မိတ်ကောင်း၊ ဆွေကောင်း၊ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့်ရတာ သင့်အတွက် ကံကောင်းခြင်းပါပဲ။
တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် ဒုတိယနှစ် ပြီးဆုံးလို့ ခွင့်ပြန်တဲ့ကာလမှာ ပြင်ဦးလွင်မှာ ဆုံခဲ့ဘူးတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တယ်။ သူတို့က ကွန်ပြူတာ တက္ကသိုလ်မှာ တက်နေကြတယ်။ ခွင့်ပြန်ကာလက ရက်သတ္တပတ် လေးပတ်သာကြာမြင့်လို့ ရန်ကုန်မှာ ဖွင့်တဲ့ အပြင်ကွန်ပြူတာ သင်တန်းတွေတက်ဖို့ ဘယ်လိုမှ အခွင့်မသာဘူး။ ဒါနဲ့ပဲ သူငယ်ချင်းတွေ အဆက်အသွယ်နဲ့ ကွန်ပြူတာ တစ်လုံး တစ်လနှစ်သောင်းနဲ့ ငှားကိုင်ပြီး လေ့လာမယ်လို့ အကြံဖြစ်တယ်။ အဖေ့ကို ပူစာပြီး အဖေ့ရုံးက အခန်းတစ်ခုမှာ တစ်နေရာပြောပေးဖို့ ထပ်ဆင့်တောင်းဆိုရပြန်တယ်။ တပ်တွင်းလိုင်းခန်းတွေမှာ နေထိုင်ရတာမို့ လျှပ်စစ်မီးက ညနေခြောက်နာရီက ညဆယ်နာရီအထိပဲ ပေးတယ်။ တပ်လိုင်းခန်းတွေရဲ့ လျှပ်စစ်မီးအသုံးက တပ်ရံပုံငွေက ကျခံရတာမို့ ညဖက်ခေတ္တ မီးထွန်းဖို့ပဲ ပေးနိုင်တယ်။ ခွင်ြ့ပန်ဆဲကာလ တန်အောင်သုံးရမှာဆိုတော့ ရုံးမှာသွားသုံးတာ အကောင်းဆုံးပဲ။ ကွန်ပြူတာစာအုပ်တွေ ဝယ်ဖတ်၊ help ဖိုင်တွေဖတ် ကွန်ပြူတာနဲ့ လက်ပွမ်းတတီးဖြစ်သွားရုံလောက်ပါပဲ။ သိပ်အများကြီး အကျိုးဖြစ်လှတယ်တော့ မဟုတ်။ better than nothing ပေါ့။
တတိယနှစ် ပြန်တက်တဲ့အချိန် အထူးပြု ဘာသာရပ် ခွဲဖို့ ဖြစ်လာတယ်။ ပထမဆုံးပတ်စဉ် လိုင်းခွဲတုန်းက အတော်ဆုံးဗိုလ်လောင်းတွေကို တပ်မတော်တွက် အဓိကလိုအပ်တဲ့ chemical engineering (explosive တွေ၊ ယမ်းတွေထုတ်လုပ်ပုံတွေ အဓိက သင်ကြားတယ်) နဲ့ DI (လက်နက်တွေရဲ့ သဘောတရား၊ သေနတ်၊ အမြောက်၊ စိန်ပြောင်း၊ မိုင်း၊ ဗုန်းသီးအမျိုးမျိုး ထုတ်လုပ်မှု အင်ဂျင်နီယာ ပညာရပ်) တွေကို မိမိသဘောဆန္ဒ မပါဘဲ ရွေးချယ်သင်ယူစေခဲ့တယ်။ အတော်ဆုံး အညံ့ဆုံးရယ်တော့ မဟုတ်ပါဘူး။ major ၆ ဘာသာကို roll no 1 က 6 အထိ ရိုတိတ်လုပ်ပြီး မျှထည့်သွားတယ်။ အဲဒီအကျိုးဆက်ကြောင့် ဗိုလ်လောင်းအချို့ ထွက်ပြေးတဲ့ အုပ်ချုပ်မှုဖြစ်စဉ်တွေ ဖြစ်ခဲ့တယ်။
တကယ်တော့ တပ်မတော်သား စစ်သားဆိုတာ အထက်က ပေးအပ်တဲ့ အမိန့်နဲ့တာဝန်ကို အသက်ပေးပြီး ဦးလယ်မသုန် ထမ်းရွက်ဖို့ သစ္စာဆိုထားရသူတွေပါ။ တပ်မတော်သားဟာလဲ လူသားတွေပဲ ဖြစ်ကြတဲ့အတွက် မိမိအတ္တကို အခြေပြုကြတဲ့ သဘောပါပဲ။ ဆန္ဒနဲ့ စိတ်ကျေနပ်မှုမရှိရင် ဦးနှောက်အသိဥာဏ်နဲ့ ဆိုင်တဲ့ product တွေလည်း အကောင်းဆုံးဖြစ်လိမ့်မှာ မဟုတ်ဘူးလို့ တပ်မတော်အကြီးအကဲတွေ သဘောပိုက်ပုံရပါတယ်။ တပ်မတော်အကြီးအကဲတွေက ကြီးလေးတဲ့ပစ်ဒဏ်တွေချမှတ်ဖို့ထက် ပြန်လယ်သုံးသပ်ပြီး ပထမနှစ်၊ ဒုတိယနှစ် စုစုပေါင်းရမှတ်ကို အခြေခံပြီး roll number ပြန်စီ မိမိနှစ်သက်ရာ အထူးပြုဘာသာကို ရွေးချယ်စေတဲ့ စနစ်ကို ဒုတိယအပတ်စဉ်က စတင်ကျင့်သုံးခဲ့တယ်။ ဒါဟာ ကျွန်တော်တို့အတွက်တော့ တပ်မတော်တွင်းမှာ ပထမဦးဆုံး ဒီမိုကရေစီကျတဲ့ ဖြစ်စဉ်ပါပဲ။ တပ်အကြီးအကဲတွေအနေနဲ့ ထားရှိရမယ့် တပ်မတော်သားစိတ်နဲ့ အတ္တဆန်တဲ့ လူသားစိတ် နှစ်ခုကို တပ်မတော်ရဲ့ ရေရှည်အကျိုးကိုကြည့်ပြီး အကောင်းဆုံး compromise လုပ်ခဲ့တယ်ပဲ ရှုမြင်ပါတယ်။
DI ၊ Chemical မယူချင်ရခြင်းရဲ့ အဓိကအကြောင်းခြင်းရာက ယင်းဘာသာတတ်မြောက်သူတွေဟာ လူသူမနီး၊ ဝေးလံခေါင်ဖျား လူသူမသိတဲ့စက်ရုံတွေမှာ မိသားစုနဲ့ အစဉ်ဝေးကွာစွာ ဘဝဇာတ်မြုပ်ပြီး နေထိုင်လုပ်ကိုင်သွားကြရမယ်ဆိုတဲ့ အိပ်မက်ဆိုးက ခြောက်လှန့်နေလို့ပဲ ဖြစ်ပါလိမ့်မယ်။တပ်အကြီးအကဲတွေလုပ်နိုင်၊ လုပ်သင့်တာက ဆွဲဆောင်စည်းရုံးခြင်း၊ motivation လုပ်တဲ့နည်းပါပဲ။
ကျောင်းအုပ်ကြီးက အလျင်းသင့်သလို တပ်မတော်နည်းပညာတက္ကသိုလ်ကို ထူထောင်ရခြင်း အဓိကရည်ရွယ်ချက်က အဆိုပါပညာရပ်တွေ တပ်မတော်တွင်း ထွန်းကားပြီး အဆင့်မြင့်ကာကွယ်ရေးဆိုင်ရာ စက်ရုံတွေ၊ လက်နက်ဆန်းတွေပိုင်ဆိုင်နိုင်ဖို့ဖြစ်ကြောင်း။အရပ်ဖက်အင်ဂျင်နီယာ ပညာရပ်တွေအတွက် ပြင်ပတက္ကသိုလ်များမှ ဘွဲ့ရများကို ရွေးခြယ်ခန့်အပ်နိုင်ကြောင်း၊ ယခင်ကလည်း ခန့်အပ်ခဲ့ကြောင်း၊ သို့သော် နိုင်ငံတော်နှင့် တပ်မတော်အပေါ်သစ္စာရှိသော၊ အင်ဂျင်နီယာပညာရပ်သာမက စစ်ပညာပါ ပိုမိုကျွမ်းကျင်တတ်မြောက်သော အင်ဂျင်နီယာအရာရှိများ မွေးထုတ်လို၍ ယခုလို လူငယ်လူရွယ်များကို ရွေးခြယ်လေ့ကျင့်သင်ကြားခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြပါတယ်။ နိုင်ငံနဲ့ တပ်မတော် တိုးတက်ဖို့ စွန့်လွှတ်စွန့်စားသူတွေ လိုအပ်ကြောင်း၊ လူ့အဖွဲ့အစည်းတိုင်းဟာ စွန့်လွှတ်အနစ်နာခံသူတွေကြောင့် ပိုမိုတိုးတက်ကြောင်း၊ ကမ္ဘာ့ သမိုင်းမှာကြည့်ကြည့် မြန်မာ့သမိုင်းမှာကြည့်ကြည့် စွန့်လွှတ်အနစ်နာခံပြီး အများကောင်းကျိုးကြည့်ခဲ့တဲ့သူတွေ တွေ့မြင်နိုင်ကြောင်း စိတ်ဓာတ်မြှင့်တင်ရေး သြဝါဒတွေ ခြွေပါတယ်။ ကျောင်းအုပ်ကြီးသာ GE တပ်ထွက် civil engineer မဟုတ်ပါက ပိုမိုထိရောက်မည်ဟု မိမိတစ်ဦးတည်း သဘောဆန္ဒ ထုတ်ဖော်ပါတယ်။ အခုတော့ ဘုရားလို မိန်းမယူပြီးမှ တောထွက်မယ်လို့ စဉ်းစာကြမယ်။ တစ်ချို့ကတော့ မွေးတည်းက အသည်းမှာ civil လို့ တံဆိပ်ခတ်နှိပ်ပြီးသားပါ။ ဘယ်လိုမှ ဆင်ချေးတုံးနဲ့ လျှော်လို့ မဖြူတော့ပါဘူး။ နောက်တာပါ။
ဘယ်လိုပဲ မိမိဆန္ဒအလျောက်ရွေးခြယ်ခွင့် ရှိခဲ့သော်လည်း ကျွန်တော့်သူငယ်ချင်း အချို့ကတော့ chemical မှ chemical၊ တစ် DI နှစ် DI သုံး DI ဆိုပြီး ရဲရဲတောက် ရွေးခြယ်ခဲ့ကြတယ်။ ဟုတ်ပါတယ် မေဂျာလိုင်းခွဲချိန်မှာ သက်ဆိုင်ရာတပ်တွေက ကိုယ်စားလှယ် တပ်အကြီးအကဲတွေ အရင်အစည်းအဝေးထိုင်ကြတယ်။ မိမိတို့ရဲ့ တပ်လိုအပ်ချက်တွေတင်ပြပြီး ဗိုလ်လောင်းကျောင်းသား အရေအတွက်နဲ့ ဘယ်မေဂျာက လူဘယ်လောက်ခေါ်ခွင့်ရမယ်ဆိုတာကို တပ်မတော် ဒုတိယအကြီးဆုံးက သဘာပတိလုပ်ပြီး အတည်ပြုဆုံးဖြတ်တယ်။ အဲ့ဒီနောက် သက်ဆိုင်ရာတပ် ကိုယ်စားလှယ်တွေက မိမိတို့တပ်တွေဆီ ရောက်လာနိုင်ခြေရှိတဲ့ ဘာသာရပ်အထူးပြု ဗိုလ်လောင်းတွေရရှိဖို့ မဲစွယ်စည်းရုံးခြင်း အစီအစဉ်ပြုလုပ်တယ်။ အတက်ကြွဆုံးက ဗိုလ်ချုပ်အောင်လှိုင် ဦးစီးတဲ့ ME corps ကဖြစ်တယ်။ သူ့တပ်ရဲ့ အနာဂတ်ရည်မှန်းချက်တွေ၊ လက်ရှိတပ်ရဲ့ နည်းပညာအဆင့်အတန်း၊ အနာဂတ်အစီအမံနဲ့ မှတ်သားဖွယ် အထွေထွေ ဗဟုသုတတွေ ပြောပြတယ်။ စက်မှုဘာသာရပ်ယူကြမယ့်သူတွေဟာ ME corps တပ်တွေရောက်နိုင်ခြေ အများဆုံးမို့ သူ့တပ်က တော်တဲ့သူတွေကို ဆရာအဖြစ် DSIT ကိုစေလွှတ်ခဲ့တယ်။ ဌာနအတွက် အဲ့ခေတ်က နောက်ဆုံးပေါ် IBM computer သုံးစုံကိုလည်း လှူဒါန်းခဲ့တယ်။
ဘာသာရပ်ရွေးချယ်ရာမှာ ပထမ၊ ဒုတိယ၊ တတိယဦးစားပေး အဆိုပြုဖို့ ဇယားဆွဲထားတဲ့ စာရွက်တစ်ရွက်စီဝေ၊ ဖြည့်၊ ပေးပြီး မိမိဆန္ဒပြုတဲ့ ဘာသာရပ်တွေကို လူအများရှေ့မှာပဲ ရွတ်ပြရတယ်။ လူသိရှင်ကြားဖြစ်အောင်၊ မလွဲချော်အောင် လုပ်တဲ့အတွက် မိမိရှေ့မှာ ဘယ်ဘာသာ လူဘယ်နှစ်ယောက် ယူထားပြီးပြီလဲ တွက်ချက်နိုင်တယ်။ roll number ရှေ့ပိုင်းတွေက မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်ကို ခေါင်းခေါက်ရွေးနိုင်လို့ မော်ကြွားနိုင်သလို roll နောက်ဆုံးတွေက အကျန်ကောက်ရမှာဖြစ်တဲ့အတွက် စိတ်အေးလက်အေးနေနိုင်ကြတယ်။ ဖင်မငြိမ် ရွပိုးထိုး၊ စာရွက်ဘောပင်နဲ့ calculator ခေါက်နေတာကတော့ အလယ်ဂဏန်းသမားတွေပဲ။ မိမိရှေ့က ရဲရဲတောက်တွေ တစ်နှစ်သုံး DI, Chemical ရွေးသွားကြရင် မသိမသာ၊ သိသိသာသာ ပျော်နေကြတဲ့ အုပ်စုပေါ့။
အဓိက လျှို့ဝှက်ထားတာက ဘယ်ဘာသာကို ဘယ်နှစ်ယောက် ခေါ်မလဲဆိုတာပဲ။ အဲ့တော့ အများစုအတွက် စိတ်လှုပ်ရှားစရာ အစီအစဉ်ပါပဲ။ ကျွန်တော်က တစ်ရာ့တစ်ဆယ်ကျော်မှာ ၃၃၊ ဗိုလ်သင်တန်းမတက်ခင်တည်းက အဖေမှာလိုက်တာက GE တပ်မသွားနဲ့။ civil ယူရင် GE ရောက်မယ်။ အများအကြိုက် hot topic ဖြစ်တဲ့ civil ကိုပါယ်။ ရဖို့လည်း သိပ်မသေခြာ။ စတုတ္ထနှစ်၊ နောက်ဆုံးနှစ် guardian (electronic ယူထားသူတွေ) တွေကိုမေးတယ်။ အစ်ကိုတို့ မေဂျာမှာ computer, TV, radio, remote control စနစ်တွေသင်လား၊ ထွင်ရောထွင်တတ်ပြီလား။ အဖြေက NO တဲ့။ ဒါနဲ့ EC ကိုပါယ်။ စတုတ္ထနှစ်က ကိုယ်အောင်ပိုင်စိုးက မေးတယ် ငါ့စီနီယာက EC မို့ ငါ EC ရွေးတယ်။ မင်းရော EC မရွေးဘူးလား။ ငါတို့နဲ့ တစ်တပ်ထဲ မနေချင်ဘူးလားတဲ့။ ဟုတ်၊ မဟုတ် လုပ်ပြီး ရွှီရှောင်လုပ်ထားတယ်။
ပထမဦးစားပေး ဘာရွေးရင်ကောင်းမလဲ။ သူများတွေလို စွန့်လွှတ်စွန့်စားသူထဲလဲမပါ။ marine engineering, aeronautical engineering နဲ့ metallurgy သုံးခုကို ဒုတိယအပတ်စဉ်က စဖွင့်တယ်။ စုစုပေါင်း မေဂျာကိုးခု ဖြစ်သွားတယ်။ marine ကိုရွေးရင်ကောင်းမလား။ ကျန်တဲ့ မေဂျာဘာသာတွေထက် မြို့ပေါ်မှာနေဖို့ အခွင့်အလမ်းများတယ်။ သူလည်း နည်းနည်း ဟော့ဖြစ်တဲ့အထဲ ပါတယ်။ ကျောင်းအုပ်ကြီးက နောက်တယ် ဆရာတွေထဲမှာ ကိုယ်ပိုင်ကားစီးတာ civil ပြီးရင် Navy ကမဟုတ်လားတဲ့။ ဟုတ်တယ် စိတ်ဓာတ်မရှိဘူး ဒါနဲ့ပဲ marine က first choice ဖြစ်သွားခဲ့တယ်။ သိပ့်တော့ မမျှော်လင့်ထားဘူး။ EC ရလဲကောင်းတယ်။ ပိစီကွစ တွေနဲ့ ကလိတာလည်း သဘောကျတယ်။
ကံကြမ္မာက ကိုယ်မမြင်ရတဲ့ အရပ်မှာ ကိုယ့်အနာဂတ်ကို ပုံဖော်ထားသလား ထင်ရတယ်။ ဒုတိယနှစ် ခွင့်ပြန်ချိန် အိမ်နံရံမှာ အစ်ကိုလတ်က RIG 305 ဆိုတဲ့ စတစ်ကာကပ်ထားတယ်။ သူက ရဲတံခွန်ရေနံတူးဖော်ရေးမှာ လုပ်တယ်။ RIG 305 deep sea Ice drilling ship။ ကျွန်တော် ဆယ်တန်းအောင်တော့ TOTAL က ငှားထားတဲ့ offshore rig ကို လူပို့ပေးတဲ့ Zenith လေယာဉ်ကုမ္ပဏီမှာ အထွေထွေလုပ်သား။ ဗိုလ်လောင်းကျောင်းသားအမှတ် ၃၀၅။ ဒါနဲ့ပဲ first choice marine ရသွားပြီး တပ်မတော်ရေမှာ အမှုထမ်းဖို့ ဖြစ်လာခဲ့တယ်။
တပ်မတော်ရေကလည်း မိမိတို့ထံ ရောက်လာလတံ့သော ဗိုလ်လောင်းများ ပညာရည်ပြည့်ဝရန် အလို့ငှာ ထိုခေတ်က သုံးသိန်းတစ်သောင်းကျော်သော hard disk 2G ပါ နောက်ဆုံးပေါ်အမျိုးအစား IBM ကွန်ပြူတာကြီးအား လှူဒါန်းသွားခဲ့ပါတယ်။ ယင်းကွန်ပြူတာကြီးဖြင့် ရေကြောင်းအင်ဂျင်နီယာပညာရပ်သုံး software များကို စတင်လေ့လာ၊ အသုံးပြုခွင့်ရခဲ့ပါတယ်။ ထိုမှတဆင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော တစ်ဆယ့်ငါးပေအရှည်၊ သုံးပေလုံးပတ်ခန့်ရှိ experimental submarine ရေငုပ်သင်္ဘောငယ်အား နောက်ဆုံးနှစ် ကျောင်ဆင်းစာတမ်း group project အဖြစ် အောင်မြင်စွာ တီထွင်ပြသနိုင်ခဲ့ပါတယ်။
အထောက်အကူပြု software များ၊ အင်ဂျင်နီယာပညာရပ်များ ရှာဖွေသင်ကြားပြသပေးသည့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဆက်လက်ဂုဏ်ပြု တင်ပြပါမယ်။
ဆက်ရန်
Thet Htwe Aung