Image may be NSFW.
Clik here to view.
Clik here to view.

တစ်နေ့ ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ ပစ္စည်းသွားဝယ်ရင်းနဲ့ နိုင်ငံခြားသားတွေ ၀ိုင်းအုံတိုးကြည့်နေတာတွေ့လို့မြန်မာလူမျိုးပီပီ ၀င်ရောက်စပ်စုမိခဲ့ပါတယ်။ ဗိုလ်ချုပ်ဈေးရဲ့အရှေ့ ဘယ်ဘက်ထောင့် လမ်းဘေးပလက်ဖောင်းပေါ်မှာ သားအဖနှစ်ယောက် ဆီဆေး ပန်းချီ ကားလေးတွေရောင်းနေကြတာပါ။ ကလေးမလေးက ပန်းချီကားလေးတွေ ကိုဆွဲပြီး ဖေလို့ထင်ရတဲ့သူကတော့ ပိုက်ဆံတွေသိမ်းနေတယ်လေ။
မျက်နှာမြင်ချစ်ခင်ပါစေ ဆိုတဲ့ဆုတောင်းကို ဒီကလေးမလေးများရခဲ့လေသလား လို့တောင်ထိမိပါတယ်။သူ့ရဲ့ ဖော်ရွေတဲ့အပြုံးကလေးတွေနဲ့ လက်ခြောင်းကလေးတွေရဲ့
လှုပ်ရှားပုံလေးတွေက ဖော်ရိန်နာ တော်တော်များများကို ညှို့ယူဖမ်းစားထားနိုင်တယ်ခင်ဗျ။ပြီးတော့ စိတ်ထဲမှာလဲ ကိုယ့်လူမျိုးရဲ့အနုပညာ လက်ရာလေးတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားတာမြင်ရတော့ ရင်ထဲမှာ ကြိတ်ပြီး ပီတိဖြစ်နေမိပါတယ်။
အဲ့ဒီ့ကလေးမလေးက ဗိုလ်ချုပ်ဈေးနားမှာ နေ့တိုင်း ရှိလား မရှိလားတော့ ကျနော်လဲအတိအကျ မသိပါဘူး။ကျနော် မလေးရှားထဲကို ပြန်ဝင်မလာခင် လိုတာလေးတွေသွား ၀ယ်ရင်းနဲ့တွေ့ခဲ့ မိတာဆိုတော့ လေ။ဒါပေမယ့် ကျွန်တော် ရှိနေတဲ့အချိန်ခဏလေးမှာပဲ ပန်းချီကားတစ်ချပ်ကို US 2 ဒေါ်လာနဲ့တော်တော်အရောင်းသွက်သွားတာကိုမြင်ရတော့ ကလေးမလေးဆီက အပျော်တွေ ကျွန်တော့ဆီကိုပါ ကူးစပ်လာပါတော့တယ်။ မြန်မာငွေနဲ့ဆိုရင်တော့ 1500 K ဆိုတဲ့ဆိုင်းဘုဒ်လေးကိုလဲ ချထားပါသေးတယ်။
တိုးရစ် တစ်အုပ်စုလုံးက အဲ့ဒီ့ကလေးမလေးကို ဓါတ်ပုံတွေ တစ်ဖြတ်ဖြတ် ရိုက်ပြီးယူနေကြလေရဲ့။
သူ့ရဲ့ပန်းချီကားလေးကို ကျွန်တော့အတွက် တကယ်မလိုအပ်သေးလို့ မ၀ယ်ဖြစ်ခဲ့ပေမယ့် သူ့အရွယ်လေးနဲ့ မိဘကိုတက်နိုင်သလောက် ပိုက်ဆံရှာပေးနေတဲ့ စိတ်ဓါတ်လေးကို လေးစားမြတ်နိုးမိလို့ မှတ်တမ်းတင် ဓါတ်ပုံလေးနှစ်ပုံ ရိုက်လာဖြစ်ခဲ့ပါတယ်။
ကျွန်တော့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အရွယ်ရောက်ပြီး မှန်ကန်တဲ့အသိတရားမရှိပဲ မိဘဆီက ပိုက်ဆံကို လက်ဖြန့်တောင်း၊
အဓိပ္ပါယ်မဲ့ ဖြုန်းတီးနေတဲ့ ကျွန်တော်တို့တိုင်းပြည်က လူငယ် လူရွယ်လေးတွေကို မြင်စေချင်လို့ပါ။အသိတရားလေး တစ်ခုရသွားစေချင်လို့ပါ။ တကယ်လို့ စိတ်ဝင်စားတဲ့သူများရှိတယ်ဆိုရင် ဒါမှမဟုတ် သူ့ရဲ့အနုပညာ လက်ရာလေးတွေကို အားပေးချင်တယ်ဆိုရင်ဗိုလ်ချုပ်ဈေး ရှေ့မှာ သွားရှာရင် တွေ့နိုင်မယ်ထင်ပါတယ်။ ဒီလို လူငယ် လူရွယ်လေးတွေရဲ့လက်ထဲမှာ ကျွန်တော်တို့ အနာဂတ်
မြန်မာပြည်ကြီးရဲ့ ပိုင်ဆိုင်တဲ့အချိန်တွေအားလုံး အကျိုးရှိရှိ လည်ပတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်မိ ပါကြောင်းနဲ့ ဒီကလေးမလေးကို
(လမ်းဘေးက ပန်းလေးတစ်ပွင့်) လို့တင်စားပြီး ဒီ ပို့စ် လေးနဲ့ဂုဏ်ပြုလိုက်ရပါသည်။
ကိုဇော်( မလေးရှား )
20.4.2013