Image may be NSFW.
Clik here to view.
စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ် အရွေးချယ်ခံရပြီဖြစ်ကြေင်း အကြောင်းကြားစာကို လက်ခံရရှိပြီဆိုတော့ ပြင်ဦးလွင်သို့ သွားဖို့ပြင်ဆင်ရလေပြီ။ ငွေယားတောင် ဗိုလ်ရွေးအဖွဲ့မှာ သွားရောက်ဖြေဆိုခဲ့စဉ်က နောက်ဆုံးနေ့ လူတွေ့စစ်ဆေးခြင်း (Personal Interview) မတိုင်ခင် ညနေပိုင်းမှာ ဗိုလ်ရွေးတပ်ဖွဲ့ ဒုတပ်မှူးက ဖြေဆိုသူ ဗိုလ်လောင်း တစ်ဦးချင်းကို တွေ့ဆုံ၍ နောက်တစ်နေ့ အင်တာဗျူးအတွက် အကြိုစစ်ဆေးပြင်ဆင်ပေးသည့် Pre Test ကို ပြုလုပ်ပါသည်။ အကင်းပါးသူတစ်ယောက်အဖို့ ထိုအကြိုအင်တာဗျူးမှာပင် ကိုယ့်အခြေအနေကို ကိုယ်ခန့်မှန်းနိုင်သည်။
ကျွန်တော်တို့ ငွေယားတောင်မှာ ဖြေခဲ့တာ ဆယ်စုနှစ် သုံးခုကျော်ခဲ့ပြီ။ ထိုစဉ်က ယခုလို တိုင်းစစ်ဌာနချုပ်အလိုက် အကြိုစစ်ဆေးသော စာမေးပွဲများ မရှိသေး။ မိမိလျှောက်ထားသော တပ်ရင်း/တပ်ဖွဲ့မှ တစ်ဆင့် ရန်ကုန်မြှို ပြည်လမ်းပေါ်မှာရှိသည့် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ သတင်းပို့ကြရသည်။ ယခုတော့ အဆိုပါစခန်းသည် ဘုရင့်နောင်လမ်းမကြီးဘက်သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရောက်တာနဲ့ တပ်နှင့်မျက်စောင်းထိုးမှာရှိတဲ့ စိန်ဂျွန်းဈေး (ယခု မင်္ဂလာဈေးသို့ ပြောင်းသွားခဲ့ပြီ) ထဲသို့ပြေးပြီး လိုအပ်တာတွေ သွားဝယ်ပေးသည်။ စိန်ဂျွန်းဈေးမှာ ထိုစဉ်က နယ်စပ်မှ တစ်ဆင့် မော်လမြိုင်ဘက်က ဝင်လာသည့် ထိုင်းနိုင်ငံလုပ် အဝတ်အထည် အသုံးအဆောင်နှင့် ရေဒီယို ကက်ဆက် စသည့် ခေတ်မီပစ္စည်းများ ရောင်းချရာ တောနယ်အနှံ့က ကျွန်တော်တို့ ကတုံးဆံတောက် Crew Cut ကိုဆံတိုတို့အတွက် သွားရေကျစရာများချည်း ဖြစ်တော့သည်။ သို့သော် တန်ဖိုးကြီးကြီးလည်း မဝယ်နိုင်သဖြင့် အဓိကလိုအပ်တဲ့ တရုတ်ကင်းဗတ်ဖိနပ် တစ်ရံနှင့် ထိုင်းနိုင်ငံလုပ် ပလပ်စတစ် ရေချိုးခွက်ကြီး တစ်လုံး ဝယ်လိုက်သည်။ မှတ်မှတ်ရရ ထိုရေခွက်ကြီးကို ဆိုင်ရှင်က နှစ်ကျပ်တောင်းရာ တစ်ကျပ်ခွဲနှင့် ရအောင် ဆစ်ခဲ့သည်။ ဒီခွက်ကြီးက ထမင်းလည်း ထည့်စားလို့ရသဖြင့် အသုံးကျလှသည်။
စစ်ကြောရေးမှာ နှစ်ရက်နေပြီးနောက် ထောက်ကြံ့ငွေယားတောင်ရှိ ဗိုလ်ရွေးအဖွဲ့ Officers’ Testing Team သို့ စတခတပ်မှ တီအီး(၁၁) အမျိုးအစား ဟီးနိုးကားကြီးများနဲ့ လိုက်ပို့ပါသည်။ ငွေယားတောင်ရောက်တာနဲ့ တက်ကြွနေတဲ့ ကျွန်တော်တို့အဖွဲ့ ရင်ဘတ်တွေပိုပြီး ကော့ထားကြတော့သည်။ တချို့က တပ်ဝင်းထဲဝင်တာနဲ့ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ ပန်းဘောင်ကွပ်ထားသည့် အုန်နီခဲတွေကို ရေတွက်ကြသည်။ ကြားဖူးနားဝဖြင့် တပ်အဝမှ အိပ်ဆောင်ထိကို ခြေလှမ်းတွေ ရေတွက်နေကြသူများလည်း ရှိ၏။ ညနေပိုင်း၌ ကျွန်တော်တို့ ကိုယ်ရေးရာဇဝင်တွေ ဖြည့်ကြရ၏။ ကိုယ်ရေးရာဇဝင်ဖြည့်ပြီးနောက် သင့်ဘဝကို ကောင်းအောင် (သို့မဟုတ်) ဆိုးအောင် ဖန်တီးခဲ့သော ဖြစ်ရပ်တခုကို ရေးခိုင်းတာ မှတ်မိနေပါသေးသည်။
နောက်ရက်တွေမှာ အထွေထွေဗဟုသုတနှင့် ဥာဏ်စမ်းသင်္ချာ (I.Q) ရေးဖြေတို့ကို ဖြေဆိုကြရသည်။ စစ်ပညာ စစ်ဆေးခြင်း Psycho Test ကိုတော့ ရေးဖြေကော လူတွေ့စစ်ဆေးချက်ပါ ဖြေဆိုကြရ၏။ တစ်ဦးချင်း ကြံ့ခိုင်မှုစစ်ဆေးခြင်း Single Test အဖြစ် တာယာကွင်းကျော်၊ ကြောင်လျှောက်၊ ကျားပါးစပ်ခုန်ကျော်၊ ကြိုးတက်ဆင်းနှင့် ကြိုးလွှဲခုန်တွေ လုပ်ကြရ၏။ အုပ်စုလိုက် စစ်ဗျူဟာမြေပုံဖတ် ဆွေးနွေးခြင်းကိုလည်း ဖြေဆိုကြရသည်။ သည့်နောက် ဖြေဆိုသူတွေကို တစ်ဝက်စီခွဲပြီး ‘စုံ’ နှင့် ‘မ’ အုပ်စု သတ်မှတ်ရာ ကျွန်တော်က စုံအဖွဲ့မှာကျပြီး နောက်အုပ်စုလိုက် အခက်အခဲကျော်ဖြတ်ခြင်း Obstacle Test ဖြေဆိုသည့် နေ့များ၌ နံနက်စောစော ပုံမှန်နံနက်စာအပြင် ကြက်ဥပြုတ်တွေ သီးခြားထပ်ကျွေးပါသည်။
နောက်ဆုံးဖြေဆိုရတာ လူတွေ့စစ်ဆေးခြင်းဖြစ်သည်။ လူတွေ့ စစ်မေးချက်မတိုင်မီ တစ်ရက်မှာတော့ ဗိုလ်ရွေးအဖွဲ့ ဒုတပ်မှူးက အကြိုစစ်မေးပါသည်။ ဗိုလ်လောင်းတစ်ဦးချင်းစီ၏ ဖြေဆိုခဲ့ပုံများကို အကြမ်းဖျင်း ပြန်သုံးသပ်ကာ နောက်နေ့ ဖြေဆိုရတော့မည့် Personal Interview အတွက် ကြိုတင်ပြင်ဆင်နိုင်ရန် လိုအပ်ချက်များကို အကြံပေးပါသည်။ ယမန်နေ့များက တော်တော် အခြေအနေဆိုးစွာ ဖြေထားသူများကို ‘ယခုနှစ်မပါ၍ စိတ်ဓာတ်ကျစရာမလိုကြောင်း၊ နောင်နှစ်မှာ ဆက်ကြိုးစားလို့ရကြောင်း’ အပြောခံရပါက အောင်ဖို့ သိပ်မလွယ်လှပေ။ ကောင်းစွာဖြေဆိုထားနိုင်သူ အချို့အား ‘ ယခုထိ ဖြေဆိုထားတာ ကောင်းမွန်ကြောင်း၊ မနက်ဖြန်အင်တာဗျူးကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဖြေဆိုပါ’ ဟု အကြံပြုပါက အခြေအနေ အတော်ကောင်းနေပြီဆိုတာ အကင်းပါးသူတို့ ကိုယ့်ကိုယ်ကိုယ် ခန့်မှန်းနိုင်ပါသည်။
နောက်ဆုံးနေ့မှာတော့ ဗိုလ်ရွေးအဖွဲ့ တပ်မှူးကြီးကိုယ်တိုင် ဦးဆောင်ပြီး ကြည်း၊ရေ၊လေ အရာရှိများ ပါဝင်မေးမြန်းသည့်အတွက် ဗိုလ်လောင်းများအဖို့ နောက်ဆုံးနှင့် စိတ်အလှုပ်ရှားရဆုံး စစ်မေးချက်လည်း ဖြစ်သည်။ အမေး နွားကျောင်း ၊ အဖြေ ဘုရားလောင်း ဆိုသကဲ့သို့ ဘက်စုံထောင့်စုံ ကြိုတင်လေ့လာ ပြင်ဆင် ထားရသည်။ ဆယ်တန်း ဂုဏ်ထူးရှင်များကလည်း အင်တာဗျူးအခန်းတွင်းမှ တစ်ယောက်ထွက်လာတိုင်း ဝိုင်းမေးကြပြီး ကိုယ်ဂုဏ်ထူးရဘာသာနှင့် ပတ်သက်၍ အပြေးအလွှားကျက်ကြ ဆွေးနွေးကြပြန်သည်။ မြန်မာစာ ဂုဏ်ထူးရသူက ချစ်ရွှင် သနား တည်ငြား ကြမ်းကြုတ် စက်ဆုပ် ကြောက်ရွံ့ ရဲဝံ့ အံ့သြ နောအရသာကို ကျက်သလို သင်္ချာဂုဏ်ထူးရသူကလည်း သီအိုရမ် (၂၉) တို့ AP, GP ကိန်းစဉ်တို့ကို ပြန်ကြည့် ကြပြန်သည်။
ကျွန်တော်ကား ဆယ်တန်းအောင်စဉ်က ဂုဏ်ထူးလေးခု ရခဲ့သဖြင့် ဘာပြန်ကြည့်ရမည် မသိတော့။ အင်တာဗျူး ခန်းထဲဝင်တော့ ရဲဘော်ပုံစံအတိုင်း အလေးပြုပြီးဝင်သဖြင့် ရဲဘော်လားဟု မေးပါသည်။ အချို့ကျောင်းသားများ ဆယ်တန်းအောင်ပြီးကတည်းက ရိုးရိုးရဲဘော်အဖြစ် တပ်မတော်ထဲသို့ ဝင်ရောက်အမှုထမ်းနေသူများလည်း ရှိပါသည်။ ကျွန်တော်က ရဲဘော်မဟုတ်ကြောင်းဖြေတော့ ဘာလို့ ရဲဘော်ကဲ့သို့ အလေးပြုကြောင်း မေးသည်။ ကျွန်တော်က ကိုးတန်းကျောင်းသားဘဝမှာ စံပြကြက်ခြေနီအဖြစ် ရွေးချယ်ခံခဲ့ရသည့် ကြက်ခြေနီရဲဘော် တစ်ယောက်ဖြစ်လို့ ရဲဘော်များ အလေးပြုသည့်အတိုင်း အလေးပြုကြောင်း ပြန်ဖြေပါသည်။ ထိုအခါ ဗိုလ်ရွေး တပ်မှူးကြီးက ကျွန်တော့အား ကြက်ခြေနီအသင်းကြီး၏ ရည်ရွယ်ချက်နှင့် ကျွန်တော်၏ ကြက်ခြေနီအသင်းဝင် အဖြစ် မည်သို့ လှုပ်ရှားဆောင်ရွက်ခဲ့သည်တို့ကို မေးပါသည်။ အမေး နွားကျောင်း အဖြေ ဘုရားလောင်းဟု ဆိုသော်လည်း ဖြေဆိုရသည့် ကျွန်တော့အတွက် ကိုယ်ပိုင်သည့် အကြောင်းအရာများဖြစ်၍ မုတ်ဆိတ်ပျားစွဲ လေပြီ။ ရေတပ်ဝတ်စုံနှင့် ဗိုလ်မှူးက MX missile ဆိုတာ ဘာလဲဟု မေး၏။ စစ်တက္ကသိုလ် လက်မောင်းတံဆိပ်နှင့် ဗိုလ်မှူး (နောင်တွင် အင်္ဂလိပ်စာ ဌာနမှူး ဖြစ်လာသူ ဒုတိယဗိုလ်မှူးကြီးဘမြင့်) ကတော့ ကျွန်တော့အား ကျွန်တော်တို့မြို့နယ်အတွင်းရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကြီးအကြောင်းနှင့် နောင်ချို-မေမြို့သွား သိန်းသန်း ကားပိုင်ရှင်၏ အမည်ကို မေးပါသည်။ သိန်းသန်းကားပိုင်ရှင် ဦးသိန်းရွှေသည် ကျွန်တော့်မိဘများနှင့် ရင်းနှီးသူဖြစ်၏။ ကျန်အရာရှိများမေးသည့် မေးခွန်းအားလုံးလိုလိုကိုလည်း ဖြေဆိုနိုင်ခဲ့ သဖြင့် အရွေးခံရမည်ဟု မျှော်လင့်မိပါသည်။
အကယ်၍ အရွေးမခံရသော် သက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခု ဆက်လက်တက်နိုင်ရေးအတွက် ရှမ်းပြည်နယ် ဒေသကောလိပ် (လားရှိုး) တွင် ဇီဝဗေဒဘာသာတွဲဖြင့် ပထမနှစ်တက်ရောက်ခဲ့ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က သက်မွေးဝမ်းကျောင်း ပညာရေးအတွက် ရွေးချယ်စရာ သိပ်မရှိသဖြင့် ဘုရင့်နောင်လို ဖောင်မဖျက်ရဲပါ။ ပထမနှစ်ဝက် First Term တစ်လျှောက်လုံး သူငယ်ချင်းများဖြစ်တဲ့ ကိုလှအေး၊ ကိုလှကျော်၊ ကိုတင်အောင်စိုး၊ ကိုမြင့်ကို၊ ကိုကျုံစင်တို့နှင့် ဝေးလားဝါးလားတွေ လုပ်နေခဲ့ကြရာ ကျုတိုရီရယ်များပင် ကောင်းစွာ မဖြေဆိုနိုင်ခဲ့။ လက်ဖက်ရည်ဆိုင် အထိုင်များခဲ့လို့ ကျောင်းလခမှန်မှန် မသွင်းနိုင်သဖြင့် ကျောင်းသားရေးရာ ကြောငြာဘုတ်၌ သတိပေး ကြေငြာစာရင်း အကပ်ခံရတာက အခါခါဖြစ်သည်။ ဗိုလ်ရွေးအဖွဲ့ ဒုတပ်မှူးကြီး၏ အားပေးစကားကြောင့် စစ်တက္ကသိုလ်ပဲတက်မည်ဟု ဖောင်ဖျက်ထားသော်လည်း ပထမနှစ်ဝက်ကုန်သည်အထိ ခေါ်စာရောက်မလာသဖြင့် စိုးရိမ်စပြုလာသည်။ ပထမနှစ်ဝက် စာတွေ ပစ်ထားခဲ့သည်မို့ တော်တော်နောက်ကျကျန်ရစ်နေပေပြီ။
ပထမနှစ်ဝက်ကျောင်းပိတ်ပြီး ဒုတိယနှစ်ဝက် ပြန်ဖွင့်ခါနီးမှ ဗိုလ်လောင်းအောင်စာရင်းတွေထွက်သည်။ ပြင်ဦးလွင် စစ်တက္ကသိုလ် တစ်နှစ်စောရောက်နေသည့် ကိုသိန်းလွင် ခွင့်ပြန်သတင်းပို့ရမည့် ရက်နှင့်တူသဖြင့် သူနှင့်အတူ လိုက်ခဲ့ရန် ခေါ်ပါသည်။ ကျွန်တော်တို့မြို့မှာ ပြင်ဦးလွင်နှင့် မြို့နယ်နိမိတ် တဆက်တည်းဖြစ်လို့ ခဲတစ်ပစ်မျှသာ ဝေးသည်ဟု ဆိုနိုင်သော်ငြားလည်း စစ်တက္ကသိုလ် ဘယ်နားမှာရှိသည်ဆိုတာ တိတိကျကျ မသိသော ကျွန်တော့အတွက် အဆင်သင့်သွားရပြန်သည်။
ကျွန်တော်တို့မြို့က တစ်နာရီခွဲထွက်သော လူစီးရထားသည် ပြင်ဦးလွင်ခေါ် ပန်းမြို့တော်ဘူတာထဲသို့ ညနေ လေးနာရီခန့်မှာ ‘ဘော်ဘူးဘော်’ ဟူ၍ သံရှည်ဥသြဆွဲပြီး ဝင်ရောက်လာပါသည်။ ကျွန်တော်တို့နှစ်ယောက် သေတ္တာများကို သယ်ချကြသည်။ ထိုစဉ် ဘူတာအတွင်းမှာ ယူနီဖောင်းဝတ် ဗိုလ်ကြီးတစ်ဦးကို တွေ့သဖြင့် ကိုသိန်းလွင်က သွားရောက်အလေးပြုပြီး စကားပြောနေတာ တွေ့ရပါသည်။ ကိုသိန်းလွင်က ဒုတိယနှစ် ဗိုလ်လောင်း ယူနီဖောင်းနဲ့ဖြစ်ပြီး ကျွန်တော်ရှိရာသို့ လက်ညှိုးညွှန်ပြနေတာကို တွေ့ရသည်။ မျောက်ပြ ဆန်တောင်းနေခြင်း ဖြစ်ပါလိမ့်မည်။ နောက်တော့ ကျွန်တော့်ကို လာခေါ်ပြီး ဗိုလ်ကြီးနှင့် မိတ်ဆက်ပေးပါသည်။ ဗိုလ်ကြီးမှာ စစ်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဗိုလ်ကြီး ဒေးဗစ်ဝီလ်ရှား (ယခု အငြိမ်းစား ဗိုလ်မှူး - နယူးဇီလန်) ဖြစ်ပြီး ကျွန်တော်နှင့် ကိုသိန်းလွင်တို့ နှစ်ယောက်စလုံး ကိုသိန်းလွင်၏ ကြိုတင်ခွင့်တောင်းထားချက်အရ ဗိုလ်ကြီး၏ကားဖြင့် စစ်တက္ကသိုလ်သို့ လိုက်ပါရမည်ဖြစ်ပါသည်။
ကျွန်တော်၏သေတ္တာအား ဗိုလ်ကြီး၏ ကားနောက်ဖုံးထဲမှာ တင်ပြီး ဗိုလ်ကြီးကို စောင့်နေရပါသည်။ ဗိုလ်ကြီးကို စောင့်နေစဉ် ကိုသိန်းလွင်က ကျွန်တော်တို့ပစ္စည်းများနှင့်ဆိုလျှင် စစ်တက္ကသိုလ်ထိ ရထားလုံးခ ဆယ့်ငါးကျပ်ခန့် ကျနိုင်ကြောင်း တီးတိုးတွက်ပြနေသေးသည်။ ဘူတာထဲမှာ လူကုန်သလောက်ရှိမှ ဗိုလ်ကြီးနှင့် ဗိုလ်ကြီးကတော် ဆရာမကြီး ဒေါ်ဒင်းနီးစ်(မကြာမီ နှစ်ဦးစလုံး ကျွန်တော်၏ အင်္ဂလိပ်စာ ဆရာနှင့်ဆရာမများ ဖြစ်လာမည့်) တို့ ရောက်လာပြီး ကျွန်တော်တို့အား ကားပေါ်တက်ခိုင်းကာ ကျွန်တော်တစ်ခါမှ မရောက်ဘူးသေးသော စစ်တက္ကသိုလ်ရှိရာဆီသို့ ဗိုလ်ကြီး၏ မီးခိုးနုရောင် စကိုဒါကားလေးက တရိပ်ရိပ် သယ်ဆောင် ပြေးလွှားနေပါတော့သည်။
ကားစထွက်သည်နှင့် ဗိုလ်ကြီးနှင့်ဆရာမတို့သည် ၄င်းတို့ လာကြိုသောဧည့်သည် လွဲသွားသည့်ကိစ္စနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် စကားများလာသည်မှာ စစ်တက္ကသိုလ် ဂိတ်ဝရောက်သည်ထိ ဖြစ်ပါသည်။ ကိုသိန်းလွင်က မျက်ရိပ်ပြသဖြင့် ကျွန်တော်တို့ နှစ်ယောက်စလုံး နောက်ခန်းမှာ မျက်နှာကို သတိဆွဲ ထားကြရသည်။ ထိုဧည့်သည်လွဲသွားခြင်းကြောင့်လည်း ကျွန်တော်တို့ ရထားလုံးခ သက်သာသွားခြင်း ဖြစ်သည်။ စစ်တက္ကသိုလ် ဂိတ်ဝရောက်တော့ ဗိုလ်ကြီးက ကိုသိန်းလွင်ကို ကားပေါ်ကဆင်းခိုင်းပြီး ကျွန်တော့်ကိုတော့ ဗိုလ်လောင်းကုန်းပေါ်အထိ လိုက်ပို့ပါသည်။ ဗိုလ်လောင်းများ စစ်တက္ကသိုလ်ဝင်းအတွင်း ယူနီဖောင်းဝတ်လျက် မည်သည့်ယာဉ်မျှ မစီးရပါ။
Image may be NSFW.
Clik here to view.![]()
ချယ်ရီပင်တွေကြားမှ ကတ္တရာလမ်းတစ်လျှောက် ကုန်းမို့မို့ တစ်ခုထက်သို့ ရောက်သည်ထိ ကားကိုဆက်မောင်း တက်ခဲ့ပါသည်။ နွေနှောင်းကာလ၏ အေးစိမ့်စိမ့်ပြင်ဦးလွင် ညနေချမ်း၌ ရိုးတံပြိုင်းပြိုင်း ချယ်ရီပင်များကို မြင်ရသည်မှာ ဆွတ်ကျင်လွမ်းမောဖွယ်ဖြစ်၏။ သို့သော်လည်း မကြာမီ သဘာဝအလျောက် ခက်လက်စိမ်းမြ တို့ဝေဆာပြီး အားမာန်တက်ကြွ ပန်းနုရောင်ပွင့်အလှတို့ ပင်ယံထက်၌ နေရာယူကြပေဦးတော့မည်။ မကြာမီ သည်ပန်းချယ်ရီတွေ ကြွေကျသည့် မြေကမ္ဓလာက ကျွန်တော်တို့အတွက် သန့်ရှင်းရေးတာဝန်ကျ ဧရိယာ Fatigue Area များဖြစ်လာပြီး သန့်ရှင်းရေးမပြောင်တာနှင့် အပြစ်ပေးခံရမည့် ဒုက္ခတွေနှင့် ရင်ဆိုင်ရတော့မည် ဆိုတာကိုတာ့ ကြိုမသိနိုင်ခဲ့ပါပေ။
ဗိုလ်လောင်းကုန်းပေါ်ရောက်တော့ သုံးထပ်ဆောင်တစ်ခုဘေးမှာ ကားကိုရပ်လိုက်ပြီး ဗိုလ်ကြီးက အဆောင်ပေါ်မှာ ဘိနပ်တိုက်နေသော ဗိုလ်လောင်းတဦးကို လှမ်းခေါ်၍ ‘ဟေ့ ဒီမှာ မင်းတို့ညီတော်မောင် အသစ်တယောက်ပါလာတယ် လာကြိုဦး’ ဟု ပြောလိုက်ရာ ထိုဗိုလ်လောင်းက ချက်ချင်းပြေးဆင်းလာပြီး ကျွန်တော့်သေတ္တာကို ဝိုင်းသယ်ပေးပါသည်။ ကျွန်တော့်သေတ္တာကို သယ်ပေးခဲ့သော ဗိုလ်လောင်းမှာ ကျွန်တော်တို့အပတ်စဉ် တပ်ခွဲဝင်ရချိန်၌ ကျွန်တော်နှင့် အောင်ဆန်းတပ်ခွဲထဲ အတူနေခဲ့ရပြီး ယခုလက်ရှိ တိုင်းစစ်ဌာနချုပ်မှူး တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်တော့်ကို သုံးထပ်ဆောင် အောက်ဆုံးထပ်ရှိ ပထမနှစ် ဗိုလ်လောင်းများ ထားရှိရာ ယာယီဆောင်သို့ လိုက်ပို့ပေးပါသည်။ နောင်တော်ဗိုလ်လောင်း၏ ပြောပြချက်အရ ကျွန်တော်တို့အား ရက်ပိုင်းအတွင်း ပြင်ဦးလွင် အခြေချစစ်ဆေးရုံကြီး၌ ဆေးစစ်ရန် စီစဉ်ပေးမည်ဖြစ်ပြီး ဆေးအောင်မြင်ပါက ချယ်ရီရိပ်က အမိစစ်တက္ကသိုလ်တွင် လေးနှစ်လေးမိုး ပညာရည်နို့ သောက်စို့ ကြရပေတော့မည်။
ဗိုလ်မှူးကြိုင်လျှမ်း ၊ တပ်မတော်(ရေ) (ငြိမ်း) ရေးသားသည့် “လွမ်းငွေ့မပြေ ချယ်ရီမြေ” စာအုပ်မှ ထုတ်နှုတ် ဖော်ပြပါသည်။