(၁)
ဒီနေ့ခေတ်မှာ result orientated ဆိုတဲ့ စကားလုံးက တော်တော်အရေးပါလာတယ်။ ဘယ်လောက် ကိုယ်အားစိုက်ထုတ်ထားတယ် ဆိုတာထက် ရလဒ်ဘယ်လောက်ရလာခဲ့တယ်ဆိုတာကို ပိုပြီး ဦးစားပေးလာကြတယ်။ ကြိုးစားခြင်းဆိုတဲ့ Work hard စကားလုံးအစား အိုင်ဒီယာကို ဦးစားပေးတဲ့ work smart ဆိုတဲ့ စကားက အစားထိုးနေရာယူလာတယ်။ ကိုယ်က ၀န်ထမ်းပဲဖြစ်ဖြစ်၊ ပိုင်ရှင်ပဲဖြစ်ဖြစ်၊ စီးပွါးရေးပဲလုပ်လုပ်၊ လူမှုရေးပဲလုပ်လုပ်၊ ဘာလုပ်လုပ် ရလဒ်တစ်ခု ထွက်အောင် လုပ်ကြဖို့လိုတယ်။ ဒါက သိပ်ဆန်းတဲ့ အယူအဆတော့ မဟုတ်ဘူး။ ကျွန်တော်တို့ငယ်ငယ်က ရူပဗေဒမှာ သင်ခဲ့ကြရတယ်။ လူတစ်ယောက်က နေပူကြီးထဲမှာ ပင်ပင်ပန်းပန်းနဲ့ ကျောက်တုံးကြီးတစ်တုံးကို အင်တိုက်အားတိုက် တွန်းနေတယ်။ သူ့ဘက်က အားဘယ်လောက်သုံးသုံး ကျောက်တုံးက တစ်စက်မှမရွေ့ဘူးဆိုရင် သူလုပ်နေတာ အလုပ်ဖြစ်တယ်လို့ မခေါ်ဘူး။ ငါတို့လည်း လုပ်နေတာပဲ၊ ရမှမရတာ၊ ဘယ်တတ်နိုင်ပါ့မလဲ ဆိုပြီး လုပ်လို့မရတော့ပါဘူး။ အကြောင်းပြချက် မပေးနဲ့၊ ရအောင်လုပ်၊ ဖြစ်အောင်ကြိုးစား။ မအောင်မြင်ရင်တောင် အရှုံးက ရလိုက်တဲ့သင်ခန်းစာတွေနဲ့ အိုင်ဒီယာအသစ်တွေ ထပ်ထုတ်၊ အစီအစဉ်တွေ သေချာဆွဲပြီး ရလဒ်မထွက်ထွက်အောင် လုပ်ကြရတယ်။ အပြိုင်အဆိုင်အရမ်းများလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီ mindset နဲ့ အလုပ်လုပ်တတ်ဖို့ သိပ်ကိုအရေးကြီးလာပါတယ်။

(၂)
စစ်အစိုးရလက်ထက်ရယ်၊ နောက် ခုလိုအသွင်နည်းနည်းပြောင်းလာစ နှစ်ပိုင်းတွေလောက်မှာရယ်ဆိုရင် အစိုးရကို ဝေဖန်တဲ့၊ ပြက်လုံးတွေထုတ်တဲ့ လူရွှင်တော်တွေ လက်ခုပ်သံအများကြီး ရခဲ့ကြတယ်။ အနုပညာရှင်တွေဆိုတာ ပြည်သူတွေထဲက ပြည်သူပဲ၊ အဲဒီအပြင် ပရိသတ်ဆိုတာ သူတို့ရဲ့ ထမင်းရှင်လို့ ပြောလို့ရတယ်၊ ပရိသတ်မရှိရင် သူတို့ဆိုတာလည်း မရှိနိုင်ဘူး။ ဒီတော့ ပြည်သူတွေ နိုင်ငံရေးကြောင့် ဒုက္ခရောက်နေကြချိန်မှာ သူတို့တွေကလည်း သူတို့တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ကြရတယ်။ ဒီလိုပြည်သူတွေဘက်က ရပ်တည်တဲ့ အနုပညာရှင်တွေကို ပရိသတ်တွေက အားပေးကြတယ်၊ ချစ်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ပြည်သူတွေရဲ့ လက်ခုပ်သံ တဖြည်းဖြည်းကျဲကျဲလာတယ်။ အကြောင်းကတော့ စိတ်ရင်းစေတနာနဲ့ ဝေဖန်တာမဟုတ်ဘဲ အစိုးရကို ပြက်ရင် လက်ခုပ်သံ ကျိန်းသေရမယ်လို့ အပိုင်တွက်ပြီး ပြက်တဲ့ လူရွှင်တော်တွေ ရှိလာလို့ပါပဲ။ ဒီထက်ပိုဆိုးတာက စင်ပေါ်မှာ ပြက်တယ်၊ စင်အောက်ရောက်တော့ ပေါင်းတယ်ဆိုတာမျိုးတွေ ကြားလာကြရတယ်။ ပြောတော့ပြောနေကြတာပဲ၊ ဒါပေမဲ့ ဘာမှထူးခြားမလာတဲ့အခါ ပရိသတ်က စိတ်ပျက်လာကြတယ်။

(၃)
လက်ဖက်ရည်ဆိုင်မှာ လူတစ်စု ထိုင်နေတယ်၊ လက်ထဲမှာတော့ နေ့စဉ်ထုတ်၊ အပတ်စဉ်ထုတ် စာစောင်ကိုယ်စီနဲ့။ စားရင်းသောက်ရင်း စကားပြောနေကြတယ်၊ အစိုးရရဲ့ညံ့ဖျင်းမှုတွေ၊ ခရိုနီတွေအကြောင်း၊ ပညာရေးစနစ်ကြောင့် လူငယ်တွေပျက်စီးခဲ့ကြပုံတွေ၊ ခုခေတ်လူငယ်တွေ မကြိုးစားကြတဲ့အကြောင်းတွေ၊ ဗုဒဘာသာဝင်တွေ ဘုရားဟောနဲ့မညီကြပုံတွေ စသဖြင့် စုံလို့ပါပဲ။ ဘေးလူတွေက အထင်ကြီးစိတ်နဲ့ ၀ိုင်းကြည့်နေကြတယ်။ ဒါပေမဲ့ အဲလိုပြောနေကြတာ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ တစ်မနက်လုံးလည်း လက်ဖက်ရည်ဆိုင်၊ နေ့ခင်းဘက်လည်း လက်ဖက်ရည်ဆိုင်၊ ညနေကျတော့လည်း လက်ဖက်ရည်ဆိုင်။ နှစ်လုံး သုံးလုံးလည်း ထိုးတယ်၊ ဘောလုံးပွဲလည်း လာထား။ အပြောနဲ့အလုပ် မညီတဲ့အခါ သူတို့ရဲ့စကားတွေက ဘာမှအရာထင်မလာဘူး။ လေထဲမှာတင် ပျောက်ကုန်တော့တယ်။

(၄)
လွန်ခဲ့တဲ့ ၆လလောက်က ဘုရားဖူးအဖွဲ့တစ်ခုနဲ့ ဘားအံဘက်ကို ဘုရားဖူး လိုက်သွားခဲ့တယ်။ ဆဒ္ဒန်ဂူကိုရောက်တော့ အဲဒီရှေ့က ဆိုင်လေးမှာ ခဏတစ်ဖြုတ် ထိုင်နားကြတယ်။ ကျွန်တော်တို့ရဲ့ဘေးဝိုင်းမှာက နိုင်ငံခြားသားတစ်ယောက် အအေးထိုင်သောက်နေတယ်။ မျက်နှာကတော့ ခပ်ချိုချိုပဲ၊ လက်ထဲမှာတော့ ကင်မရာတစ်လုံး ကိုင်ထားပြီး သူရိုက်ထားတဲ့ဓါတ်ပုံတွေ ပြန်ကြည့်နေတယ်။ နားလို့လည်းပြီးရော သူသောက်ထားတဲ့ အအေးဗူးတွေ၊ သုံးထားတဲ့တစ်ရှူးတွေကို စားပွဲပေါ်ကနေ သိမ်းပြီး အနီးက အမှိုက်ပုံးထဲ သွားထည့်တယ်။ နိုင်ငံခြားသားဆို အထူးအဆန်းလုပ် ကြည့်တတ်ကြတဲ့ ကျွန်တော်တို့မြန်မာတွေလည်း ဒါကို မြင်လိုက်ကြတာပေါ့။ တွေ့လား၊ သူတို့လူမျိုးတွေ တိုးတက်တာလည်း မပြောနဲ့၊ စည်းကမ်းသိပ်ရှိကြတာပဲ ဆိုတဲ့ ကြားနေကျ ချီးကျူးသံတွေ ကြားလိုက်ရပြန်ပါတယ်။ သူတို့ဘာဆက်လုပ်မလဲ၊ ဆက်စောင့်ကြည့်နေလိုက်တယ်၊ အအေးဗူးတွေ စားလက်စအကြွင်းအကျန်တွေကို စားပွဲမှာ ဒီအတိုင်းထား ထထွက်သွားကြတယ်။

(၅)
တကယ်တော့ အပြစ်တင်ရတာ ဝေဖန်ရတာ လွယ်ပါတယ်။ သူများတိုင်းပြည်တွေ ဘယ်လို ဆိုပြီး ခိုင်းပြနှိုင်းပြရတာလည်း မခက်ပါဘူး။ တကယ်ခက်တာ၊ တကယ်လည်းအရေးကြီးတာက ကိုယ်တိုင်ပြောင်းလဲဖို့ပါပဲ။

အာဏာရှင်စနစ်ကို မကြိုက်ဘူးလား၊ ကိုယ်တိုင်လည်း အမိန့်မပေးနဲ့၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်း မသိနဲ့၊ သူများရဲ့အမြင်ကို နားထောင်၊ အပြန်အလှန်လေးစား။
ခရိုနီတွေကို ဝေဖန်ထားတဲ့ ကာတွန်းတစ်ပုဒ်ကို ဖေ့စ်ဘွတ်မှာ ရှဲပြီးရင် ကိုယ်တိုင်အလုပ်လုပ်ရင်လည်း အသိမရှာနဲ့၊ ဟိုလူကြီးသား ဒီလူကြီးသမီးတွေနဲ့ ရင်းနှီးအောင် လုပ်ပြီး လုပ်ပိုင်ခွင့်တွေ မရှာနဲ့၊ အဆင့်တွေမကျော်နဲ့။
အထက်ဖား အောက်ဖိ လုပ်နေကြလို့ မြန်မာနိုင်ငံကြီး မတိုးတက်ဘူးတဲ့လား။ ဒါဆို ကိုယ်တိုင်လည်း ကိုယ့်ဝန်ထမ်းတွေကို ရုံးအလုပ်မဟုတ်တဲ့ personal ကိစ္စတွေ မခိုင်းနဲ့၊ ကိုယ့်ကို အိတ်လာသယ်ပေးတဲ့သူ၊ ထမင်းဟင်းထည့်လာပေးတဲ့သူကို ရွေးပြီး မျက်နှာသာမပေးနဲ့၊
ဝန်ထမ်းအားလုံးကို အရည်အချင်းတစ်ခုတည်းနဲ့ပဲ တိုင်းတာပြီး မျှမျှတတ ဆက်ဆံ။

အစိုးရရဲ့ စီမံခန့်ခွဲမှုတွေ သိပ်ညံ့ပါတယ်ဆို ကိုယ်တိုင်လည်း တော်အောင်ကြိုးစား
သူများလူမျိုးတွေ သူများတိုင်းပြည်တွေ တိုးတက်ကြတယ်၊ စည်းကမ်းရှိကြတယ်၊ သိပ်တော်ကြတယ်ဆို အပြောနဲ့တင် မရပ်နဲ့။ ကိုယ်တိုင်လည်း အတုယူ၊ လိုက်လုပ်၊ လိုက်ကြိုးစား။
ဒီမိုကရေစီ အရမ်းလိုချင်ပါတယ်ဆို အာဏာရှင်တွေကို မတွန်းလှန်ခင် ကိုယ့်ကိုကိုယ် အနိုင်ယူဦး။ ကိုယ်တိုင် စည်းကမ်းရှိအောင်လုပ်၊ ကျန်တာတွေခဏထား၊ အသေးဆုံက စ၊ လမ်းမပေါ် အမှိုက်မပစ်နဲ့၊ ကွမ်းတံတွေးမထွေးနဲ့၊ ယာဉ်ကြောပြောင်းပြန်မမောင်းနဲ့။
အဲဒီလိုမှ မဟုတ်ရင်တော့ မြန်မာနိုင်ငံ ဆိုတဲ့ကျောက်တုံးကြီးကို ကျွန်တော်တို့တွေ ပင်ပင်ပန်းပန်း ကြိုးစားပမ်းစား တွန်းနေကြပါတယ်ဆိုတာ လူကြားကောင်းရုံ ဟန်ပြသက်သက်ပဲ ဖြစ်နေပါလိမ့်မယ်။ ဘာလို့ဆိုတော့ ဒီကျောက်တုံးက ရွေ့မှာမှမဟုတ်ဘဲကိုး။
မဝေဖန်ရဘူး မဟုတ်ဘူး၊ အပြစ်မပြောစေချင်တာ မဟုတ်ဘူး။ ဒါပေမဲ့ အပြိုင်အဆိုင်အရမ်းများလာတဲ့ ဒီလိုအချိန်မှာ ဘာလုပ်လုပ် အလုပ်ဖြစ်ဖို့တော့ လိုတယ်။ အဲဒီ mindset နဲ့ ကျွန်တော်တို့တွေ ဒီကျောက်တုံးကို တွန်းကြမှ ရမယ်။