ဗိုလ်သင်းတန်းတွေရဲ့ ထုံးစံအရ စီနီယာ ဂျူနီယာ စနစ်ရှိတယ်။ တစ်ကဏ္ဍသက်သက် ရှင်းပြမှရမယ်။ ဒီနေရာမှာ under training ကာလဆိုတော့ နှိပ်ကွပ်တယ်ပဲ ခေတ္တသုံးမယ်။ training ကများ၊ လူကပင်ပန်း၊ စီနီယာက နှိပ်ကွပ်တဲ့အချိန် အကြီးအကဲတွေက တပ်မတော်မှာ ကွန်ပြူတာသင်တန်း သက်သက်ဖွင့်ရင် ကောင်းမယ်လို့ အကြံဖြစ်ပြီး အင်ဂျင်နီယာဘာသာ မယူဘဲ ကွန်ပြူတာတက်မယ့်သူ ရှိလားလို့ စာရင်းကောက်တယ်။
သီးခြားတက္ကသိုလ် လုပ်မလား၊ DSIT မှာပဲ သင်ရမလား အစီအစဉ်မဆွဲရသေးဘူး။ အသီးသီး ကိုယ့်စိတ်ကူးနဲ့ကိုယ် အချို့ဆန္ဒပြုကြတယ်။ ဒုကျောင်းအုပ် ဗိုလ်မှူးကြီးအောင်ဝင်းက သားတို့ အင်ဂျင်နီယာ ဖြစ်ဖို့ ခက်တယ်။ ဖြစ်ခွင့်ကြုံတုန်း အင်ဂျင်နီယာဖြစ်အောင် လုပ်ကြ။ အင်ဂျင်နီယာဖြစ်ပြီး ကွန်ပြူတာပညာရှင် ဖြစ်အောင်ဆက်လုပ်လို့ရပါတယ်လို့ တိုက်တွန်းတယ်။ DSA ပတ်စဉ် ၄၂ ကျတော့ သူတို့ကျောင်းမှာ ဝိဇ္ဇာ သိပ္ပံရယ်လို့ မဟုတ်တော့ဘဲ ပြင်ပတက္ကသိုလ်တွေအတိုင်း ကွန်ပြူတာအပါအဝင် အထူးပြု major ဘာသာပေါင်းစုံသင်တော့တယ်။
DSIT ပထမနှစ်မှာ minor အနေနဲ့ ကွန်ပြူတာကို စသင်ပြီ။ ဗိုလ်မှူးအောင်သန့် အင်ဂျင်နီယာ ကွန်ပြူတာ မာစတာက သင်တယ်။ ကွန်ပြူတာဆိုတာ binary digit တွေ၊ analog သဘောတရား၊ digital ဆိုတာ on/off function တစ်နည်း one or zero ကို အခြေခံထားတာ၊ အမှိုက်သွင်းရင် အမှိုက်ထွက်မယ် GIGO ပဲစသဖြင့် အခြေခံလေးတွေနဲ့ FORTRAN language သင်တယ်။ စက်ဝိုင်း ဧရိယာရှာတဲ့ algorithm, program စတဲ့ အခြေခံတွေပါ။ တစ်ချို့က နွေကျောင်းပိတ်ရက် ပြင်ဦးလွင်ကျောင်းမတက်ခင်က သင်တန်းတက်ပြီးသား။ BASIC , PASCAL နဲ့ရေးလည်းရတယ်လို့ ဆိုတယ်။
အဲ့အချိန်က Apple company မှာ CEO နှုတ်ထွက်ပြီး ကမောက်ကမဖြစ်တဲ့ကာလ။ မြန်မာပြည်ကိုလည်း apple computer တွေအမြောက်အမြား တင်သွင်းထားတယ်။ သူက Microsoft window ထက် advance ဖြစ်နေတယ်။ widow စနစ်မပေါ်ခင်က program တွေရေးတာ DOS စနစ်နဲ့ အနက်ရောင် စခရင်ပေါ်မှာ ရေးကြရတယ်။ ဖိုင် location ကိုတောင် မှတ်သားထားရတယ်။ မှတ်ဥာဏ်ကောင်းဖို့ စနစ်ကျဖို့ လိုတာပေါ့။ apple က အသုံးပြုရလွယ်ဖို့ ကိုယ်တွေလို ဥာဏ်မကောင်းသူတွေ အလွယ်တကူ သုံးနိုင်အောင် user friendly ဖြစ်စေတဲ့ GUI window ကိုတီထွင်လိုက်ချိန်မှာ ယနေ့ ကလေးကအစ သုံးနိုင်တဲ့ OS တွေ၊ application တွေအထိ တိုးတက်လာခဲ့တယ်။ ( hardware software ပညာရှင် လိုင်းက သက်သက်ပါ။ သုံးစွဲသူရှုဒေါင့်က ပြောပြတာပါ။)
ကွန်ပြူတာခန်းထဲ စစဝင်ချင်း ကွန်ဘတ်တွေချွတ်၊ ဖိနပ်မစီးရဘူး၊ ကွန်ပြူတာကို အဲယားကွန်းခန်းထဲမှာပဲထားရမယ်လို့ အမှတ်မှားခဲ့တယ်။ လက်တွေမြှောက်ထား။ ကီးဘုတ်ပေါ် ခွင့်ပြုချက်မရဘဲ လက်မတင်ရ၊ မနှိပ်ရ၊ မကလိရ။ (စပေ့ဘားကို တစ်ချက်ပုတ်ပါဆို မအေဘေးက နှစ်ချက်ပုတ်တယ်။) အာခေါင်သံကြီးနဲ့ နားပန်ကျင်းတဲ့ ဗိုလ်မှူးကြီးကို သူငယ်ချင်းတွေ အမှတ်ရကြလိမ့်မယ်။ တစ်ချို့က ကွန်ပြူတာ သင်တန်းတက်ဖူးတယ်၊ help ဖိုင်တွေဖတ်ပြီး ကိုယ့်ဖာသာ ကလိတတ်တယ်။ လစ်ရင် ဂိမ်းကစားတယ်။ တွီတွီတီတီ ဂိမ်းဆော့သံကြားရပြီဆို နည်းပြက တစ်တန်းလုံး လက်ထောက်မှောက်၊ ရိုလင်လိမ့် အပစ်ပေးခံရပြီ။ ပထမနှစ် ဝိုးတိုးဝါးတားနဲ့ အော် ကွန်ပြူတာဆိုတာ ဒါလားနဲ့ ပြီးသွားပြန်ရော။
ဒီလိုနဲ့ ဒုတိယနှစ်အရောက်မှာ စက်မှုဌာနကို ME corp က IBM သုံးလုံးလှူတယ်။ တတိယနှစ်က စီနီယာ ကိုအောင်စိုးရ အခု စက်မှုဝန်ကြီးဌာနမှာ ဒုညွှန်မှူးလုပ်နေသူက အားလပ်ချိန်မှာ (ညနေစာသင်ချိန်အပြီး ပီတိ၊ ဖက်တိတ်လုပ်၊ လစ်တဲ့အချိန်တွေ) ဌာနက ကွန်ပြူတာနဲ့ ဒါက IBM ခေါ်တယ်။ ကွန်ပြူတာမှာ processor ဆိုတာရှိတယ်။ သူက လူမှာဆို ဦးနှောက်နဲ့တူတယ်။ တွက်ချက်မှုတွေ processing ကို လုပ်တယ်။ ROM က မှတ်သားတဲ့ အပိုင်း၊ သူ့အပေါ်မှာ မှတ်သားထားရင် မီးမရှိတဲ့အချိန်မှာလည်း ကျန်ခဲ့တယ်။ RAM ပေါ်မှာ မှတ်ရင် မီးပျက်သွားရင် မှတ်သားထားတာတွေလည်း ပျောက်သွားရော။ RAM က ဘာနဲ့တူသလဲဆို လုပ်စရာရှိတာတွေ၊ ဖိုင်တွေကို ဗီဒိုထဲက ဆွဲထုတ်၊ စားပွဲပေါ်ခေတ္တ တင်ထားတဲ့ သဘောပဲ။ Hard Disk ကတော့ ဗီဒိုကြီးနဲ့တူတယ်။ မှတ်ဥာဏ်တွေ၊ အချက်အလက်၊ ဖိုင်တွေကို သူ့ထဲမှာသိမ်းတယ်။ သိမ်းရလွယ်အောင်၊ စနစ်ကျအောင်၊ သူ့ထဲမှာ cluster တွေ အကန့်ခွဲရတယ်။
ဗီဒိုထဲမှာ အဆင့်တွေအကန့်တွေခွဲထားရင် ဖိုင်တွေကို အလွယ်တကူပြန်ရှာလို့ ရသလိုပေါ့။ allocation system လို့လည်းခေါ်တယ်လို့ ရုံးဗီဒိုကြီး လက်ညိုးထိုး ရှင်းပြတယ်။ မော်နီတာက CPU ထဲမှာ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်ပျက်နေလဲဆိုတာ လူနဲ့ စက်ကြား ဆက်သွယ်ပေးတဲ့ အရာတစ်ခုပဲ။ စက်ထဲမှာ တကယ်ဖြစ်ပျက်နေတာက လျှပ်စစ်ပတ်လမ်းတွေ on/off အစီအစဉ်တကျ ဖြစ်နေတာ။ ဒါကို monitor ပေါ်မှာ လူက အက္ခရာတွေ၊ ရုပ်ပုံတွေအဖြစ် မြင်ရတယ်။ Interfacing လုပ်ပေးတယ်။ ဒီလို GUI စနစ်ကို ပိုကောင်းအောင် လုပ်ပေးရာက window စနစ်ဖြစ်လာတယ်။ ပစ္စည်းတစ်ခုချင်းစီကို လက်ညိုးထိုးပြပြီး အခုမြင်နေတာအားလုံးကို hardware တွေလို့ခေါ်တယ်။ သူချည်းသက်သက် ဘာမှာ မလုပ်ပေးနိုင်ဘူး။ သူတို့ကို အလုပ် လုပ်မယ့်အသိဥာဏ်တွေ ထည့်ပေးရတယ်။ ဒါကို OS လို့ခေါ်တယ်။ apple computer တွေက သူတို့ develop လုပ်ထားတဲ့ OS ကိုသုံးပြီး IBM က Microsoft က develop လုပ်တဲ့ OS ကိုသုံးတယ်။ ကျန်တဲ့ application software တွေက အဲ့ဒီ OS platform ပေါ်မှာတက်ရေးကြရတယ်။ Microsoft က သူ့ရဲ့ source code တွေကို လွတ်လွတ်လပ်လပ်ချပြလို့ MS window အသုံးပြုတဲ့ software တွေအမြောက်အမြား ပေါ်လာပြီး အသုံးပြုသူတွေများလာရာက မိတ်ဖက် IBM-Microsoft-3rd party ကုမ္ပဏီတွေ အောင်မြင်လာကြတယ်လို့ ရှည်လျားစွာ ရှင်းပြတယ်။
ဒီလိုနဲ့ ကွန်ပြူတာအခြေကို နားလယ်သလိုရှိသွားပြီး ဒုတိယနှစ်ကို ပြီးဆုံးစေခဲ့တယ်။ စီနီယာ ဂျူနီယာ သဘောသဘာဝ mentorship ရဲ့ကောင်းကျိုးတစ်ခုပါပဲ။ တကယ်တော့ သူ့အနေနဲ့ သူ့အိမ်က အဲ့အချိန်က ပါပလစ်ကာ ကားသုံးသိန်းတန်ကို မဝယ်ဘဲ သုံးသိန်းတန် apple ကွန်ပြူတာဝယ်ပေးလို့ တတ်လာတဲ့ ပညာတွေကို မျှဝေသွားတာပါ။
ဆက်ရန်