ပင် နားလည်သဘောပေါက်သည်အထိ ထပ်ပြန်တလဲလဲ သင်ကြားပေးပြီး နားလည်မလည်ကိုလည်း တစ်ခါတည်း စစ်မေးလေ့ရှိသည်။ အချိန်ရှားပါးသော ကျွန်တော်တို့အဖို့ အဆောင်မှာ ပြန်ကျက်စရာမလိုအောင် သင်ကြားပေးသော ဆရာ့ကိုလည်း အမှတ်ရ ကျေးဇူးတင်နေမိသည်။

ဆရာက စာသင်ရာတွင် အေးဆေးစိတ်ရှည်စွာ သင်ကြားပေးသူဖြစ်သော်လည်း ရှေ့တန်းစစ်မြေပြင်မှာတော့ ရန်သူကို ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ တိုက်ခိုက်တတ်သူဖြစ်ကြောင်း ဆရာနှင့် တပ်မှာ အတူနေဖူးသည့် အရာရှိများက ပြန်ပြောပြဖူးသည်။

ကျွန်တော်ကျောင်းဆင်းပြီးနောက် ဗဟိုဆက်ဆံရေးတပ်မှာ ဖွင့်လှစ်သည့် သင်တန်းတက်ရောက်စဉ် ကျွန်တော်နှင့် ညီငယ် ဗိုလ်စိုင်းဝင်းအေး တို့နှစ်ဦးကို စစ်တက္ကသိုလ်ရှိ ဆရာ့အိမ်မှာ ထမင်းဖိတ်ကျွေးပါသည်။ ကျွန်တော်ကတော့ ဆရာ့ကို ယနေ့အထိ လက်ဖက်ရည်တစ်ခွက်၊ မုန့်တစ်ချပ်မျှ  ကျွေးမွေးခွင့် မရဘူးပါ။ ဆရာဆိုသည်မှာ မိဘများကဲ့သို့ပင် ကျွန်တော်တို့ တပည့်များအပေါ် ဓားသွေးကျောက်ကဲ့သို့  စုန်ရေလိုပင် ဖြစ်ပါသည်။

သြော် …. ရေဆိုတာ  ဆန်တက်ဖို့ ခက်လွန်းလေသည်။ သို့ဖြစ်၍ ချယ်ရီတက္ကသိုလ်မှာ စာသင်ပေးခဲ့သည့် စစ်ဘက်နယ်ဘက် ဆရာဆရာမအားလုံးကို အမိကျောင်းတော်ကြီးနှင့် ထပ်တူ ရင်ထဲမှာ ထာဝစဉ် ဦးနှိမ်ချလျက်  အမှတ်တရ ဂါရဝ ပြုနေမိပါတော့သည်။


ဗိုလ်မှူးကြိုင်လျှမ်း ၊ တပ်မတော်(ရေ) (ငြိမ်း)  ရေးသားသည့်  “လွမ်းငွေ့မပြေ ချယ်ရီမြေ” စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>