Quantcast
Viewing all articles
Browse latest Browse all 1811

လူဗလာ




Maung Paing

"လူဗလာ "
-----------

(၁)
" Hatreds do not cease through hatred, but through love alone the cease. "
"ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန် 
ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန် "
မြတ်ဗုဒ္ဓ(ဓမ္မပဒ)

" Take an eye for an eye, and the whole world will be blind. "
"မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံးပြန်ယူစတမ်းဆိုလျှင် ကမ္ဘာလောကတစ်ခုလုံး 
အကန်းဖြစ်သွား ပေလိမ့်မည် "
မဟတ္တမဂန္ဓီ

(၂)
လွန်ခဲ့သော နှစ်များစွာက အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသရှိ မက္ကစီကိုမြို့တော်၏ ပန်းခြံတစ်ခုတွင် အမျိုးသမီးပုံ ကြေးရုပ်တုတစ်ခု ထုလုပ်ထားရှိခဲ့သည်။ ထိုအမျိုးသမီးကြေးရုပ်တုမှာ ဂရိလူမျိုးတို့ အမဲလိုက်ထွက်ခါနီးတွင် ကိုးကွယ်လေ့ရှိသည့် "ဒိုင်ယာနာ "နတ်သမီးပင် ဖြစ်ပေသည်။

"ဒိုင်ယာနာ "နတ်သမီးကြေးရုပ်ထု၏ ထူခြားချက်သည်ကား ရုပ်တုတွင် အ၀တ်မပါ ဗလာထီးထီးဖြစ် လေခြင်းကြောင့်ပင်။

တချို့သော အမျိုးသမီးများက အ၀တ်ဝတ်ဆင်ပေးရန် မြို့တော်ဝန်ထံ မေတ္တာရပ်ခံကြသည်။ တောင်းဆို ကြသည်။ သူတို့၏ တောင်းဆိုချက်ကို ရုပ်တု ထုလုပ်သူ ပန်းပုဆရာက အကြောက်အကန် ငြင်းဆိုသည်။ အချို့ သောအမျိုးသမီးများက အတင်း အ၀တ်ဝတ်ပေးကြသည်။ 

ထိုသို့ ၀တ်သင့် မ၀တ်သင့် အနှစ်သုံးဆယ်နီးပါး အငြင်းပွားရာမှ အများဆန္ဒအရ နဂိုမူလအတိုင်းသာ ထားရှိလေတော့သည်။

(၃)
ရိုဒင်၏ အတွေးသမား Thinker ရုပ်တုကို တစ်ခါက အတွေးအခေါ် အသင်းတစ်ခု၏ အမှတ်တံဆိပ် ပြုလုပ်ရန် အသင်းသားတစ်ဦးက အဆိုတင်သွင်းရာ အများက သူ၏ အဆိုကို ပယ်ချခဲ့ကြသည်။ 

အဘယ့်ကြောင့်ဆိုသော ရိုဒင်၏ "အတွေးသမား"ရုပ်တု၌ အ၀တ်မပါ ဗလာကိုယ်တီးဖြစ်နေ သောကြောင့်ပင်ဖြစ်သည်။

(၄) 
"ဆွန်နီအစွန်းရောက် IS အဖွဲ့သည် ဘာသာမတူသူများကိုသာမက ဘာသာတူသော်လည်း ဂိုဏ်းမတူသူ (အထူးသဖြင့် ရှီးယိုက်များ)ကိုပါ ဘာသာကူးပြောင်းခြင်း မပြုပါက ရက်စက်စွာ အစုလိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည် "
"
အမေရိကန်သတင်းထောက်တစ်ဦးအား ခေါင်းဖြတ်သတ်၍ မှတ်တမ်းဗွီဒီယိုအား လွှင့်တင်ခဲ့ပြီး အမေရိကန်တို့ကို သတိပေးခဲ့သည် "
"ပါကစ္စတန်ရှိ အစွန်းရောက်စစ်သွေးကြွများက အပြစ်မဲ့ စစ်ပြေးဒုက္ခသည်များအား အစုလိုက်သတ်ဖြတ် ခဲ့ကြသည် "
အထက်ပါ ရက်စက်ယုတ်မာ၍ လူသားမဆန်သည့် သတင်းမျိုးကို ကမ္ဘာအနှံ့ ကြားသိနေရသည်။ ဘာသာအယူဝါဒ မတူညီမှုဖြင့် သွေးချောင်းစီးခဲ့ရသော ဘာသာရေးစစ်ပွဲများစွာ ကမ္ဘာ့သမိုင်းတွင် ဖြစ်ခဲ့ကြရသည်။ 

လူသားတစ်ဦးက လူသားတစ်ဦး၏ ယုံကြည်စွာကိုးကွယ်ခွင့်ကို တားမြစ်ရုံမျှမက ထိုလူသားတစ်ဦး၏ အသက်ကိုပါ ထိပါးလာကြသည်။ လူကို လူဟု မြင်နိုင်စွမ်းများ အားနည်းလာကြသည်။ "အတ္တစိတ်"များက ထုနှင့်ထည်နှင့် ဖုံးလွှမ်းလာကြသည်။

ထိုအတ္တစိတ်များကြောင့် မှန်ကန်၍ ဓမ္မဓိဋ္ဌာန်ကျသော လူသားတစ်ဦး၏ အမြင်တို့ေ၀၀ါးလာလေသည်။

(၅)
လူတစ်ဦး လူ့ဘ၀ထဲ ၀င်ရောက်လာပြီဆိုကတည်းက ဗလာထီးတည်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိလူသားမှန်သမျှ လူ့လောကထဲသို့ ဗလာ ဖြင့် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

မွေးဖွားရာ မျိုးရိုးဗီဇအရ အသားဖြူ၊ အသားလတ်၊ အသားညို၊ အသားမည်း စသည့် အသား အရောင်အမျိုးမျိုးကွဲပြားမည် မှန်သော်လည်း လူသားတစ်ဦးပင်ဖြစ်သည်။ အသားအရောင် ဖြူသူ သည်လည်း လူသားတစ်ဦးဖြစ်သလို၊ အသားအရောင် မည်းနေသူလည်း လူသားတစ်ဦးပင်ဖြစ်သည်။

၃၂ ကောဋ္ဌာသတို့ဖြင့် ပေါင်းစည်းရာ ခန္ဓာကို ရရှိထားသူဖြစ်သည်။ ထို့ထက်ပို၍ ဖွဲ့စည်းထားသော လူ့ ခန္ဓာသည် မရှိ။ အားလုံးသာတူညီမျှပင် ဖြစ်ပါသည်။

သို့သော် လူသားတို့သည် လူသားအချင်းချင်း လူဟူ မမြင်ကြချေ။ အသားအရောင် ခွဲခြားကြသည်။ အမျိုးအနွယ်ကိုလိုက်၍ ခွဲခြားကြသည်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိသော်လည်း ထိုကိုးကွယ်ရာဘာသာကို ခွဲခြားကြပြန်သည်။

ဗလာထီးတည်းရောက်ရှိလာသော လူတစ်ဦး၏ ဘ၀အတွင်းသို့ "အတ္တ "၀င်ရောက် လာသည့်အခါ အတ္တကြီးလျှင် ကြီးသလောက် ဘ၀အခြေအနေအမျိုးမျိုး ပိုင်ဆိုင်မှုကွဲပြားသွားတော့သည်။ သွေးကြီးသွားကြ တော့သည်။ သွေးကွဲသွားကြတော့သည်။

(၆)
"ပထမရေးဆွဲတဲ့ (မိသားစု)ပန်းချီကားက ခပ်ရိုးရိုး ရေးဆွဲထားတာပါ၊ မိခင်၊ ဖခင်နှင့် သားငယ်၊ ဒီလူသုံးဦးပါတဲ့ မိသားစုပုံကို ရေးဆွဲထားတာ၊ အဲဒီမိသားစုသုံးဦးရဲ့ ပုံသဏ္ဍာန် အချိုးအစားကိုတော့ နည်းနည်း ပြောင်းထားတယ်၊ အချိုးအစားအသစ် ယူထားတယ်ဆိုရင် ပိုပြီးမှန်မယ်ထင်တယ်။ "

"ပြီးတော့ အဲဒီမိသားစုသုံးဦးစလုံးကို အ၀တ်ဆင်ပေးမထားဘူး။ ဒီလိုအ၀တ်ဆင်ပေးမထားတာရယ်၊ ပုံပန်းသဏ္ဍာန်အချိုးသစ်ယူထားတာရယ်ကြောင့် ဒီမိသားစုသုံးဦးဟာ ဘယ်လိုလူမျိုးလဲဆိုတာ မသိနိုင်ဘူး။ ဒီလို မသိနိုင်ခြင်းဟာပဲ ကမ္ဘာပေါ်မှာ ရှိသမျှ မိသားစုတွေကို ကိုယ်စားပြုထားတဲ့ လူသုံးဦးအဖြစ် ရောက်သွားစေတဲ့ သဘောပါပဲ "

ပန်းချီဆရာ ဆရာပေါ်ဦးသက်က သူ၏ မိသားစု ပန်းချီကား ဆွဲဖြစ်သည့် အကြောင်းကို ပြောကြားခဲ့သည့် စကားပင်ဖြစ်ပါသည်။

ဆရာပေါ်ဦးသက်က အ၀တ်မပါသော မိသားစု သုံးဦးကို ဖန်တီးရေးဆွဲခဲ့သည်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် ဟူ၍ မရည်ညွှန်းခဲ့။ လူသား မိသားစု တစ်စုအဖြစ်သာ ရည်ညွှန်းခဲ့ သည်။

အ၀တ်မပါသော ဒိုင်ယာနာ မင်းသမီး၏ ရုပ်တု၊ ရိုဒင်က အတွေးသမားရုပ်တုတို့သည်လည်း ညစ်ညမ်း သောပုံသဏ္ဍာန်ကို ပြသခဲ့ကြခြင်းမဟုတ်။ လူသားတိုင်းအတွက် လူသားတစ်ဦးအနေဖြင့် ညွှန်းဆိုခဲ့ကြခြင်းဖြစ် သည်။

လူသားဟုဆိုလိုခြင်းကြောင့် အသားအရောင်ကြောင့် စိတ်ဝမ်းကွဲနေစရာမလို၊ လူမျိုးကြောင့် စိတ်ဝမ်းကွဲ နေစရာမလို၊ ဘာသာအယူဝါဒကြောင့် သွေးကွဲနေစရာမလိုတော့ပေ။

(၇)
ကိုယ့်မျက်လုံးတစ်လုံးအတွက် တစ်ပါးသူ၏ မျက်လုံးတစ်လုံးကို ပြန်ယူနေကြပါလျှင် ကမ္ဘာပေါ်ရှိ လူသားမှန်သမျှ အလင်းရောင်ကို မြင်နိုင်စွမ်းရှိကြမည် မဟုတ်ပါ။

သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်း၊ နားလည်ခြင်းနှင့် တစ်ဦးပေါ်တစ်ဦး မေတ္တာတရား ထားရှိနိုင်ကြ မှာသာလျှင် စစ်ပွဲတွေ ဝေးကွာ၍ အေးငြိမ်းသာယာကြမည်ဖြစ်သည်။

ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားမှု၊ ဘာသာအယူဝါဒခွဲခြားမှု၊ လူမျိုးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ အမျိုးသား/အမျိုးသမီးခွဲခြားမှုတွေ များပြားလာပါလျှင် လူသားတို့နှင့် ငြိမ်းချမ်းပျော်ရွှင်မှုတို့သည်လည်း ခွဲခြား၊ ကွဲပြားသွားနိုင်ပါသည်။

ထို့ကြောင့် အပေါ်ယံသကာများကိုဖယ်ကြည့်ပါလျှင် လူသည် ဗလာသက်သက်မျှသာ ဖြစ်သည်။ ဗလာသက်သက် လူသားချင်းအတူတူ လူကို လူဟု မြင်နိုင်စွမ်းများ မြင့်မားလာသည်နှင့်အမျှ ကရုဏာတရား၊ မေတ္တာတရားတို့ ကိန်းဝပ်လာမည်ဖြစ်ပါသည်။

တကယ်တော့ ကျွန်တော်တို့ ဗလာသက်သက်မျှသာ ဖြစ်ပါသည်။ လူဗလာများ ဖြစ်ပါသည်။

***************

မောင်ပိုင်
၉-၉-၂၀၁၄။

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>